← Chapters

စောင့်မျှော်နေသည့် လူတစ်ယောက်။

Vol. 33 Ch. 392

စောင့်မျှော်နေသည့် လူတစ်ယောက်။

Vol. 33 Ch. 392

“ အစ်ကိုစု ... ပြီးပြီလား။ ”

စုရီတစ်ယောက် စားသောက်ပွဲထံ ပြန်ရောက်လာသည်နှင့် ပုဇွန်ကိုအခွံခွာလျက် ချင်းယာက ကမ်းပေးပြီး စပ်စုလေသည်။

စုရီက ပြုံးလျက် ခေါင်းညိတ်ပြကာ ပုဇွန်ကိုစားလိုက်သည်။ ထို့ကြောင့် ချင်းယာမှ အံ့သြသွား၏။

“ ဒါဆိုအစ်ကိုစုက အမှောင်တားမြစ် စွမ်းအင်ကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်း ရှိနေတာပေါ့။ ”

ဤစကားသည် ကျန်းယွင်ထောင်နှင့် ဝမ်ရှင်းကျောက်ကိုပင် အံ့သြသွားစေသည်။ အမှောင်တားမြစ်စွမ်းအင်သည် မိုးပြာတိုက်ကြီးကို နှစ်ပေါင်း (၃၀၀၀၀) ပိတ်လှောင်ထားသည့် အတားအဆီးဖြစ်၏။

အုပ်စိုးရှင်အဆင့် ဧကရာဇ်များသည်ပင် ခိုကိုးရာမဲ့ဖြစ်ကုန်ကာ တဖြည်းဖြည်း စွန့်ခွာ ကုန်ကြသည်။

ရင်ချွယ်ဖခင်သည် သက်သေဖြစ်၏။ ဆိုလိုသည်မှာ အမှောင်တားမြစ်စွမ်းအားသည် မိုးပြာတိုက်ကြီး၏ ကျိန်စာပေပင်။

စုရီတွင်သာ ထိုကျိန်စာကို ချိုးဖြတ်ရန် နည်းလမ်းတစ်ခုရှိကြောင်း လူအများသိရှိပါက ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြမည်မှာ သေချာသည်။

သူတို့၏အကြည့်များကို မြင်ပြီးနောက် စုရီမှအနည်းငယ် သက်ပြင်းချသည်။ ဒုက္ခကို မကြောက်သော်လည်း ဖြေရှင်းရမည့်အပေါ် ပျင်းရိချေပြီ။

ထို့ကြောင့် ဒုက္ခကို မလိုချင်သဖြင့် ခဏမျှစဉ်းစားကာ၊

“ နဂါးနက်က သေချင်နေတာကို ဖြည့်ဆည်းပေးရတာ ငါ့အတွက် မခက်ပါဘူး။ ”

-ဟု ပြန်ပြောင်း ပြောကြားလိုက်ရသည်။

ဤစကားအရ သူ့တွင် အမှောင် တားမြစ်စွမ်းအားကို ချိုးဖျက်ရန် နည်းလမ်း မရှိဟု ပြောင်းလဲထင်မြင်သွားတော့၏။

များမကြာခင် ရင်ချွယ်တစ်ယောက် အခန်းထဲပြန်ရောက်လာပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်ကာ အံ့အားသင့်နေသော အကြည့်များအောက်တွင်၊

“ ဆရာစု ... ငါ့အဖေကိုယ်စား ကျေးဇူးတင်ကြောင်းပြပါရစေ အခုချိန်ကစပြီး ဆရာစုဟာ နဂါးနက်မျိုးရိုးရဲ့ ကျေးဇူးရှင်ပါ ...

... ဆရာစု ဘာပဲလိုလို မဆိုင်းမတွ ဆောင်ရွက်ပေးပါမယ် မနာခံခဲ့ရင် ငါတို့မျိုးရိုး အပေါ် ... ကောင်းကင်နဲ့မြေကြီးရဲ့ အပြစ်ပေးခြင်းခံရပါစေ။ ”

နဂါးနက်ကို သတ်ပေးလိုက်ရုံဖြင့် ရင်ချွယ်တစ်ယောက် ဤမျှကျေးဇူးတင်နေပေ လိမ့်မည်ဟု မည်သူမျှ မထင်ထားချေ။

တစ်ဖက်တွင် ဆရာစုဟူသော ဝေါဟာရသည် စုရီကိုတိတ်ဆိတ်သွားစေခဲ့၏။ ကွမ်လင်မြို့တွင် ထိုအသုံးအနှုန်းကို သူ့မိတ်ဆွေများ သုံးခဲ့ဖူးသည်။

ထိုစဉ်က ဝမ်မိသားစု၏ အသုံးမကျသော သမက်မျှသာဖြစ်ပြီး နှစ်ဝက်ကုန်လွန်ပြီးနောက် နဂါးနက်မျိုးရိုးမှ ဒူးထောက်ရသည်အထိကို ကြီးပြင်းလာခဲ့ချေပြီ။

ဆရာဟူသော ဝေါဟာရသည် တာအိုလမ်းခရီးတွင် အလွန်လေးစားခြင်းမှနေ ဆင်းသက်လာခြင်းပေပင်။

“ ထ ... ငါတို့ စကားပြောရအောင်။ ”

စုရီကလက်ဝှေ့ရမ်းကာ အခန်းအပြင်သို့ လှမ်းထွက်သွားလေသည်။ ရင်ချွယ်ကထရပ်ပြီး နောက်မှလိုက်လာ၏။

“ ဒီနေ့ ... မင်းအဖေရဲ့ ဒုက္ခတွေကို လွတ်မြောက်အောင် ငါကူညီပေးခဲ့တဲ့အပေါ် ဘယ်သူ့ကိုမှ မပြောမိဖို့ မျှော်လင့်ပါတယ်။ ”

“ စိတ်ချပါ ... ဆရာစု ... ငါ့အဖေလည်း မသွားခင်မှာ ဒီကိစ္စကို ထုတ်ဖော်မပြောမိစေဖို့ ထပ်ခါတလဲလဲ သတိပေးခဲ့ပါတယ် မဟုတ်ရင် မင်းကိုမှန်းလို့မရအောင် ဒုက္ခဖြစ်စေ လိမ့်မယ်လို့ ပြောပါတယ်။ ”

“ ကောင်းပြီ ငါတို့လည်း ထွက်သွားသင့်ပြီ။ ”

“ ဆရာစု ခဏလေးနေပါဦး ငါမင်းကို မေးစရာလေးရှိလို့ပါ။ ”

စုရီက အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ ထိုအမူအရာကြောင့် ရင်ချွယ်ခမျာ ချက်ချင်း ထိတ်လန့်သွားပြီး ဦးညွှတ်လျက်၊

“ ဆရာစု၊ ငါ့အဖေ မသေခင်မှာ ငါ့ကိုမင်းရဲ့တပည့်အဖြစ် အမှုထမ်းဖို့တောင်းဆို ခိုင်းခဲ့ပါတယ်၊ ဒီနည်းနဲ့ အနာဂါတ်မှာ ငါ နဂါးအသွင်ပြောင်းကပ်ဘေးကို ခံယူတဲ့အခါ ရာနှုန်းပြည့် အောင်မြင်နိုင်ပါမယ်။ ”

နဂါးနက်သည် အမှောင်ခေတ် တားမြစ်စွမ်းအားဖြင့် နှစ်ပေါင်း(၁၃၀၀၀)ကျော် နှိပ်စက်ခံခဲ့ရသဖြင့် မည်မျှ ကြောက်စရာ ကောင်းသည်ကို နားလည်ထားသည်။

ထို့ကြောင့် အမှောင်တားမြစ်စွမ်အားကို ချိုးဖျက်ရန် နည်းလမ်းပိုင်ဆိုင်ထားသော စုရီထံ တပည့်ခံခြင်းဖြင့် အကူအညီရယူလိုသည်မှာ သဘာဝပေပင်။

ကံမကောင်းစွာဖြင့် စုရီသည် တပည့်တစ်ဦးမျှ လက်မခံဘဲ အခြားအစေခံများ သည်လည်း ထပ်မလိုတော့ဖြစ်နေသည်။ စုရီက ခဏမျှစဉ်းစားပြီး၊

“ ငါတပည့်လက်မခံဘူး ... အခု မင်းရဲ့အတွင်းနတ်ဆိုးကို ငါဖယ်ထုတ်ပေးပြီးပြီ မကြာခင်မှာ မင်းရဲ့ဒုက္ခခံယူဖို့ အချိန်ရောက်လာ လိမ့်မယ်၊ မင်းဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ကို ဝင်နိုင်တဲ့အခါ ငါ့ဆီလာတွေ့ပါ။ ”

-ဟု မှာကြားလျက် ရင်ချွယ်တုန့်ပြန်မှုကို မစောင့်တော့ဘဲ လှည့်ထွက်လာခဲ့သည်။ ရင်ချွယ်ခမျာ ဝမ်းသာသွား၏။

ဤသည်မှာ စမ်းသပ်ခြင်းမည်သည်။ လက်ရှိကျင့်ကြံမှုသည် အနှစ်တစ်ထောင်ကြာ ဖိနှိပ်ထားပြီး အတွင်းနတ်ဆိုးကို ဖယ်ရှားလိုက် သောကြောင့် ကောင်းကင်ဒုက္ခ ရောက်လာ ပေတော့မည်။

သူ့အတွက် ဝိညာဉ်ပေါင်းစည်းခြင်း အဆင့်သို့ ဖြတ်ကျော်ဝင်ရောက်ရန် ပြဿနာ မဖြစ်သင့်ချေ။ အချိန်တန်သော် ဆရာစုထံ သွားတွေ့ကာ အစေခံခွင့်ရပေမည်။

ထိုအချိန်တွင် စုရီနှင့်အဖွဲ့သည် ခန်းမထဲမှထွက်သွားကာ ရေအောက်ကမ္ဘာမှ ထွက်ခွာလာခဲ့သည်။

“ ငါ့ဂိုဏ်းကို ပြန်ရောက်ရင် ဒီညဖြစ်ပျက်ခဲ့တာတွေကို အမှန်အတိုင်း သတင်းပို့ရမယ်။ ”

ကျန်းယွင်ထောင်က တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ စုရီအနားတွင် ဝိညာဉ် ထင်ရှားခြင်းအဆင့် နတ်ဆိုးတစ်ကောင် ရှိနေခြင်းသည် စိုးရိမ်စရာဖြစ်၏။

ထိုသို့သောအခြေအနေတွင် စုရီကို ကိုင်တွယ်လိုသော် အကျိုးဆက်များအပေါ် အလေးအနက်ထား စဉ်းစားရပေမည်။

ဖြစ်နိုင်ပါက တိမ်လွှာကောင်းကင် နန်းတော်သည် ဟွာယွင်ရှန်းကဲ့သို့သောလူမိုက် တချို့အတွက် စုရီနှင့် ရန်သူဖြစ်လာရန် မရွေးချယ်သင့်ချေ။

“ မိတ်ဆွေကျန်း ... ဒီနေ့ ဒီမှာ မင်းမြင်ခဲ့သမျှတွေကို သတင်းမဖြန့်မိစေဖို့ ငါမျှော်လင့်ပါတယ်။ ”

ရုတ်တရက် ရင်ချွယ်က နောက်ချန်ရစ်ပြီး သူ့အနားလျှောက်လာကာ ပြောကြားလေသည်။ တစ်ဖက်လူသည် သူ့အတွေးများကို သိမြင်နေ သကဲ့သို့ စိုက်ကြည့်နေတော့၏။

ကျန်းယွင်ထောင်က ချက်ချင်း ပြန်မဖြေနိုင်ချေ။ ရင်ချွယ်မှ စုရီနောက်ကျောထံ မျှော်ကြည့်ကာ၊

“ ရှင်းရှင်းပြောရရင် ... ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူမျှ မမြင်ခဲ့သင့်ဘူး ငါဘာကိုဆိုလိုတယ်ဆိုတာ မင်းနားလည်တယ် မဟုတ်လား။ ”

-ဟု ထပ်မံ ပြောကြားလိုက်သည်။

ဤတစ်ကြိမ်၌ ကျန်းယွင်ထောင် တစ်ယောက် နှလုံးသားတစ်ခုလုံး အေးစက်လာ တော့သည်။

“ စိတ်မပူပါနဲ့ စီနီယာ ... ငါဘယ်သူ့ကိုမှ ထုတ်မပြောပါဘူး။ ”

“ ဟားဟားဟား ... ၊ အစ်ကိုကျန်း မင်းအရမ်းကြီးစဉ်းစားမနေပါနဲ့ အခွင့်အရေး ရရင် ... တိမ်လွှာကောင်းကင်နန်းတော်ကို သေချာပေါက် ငါအလည်လာမယ်။ ”

“ သဘာဝပါပဲ မင်းလာနိုင်ပါတယ် ငါမလှည့်စားပါဘူး။ ”

“ စကားမစပ် ... လက်ရှိ မင်းတို့ရဲ့ တိမ်လွှာကောင်းကင် နန်းတော်သခင်က ဖူဖေးယွီဟုတ်တယ်မလား။ ”

“ မှန်ပါတယ် သူမပါပဲ။ ”

ကျန်းယွင်ထောင် ခေါင်းညိတ်လိုက်သည်။

“ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးရာလောက်က မဟာရှမြို့တော်မှာ မင်းတို့ရဲ့နန်းတော်သခင်နဲ့ တွေ့ခွင့်ရခဲ့တာ ဂုဏ်ယူမိပါတယ် သူမရဲ့ တာအိုအောင်မြင်မှုတွေက အံမခန်းပါ။ ”

ရင်ချွယ်မျက်ဝန်းများတွင် သတိရခြင်းများစွာဖြင့် ပြည့်နှက်လာတော့၏။ ကျန်းယွင်ထောင်က ထိတ်လန့်သွားပြီး၊

“ စီနီယာ ... လွန်ခဲ့တဲ့နှစ်သုံးရာက ဓားညီလာခံအကြောင်း ပြောနေတာလား။ ”

“ မှန်တယ် ... အဲဒီအချိန်တုန်းက သွမ့်ချန်ရှန်းဆိုတဲ့ အမည်နဲ့ ငါပါဝင်ခဲ့တယ် ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်တချို့ကို သတ်ဖို့စီစဉ်ခဲ့ပေမယ့် ...

... ကံမကောင်းစွာပဲ အခြေအနေက ငါ့အတွက် အဆင်သင့် မဖြစ်သေးတာကြောင့် စွန့်လွှတ်လိုက်ရတယ်။ ”

ရင်ချွယ်က အံကြိတ်လျက် ညည်းတွားလိုက်တော့သည်။ ထိုစဉ်ကသူ့အဖေ အပေါ် အခွင့်အရေးယူခဲ့သော ဓားသမားသည် ကောင်းကင်ဓားဂိုဏ်းမှ ဖြစ်၏။

“ သွမ့်ချန်ရှန်း ... သွမ်ချန်ရှန်း၊ ဒါဆို ဓားညီလာခံမှာ ဝိညာဉ်တာအိုနယ်ပယ်အဆင့် ပြိုင်ဘက်သုံးယောက်ကို ဆက်တိုက်အနိုင်ယူ နိုင်ခဲ့တဲ့ လျှို့ဝှက်ကျွမ်းကျင်သူက မင်းပဲ။ ”

ကျန်းယွင်ထောင်က အံ့သြသွားသည်။ ထိုစဉ်က ဓားညီလာခံတွင် သွမ့်ချန်ရှန်းဟူသည် ကျော်ကြားသော မြင်းနက်ဖြစ်ခဲ့၏။

ထိုအချိန်မှစ၍ မဟာရှတွင် ကြောက်စရာကောင်းသော ဇာတ်မြုပ်နေသည့် ကျွမ်းကျင်သူများရှိနေကြောင်း လက်ခံလာခဲ့ကြသည်။

သို့သော် ယနေ့အချိန်ထိ သွမ့်ချန်ရှန်း၏မူလကို မည်သူမျှ မသိကြချေ။

“ ဟားဟားဟား ... အဲဒါတွေက အတိတ်ပဲ ပြောစရာ မရှိပါဘူး။ ”

ရင်ချွယ်က ပြုံးပြီး ခေါင်းယမ်းလျက် လှမ်းထွက်သွားတော့သည်။

( ဘာပဲဖြစ်ဖြစ် ဒီနေ့ဖြစ်ပျက်ခဲ့တာကို ပြောခွင့်မရှိရင်တောင် ... စုရီကိုကလဲ့စားချေဖို့ အတွက် မလုပ်ဆောင်ဖို့ကို ငါအစွမ်းကုန် တားဆီးရမယ်။ )

ကျန်းယွင်ထောင်က တိတ်ဆိတ်စွာ ဆုံးဖြတ်ချက်ချလိုက်သော်လည်း ယုံကြည်မှု မရှိလှချေ။ သူသည် ပြင်ပအကြီးအကဲတစ်ဦး မျှသာ ဖြစ်သည်။

မြင့်မားသော အဆင့်အတန်းရှိသည့် အကြီးအကဲများနှင့်နှိုင်းယှဉ်ပါက သူ့စကားသည် ဂိုဏ်းအပေါ် အလေးချိန်မရှိချေ။

ထို့နောက် လူတိုင်းမြေအောက်နန်းတော်မှ ထွက်ခွာလာခဲ့ပြီး ဒေါသနဂါးမြစ်ရေပြင်ပေါ်သို့ ဦးတည်လိုက်ကြသည်။

ညအမှောင်သည် တဖြည်းဖြည်း လွင့်ပါးနေပြီဖြစ်ကာ ကောင်းကင်၌ ရောင်နီများ လင်းနေပြီဖြစ်၏။

“ နောက်ဆုံးတော့ မင်းရောက်လာပြီ။”

ရတနာသင်္ဘောပေါ်တွင် ပျင်းရိစွာ စောင့်ဆိုင်းနေသော အမျိုးသားတစ်ဦးသည် မြစ်ရေပြင် လှိုင်းတွန့်လာသည်ကို မြင်ချိန်၌ ထရပ်ပြီး လေထဲလှမ်းတက်လာတော့သည်။

ထိုအချင်းအရာကြောင့် ယွီယွီက မျက်ဝန်းများ တဖျပ်ဖျပ်တောက်ပလာကာ ရတနာသင်္ဘောပေါ်မှနေ၍ မြစ်ရေပြင်ထံ မျှော်ကြည့်လိုက်လေသည်။

***

All Chapters