လေနှင့်မိုးကို စေစားနိုင်သော နတ်ဆိုး။
Vol. 33 Ch. 389
လရောင်များ ကောင်းကင်တွင် တောက်ပနေပြီး ကြယ်တာရာများကျဲပါးကာ လေပြေများတိုးနေ၏။
ထိုအချိန်တွင် မိုးကုပ်စက်ဝိုင်းအစပ်မှ တိမ်ညိုတစ်အုပ် ရွေ့လျားလာနေသည်ကို စုရီမှ မြင်လိုက်သည်။
ချက်ချင်းပင် ကောင်းကင်ကြီး မှောင်ကျသွားပြီး တဟုန်ထိုး စီးဆင်းနေသော မြစ်ရေပြင်မှာ ငြိမ်သက်သွား၏။
“ ဟမ့် ... ။ ”
စုရီ ပြီးနောက် ယွမ်ဟမ်မှ ဦးစွာသတိထားမိသွားလေသည်။
“ အစ်ကိုယွမ်ဟမ် ဘာဖြစ်နေတာလဲ။ ”
ချင်းယာမှမေး၏။ ယွမ်ဟမ်က စုရီထံ ကြည့်လိုက်ပြီး၊
“ သခင် ... ငါ့ဝိညာဉ်က ရုတ်တရက် စိတ်ဓာတ်ကျပြီး တုန်လှုပ်ခြောက်ခြားသွားသလို ဆိုးဆိုးရွားရွား ခံစားလာရတယ်။ ”
-ဟု အသိပေးလေသည်။
“ငါလည်း အတူတူပဲ။ ”
ပိုင်ဝမ်ချင်းမှလည်း ခေါင်းညိတ်၏။ ထို့ကြောင့် ချင်းယာ၊ ကျန်းယွင်ထောင်နှင့် ဝမ်ရှင်းကျောက်တို့မှာ ထိတ်လန့်လာသည်။
“ တိမ်တွေက နဂါးနောက်လိုက်တယ် လေတွေက ကျားနောက်လိုက်တယ် ဒီလောက ကြီးမှာ တစ်စုံတစ်ရာ ပြောင်းလဲလာရင် ဝိညာဉ်တွေဟာ ...
... ပထမဆုံး ခံစားမိတယ် ... မင်းတို့နှစ်ယောက်က နတ်ဆိုးသားရဲတွေမို့ ဒီလို အပြောင်းအလဲကို ခံစားရတာ ပုံမှန်ပါပဲ။ ”
စုရီက အဝေးမှ အကြည့်ကို ပြန်ရုတ်လိုက်ပြီးနောက် ဘူးသီးခြောက် ထုတ်ယူကာ ဝိုင်တစ်ငုံသောက်လျက်၊
“ စိတ်မပူနဲ့ တွားသွား သတ္တဝါလေးတစ်ကောင်ပါ။ ”
-ဟု ရှင်းပြလိုက်သည်။
“ တွားသွားသတ္တဝါလား ... ။ ”
အားလုံးက ပဟေဠိဖြစ်ကုန်ပြီး ထူးခြားသောအငွေ့အသက်များ ခံစားရသဖြင့် ကောင်းကင်ပေါ် မော့ကြည့်လိုက်၏။
“ ဂျိန်း ... ။ ”
ရုတ်တရက် မိုးခြိမ်းသံများ တဟုန်းဟုန်း မြည်ဟည်းလျက် တိမ်ညိုများ ပို၍စုစည်းလာပြီး လေပြင်းများနှင့်အတူ မိုးသည်းထန်စွာ ရွာချလာတော့၏။
“ ဘာဖြစ်တာလဲ။ ”
ကောင်းကင်နှင့် မြေကြီးကြား မှောင်မိုက်လျက် စိတ်ပျက်ဖွယ်ကောင်းသော လေထုကိုခံစားလာရသည်။ ဤအခိုက်တွင် နှလုံးသားများ တင်းကြပ်လျက် အန္တရာယ် အချက်ပေးသံများ မြည်နေတော့၏။
ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်းမှ ငြိမ်သက်စွာ ထိန်းထားရန် ကြိုးစားသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်များ ထိန်းမနိုင်သိမ်းမရ ဦးညွှတ်ချင် လာသည်။
“ ဝှစ် ... ။ ”
စုရီက သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ မှော်ရတနာတစ်ခု လေထဲလွင့်ပျံလာပြီး ရောင်စုံ အလင်းများ တောက်ပကာ လွှမ်းခြုံသွားသည်။
သို့မှသာ လူတိုင်း၏ စိတ်ဝိညာဉ်အပေါ် သက်ရောက်မှုများ ပျောက်ကွယ်သွားခဲ့သည်။ ဤသည်မှာ ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာ ခံစားချက်များ မကောင်းလှချေ။
“ ဂျိန်း ... ။ ”
ထိုရောင်စုံအလင်းအကာအကွယ် အပြင်၌ လေပြင်းနှင့်မိုးများ သည်းထန်စွာ ရွာသွန်းကာ လျှပ်စီးများ လက်နေတော့၏။
မိုးရေစက်များက ရောင်စုံအလင်း အကာအကွယ်နှင့် ထိမှန်သောအခါ ပျက်ပြယ် ကုန်သည်။
“ ဝိညာဉ်တာအိုအဆင့် မှော်ရတနာ။”
မှတ်ချက်ပေးသံထွက်ပေါ်လာပြီး မကြာမီ မိုးစဲသွားကာ မိုးခြိမ်းသံများ ပျောက်သွားသည်။ မူလမီးခိုးရောင်နှင့် စိတ်ပျက်စရာကောင်းသော ကမ္ဘာကြီးသည် ရုတ်တရက် တိတ်ဆိတ်ပြီး အဖော်မဲ့သွားချေ၏။
တိမ်ညိုများဖယ်ခွာလျက် တောက်ပကြည်လင်နေသော လမင်းကြီး ပြန်၍ မြင်လာရသည်။
ထူးဆန်းသော ဖြစ်စဉ်များ အားလုံး ပျောက်ကွယ်လျက် လေထုအလယ် မီးခိုးရောင် ဆံပင်နှင့် အပြာရောင်၀တ်စုံ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရပ်နေခဲ့၏။
“ ဖျပ် ... ။ ”
ထိုအမျိုးသားက လေထဲ တစ်လှမ်းလျှောက်လှမ်းလာစဉ် တိမ်တိုက်များ စီးနင်းနေသကဲ့သို့ သူ့နားတဝိုက် မြူခိုးများ ရစ်သိုင်းလိုက်လာသည်။
သူ့မျက်လုံးများသည် အဝါရောင်ဖြစ်ကာ ချဉ်းကပ်လာသည်နှင့်အမျှ ဖိအားတစ်ခုလည်း ကျဆင်းလာသည်။
ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်းသည် ပုရွက်ဆိတ်များသဖွယ် ဤအမျိုးသားရှေ့၌ ရပ်တည်နိုင်စွမ်းမဲ့လာသည်။
“ ဝိညာဉ်တာအိုနယ်ပယ်အဆင့် နတ်ဆိုးကျင့်ကြံသူလား။ ”
ဝမ်ရှင်းကျောက်မှ ကြောက်မက်ဖွယ် နတ်ဆိုးရောင်ဝါကြောင့် မျက်မှောင်ကြုတ် လိုက်သည်။
ကျန်းယွင်ထောင်မှ အေးစက်သော လေထုကိုရှူရှိုက်ပြီး နှလုံးတုန်ကာ ရုတ်တရက် မျက်နှာပြောင်းသွားတော့၏။
“ ဟမ့် ... ။ ”
စုရီအတွက်မူ မကျေမနပ်ဖြစ်လာသော အရိပ်အယောင်ပြကာ အလင်းအကာအကွယ်ထံ တံဆိပ်တစ်ခုဖန်တီးပြီး ပစ်လွှတ်လိုက်ရာ လှိုင်းများ ပျံကားသွားချေပြီ။
ဤသည်မှာ ရတနာသင်္ဘောပေါ်တွင် မကြာသေးမီကသန့်စင်ထားသော သူ၏ ဝိညာဉ် တာအိုအဆင့် မှော်ရတနာဖြစ်၏။ တိုက်စစ်နှင့် ခံစစ်နှစ်မျိုး သုံးနိုင်သည်။
ထွက်ပေါ်လာသော အလင်းလှိုင်းကို ခံစားမိကာ လူလတ်ပိုင်းအရွယ် အမျိုးသားက ချက်ချင်း နောက်ပြန်ဆုတ်ပြီး ဝိညာဉ် ထင်ရှားခြင်း အဆင့် ရောင်ဝါဖြင့် ချေဖျက်ပစ်လိုက်သည်။
ထို့နောက် မလှမ်းမကမ်းတွင် ရပ်လိုက်ကာ ဦးညွှတ်ပြီးပြုံးလျက်၊
“ ငါ့နာမည် ရင်ချွယ်ပါ ... မင်းကို စော်ကားခဲ့မိတယ်ဆိုရင် နားလည်မယ်လို့ မျှော်လင့်ပါတယ်။ ”
-ဟု ပြောကြားလာတော့၏။
သူ စကားပြောနေစဉ် ရောင်ဝါများ ပြန်လည်သိမ်းဆည်းကာ ငြိမ်သက်သွားခဲ့သည်။ သို့တိုင် အင်မော်တယ်တစ်ပါးကဲ့သို့ လေထုအလယ် ကြည့်ကောင်းနေဆဲဖြစ်၏။
“ ငါ့ကိုစော်ကားတာဟာ အပြစ်ပဲ ... မင်းဒီကိုလာတာ ရည်ရွယ်ချက်ဆိုးတွေနဲ့ မလာဖို့ မျှော်လင့်ပါတယ်။ ”
“ ဘာကိုဆိုလိုတာလဲ မိတ်ဆွေ။ ”
စုရီက အလင်းအကာအကွယ်ကို ပြန်သိမ်းလျက် မှော်ရတနာအဖြစ် ပြောင်းလဲ ဖမ်းယူလိုက်သည်။
“ အရမ်းရိုးရှင်းပါတယ် မင်းငါ့ကိုတိုက်ဖို့ သတ္တိရှိရင် မင်းရဲ့အကြေးခွံနဲ့ ခြေသည်းတွေကို ငါဖြတ်မယ် ... အရေခွံကိုနွှာပြီး ...
... အရွတ်တွေကိုလည်း ဆွဲထုတ်မယ်၊ အသားကိုပြုတ်စားပြီး သွေးကို သောက်ပစ်မယ် ဒါက ဘယ်လိုလဲ စမ်းကြည့်ချင်လား။ ”
ရင်ချွယ်သည် ရောင်ဝါကို သိမ်းထားပြီး ဖြစ်သော်လည်း ဝိညာဉ်တာအိုအဆင့် နတ်ဆိုး ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
စုရီမှ ဤသို့ ပြောရဲသည့်အပေါ် ကျန်းယွင်ထောင်ခမျာ အံ့အားသင့်သွားသည်။ ရင်ချွယ်က မျက်ဝန်းများ မှေးစင်းသွားကာ၊
“ ငါ့မိတ်ဆွေလေးက အသက်ငယ်ငယ်နဲ့ သတ္တိရှိတယ် မင်းမှာ အားကိုးစရာ တစ်ခုခုတော့ ရှိနေတယ်မဟုတ်လား။ ”
-ဟု ပြန်လည် မေးမြန်းလိုက်၏။
“ မင်းငါ့ကို စစ်ဆေးနေစရာ မလိုဘူး ... ဒီနဂါးဒုက္ခချောက်ကမ်းပါးက ... မင်းရဲ့သင်္ချိုင်း ဖြစ်ချင်ရင် လာခဲ့ပါ ... ။ ”
ရင်ချွယ်တစ်ယောက် တိတ်ဆိတ် သွားလေသည်။ ဝိညာဉ်တာအိုနယ်ပယ်အပေါ် ဝိညာဉ်ထင်ရှားခြင်း၊ ဝိညာဉ်ပေါင်းစည်းခြင်းနှင့် ဝိညာဉ်ပြောင်းလဲခြင်းဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားသည်။
မူလတာအို ကျင့်ကြံသူများအတွက် ထိုကျင့်ကြံသူများသည် ဖြတ်ကျော်၍ မရသော တောင်များဖြစ်၏။ မိုးပြာတိုက်ကြီးတစ်ခုလုံး၌ အထွတ်အထိပ် တည်ရှိမှုများပေပင်။ မည်သည့် အရပ်သို့ သွားသည်ဖြစ်စေ လေးစားခံရရန် လုံလောက်ချေ၏။
ကျန်းယွင်ထောင်သည်ပင် မူလတာအိုနှောင်းပိုင်း အလယ်အလတ်အဆင့် ၌သာ ရှိသည်။ ဝိညာဉ်တာအိုနယ်ပယ်နှင့် နှိုင်းယှဉ်ရန် ဝေးကွာနေသေး၏။
ယင်းသည် တောင်ပေါ်ရှိ ကျားတစ်ကောင်နှင့်တူသည်။ ကျားဟူသည် ခွန်အားကို မပြသော်မှ တိရစ္ဆာန်များအားလုံးကို ကြောက်ရွံ့စေရန် လုံလောက်၏။
အဆုံးတွင် ရင်ချွယ်သည် စုရီစိန်ခေါ်မှု အပေါ် ဒေါသထွက်ဟန်မပြခဲ့ဘဲ သူ့ရောင်ဝါကို ပို၍ပင် ထိန်းလာသည်။
“ ငါမင်းကို ဦးညွှတ်ပါတယ် ... မင်းငါ့ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်။ ”
ပြတ်သားသော အသွင်ဖြင့် ရင်ချွယ်က ဦးညွှတ်လိုက်တော့သည်။ ဤကာလအတွင်း ခံစားချက် သုံးကြိမ်ပြောင်းသွား၏။
ပထမတစ်ကြိမ်သည် မိုးကြိုးနှင့် လျှပ်စီးမိုးများ ရွာသွန်းခြင်းဖြင့် ကမ္ဘာကြီးအပေါ် သူ့စိုးမိုးမှုကို ပြသခဲ့သည်။
စုရီမှ ရွှေအလင်းအကာအကွယ်ဖြင့် ဖြေရှင်းသွား၏။ ထို့ကြောင့် တစ်ခုခုမှားနေမှန်း နားလည်လိုက်ကာ ကမ္ဘာကြီးကို ယခင်အတိုင်း ငြိမ်သက်မှု ပြန်ရစေလိုက်သည်။
ဒုတိယအကြိမ် သူ ရှေ့သို့ လှမ်းတက်လိုက်ချိန်တွင် စုရီသည် မှော်ရတနာ ထံမှ အလင်းလှိုင်းများဖြင့် သတိပေးခဲ့၏။
ထိုအလင်းလှိုင်းများသည် ချက်ချင်း အသက်ရှုကြပ်စေသဖြင့် ရပ်လိုက်ပြီး စုရီကို နှုတ်ဆက်လိုက်ရသည်။
တတိယအကြိမ်သည် သူ့အပေါ် သားကောင်ကဲ့သို့ စိုက်ကြည့်နေသည်ကို ခံစား လိုက်ရခြင်းဖြစ်၏။ ထို့ကြောင့် တောင်းပန် လိုက်ခြင်းပေပင်။
“ မင်းဉာဏ်ကောင်းတယ်။ ”
စုရီက အေးစက်စွာ မှတ်ချက်ပေးလိုက်၏။ တစ်ဖက်တွင် ရင်ချွယ်တစ်ယောက် မျက်ခုံးပင့် လိုက်လေသည်။
“ အမှန်တော့ နဂါးကိုသတ်တယ်ဆိုတဲ့ မိတ်ဆွေရဲ့ စကားတွေကို ကြားလိုက်ရတာမို့ မင်းကိုကြည့်ဖို့ ငါလာတာပါ။ ”
“ ဒါဆို ... စီနီယာက နဂါးနက်လား။ ”
ချင်းယာမှ စိတ်လှုပ်ရှားပြီး မေး၏။ ထို့ကြောင့် ရင်ချွယ်ခမျာ ဝမ်းနည်းနေသော မျက်ဝန်းများဖြင့် သူမထံပြန်ကြည့်လျက်၊
“ မင်းပြောနေတဲ့ နဂါးနက်က ငါ့အဖေပဲ။ ”
-ဟု ပြန်ဖြေလေသည်။
လူတိုင်း ထိတ်လန့်သွားတော့သည်။ ဒဏ္ဍာရီသည် အမှန်ဖြစ်ချေ၏။ အသွင်ပြောင်း ဒုက္ခကို ဖြတ်ကျော်လိုသော နဂါးနက်ကြီးသည် သားမြေးများ ကျန်ခဲ့ချေပြီ။
“ ဒါဆို ... မင်းဒေါသတွေ ဖြေဖျောက်ဖို့အတွက် ငါ့ဆီလာတာလား။ ”
စုရီက မေးသည်။ ထို့နောက်တွင် ပျင်းရိလာဟန်ဖြင့် ကြိမ်ကုလားထိုင်ထုတ်ယူပြီး ထိုင်ချလိုက်တော့၏။
“ မှန်တယ် ပထမတော့ ငါ့ဒေါသကို ဖြေဖျောက်ဖို့ပါပဲ ဒုတိယအနေနဲ့ ဘယ်သူက မြင့်မြတ်တဲ့နဂါးကိုသတ်ဖို့ သတ္တိရှိလဲ ဆိုတာကို ငါသိချင်လာတယ် ...
... ဒါပေမယ့် အခု မင်းကိုမြင်ပြီး ... ငါအရမ်းလေးစားလာတယ် ငါဘယ်လောက်များ မဆင်မခြင် လုပ်မိလဲ မသိလိုက်ဘူး။ ”
“ ငါလိမ်နေတယ်လို့ မင်းသံသယ မရှိဘူးလား။ ”
“ မရှိတော့ပါဘူး။ ”
အမှန်ပင် သူ့မျက်လုံးများတွင် ရိုသေလေးစားမှုများ ထင်ဟပ်လာခဲ့သည်။ စုရီ သည်သာ ထူးထူးခြားခြား မဟုတ်သော် သတ်ပြီးဖြစ်ပေမည်။
“ မင်းတိုက်ဖို့ ဆန္ဒမရှိရင် ... ဘာလို့ ဒီမှာရှိနေသေးတာလဲ။ ”
ဤသည်မှာ နှင်ထုတ်ခြင်းမည်၏။ သို့တိုင်ရင်ချွယ်တစ်ယောက် တုံ့ဆိုင်းသွားပြီး ခဏအတွင်း ဆုံးဖြတ်ချက်ချလိုက်သည်။
“ ငါမင်းကို မေးခွန်းတစ်ခုလောက် မေးချင်ပါတယ် ... ကျေးဇူးပြုပြီး မိတ်ဆွေလေး ဖြေပေးနိုင်မလား။ ”
***