မင်းအဖေအချိန်ကုန်နေပြီ။
Vol. 33 Ch. 391
ခမ်းနားသော အဆောင်အယောင် အပြင်အဆင်များနှင့် အစေခံများစွာတို့သည် ကျောက်စိမ်းဗန်းများ ကိုင်ဆောင်ကာ ဟင်းလျာများ တည်ခင်းပေးနေ၏။
ရေအင်တုံခန့် ကြီးမားသော ကဏန်းများ၊ ငါးများ၊ ကလေးလက်မောင်းနီးပါး ထူထဲသော ပုဇွန်ထုပ်များစသည့် ရေနေစားဖွယ်များပေပင်။
ကမာ၊ ဂုံးကောင်၊ ရေဘဝဲ၊ ကင်းမွန်၊ ပင်လယ်ဂျင်ဆင်းမျိုးစုံနှင့် ဟင်းပွဲတချို့လည်း ရှိနေသည်။ လတ်ဆတ်ပြီး အရသာရှိ၏။
ရင်ချွယ်က ဦးစွာစားသောက်ပွဲဖြင့် ဧည်ခံလိုက်ပြီး လူတိုင်း၏ အထောက်အထားကို မေးမြန်းသည်။ စုရီသည် မဟာကျိုးမှမှန်း သိပြီးနောက် အံ့အားသင့်လာ၏။
ထိုမျှသေးငယ်သော နိုင်ငံသည် မှော်ဆန်လွန်းသော လူငယ်တစ်ယောက်ကို မွေးထုတ်ပေးနိုင်သည်မှာ ယုံနိုင်စရာ မရှိချေ။
“ မဟာကျိုးဟာ မိုးပြာတိုက်ကြီးရဲ့ တောင်ဘက်နယ်စပ်ဒေသပဲ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးသောင်းလောက်က နံပါတ်တစ် ဗုဒ္ဓဘာသာ ဂိုဏ်းဖြစ်တဲ့ ဉာဏ်အလင်းခြံဝန်းဆိုတာ ...
... ရှိခဲ့ဘူးတယ် ... အဲဒီခြံဝန်းမှာ စစ်မှန်တဲ့နဂါးတွေရှိပြီး ... အမွေတွေလည်း ပေါကြွယ်ဝတယ်လို့ ကြားသိရတယ်။ ”
ရင်ချွယ်က စိတ်ဝင်တစားပြောသည်။
“ မင်းကြားတာ မှန်တယ် ... အဲဒီအရပ်ဒေသမှာ စစ်မှန်တဲ့နဂါးတွေရှိတယ် ငါရောက်ဖူးပြီး နဂါးသွေးတစ်စက်ကိုတောင် ရခဲ့ဖူးတယ်။ ”
စုရီက ရေအင်တုံခန့်ကြီးသော ကဏန်းတစ်ကောင်ကို ချိုးဖဲ့စားလျက် ဝိုင်နှင့် မြည်းစမ်းနေရာမှ အတည်ပြုလိုက်သည်။
ကဏန်းလက်မအသားသည် နှင်းကဲ့သို့ အဖြူရောင်ဖြစ်ပြီး မွှေးပျံ့လက်ဆတ်နေချေ၏။ ရင်ချွယ်က တုန်လှုပ်သွားကာ ရှားရှားပါးပါး စိတ်အားထက်သန်မှုကို ပြသလာသည်။
“ တာအိုမိတ်ဆွေ၊ အဲဒီအပျက်အစီးနယ်မြေ အခုရှိသေးလား။ ”
သူသည် အနက်ရောင် ရေနဂါးဖြစ်သည်။ နှလုံးသားတွင် စစ်မှန်သောနဂါးတစ်ကောင်၏ တည်ရှိမှုသည် နတ်ဘုရားပေပင်။ ၎င်းနှင့် တွေ့ဆုံရန်သည် အန္တိမပန်းတိုင်ဖြစ်၏။
“ အဲဒီနေရာက ပျက်စီးနေတာကြာပြီ မင်းသွားရှာချင်ရင်တောင် လက်ဗလာနဲ့ ပြန်လာ ရလိမ့်မယ် ... ပြီးတော့ မင်းလိုရေနဂါးရဲ့ မျိုးဆက်သွေးက ...
... အခြားနဂါးမျိုးစိတ်တွေထဲမှာ ပထမတန်းစားအဖြစ် မှတ်ယူလို့ရနိုင်ပေမယ့် စစ်မှန်တဲ့နဂါးတစ်ကောင်လိုမျိုး ပြောင်းလဲဖို့ ဆိုတာတော့ မဖြစ်နိုင်သလောက်ပါပဲ။ ”
စုရီစကားသည် ရင်ချွယ်နှလုံးသားရှိ စွဲလန်းမှုကို လုံးဝ ငြိမ်းသတ်သွားစေနိုင်သော ရေခဲများနှင့်တူသည်။ ထို့ကြောင့် ရင်ချွယ်ခမျာ သက်ပြင်းချလျက်၊
“ တာအိုက ခက်ခဲတယ်၊ ဒါပေမယ့် ငါဒါကိုရှာဖို့ စိတ်ပိုင်းဖြတ်ထားတာမို့ သတ္တိရှိရှိ ရှေ့ဆက်သွားနေသင့်တယ်။ ”
-ဟု တုန့်ပြန်လိုက်၏။
စုရီက ခေါင်းညိတ်ပြီး ဆက်မပြောချေ။ ရေနဂါးတစ်ကောင်သည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ရန် လွယ်ကူသော်လည်း စစ်မှန်သော နဂါးတစ်ကောင်ဖြစ်ရန် ခက်ခဲသည်။
ဤသည်မှာ ခေတ်အဆက်ဆက် မရေမတွက်နိုင်သည့် အံ့ဖွယ်နဂါးများစွာ၏ စိန်ခေါ်ခံရသော အချက် ဖြစ်၏။
အောင်မြင်သော နဂါးများဟူသည် မရေရာသည့်ဒဏ္ဍာရီများတွင်သာ ရှိနေကြပြီး မည်သူမျှ အတည်ပြုပေးနိုင်ခြင်း မရှိချေ။
ဤကိစ္စအပေါ် သူသည်သာ အမှန်အတိုင်းပြောလိုက်ပါက ရင်ချွယ်အတွက် ခံနိုင်ရည် မရှိမည်ကို ကြောက်ရသည်။
တခါတရံတွင် တစ်စုံတစ်ယောက်သည် မသိခြင်းဖြင့် မကြောက်မရွံ့ ဖြစ်နေခြင်းသည် အကောင်းဆုံးပေပင်။ မဟုတ်သော် စိတ်ပျက် အားငယ်မှုများ ဝင်ရောက်မည်ဖြစ်၏။
“ သွားရအောင် ... ။ ”
ဝိုင်သုံးခွက်နှင့် ပင်လယ်စာဟင်း ငါးမျိုးခန့် စားသောက်ပြီးနောက် စုရီမှထရပ်ကာ ရင်ချွယ် နှင့်အတူ ထွက်လာခဲ့သည်။
“ ဖေဖေ၊ ငါမင်းကို ကူညီဖို့ ကျွမ်းကျင်သူတစ်ယောက် ခေါ်လာခဲ့တယ်။ ”
မှောင်မိုက်ပြီး စိတ်ပျက်စရာ ကောင်းလွန်းသောခန်းမထဲသို့ ဝင်လိုက်သည်နှင့် ရင်ချွယ်တစ်ယောက် ဝမ်းနည်းစွာ ဒူးထောက် ချလိုက်လေသည်။ စုရီက မျှော်ကြည့်၏။
ခန်းမအတွင်း လဲလျောင်းနေသော အနက်ရောင် ရေနဂါးကြီးကို မြင်လိုက်ရသည်။ ၎င်းသည် ဆယ်ပေကျော်ခန့် ရှည်လျားကာ တောင်ငယ်တစ်လုံးလို လဲလျောင်းနေ၏။
သူ့ဦးခေါင်းတွင် ဓားတစ်လက် ထိုးစိုက်နေကာ ဒဏ်ရာပေါ်တွင် သွေးများ ခြောက်ကပ်နေသည်။
ခန္ဓာကိုယ်အနှံ့တွင် အကြေးခွံများ ဖွာလန်လျက် အသားစများပဲ့ထွက်နေပြီး ပြန်၍ ချုပ်ထားသည်မှာ ထင်ရှား၏။
နဂါးအသွင်ပြောင်း ကပ်ဘေးကြောင့် ဒဏ်ရာများ ရရှိခဲ့ပုံပေပင်။ ၎င်းပတ်ပတ်လည်၌ မှုန်ဝါးဝါးရောင်ဝါတစ်ခု ကြိုးများကဲ့သို့ ရစ်ပတ်ထားသည်ကို မြင်နိုင်သည်။
အမှောင်တားမြစ်စွမ်းအား ဖြစ်ချေ၏။ နဂါးနက်သည် ရင်ချွယ်အသံကို ကြားလိုက်ရပြီး မှိန်းနေသောမျက်လုံးများ ဖွင့်လိုက်သည်။
“ လျူချင်ရှင်း၊ ငါမင်းကိုသတ်မယ်။ ”
နာကျင်မှု၊ စိတ်ရှုပ်ထွေးမှုနှင့် ပြည့်နှက်နေသော အသံဖြင့် အော်ဟစ်နေခဲ့ပြီး အသိဉာဏ်များ မရှိတော့ချေ။ ချက်ချင်း တဝုန်းဝုန်း ရုန်းကန်တော့၏။
သူ့အသံတွင် အမုန်းတရားများ ပြည့်နှက်နေသည်။ ရင်ချွယ်က ဝင်္ကပါပြား တစ်ချပ်ထုတ်ကာ အသက်သွင်းလိုက်၏။
“ ဘုန်း ... ။ ”
“ ဝူး ... ။ ”
ခန်းမအတွင်း ဖုံးအုပ်ထားသော စွမ်းအားတစ်ခုသည် သံကြိုးအလွှာတစ်ခုလို ထွက်ပေါ်လာပြီး နဂါးနက်ကို တင်းတင်း ကျပ်ကျပ် ချုပ်နှောင်တော့သည်။
“ လျူချင်ရှင်းက ဘယ်သူလဲ။ ”
စုရီက မေးသည်။ ရင်ချွယ်တစ်ယောက် နာကြည်းသောအမူအရာဖြင့်၊
“ ဒီလူက နဂါးအသွင်ပြောင်းကပ်ဘေးကို ငါ့အဖေရင်ဆိုင်နေရချိန်မှာ အခွင့်အရေးယူခဲ့တဲ့ လူယုတ်မာဓားသမားပဲ ... ။ ”
-ဟု ရှင်းပြလာ၏။
“ ငါ ... အမှောင်တားမြစ်စွမ်းအားကို ဖျက်လိုက်ရင် သူသေလိမ့်မယ် မင်းအတွက် ရေနွေးတစ်ခွက်သောက်စာ အချိန်လောက်ပဲ ရလိမ့်မယ် မင်းအဆင်သင့်ဖြစ်ပြီလား။ ”
“ ဒီနေ့ကို ငါနှစ်ထောင်ချီပြီး စောင့်နေခဲ့တာပါ အဖေ့ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”
“ ကောင်းပြီ။ ”
“ ချွင် ... ။ ”
စုရီမှ ခေါင်းညိတ်ပြလိုက်ပြီး အမှောင်နတ်ဓားကို ဆွဲထုတ်လိုက်တော့သည်။ ဓားကိုယ်ထည်အတွင်း အနက်ရောင် ငှက်တစ်ကောင်ရုန်းကြွလာ၏။
“ ဘယ်လို ဝိညာဉ်ရေးဓားမျိုးလဲ။ ”
ရင်ချွယ်က အံ့သြသွားသည်။ အမှောင်နတ်ဓား၏ ထူးခြားမှုကို သူ မြင်နိုင်၏။ ဓားအတွင်းရှိ အနက်ရောင်ငှက်တစ်ကောင်က ရက်စက်ကြမ်းကြုတ်လှချေပြီ။
ဓားထွက်လာသည်နှင့် ချက်ချင်းပင် အကြောက်တရားများ လွှမ်းခြုံလာခဲ့သည်။ စိတ်ဝိညာဉ်တစ်ခုလုံး သူ့ခန္ဓာကိုယ်အတွင်းမှ ခုန်ထွက်လုနီးပါးပေပင်။
“ ဘာတွေဖြစ်နေတာလဲ။ ”
အနှစ်တစ်ထောင်နီးပါး ဖိနှိပ်ထားသော ဝိညာဉ်ထင်ရှားခြင်းအုတ်မြစ်သည် ဓားရောင်ဝါ ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခိုကိုးရာမဲ့ ဖြစ်လာ၏။
“ ရွှပ် ... ။ ”
တစ်ချိန်တည်းမှာပင် အမှောင်နတ်ဓားရှိ တားမြစ်အမိန့် အသက်ဝင်လာကာ စုရီမှခုတ်ချ ပစ်လိုက်သည်။
“ ဝူး ... ။ ”
ပေါ့ပါးသော ဓားအလင်းတစ်စ နဂါးနက်အပေါ် ကျဆင်းသွားပြီး အားကိုးရာမဲ့ ဟောက်သံနှင့်အတူ တုန်တုန်ယင်ယင် ရုန်းကန်လာတော့၏။
သို့သော် ထိုဓားသည် နဂါးနက်ကို မရည်ရွယ်ချေ။ ငရဲဘုံကိုးပါးဓားရောင်ဝါက အမှောင်တားမြစ်စွမ်းအင်ကို မျက်စိတမှိတ် အတွင်း ဖြတ်တောက်ပစ်လိုက်၏။
“ ဟမ့် ... ။ ”
တစ်ချိန်တည်းမှာပင် သူ့စိတ်များ တင်းကြပ်နေသော ရင်ချွယ်သည် အနည်းငယ် သက်သာရာရသွားတော့သည်။
စိတ်ပျက်အားငယ်မှုများနှင့် အကူအညီမဲ့သော ခံစားချက်များ ပျောက်ကွယ် သွားပြီဖြစ်၏။
သို့သော် သေခြင်းသည် သူ့အပေါ် ကျရောက်လာသကဲ့သို့ အအေးဓာတ်များက ကျောရိုးအနှံ့ ပြေးဆင်းနေဆဲဖြစ်သည်။
ဤအခိုက်တွင် နဂါးဒုက္ခချောက်ကမ်းပါး၌ နဂါးများကို သတ်ပစ်မည်ဆိုသော စကားသည် အမှန်ဖြစ်ကြောင်း နားလည်သွားသည်။
ထိုစဉ်က စုရီအပေါ် ရူးသွပ်စွာ မလုပ်ဆောင်ခဲ့သည့်အတွက် ကံကောင်းချေပြီ။ မဟုတ်သော် သူ အသတ်ခံရနိုင်၏။
ထိုအချိန်တွင် နဂါးနက်သည် အမှောင်တားမြစ်စွမ်းအားများ လက်အောက်မှ လွတ်မြောက်ကာ ဆင်ခြင်တုံတရား အချို့ ပြန်လည်ရရှိလာသည်။
“ မင်းအဖေ အချိန်ကုန်နေပြီ ... သူနဲ့စကားကောင်းကောင်း ပြောသင့်တယ်။ ”
ထိုမြင်ကွင်းကြောင့် စုရီက အမှောင်နတ်ဓားကို သိမ်းဆည်းလိုက်ကာ ခန်းမထဲမှ လှည့်ထွက်လာခဲ့သည်။
“ ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ။ ”
ရင်ချွယ်က လေးလေးနက်နက် ဦးညွှတ်ပြီးနောက် သဘောထား သိသိသာသာ ပြောင်းလဲလာ၏။ ယခင်အချိန်က စုရီအပေါ် ကြောက်ရွံ့သဖြင့် နှိမ့်ချခြင်းဖြစ်သည်။
ယခုမူ လုံးဝထိတ်လန့်ကာ ရိုသေမှု ပြသလိုက်ခြင်းဖြစ်၏။ အဆုံးတွင် ဝိညာဉ် ထင်ရှားခြင်းအဆင့်ကို ခိုကိုးရာမဲ့ဖြစ်စေခဲ့သော အမှောင်တားမြစ်စွမ်းအားအပေါ် ဓားတစ်ချက်ဖြင့် ဖယ်ရှားပေးခဲ့သည်။ မယုံနိုင်စရာပေပင်။
“ ငါ့သား၊ မင်းပဲလား။ ”
မှောင်မိုက်ပြီး စိတ်ပျက်ဖွယ်ရာ ခန်းမကြီးအတွင်း နွေးထွေးသည့် မေးမြန်းသံ ထွက်ပေါ်လာသည်။ သို့မှသာ ရင်ချွယ်ခမျာ အသိပြန်ဝင်လာပြီး စိတ်လှုပ်ရှားသွား၏။
ထို့နောက် ချက်ချင်း ဒူးထောက်ချကာ၊
“ အဖေ၊ နောက်ဆုံးတော့ နိုးလာပြီ ... ။ ”
-ဟု နှုတ်ဆက်လိုက်လေသည်။
ထိုအချိန်တွင် ခန်းမအတွင်းမှ ထွက်ခွာလာခဲ့သော စုရီသည် ဆက်မသွားဘဲ စင်္ကြံတစ်နေရာ၌ အချိန်အကြာကြီးရပ်ကာ အသက်ရှူသွင်းနေခဲ့သည်။
အမှောင်တားမြစ်စွမ်းအားကို ချိုးဖျက်ရန် အလွန်ရိုးရှင်းသည်။ ငရဲဘုံကိုးပါးဓားရောင်ဝါကို သုံးရုံနှင့် အဆင်ပြေ၏။ သို့သော် ထိုရောင်ဝါကို အသုံးပြုခြင်းသည် စိတ်စွမ်းအင်များစွာ ကုန်ဆုံးစေသည်။
လက်ရှိ သူ့စိတ်ဝိညာဉ်စွမ်းအားသည် တားမြစ်ဇုန်လေးပါးကို သတ်ခဲ့စဉ်ထက်များစွာ အားကောင်းသည်။ သို့တိုင် ငရဲဘုံကိုးပါးဓားကို (၈)မိနစ်မျှသာ သုံးနိုင်၏။ ထို့ထက်ပိုသော် သူ့ဝိညာဉ် ကြေမွှသွားပေမည်။
ဤသည်မှာ ရောင်ဝါမျှသာ ရှိသေးသည်။ ဓားကိုသာ သုံးပြုလိုသော် မည်မျှ ပင်ပန်းမည်ကို တွက်ထုတ်နိုင်မည်။
စုရွှမ်ကြွယ်ဘဝတွင် အထွတ်အထိပ် ဧကရာဇ်အဆင့်ဖြင့်ပင် (၁၅)မိနစ်မျှသာ ဓားကို ကိုင်ဆွဲနိုင်ခဲ့သည်။
သို့သော် ကံကောင်းသည်မှာ ထိုဓားရှိတံဆိပ်များအပေါ် နားလည်နိုင်သရွေ့ ကျင့်ကြံမှုမည်မျှ နိမ့်ကျနေပါစေ ဓားကို ကိုင်ဆွဲနိုင်ချေမည်။
***