နဂါးဒုက္ခချောက်ကမ်းပါး ... ။
Vol. 33 Ch. 388
“ ချမ်တျန်လုံ၊ မင်းကိုဒီလောက် သူရဲဘောကြောင်လိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ထားခဲ့ဘူး။ ”
ဟွာယွင်ရှန်းက သတ်ဖြတ်လိုသော ဆန္ဒများထုတ်ဖော်ကာ ပြောကြားလိုက်သည်။ ချမ်တျန်လုံမှ ပြန်မော့ကြည့်လျက်၊
“ အစ်ကိုဟွာ ငါဘာမှားလို့လဲ ... လှေသမားကိုငှားဖို့မင်းပဲ သွားခဲ့တာ မဟုတ်လား။ ”
-ဟု ထပ်မံ အတည်ပြု၏။
“ ကောင်းပြီ ... ။ ”
ဟွာယွင်ရှန်းက ဒေါသထွက်လာပြီး မြေပြင်တွင်ဒူးထောက်နေသော ချမ်တျန်လုံကို ဓားဖြင့် ချက်ချင်းပိုင်းချလိုက်တော့သည်။
“ ရွှပ် ... ။ ”
“ ဒုန်း ဂလုန်း ... ။ ”
ဓားအလင်းတစ်လက်နှင့်အတူ မျက်ဝန်းများပြူးကျယ်နေသော ဦးခေါင်းပြတ် တစ်လုံး ကြမ်းပြင်ပေါ် လိမ့်ဆင်းလာ၏။
ထိုမြင်ကွင်းက ဝမ်ရှင်းကျောက်ကို အေးစက်သွားစေသည်။ ခွေးချင်းကိုက်သည့်ပွဲ ပေပင်။ ရှက်စရာကောင်းလှ၏။
“ စုရီ ... ငါ့ကို လွတ်လမ်းပေးပါ၊ မင်းနဲ့ငါကြားရန်ငြိုးတွေကို ပြေလည်အောင် ငါလုပ်ပါ့မယ်လို့ ကတိပေးတယ်။ ”
သို့သော် စုရီက လှောင်ပြုံးဖြင့် တုန့်ပြန်လာသောကြောင့် ဟွာယွင်ရှန်းခမျာ အမူအရာအေးစက်သွားပြီး၊
“ မင်းသဘောမတူရင် ဒီနေ့ ငါ့ကိုသတ်နိုင်တယ် ဒါပေမယ့် ငါ့ဟွာမိသားစုက မင်းကိုခွင့်လွှတ်မှာ မဟုတ်ဘူး။ ”
-ဟု ပြန်လည် ခြိမ်းခြောက်လိုက်သည်။
စကားလုံးတိုင်းသည် မိုက်မဲပြီး ရူးသွပ်မှု အပြည့်ရှိသည်။ စုရီကို မယှဉ်နိုင်မှန်းသိသဖြင့် လောင်းကြေးထပ်လိုက်ခြင်းဖြစ်၏။
“ ငါ့ကိုလုပ်ကြံဖို့ ငှားရမ်းတာဟာ ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုတစ်ခုပဲ။ ”
“ ဒါပေမယ့် ကျိုးမိသားစုလိုပဲ ငါ့အမှားတွေအတွက် ... လုံလောက်တဲ့ လျော်ကြေးမျိုး ငါပေးနိုင်ပါတယ်။ ”
ဟွာယွင်ရှန်းက ခေါင်းငုံ့ကာ ချက်ချင်း တောင်းပန်လိုက်၏။ အခြေအနေသည် ခေါင်းငုံ့ ရန်မှတပါး ရွေးစရာလမ်းမရှိတော့ချေ။
“ ဒါပမေယ့် မင်းဘဝက တန်ဖိုးမရှိဘူး။ ”
အဆုံးတွင် စုရီ၏ မျက်လုံးများတွင် အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်လာပြီး ဟွာယွင်ရှန်းခေါင်းကို သပ်ချလိုက်တော့သည်။ စွမ်းအင်အလင်းတစ်ချက် လက်သွားကာ ဦးခေါင်းပြတ်ကြီး လိမ့်ဆင်းသွား၏။
“ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ ”
ရုတ်တရက် ကျန်းယွင်ထောင်နှင့် ယွီယွီတို့ ဝင်ရောက်လာသည်။ ကြမ်းပြင်ရှိ ဦးခေါင်းပြတ် များထံ ကြည့်ပြီးနောက် ယွီယွီတစ်ယောက် အသက်မဲ့သွား၏။
ဟွာယွင်ရှန်းသည် ဟွာမိသားစု ခေါင်းဆောင်၏သားဖြစ်သည်။ သူ့ဦးလေးသည် တိမ်လွှာကောင်းကင် နန်းတော်၌ အဆင့်မြင့် အကြီးအကဲပေပင်။ ဝမ်ရှင်းကျောက်မှ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။
လက်ရှိအဖြစ်အပျက်အရ စုရီသည် တစ်စုံတစ်ဦးကို ရန်သူအဖြစ် သတ်မှတ်သော် မည်သည့်ခြိမ်းခြောက်မှုနှင့် အကျိုးဆက်ကိုမျှ ထည့်တွက်မည်မဟုတ်ကြောင်း သူမ သဘောပေါက်လာသည်။
ဤဖြစ်စဉ်အရ ကျိုးမိသားစု၏ လူမိုက်များသည် သူတို့မည်မျှ ကံကောင်းသွား ခဲ့ကြောင်းကို သိနိုင်ကြမည်မဟုတ်ချေ။
“ မိတ်ဆွေစု ... ငါဂိုဏ်းထဲပြန်ရောက်ရင် ဒီကိစ္စကို ပြောပြရလိမ့်မယ် ... မင်းမကျေနပ်ရင် ငါ့ကို အခုသတ်နိုင်တယ်။ ”
ကျန်းယွင်ထောင်က အသက်ပြင်းပြင်းရှူလျက် လေးနက်သော အသွင်ဖြင့် စုရီကိုကြည့်ကာ ပြောကြား လိုက်တော့သည်။
ထိုစကားကြောင့် ဝမ်ရှင်းကျောက် မျက်နှာသည် အနည်းငယ်ပြောင်းလာပြီး သူမ၏ နှလုံးသားတွင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာ၏။ စုရီသာ ဦးလေးကျောက်ကို ထပ်မံသတ်သော် ခက်ပေတော့မည်။
“ ငါကြောက်လိမ့်မယ် ထင်နေတာလား တိမ်လွှာကောင်းကင်နန်းတော်သာ ငါ့ရဲ့ရန်သူ ဖြစ်လာရင် အကျိုးဆက်တွေကို ခံနိုင်ပါ့မလား ဆိုတာကို မင်းပိုစိုးရိမ်နေသင့်တယ်။ ”
ထိုသို့ပြောပြီးနောက် စုရီက လက်နှစ်ဖက်နောက်ပို့လျက် ချက်ချင်း ထွက်ခွာ သွားတော့သည်။ ဝမ်ရှင်းကျောက်က ခဏမျှ စဉ်းစားကာ၊
“ ဦးလေးကျန်း ... ဂိုဏ်းကို ပြန်ရောက်တဲ့အခါ ငါ့ဆရာ့ဆီမှာ အမှန်အတိုင်း ရှင်းပြပေးပါ့မယ် ... ဂိုဏ်းရဲ့အကြီးအကဲတွေက အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ”
-ဟု နှစ်သိမ့်လိုက်သည်။
သို့သော် ကျန်းယွင်ထောင်မှ ခေါင်းရမ်းလျက်၊
“ ရှင်းကျောက် ... မင်းငယ်သေးတယ် ဒီဖြစ်ရပ်က ဘယ်သူမှန်တယ် မှားတယ်ဆိုတာ မေးခွန်းထုတ်နေရမယ့် အခြေအနေမျိုး မဟုတ်ဘူး ...
... ဂိုဏ်းတစ်ဂိုဏ်းက သူ့တပည့်တွေကို မကာကွယ်နိုင်ရင် အဲဒီဂိုဏ်းဟာ မကြာခင်မှာ ဆုတ်ယုတ်သွားလိမ့်မယ်။ ”
“ ဦးလေးကျောက် မင်းဆိုလိုတာက ဂိုဏ်းဟာ အမှားအမှန် ခွဲခြားဘဲ ရန်သူအဖြစ် မှတ်ယူဖို့ အလားအလာများတယ်လို့ ပြောချင်နေတာလား။ ”
“ ပြောချင်တာ မဟုတ်ဘူး ... သေချာနေတာပါ၊ စုရီသာ ငါတို့ဂိုဏ်းအပေါ် ကြောက်အောင်ခြောက်နိုင်တဲ့ ခွန်အားမရှိရင် သူ့ကို ဂိုဏ်းက ဖယ်ရှားပစ်ကြလိမ့်မယ်။ ”
***
ထို့နောက်တွင် ခရီးစဉ်သည် အေးချမ်းသွားတော့သည်။ ကျိုးမိသားစုထံမှ ရရှိခဲ့သော ရင်းမြစ်များသည် မူလနန်းတော် အဆင့်အထိ ကျင့်ကြံရန် လုံလောက်ချေပြီ။
ဝိညာဉ်ရေးပစ္စည်းများနှင့် ဝိညာဉ်ကျောက်စိမ်းပြားများလည်း ရရှိခဲ့ရာ အမှောင်နတ်ဓားကို အားဖြည့်ရန်နှင့် မှော်ရတနာများ သန့်စင်နိုင်ပေ၏။
ယွီယွီသည် ထိုစဉ်က လူသတ်ပွဲကို မြင်ပြီးနောက် ထိတ်လန့်တုန်လှုပ်သွားကာ စုရီနှင့်မတွေ့အောင် ရှောင်နေသည်။
ကျန်းယွင်ထောင်သည်လည်း အလားတူပေပင်။ တမင်တကာ ရှောင်ရှားကာ ဝမ်ရှင်းကျောက်နှင့်ပင် ရံဖန်ရံခါသာ စကားပြောဆိုခဲ့သည်။
စုရီသာလျှင် ပုံမှန်ဖြစ်နေ၏။ ကျင့်ကြံခြင်းအပြင် ဝမ်ရှင်းကျောက်အပေါ် လမ်းညွှန်ခဲ့သည်။ ဤနည်းဖြင့် ခုနစ်ရက်သည် လျင်မြန်စွာ ကုန်လွန်သွား၏။
ထိုခုနှစ်ရက်အတွင်း မဟာရှ၏ ကောင်းကင်ပြည်နယ်၌သာ ရှိနေသေးသည်။ နောက်ထပ် ဆယ်ရက်ခန့် ကုန်လွန်ပြီးနောက် ပြည်နယ်သုံးခုကို ဖြတ်ကျော်လာနိုင်၏။
ဝမ်ရှင်းကျောက်အဆိုအရ မြို့တော်သို့ ရောက်ရှိရန် အနည်းဆုံး (၁၅)ရက်ခန့် အချိန်ယူ ရမည် ဖြစ်သည်။ ယင်းသည် ရတနာသင်္ဘော၏ အရှိန်နှင့်လည်း သက်ဆိုင်၏။
ရတနာသင်္ဘောသည် စီးနင်းရ အဆင်ပြေသော်လည်း အမြန်နှုန်းမှာ ပျမ်းမျှသာ ဖြစ်သည်။ မူလနန်းတော်အဆင့် ကျင့်ကြံသူ ထက်ပင် နှေးချေပြီ။
ခရီးစဉ်တစ်ခုသည် ဘဝနှင့်တူသည်။ လမ်းတစ်လျှောက် အလျင်စလို လျှောက်လှမ်း လာခဲ့မိသော် လှပသောရှုခင်းများစွာကို လက်လွှတ်ရပေမည်။
ကျင့်ကြံမှု လမ်းခရီးသည်လည်း ထိုနည်းလည်းကောင်းပေပင်။ အလျင်စလို လုပ်ဆောင်ခြင်းဖြင့် အုတ်မြစ်တွင် အားနည်းလာနိုင်မည်။
လရောင်အောက်တွင် မြင့်မားလှသော ချောက်ကမ်းပါးကြီးတစ်ခုကို မြင်လိုက်ရသဖြင့် ရတနာသင်္ဘောကို ကမ်းပါးထိပ်တွင် ဆိုက်ကပ်လိုက်သည်။
ဤသည်မှာ ရှန်ကျိုးပြည်နယ်၏ နဂါးဒုက္ခချောက်ကမ်းပါး ဖြစ်၏။ ယွီယွီမှလွဲပြီး လူတိုင်းဆင်းသက်ကာ လေညှင်းခံလျက် အနားယူလိုက်ကြသည်။
“ ဝုန်း ... ။ ”
ချောက်ကမ်းပါးအောက်တွင် ရေစီးအဟုန်ပြင်းသော မြစ်ပြင်ကျယ်ကြီးကို မြင်နေရ၏။
လှိုင်းပုတ်သံများသည် ကျယ်လောင်လွန်းလှပြီး ညအချိန်အခါတွင် သားရဲကြီးတစ်ကောင် ဒေါသထွက် နေသည်နှင့်တူသည်။
“ တစ်ချိန်တုန်းက ... နဂါးနက် တစ်ကောင်ဟာ ဒီမြစ်ကမ်းမှာ .. နေထိုင်ခဲ့တယ် သူ့ရဲ့ကျင့်ကြံမှုဟာ နားမလည်နိုင်အောင်ဖြစ်ပြီး နဂါးအဖြစ် ပြောင်းလဲနိုင်တဲ့ အလားအလာရှိတယ် ...
... နှစ်တစ်ရာပြည့်တိုင်း လမင်းရဲ့အနှစ်သာရကို စုပ်ယူဖို့ မြစ်ထဲကနေ တက်လာပြီး သွေးနဲ့ခန္ဓာကို သန့်စင်တယ်။ ”
ဝမ်ရှင်းကျောက်အသံက လရောင်အောက်တွင် သာယာညိမ့်ညောင်းဖွယ် ကောင်းနေခဲ့၏။
“ ဒါပေမယ့် တစ်နေ့မှာတော့ ... နဂါးနက်ဟာ အသွင်ပြောင်းဒုက္ခကိုခံယူပြီး နဂါးအဖြစ်ပြောင်းလဲနေချိန်မှာ ဓားသမား တစ်ယောက်က သူ့ကို လုပ်ကြံခဲ့တယ် ...
... နောက်ဆုံးမှာတော့ ဒီချောက်ကမ်းပါးနံရံမှာ နဂါးနက်ခေါင်းကို ဓားနဲ့ထိုးချိတ်ထားနိုင်ခဲ့တယ် ဒါပေမယ့် ဓားသမားလည်း မျိုချခံလိုက်ရတယ် ... ။ ”
စုရီက လက်နှစ်ဖက်နောက်ပို့ကာ မြစ်ပြင်ထံစိုက်ကြည့်နေ၏။ ဝမ်ရှင်းကျောက်မှ သူ့ကောလဟာလကို ဆက်ပြောသည်။
“ ဒဏ်ရာရသွားတဲ့ နဂါးနက်ဟာ နဂါးအသွင်ပြောင်းဖို့ အခွင့်အရေးကို လက်လွတ် သွားပြီး ကောင်းကင်ဒုက္ခကြောင့် ခန္ဓာကိုယ် ကွဲအက်သေဆုံးသွားခဲ့တယ် ...
... ဒါကြောင့် ဒီချောက်ကမ်းပါးကို နဂါးဒုက္ခချောက်ကမ်းပါးလို့ ခေါ်တွင်ခဲ့ကြတာ ဒီနေ့အထိပါပဲ။ ”
သူမ စကားဆုံးသည်နှင့် ချင်းယာက မျက်ရည်ဝဲလာပြီး နဂါးနက်၏ အတွေ့အကြုံကို အလွန်သနားသွားတော့သည်။ ယွမ်ဟမ်နှင့်် ပိုင်ဝမ်ချင်းက မျက်ရည်များဝိုင်းနေ၏။
သူတို့နှစ်ယောက်လုံးသည် နတ်ဆိုးသားရဲများဖြစ်သောကြောင့် ရေနဂါးများ မည်မျှ သန်မာသည်ကို သိရှိထားသည်။
၎င်းတို့သည် သာမာန်နတ်ဆိုးသားရဲများ မယှဉ်နိုင်သော အရည်အချင်းများ ပိုင်ဆိုင်ကာ မြင့်မြတ်သည့် မျိုးဆက်သွေးကြောင့် ကြီးစိုးချေပြီ။
ယင်းသည် ရေနဂါးများအတွက် စစ်မှန်သောနဂါးများအဖြစ် ပြောင်းလဲရာတွင် ပို၍ခက်ခဲလာစေသည့် အကြောင်းရင်းလည်း ဖြစ်သည်။
ကောင်းကင်ဘုံမှပင် သူတို့အပေါ် မျက်နှာသာမပေးချေ။ ကြီးစွာသော ဒုက္ခမျိုးဖြင့် အသေသတ်တတ်ကြ၏။
“ ဒီဒဏ္ဍာရီသာမှန်ရင် နဂါးနက်ရဲ့ ကျင့်ကြံမှုဟာ ဝိညာဉ်ထင်ရှားခြင်းအဆင့်မှာ အနိမ့်ဆုံးရှိတယ် ... သူ့ရဲ့နဂါးဦးချိုတွေ၊ အကြေးခွံတွေ၊ ...
... ခြေသည်းတွေ၊ ကျောရိုးတွေကို စစ်မှန်တဲ့နဂါးအဖြစ် ပြောင်းလဲဖို့ ကြီးမားတဲ့ ကပ်ဘေးတစ်ခုကို ဖြတ်ကျော်ရမယ် ...
... အထူးသဖြင့် နဂါးအသက်နဲ့ နဂါးစွမ်းအားတွေပါရှိတဲ့ ကောင်းကင်မိုးကြိုး ကပ်ဘေး တစ်မျိုးပဲ။ ”
စုရီက ရုတ်တရက်ရှင်းပြလိုက်သည်။ ထို့နောက်မြစ်ပြင်မှ အကြည့်ကို ပြန်ဆုတ်ပြီး တိမ်ပင်လယ်ထဲ လှမ်းကြည့်လိုက်ကာ၊
“ ဓားသမားက နဂါးနက်ခေါင်းကို ... တကယ်ပဲဓားနဲ့ ထိုးနိုင်ခဲ့တယ်ဆိုရင် သူလည်း ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျင့်ကြံမှုရှိရမယ် မဟုတ်ရင် နဂါးနက်အနားကိုတောင် မကပ်နိုင်ဘူး။ ”
-ဟု ပြောကြားလိုက်သည်။
သို့သော် ထိုဓားသမားသည် အလွန်မိုက်မဲလှပြီး သနားစရာကောင်းချေပြီ။ နဂါးတစ်ကောက်ကို တွေ့ခဲ့သော်မှ အနိုင် မယူနိုင်ခဲ့ချေ။
အကြေးခွံနှင့် ခြေသည်းများကို ချိုးကာ အမြီးကိုဖြတ်တောက်လျက် မျက်လုံးများအပေါ် ထိုးဖောက်သင့်၏။ ဤနည်းဖြင့် ဦးချိုများကို ချိုးပြီး နဂါးအစွမ်းထက်ဝက်ခန့်အပေါ် ဖယ်ရှားနိုင်မည်ဖြစ်သည်။
ဝမ်ရှင်းကျောက်မှ အံ့ဩသွားသည်။ ဤသတင်းများအပေါ် စိတ်ကူးယဉ်ဒဏ္ဍာရီ အဖြစ်သာ ထင်ခဲ့သည်။
သို့သော် တစ်ဖက်လူသည် အချက်အလက်များစွာကို ထုတ်ဖော်ပြောပြနိုင် လိမ့်မည်ဟု မထင်ထားချေ။ ချင်းယာက မျက်ဝန်းများ တောက်ပလာပြီး၊
“ ကြည့်ရတာ ... အစ်ကိုစုရီက ရေနဂါးတစ်ကောင်ကို လိုက်ရှာပြီး သတ်ဖူးနေ သလိုပဲ။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
စုရီသည် အတွင်းပိုင်းသန့်စင်ခြင်း အဆင့်၌သာရှိသည်။ သို့သော် စကားစမြည်များ ပြောသောအခါတွင် သူမတို့၏ အမြင်အာရုံကို ကျယ်ပြန့်စေ၏။ စုရီမှ ပြုံးသည်။
သူသည် စစ်မှန်သော နဂါးတစ်ကောင်ကို သတ်ဖူးကြောင်း ဤကောင်မလေး မသိနိုင်ချေ။ ထိုစဉ် တိမ်ပင်လယ်ထံ ကြည့်နေသော စုရီ၏ မျက်ဝန်းများမှေးစင်းသွားတော့၏။
***