← Chapters

ကောင်းကင်ဘုံ နတ်နန်းတော်။

Vol. 33 Ch. 395

ကောင်းကင်ဘုံ နတ်နန်းတော်။

Vol. 33 Ch. 395

ရတနာသင်္ဘောပေါ်ရှိ အခြားသော အခန်းတစ်ခုထဲတွင် ယွီယွီသည်စိုးရိမ်တကြီးနှင့် ထိုင်နေခဲ့သည်။ မူလက စုရီကိုအလွယ်တကူ သတ်ပစ်နိုင်မည်ဟု မျှော်လင့်ထား၏။

ထို့ကြောင့် လီမြောင်ဟုတ် ရောက်ရှိလာချိန်၌ စုရီနှင့် ပတ်သတ်သော သတင်းများကို ဝေမျှပေးခဲ့သည်။

သို့သော် တစ်ဖက်လူမှ လှုပ်ရှားစရာမလိုဘဲ ထိုင်နေရုံဖြင့် လီမြောင်ဟုန်သည် ထိုနေရာတွင် ပွဲချင်းပြီးအသတ်ခံရလိုက်၏။

ထိုသွေးထွက်သံယိုနှင့် ရက်စက် ကြမ်းကြုတ်သော မြင်ကွင်းသည် သူမဝိညာဉ်ကို ယခုချိန်ထိ တုန်ရင်နေစေသည်။

“ မင်းမုန်တိုင်းထဲ မပါဝင်ချင်ရင် ဂိုဏ်းကိုပြန်ရောက်တဲ့အခါ ဒီမှာဖြစ်ပျက်ခဲ့သမျှ ထုတ်ဖော် မပြောဖြစ်အောင်ကြိုးစားပါ။ ”

သူမရှေ့ရှိ ကျန်းယွင်ထောင်က လေးနက်သောအသံဖြင့် သတိပေးလေသည်။

“ ဦးလေးကျန်း ... ဂိုဏ်းချုပ်ကိုတောင် ပြောလို့မရဘူးလား။ ”

ကျန်းယွင်ထောင်မှ ခေါင်းညိတ်ပြီး သက်ပြင်းချကာ၊

“ လီမြောင်ဟုန်က ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျော်ကြားလှတဲ့ ချင်းရီတာအိုဂိုဏ်းရဲ့ တတိယအကြီးအကဲပဲ သူ့သေဆုံးမှုကြောင့် မုန်တိုင်းကြီးတစ်ခု ဖြစ်လာမှာသေချာတယ်။ ”

-ဟု ရှင်းပြလိုက်သည်။ ထို့နောက် ရှုပ်ထွေးသွေးအသွင်ဖြင့်၊

“ နဂါးဒုက္ခချောက်ကမ်းပါးမှာ ဖြစ်ပျက်ခဲ့တာကလွဲလို့ တခြားကိစ္စတွေကိုတော့ ဂိုဏ်းချုပ်ဆီ မင်းတိုင်ကြားလို့ ရပါတယ်။ ”

-ဟု စကားကို အဆုံးသတ်လိုက်တော့၏။

“ ဟမ့် ... အကြီးအကဲမြောင်ဟုန်ရဲ့ အသက်မီးအိမ် ကွဲသွားတာလား။ ”

ထိုနေ့မှာပင် ချင်းရီတာအိုဂိုဏ်းရှိ အကြီးအကဲများအားလုံး အထိတ်တလန့် ဖြစ်ကုန်​ကြသည်။

နှစ်ပေါင်းတစ်ထောင်အတွင်း ဝိညာဉ်ထင်ရှားခြင်းအဆင့်မှ အကြီးအကဲတစ်ဦး ပထမဆုံးအကြိမ် သေဆုံးခြင်းဖြစ်၏။

ချင်းရီတာအိုဂိုဏ်း၏ တာအိုသခင်မိုယန်သည် ထိုနေ့တွင် လူရှေ့ ထွက်ပေါ်လာပြီး ဤကိစ္စကို စုံစမ်းသည်။

များမကြာခင် လီမြောင်ဟုန်သည် စုရီအမည်ရှိသော လူငယ်တစ်ဦးကို စုံစမ်းနေ ခဲ့ကြောင်း ကြားသိလိုက်ရ၏။

ယင်းကြောင့် တာအိုသခင်ဆရာမိုယန်က ဤကိစ္စကိုစုံစမ်းရန် ဂိုဏ်းမှသန်မာသောလူများ ထပ်မံစေလွှတ်ခဲ့သည်။

ဝိညာဥ်ထင်ရှား​ခြင်းအဆင့် အကြီးအကဲတစ်ပါး သေဆုံးခြင်းသည် မဟာရှ တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သ​ဖြင့် ဖုံးကွယ်ထားရန် မဖြစ်နိုင်ခဲ့ချေ။

ဤသတင်းသည် မဟာရှတွင် ညတွင်းချင်း ပျံ့နှံ့သွားကာ စုရီမည်သူဖြစ်မည်ကို စုံစမ်းမှုများ ပြုလုပ်လာကြတော့သည်။

ခုနစ်ရက် ကုန်လွန်​ပြီးနောက် ရတနာသင်္ဘောကြီးသည် ရွှေမိုးမခမြို့တော်သို့ ရောက်ရှိလာ၏။ ထို့မြို့မှနေ၍ မြောက်ဘက်သို့ ဦးတည်သော် ဆေးအိုးကိုးပါးမြို့တော်ထံ ရောက်ရှိနိုင်သည်။

အနောက်ဘက်သို့ ဦးတည်သော် တိမ်လွှာကောင်းကင်တောင်တန်း ဖြစ်၏။ ဆိုလိုသည်မှာ ဤမြို့၌ သူတို့လမ်းခွဲပြီး ခရီးဆက်ရပေတော့မည်။

ခုနစ်ရက်အတွင်း စုရီကျင့်ကြံမှုသည် အတွင်းပိုင်းသန့်စင်ခြင်း၏ ပြီးပြည့်စုံမှုသို့ ရောက်ရှိသွားခဲ့၏။

“ အစ်ကိုစု၊ ငါတို့ဒီကနေ လမ်းခွဲရအောင်။ ”

ချင်းယာက တွန့်ဆုတ်မှုကို ဖုံးကွယ်ထားခြင်းမရှိဘဲ နှုတ်ဆက်လာသည်။ စုရီမှ ပြုံး၏။

“ ကောင်းပြီ ... တိမ်လွှာကောင်းကင် နန်းတော်မှာ မင်းကို တစ်စုံတစ်ယောက်က အနိုင်ကျင့်ရင် မင်းရဲ့ဒေါ်လေးဆရာကို ပြောပါ မင်းရဲ့ဒေါ်လေးဆရာက အဲဒါကို မဖြေရှင်းနိုင်ရင် ငါ့ဆီလာခဲ့ပါ။ ”

“ ဟား ဟား ဟား ... နောင်မှာ တစ်ယောက်ယောက် ငါ့အပေါ် အနိုင်ကျင့်လာဖို့ ဆုတောင်းမိပါတယ် ... ဒီလိုနည်းနဲ့ အစ်ကိုစုကို ငါပြန်တွေ့နိုင်မယ်မဟုတ်လား။ ”

ချင်းယာစကားကြောင့် စုရီမှ ရယ်မောလိုက်သည်။

“ ချင်းယာ ... ငါတို့သွားသင့်ပြီ ဦးလေးကျန်းနဲ့ယွီယွီကို ဒီလိုမျိုး အကြာကြီး စောင့်ခိုင်းခဲ့တာ မသင့်လျော်ပါဘူး ... တာအိုစု ငါတို့ကို ခွင့်ပြုပါဦး။ ”

ဝမ်ရှင်းကျောက်က နှုတ်ဆက်၏။ စုရီမှ ခေါင်းညိတ်​ပြသည်။ ထိုနှစ်ယောက်သည် သူ့ကို နှုတ်ဆက်လိုခြင်း မရှိချေ။ ပတ်သတ်လိုခြင်း မရှိကြောင်း ပြတ်သားစွာ ပြသထား၏။

“ ဒီမှာမူလတာအိုနယ်ပယ်အတွက် ဓားတာအို အတွေ့အကြုံအချို့ပဲ ယူလိုက်ပါ။ ”

စုရီက ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ယူကာ ဝမ်ရှင်းကျောက်ထံ ပေးအပ်လိုက် လေသည်။

“ ကျေးဇူးတင်ပါတယ် တာအိုစု။ ”

ဝမ်ရှင်းကျောက်တစ်ယောက် နှလုံးသား တုန်ယင်လာပြီး နွေးထွေးမှုက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားလေသည်။

“ အစ်ကိုစု ငါ့အတွက် တစ်ခုခုရှိလား။ ”

ချင်းယာမှ မနာလိုစွာဖြင့်မေးသည်။

“ ဟား ဟား ဟား ... ငါဘယ်လို မေ့နိုင်မှာလဲ။ ”

စုရီမှ ရယ်မောလိက် ကျောက်စိမ်းပြား တစ်ပြားကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။ ဤမိန်းကလေး၏ ချစ်စဖွယ်ကောင်းသော ခန္ဓာကိုယ်တွင် ပြိုင်ဘက်ကင်းဝိညာဉ်အမြစ် ရှိသည်။

အရိုင်းမြေကိုးပါး၏ အကဲဖြတ်မှု စံနှုန်းများအရပင် ထိုကဲ့သို့သော ခန္ဓာပိုင်ရှင်ကို ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်ကြသည်။

ထို့ပြင် သူမ၏ အရည်အချင်းနှင့် နားလည်နိုင်စွမ်းသည် ထူးထူးခြားခြားပေပင်။ ကောင်းကင်နှင့်မြေကြီးရှိ တာအိုကျက်သရေကို အလိုလို ခံစားနိုင်သည်။

ဤအရည်အချင်းသည် ပထမတန်းစား ဂိုဏ်းကြီးများမှ အလုအယက် ခေါ်ဆောင်ဖွယ် ဖြစ်သည်။

သူ ပေးအပ်လိုက်သော ကျောက်စိမ်းပြားသည် လျှို့ဝှက်နည်းစနစ်များ မဟုတ်ဘဲ တာအိုကျက်သရေ အလားအလာကို ဖော်ထုတ်ရန် နည်းလမ်းတစ်ခုပေပင်။

“ ကျေးဇူးတင်ပါတယ် အစ်ကိုစု။ ”

ထို့နောက်တွင် ချစ်စဖွယ်ကောင်းသော အမျိုးသမီးနှစ်ယောက်သည် ရတနာသင်္ဘော ပေါ်သို့ ပြန်သွားကြတော့သည်။

“ သခင် ... ငါတို့ ခရီးဆက်ကြမလား။ ”

ယွမ်ဟမ်ကမေးသည်။ ယခုအချိန်တွင် သူနှင့်ပိုင်ဝမ်ချင်းသာ စုရီအနား ကျန်ရစ်ခဲ့သည်။ စုရီက ခေါင်းရမ်းလျက် ပြန်ဖြေ၏။

“ ခဏနေရအောင် ... ငါအဆင့် ချိုးဖြတ်တော့မယ်။ ”

ယနေ့သည် စက်တင်ဘာလ (၂)ရက်နေ့ ဖြစ်ပြီး သစ်ခွခြံဝင်းတာအို ဆွေးနွေးပွဲစတင်ရန် တစ်လကျော်သာ ကျန်ရှိပေတော့သည်။

မဟာကျိုးမှ ထွက်ခွာလာခဲ့သည်မှာ ဇူလိုင်လ(၂)ရက်နေ့ ဖြစ်သဖြင့် ယခုနှစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်၏။

ဤကာလအတွင်း သခင်နှင့်ကျွန်သည် မရေမတွက်နိုင်သော နိုင်ငံများ၊ တောင်များနှင့် မြစ်များကို ဖြတ်သန်းခဲ့ကြသည်။

လမ်းတစ်လျှောက် တွေ့ကြုံခံစားရသမျှ တိုက်ပွဲအသီးသီးအပေါ် ခွဲခြမ်းစိပ်ဖြာကြည့်ရန် လိုအပ်လာပြီဖြစ်၏။

ထိုနောက်တွင် စုရီနှင့်အဖွဲ့သည် လူသူဆိတ်ညံသော ခြံဝင်းတစ်ခုကို ငှားရမ်းကာ တည်းခိုခဲ့ကြသည်။

အခန်းထဲ ဝင်ရောက်ပြီးနောက် ခုနစ်ရက်ကုန်လွန်သည်အထိ စုရီမှာ ပြန်ထွက် မလာခဲ့ချေ။ သူ့အခန်းသည် တိတ်ဆိတ် ချောက်ကပ်နေချေ၏။

ရှစ်ရက်မြောက်နေ့ ဆည်းဆာအချိန်တွင် တစ်စုံတစ်ရာ ပြောင်းလဲမှုကို ခံစားလာရသဖြင့် ဝိုင်သောက်ကာ စကားစမြည်ပြောနေသော ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်းတို့က စုရီအခန်းထံ လှည့်ကြည့်လိုက်တော့သည်။

ထိုအချိန်တွင် အခန်းထဲရှိ စုရီ၏ ခန္ဓာကိုယ်တစ်ဝိုက် ထက်ရှသောရောင်ဝါများ လှိုင်းထလာနေသည်။

ဒါန်တမ်အတွင်းရှိ တာအိုမျိုးစေ့သည် ရူးသွပ်စွာလှည့်ပတ်နေပြီး ကောက်ကြောင်းငယ် တစ်ခုကို တဖြည်းဖြည်း ပုံဖော်ပေး၏။

“ ဖွင့် ... ။ ”

အဆုံးတွင် စုရီက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ ရုတ်တရတ် စကြာဝဠာ ပေါက်ကွဲမှု ဖြစ်စဉ်ကဲ့သို့ ဖရိုဖရဲမြင်ကွင်းများ ဖြစ်ပေါ်လာတော့သည်။

အလင်းတလှည့်၊ အမှောင်တလှည့်၊ စွမ်းအင်များ၊ ကြယ်များ၊ ဥက္ကာခဲများ၊ နေနှင့်လ စသည့် ထူးဆန်းသည့် အသွင်သဏ္ဍာန်အချို့ အလှည့်ကျဖြစ်ပေါ်နေ၏။

အဆုံးတွင် မူလစွမ်းအင်များ ဒီရေကဲ့သို့ တဟုန်ထိုးတက်လာကာ ထိုကောက်ကြောင်းထဲ စိမ့်ဝင်လာ၏။

စိတ်ဝိညာဉ်၊ ကျင့်ကြံမှုနှင့် ခွန်အားများ ချက်ခြင်းဆုတ်ယုတ်လာကာ ဒါန်တမ်အတွင်း ပြည့်နှက်သွားသည်။ အချိန်ကြာသည်နှင့်အမျှ ဒါန်တမ်သည် မခံနိုင်တော့ဘဲ ပေါက်ကွဲမည့် အသွင် ပြသလာ၏။

“ ခရစ် ... ။ ”

ထိုစဉ် မူလက တင်းကြပ်စွာ ပိတ်ဆို့ထားသော ကောက်ကြောင်းပုံသည် ချက်ချင်း တွန်းဖွင့်ခံလိုက်ရကာ စွမ်းအင်များ အရူးအမူး ပြေးဝင်ကုန်တော့သည်။

ထို့နောက် ကောက်ကြောင်းပုံသည် နန်းတော်တစ်ခုအသွင် ဖွဲတည်လာခဲ့သည်။ မူလစွမ်းအင်များသည် နန်းတော်၏ နံရံ၊ အမိုးနှင့် ကြမ်းခင်းများဖြစ်လာ၏။

အဆုံးတွင် နန်းတော်တံခါးအထက်၌ ဓားတစ်လက် ဖွဲ့တည်လာကာ နန်းတော်ကြီးကို စောင့်ကြပ်နေသကဲ့သို့ လွင့်ဝဲနေသည်။

“ ဟမ့် ... ။ ”

ထိုဓားပေါ်လာသည်နှင့် အသိစိတ်ပင်လယ်ထဲ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော ငရဲဘုံကိုးပါးဓားက နိုးထလာ၏။

“ ချွင် ချွင် ချွင် ... ။ ”

နတ်သံကြိုးကိုးချောင်း တုန်ခါလျက် မထင်မရှား စွမ်းအင်လှိုင်းများ ထုတ်လွှတ်လာ လဲ့သည်။

ထိုလှိုင်းများသည် ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းကာ မိုးကြိုးထိမှန်သွားသကဲ့သို့ သူ့ကို တုန်ရင်သွားစေ၏။ ချွေးပေါက်များအားလုံး ပွင့်လာကာ ချက်ချင်း ပေါ့ပါးလာသည်။

တစ်ဆက်တည်းမှာပင် ကောင်းကင်၌ ဒဏ္ဍာရီဆန်သော နတ်ဘုံနတ်နန်းကြီးအလား ခမ်းနားထည်ဝါသည့် နန်းတော်တစ်လုံးအသွင် ဝိုးတဝါးပေါ်လာသည်။

မြင့်မြတ်သော အခိုးအငွေ့များ လေထုအတွင်း ပြည့်လျှံလျက် တိမ်တိုက်များ လွင့်မျောဖယ်ခွာကုန်၏။

ဆည်းဆာနေဝင်ချိန်အောက်တွင် ကောင်းကင်ဘုံနတ်နန်းတော်၏ အလင်းသည် ရွှေမိုးမခမြို့တော်၏ ထောင့်တိုင်းသို့ ချက်ချင်း ပျံ့နှံ့သွားချေပြီ။

“ ဒါ ... ။ ”

ထိုဖြစ်စဉ်သည် တောက်ပလွန်း သောကြောင့် လူတိုင်းသတိထားမိကုန်ကာ နန်းတော်ထံ မော့ကြည့်လိုက်ကြသည်။

“ တုံ တုံ တုံ ... ။ ”

“ ရွှီး ..... ။ ”

နတ်တော်အတွင်း နတ်ဗုံများတီးခတ်ခြင်း၊ ကဗျာရွတ်ဆိုခြင်းနှင့် တာအိုတေးသံများ ဆူညံ နေတော့၏။ ရောင်စုံမိုးဖွဲလေးများနှင့် ပန်းချပ်များ ကြွေကျလာသည်။

“ ဒါ ... ကောင်းကင်ဘုံ နန်းတော်လား။ ”

တံခါးပိတ်ကျင့်ကြံနေကြသော မြေခွေးအိုကြီးများမှပင် ထိုအံ့ဖွယ်အမှုအပေါ် လျစ်လျူရှုနိုင်ခြင်း မရှိတော့ဘဲ ချက်ချင်း ထရပ်ကာ မျှော်ကြည့်လိုက်ကြသည်။

များမကြာမီတွင် မြို့တွင်းရှိ လူတိုင်း သတိထားမိကုန်ကာ တုန်လှုပ်ခြောက်ခြားမှုများ ဖြစ်ပေါ်လာကြတော့၏။

ထိုအချိန်တွင် စုရီသည် ထိုင်ရာမှထကာ ကိုယ်လက်သန့်စင်လျက် အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး အခန်းထဲမှ လှမ်းထွက်လာခဲ့သည်။

“ ဂုဏ်ယူပါတယ် သခင်၊ မင်းရဲ့ ... ကောင်းကင်ဘုံနတ်နန်းတော်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ပါပြီ။ ”

ထိုစဉ်ယွမ်ဟမ်က သူ့ကိုမြင်သည်နှင့် ပြုံးပြီးဦးညွှတ်ကာ ဆီးကြိုနှုတ်ဆက်နေသဖြင့် စုရီတစ်ယောက် မျက်မှောင်ကျုံ့လျက် ပြန်ကြည့်လိုက်‌မိတော့၏။

***

All Chapters