ဘယ်သူက သခင်လဲ။
Vol. 33 Ch. 396
“ မင်းက ရိုးသားဖြောင့်မတ်တယ် ... ရင်ချွယ်ဆီကနေ သင်ယူဖို့ မကြိုးစားနဲ့ ... ။ ”
စုရီမှ ခေါင်းယမ်းကာ ပြောသည်။
“ ဟုတ်ကဲ့ ... ။ ”
ယွမ်ဟမ်တစ်ယောက် ရှက်ရွံ့သွား၏။
“ သွားကြရအောင် ... ။ ”
ညဥ့်အခါဖြစ်သော်လည်း ကြယ်နှင့်လ၏ အလင်းရောင်များ မြေပြင်ပေါ်လုံလောက်သော အလင်းဖြန့်ကျဲပေးထား၏။ စုရီနှင့်အဖွဲ့သည် လူအုပ်အတွင်း ရောနှောလျက် မြောက်တံခါးဆီ ဦးတည်လာခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၌ ကောင်းကင်မှ ဖြစ်စဉ်အကြောင်း ပြောနေကြဆဲပေပင်။
“ ဟမ် ... ။ ”
စားသောက်ဆိုင်တစ်ဆိုင်၏ ပြတင်းပေါက်မှနေ၍ မီးခိုးရောင်၀တ်စုံနှင့် ဓားတစ်လက်လွယ်ထားသော အမျိုးသားက လူအုပ်အတွင်း လှမ်းကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။
နောက်ကျော် အသွင်အပြင်အရ စုရီနှင့် တူ၏။ သူပြန်ကြည့်လိုက်ချိန်တွင် ထိုလူငယ်မှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
မီးခိုးရောင်၀တ် အမျိုးသားသည် ခေါင်းရမ်းလျက် သက်ပြင်းချလိုက်လေသည်။ စုရီဖြစ်လျှင်ပင် မဟာရှကဲ့သို့အရပ်ဒေသ၌ ရောနှော ပျောက်ကွယ်သွားနိုင်ပေမည်။
သူသည်ပင် မဟာဝေ၏ ပထမဓားသမား ချူဟမ်ခုန်ဖြစ်သော်မှ ဤအရပ်၌ ပြင်ပတပည့် အဆင့်အတန်းမျှသာ ရရှိချေ၏။
ရွှေရောင်ဝတ်စုံဖြင့် အမျိုးသားတစ်ဦးက သူ့ထံလှမ်းကြည့်ကာ၊
“ ဂျူနီယာချူ ... မင်းဘာကြည့်နေတာလဲ ဒီကိုလာပြီး ငါတို့အတွက် ဝိုင်တွေငှဲ့ပေးပါ။ ”
-ဟု အော်ငေါက်တော့၏။
“ ဟုတ်ကဲ့ ... ။ ”
ချူဟမ်ခုန်က ဝိုင်အိုးကို ကောက်ကိုင်ပြီး အလျင်အမြန်သွားကာ ခေါင်းငုံ့လျက် ဝိုင်ငှဲ့ပေး လိုက်ရသည်။ သူ့အသွင်သည် အစေခံ တစ်ယောက်နှင့် မခြားချေ။
“ ဂျူနီယာချူ ... မင်းလည်း ထိုင်ပါ။ ”
အဖွဲ့ကို ဦးဆောင်နေသော မိန်းကလေးက အမိန့်ပေးသည်။ သူမသည် ခရမ်းရောင်ဝတ်ရုံ ၀တ်ဆင်ထားပြီး အသားအရည်သည် နှင်းကဲ့သို့ ကြည်လင်နေ၏။
ငယ်ရွယ်ပြီး ခံ့ညားသော အမူအရာရှိကာ မျက်ခုံးနှစ်ဖက်ကြား၌ ကြာပန်းအမှတ်အသား တစ်ခုရှိနေသည်။ အမည်မှာ ကျန့်လီဖြစ်၏။
မဟာရှမင်းဆက်ရှိ အဓိကမျိုးနွယ်စု သုံးခုအနက် တစ်ခုဖြစ်သော ကျန့်မျိုးနွယ်၏ တိုက်ရိုက် ဆင်းသက်သူပေပင်။
လွန်ခဲ့သော သုံးနှစ်က ကောင်းကင် ဓားဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး အတွင်းတပည့် တစ်ဦးအဖြစ် ရာထူးတိုးမြှင့်ခံထားရ၏။ ထိုစဉ် ရွှေရောင်ဝတ်ရုံဖြင့် လူငယ်က၊
“ စီနီယာအစ်မကျန့် ... ၊ ငါတို့ဂိုဏ်းက ထွက်လာတုန်း အသေးအဖွဲကိစ္စတွေ အားလုံးကို လမ်းမှာ သူ့အတွက်ထားခဲ့ပါလို့ ညီလေးချူက တောင်းဆိုထားပါတယ်။ ”
-ဟု ပြောကြားလာသည်။
သူပြောသည့်အတိုင်း ချူဟမ်ခုန်ကို ပြုံးကြည့်ကာ၊
“ ဆက်လုပ်ပါ ဂျူနီယာချူ။ ”
-ဟု အမိန့်ပေးတော့၏။
ချူဟမ်ခုန်တစ်ယောက် အသံ မထွက်နိုင်တော့ချေ။ နှလုံးသားထဲ အရှက်တရားများ ဝင်ရောက်လာသည်။
ဤလူငယ်သည် ကောင်းကင်ဓားဂိုဏ်း၏ အတွင်းတပည့် ထောင်ယွင်ချီဖြစ်သည်။ ထိုလူ၌ သာမန်ထက်ထူးခြားသော မိသားစုနောက်ခံမျိုး ရှိပြီး သန်မာချေပြီ။
အဆင့်အတန်း၊ အရည်အချင်းနှင့် ကျင့်ကြံမှုစသည့် မည်သည့်နေရာတွင်မဆို သူ့ထက်များစွာ မြင့်မား၏။
ဂိုဏ်းကိုဝင်စတွင် ပင်လယ်ကြီးကို မြင်ဖူးသော နွားခြေရာခွက်ထဲမှ ဖားငယ်ကဲ့သို့ သူ့နှလုံးသားမှာ လှိုင်းထန်ခဲ့သည်။
ဆိုလိုသည်မှာ ပြင်ပတပည့်တစ်ဦးသာ ဖြစ်သော သူ့အဆင့်အတန်းသည် ယခုလက်ရှိ အမျိုးသားနှင့် အမျိုးသမီးကို နှိုင်းယှဉ်ရန် ဝေးကွာနေသေး၏။
ချူဟမ်ခုန်၏ ရိုကျိုးလွန်းနေသော သဘောထားကြောင့် ကျန့်လီက တိတ်ဆိတ်စွာ ခေါင်းရမ်းလိုက်တော့သည်။
ကောင်းကင်ဓားဂိုဏ်းတွင် စည်းကမ်းများတင်းကျပ်ပြီး သာလွန်သူနှင့် ညံ့ဖျင်းသူကြား ခြားနားချက်ရှိသည်။
အတွင်းတပည့်အများစု၏ အမြင်တွင် ပြင်ပတပည့်များသည် အစေခံနှင့် မခြားချေ။ ချူဟမ်ခုန်သည်သာ အတူထိုင်သောက်ခဲ့ပါက မီးဖိုပေါ်တွင်ထိုင်နေသော ဂဏန်းကဲ့သို့ ဖြစ်နေပေလိမ့်မည်။
“ မြန်မြန်သောက် သွားရအောင် ... ။ ”
ထို့နောက် ကျန့်လီ၏ ဦးဆောင်မှုဖြင့် မြို့မှထွက်ခွာလာခဲ့သည်။ ကောင်းကင်ကြီး မှောင်နေပြီဖြစ်သော်လည်း အလင်းတန်းများက လျင်မြန်စွာ ရွေ့လျားနေသည်။
“ ဟမ့် ... ဒီမှာ ကြည့်ကြစမ်း ... ။ ”
လေထုအလယ် ပျံသန်းနေလျက်မှ ကောင်းကင်ဓားဂိုဏ်း၏ တပည့်များစွာသည် တောင်ပေါ်မြို့ငယ်လေးတစ်မြို့၏ အမည်ကို သတိထားမိသွား၏။
“ နှံကောင်စိမ်းမြို့တော် ... ။ ”
“ စီနီယာအစ်မကျန့် ကြည့်စမ်း ... ၊ သူတို့ကိုယ်သူတို့ မြို့တည်ပြီး တစ္ဆေသရဲတွေက စိတ်ကူးယဉ်နေကြတယ်။ ”
ထောင်ယွင်ချီမှ အောက်ကို ငုံ့ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
“ ဒီမြို့ဟာ ပုံရိပ်ယောင်တွေပဲ ဒီနေရာက ရှေးဟောင်းအပျက်အစီး တစ်ခုရဲ့ နေရာတစ်ခုပါ ဟိုးအတိတ်တုန်းကတော့ သူတို့တွေ သက်ရှိ ဖြစ်ခဲ့မှာ သေချာတယ်။ ”
လမ်းများပေါ်တွင် သွက်လက်စွာ လှုပ်ရှားနေသော လမ်းသွားလမ်းလာများနှင့် ရောင်စုံမီးအိမ်များလေထဲ ချိတ်ဆွဲထားသည်။
မီးခိုးရောင်ဝတ်စုံနှင့် လူကြီးတစ်ဦးက သူ့ခေါင်းကို ရင်ခွင်ထဲပိုက်ကာ အေးအေးလူလူ လမ်းလျှောက်နေသည်။
နန်းတွင်းဝတ်စုံဖြင့် အမျိုးသမီးက လေထဲလွင့်ပျံနေပြီး မျက်နှာသည် သွေးများဖြင့် ဖုံးလွှမ်းနေ၏။
ကလေးငယ်များသည်လည်း ပျော်ရွှင်စွာ ပြေးလွှားနေကြကာ တစ်ခါတစ်ရံတွင် သူတို့၏ ဦးခေါင်းများ ပြုတ်ကျသွားသဖြင့် လိုက်ကောက်နေ၏။
မြင်ကွင်းသည် ဖရိုဖရဲပေပင်။ ဤသည်မှာ အဆင့်နိမ့် ယင်ဝိညာဉ်များဖြစ်ချေ၏။ အန္တရာယ် မပေးနိုင်ချေ။
ကျန့်လီက မျက်ဝန်းများ မှေးစင်းသွားကာ၊
“ ဒီနေရာက တစ္ဆေတွေ၊ နတ်ဆိုးတွေနဲ့ ပြည့်နှက်နေတယ် ... ကမ္ဘာကြီးမှာ မရှိသင့်တဲ့ အရာပဲ။ ”
-ဟု ရွံ့ရှာဖွယ် အရိပ်အယောင်ဖြင့် ပြောကြားလိုက်သည်။
“ စီနီယာအစ်မကျန့် ... ဒီမကောင်းဆိုးရွားတွေကို ငါရှင်းပစ်ပါရစေ။ ”
ရွှေရောင်ဝတ်လုံဖြင့် ထောင်ယွင်ချီက ပြုံးလျက် စေတနာ့ဝန်ထမ်းလုပ်ရန် ပြင်သည်။
“ မလိုဘူး ... ။ ”
ကျန့်လီက လက်ကို ဝှေ့ယမ်းလိုက်၏။ ပြိုးပြက်နေသော ဖီးနစ်တစ်ကောင်ပေါ်လာပြီး နှံကောင်စိမ်းမြို့ပေါ် ပြုတ်ကျသွားသည်။
တစ္ဆေသရဲများက ထွက်ပြေးလိုသော်လည်း တစ်စုံတစ်ရာဖြင့် ချီနှောင်ခြင်းခံရသကဲ့သို့ မြို့မှ မထွက်နိုင်ဖြစ်နေသည်။
များမကြာခင် ဝေးလံခေါင်ဖျားသော တောင်ကြားရှိ နှံကောင်စိမ်းနိုင်ငံလေးသည် ချက်ချင်း ပြာကျသွားချေပြီ။ ထိုမြင်ကွင်းကြောင့် ချူဟမ်ခုန်မှ သက်ပြင်းချလိုက်သည်။
ကောင်းကင်ဓားဂိုဏ်းတွင် ပြင်ပတပည့်၊ အတွင်းတပည့်နှင့် အမာခံတပည့်ဟူ၍ (၃)ဆင့် ခွဲခြားထားသည်။
ထောင်ယွင်ချီသည် ဂိုဏ်း၌ အထက်တန်းစားတစ်ဦးဖြစ်သော် သူမသည် ပါရမီရှင်ဖြစ်၏။
ထို့ကြောင့် တပည့်များစွာသည် လေးစားမှုနှင့် စွဲလမ်းမှုကိုပြသကာ ကျန့်လီထံ ငေးကြည့်လိုက်ကြသည်။
( ငါက ဉာဏ်ကြီးရှင် ကျန့်လီနဲ့ ယှဉ်လို့မရမှာကို ကြောက်မိတယ် ငါ့ဘဝမှာ ဘယ်လောက်ပဲ ကြိုးစားနေပါစေ အကန့်အသတ်ရှိတယ် ... ။ )
ချူဟမ်ခုန်က သက်ပြင်းချလိုက်၏။ အရည်အချင်းနှင့် နောက်ခံကဲ့သို့သော မွေးရာပါ အခြေအနေအရ သူသည် များစွာ နောက်ကျ ကျန်နေခဲ့ချေပြီ။
“ ဟမ့် ... ကြည့်စမ်း တောင်ပေါ်မှာ နောက်ထပ် နတ်ဆိုးကျင့်ကြံသူနှစ်ယောက် ရှိနေသေးတယ်။ ”
ရုတ်တရက်ပင် တပည့်တစ်ယောက်က အံ့သြစွာပြောသည်။ လူတိုင်း ငုံ့ကြည့်လိုက်ရာ မီးလောင်လွင်ပြင်နှင့် မဝေးလှသောအရပ်တွင် လူသုံးယောက်ရပ်နေသည်ကို မြင်လိုက်ရ၏။
အလယ်မှ ကျောက်စိမ်းရောင်ဝတ်လုံနှင့် လူငယ်လေးသည် လက်နှစ်ဖက်နောက်ပို့လျက် သူတို့ထံမော့ကြည့်နေ၏။ သူ့ဘေးတွင် နတ်ဆိုး ကျင့်ကြံသူ အမျိုးသားနှင့် အမျိုးသမီး ရပ်နေသည်။
“ သူတို့လူသုံးယောက်က ဒီလောက်ညစ်ပတ်တဲ့ နေရာမှာ ရှိနေတာမို့ လူကောင်း မဖြစ်နိုင်ဘူး။ ”
ထောင်ယွင်ချီက မှတ်ချက်ပေး၏။ သူ့စကားကို လူတိုင်းသဘောတူသည်။ တောထဲ တောင်ထဲတွင် သရဲတစ္ဆေများနေထိုင်ရာမြို့အနီး လူသုံးယောက်ရှိနေသည်မှာ သံသယ ဝင်စရာပေပင်။
“ သွားကြည့်ရအောင် ... ။ ”
ကျန့်လီက မျက်မှောင်ကြုတ်လျက် ဦးစွာပြေးဆင်းသွားသည်။ သူ့နောက်မှ လူတိုင်း လိုက်ပါလာကြ၏။
“ သခင် ... သူတို့လာနေပြီ။ ”
ယွမ်ဟမ်မှ တိုးတိုးလေး သတိပေးသည်။ အစောပိုင်း ကောင်းကင်က ထိုးဆင်းလာသော ဖီးနစ်ကိုမြင်ပြီး သူနှလုံးသားသည် တုန်လှုပ်နေဆဲဖြစ်၏။
“ ဟမ့် ... ။ ”
ထိုအချိန်တွင် စုရီက အံ့အားသင့်မှု အရိပ်အယောင်များဖြင့် ချူဟမ်ခုန်ကို မှတ်မိ သွားတော့၏။
“ တာအိုစု ... ။ ”
ချူဟမ်ခုန်သည်လည်း ချက်ချင်း အံ့အားသင့်သွားပြီး စုရီကို နှုတ်ဆက်လေသည်။ ဤအရာက ကျန့်လီနှင့် အခြားသူများကို မျက်မှောင်ကြုတ်သွားစေ၏။
ချူဟမ်ခုန်က ပျံသန်းနေလျက်မှ အဖွဲ့ကို လှည့်ကြည့်ကာ၊
“ အားလုံးပဲ အဲဒီလူက နတ်ဆိုးကျင့်ကြံသူ မဟုတ်ပါဘူး ... ငါ့ရဲ့မိတ်ဆွေဟောင်းပါ။ ”
-ဟု ရှင်းပြလိုက်၏။
“ ဂျူနီယာချူ ... ၊ မဟာရှမှာ မင်းရဲ့ သူငယ်ချင်းမရှိဘူးလို့ ပြောခဲ့တယ်မဟုတ်လား အခု နတ်ဆိုးကျင့်သူနှစ်ယောက်နဲ့ .. အဲဒီလူက ဘယ်လိုလုပ် မင်းမိတ်ဆွေဖြစ်ရတာလဲ။ ”
ထောင်ယွင်ချီက သံသယဝင်လာသည်။ ထိုမေးခွန်းကြောင့် ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်းခမျာ အလိုမကျဖြစ်သွားတော့၏။
“ တာအိုစုက မဟာရှက မဟုတ်ပါဘူး မဟာကျိုးကပါ သူကို မဟာကျိုးရဲ့ ဧကရာဇ် ဥသျှောင်ဘွဲ့ ပေးထားတယ်။ ”
“ မဟာကျိုးလား ... ဒါက ဘယ်မှာ ရှိနေတာလဲ။ ”
ထောင်ယွင်ချီတစ်ယောက် အံ့အားသင့်သွား၏။
“ ဟား ဟား ဟား ... မဟာကျိုးဆိုတာ အစ်ကိုချူရဲ့မွေးရပ်မြေ မဟာဝေနဲ့ကပ်လျက် တောင်ပိုင်း နယ်စပ်က နိုင်ငံငယ်လေးပါ ... အဲဒီနေရာက တကယ့်ကို ဝေးလံခေါင်ဖျားပြီး အစ်ကိုထောင် မကြားဖူးတာ သာမန်ပါပဲ။ ”
တစ်စုံတစ်ယောက်မှ ရှင်းပြလာသည်။ သို့မှသာ ထောင်ယွင်ချီ နားလည်သွားတော့၏။ လူတိုင်းသည်လည်း အထင်အမြင်သေးစွာဖြင့် ပြန်ကြည့်လိုက်ကြသည်။
ချူဟမ်ခုန်ခမျာ ထိုတုန့်ပြန်မှုကြောင့် အနည်းငယ် ရှက်ရွံ့သွားတော့၏။ ကျန့်လီက လူတိုင်းအပေါ် စူးစိုက်ကြည့်ကာ၊
“ ငါတို့ ခရီးသွားတဲ့အခါ အားလုံးက ဂိုဏ်းတစ်ခုတည်းက ဖြစ်တာမို့ ဂျူနီယာချူရဲ့ မိတ်ဆွေနဲ့တွေ့တဲ့အခါ ကျေးဇူးပြုပြီး ယဉ်ကျေးကြပါ။ ”
-ဟု သတိပေးလေသည်။
“ စိတ်မပူပါနဲ့ အစ်မကျန့်၊ သူ့လို ဝေးလံခေါင်ဖျားတဲ့ နိုင်ငံငယ်က တစ်စုံတစ်ဦးနဲ့ ငါတို့ရဲ့အဆင့်အတန်းကို နှိမ့်ချဖို့ ငါလုပ်မှာ မဟုတ်ပါဘူး။ ”
ထောင်ယွင်ချီစကားကြောင့် လူတိုင်းပြုံးရယ်ကာ ခေါင်းညိတ်လိုက်ကြသည်။ ကောင်းကင်ရှိ လင်းယုန်ငှက်သည် မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်ကို တမင်အရှက်ခွဲမည်လော။
“ ကျေးဇူးတင်ပါတယ် စီနီယာအစ်မကျန့်။ ”
ချူယွင်ခုန်က ဦးညွှတ်လိုက်၏။ ကျန့်လီမှ အနည်းငယ် ခေါင်းညိတ်ကာ၊
“ သွားပါ ... မင်းတို့စကားတွေပြောပြီး ပြန်လာခဲ့ ... ငါတို့ဒီက စောင့်မယ်။ ”
-ဟု မှာကြားပြီး မနီးမဝေးရှိ တောင်ကုန်းတစ်ခုပေါ် ဆင်းသက်လိုက်သည်။
ထို့နောက် လက်နှစ်ဖက်နောက်ပို့လျက် တောင်ထိပ်ထံ လျှောက်လှမ်းသွားကာ အဝေးမှ ကောင်းကင်ပေါ် ငေးကြည့်နေခဲ့၏။
တစ်ဖက်လူသည် ဂျူနီယာချူ၏ မိတ်ဆွေဖြစ်သဖြင့် မေးခွန်းထုတ်ရန် စိတ်ကူး မရှိသကဲ့သို့ နှုတ်ဆက်ရန်လည်း ဆန္ဒမရှိချေ။
မဟာကျိုးကဲ့သို့သော နိုင်ငံလေးသည် သူမအာရုံကို ဆွဲဆောင်နိုင်ခြင်း မရှိသည်မှာ သဘာဝပေပင်။
“ တာအိုစု ... ။”
ချူဟမ်ခုန်က သူမအတွေးများကို စိတ်မဝင်စားဘဲ စုရီထံ ပြုံးရွှင်စွာ ပျံသန်းသွား တော့သည်။
“ ဒီမှာ မင်းကိုတွေ့ရတာ အံ့သြမိပါတယ်။ ”
စုရီက ခေါင်းညိတ်ပြီး တုန့်ပြန်သည်။ ထို့နောက် ကြိမ်ကုလားထိုင်ထုတ်ကာ ပျင်းရိစွာ လဲလျောင်းလျက် ဝိုင်အိုးကိုထုတ်ပြီး ချူဟမ့်ခုန်ထံ ပစ်ပေးလိုက်၏။
“ ထိုင်ပါ ... စကားပြောရအောင်။ ”
ဤမြင်ကွင်းက ထောင်ယွင်ချီနှင့် ကျန်လူများကို အံ့အားသင့်သွားစေကာ စိတ်ထဲ အနည်းငယ်မကျေမနပ် ဖြစ်လာစေသည်။
မဟာကျိုးမှလာသော ထိုလူငယ်သည် သူတို့အပေါ် အလေးအနက် မထားသည်မှာ ထင်ရှားနေချေ၏။
သူတို့သည် ကောင်းကင်ဓားဂိုဏ်းမှ တပည့်များဖြစ်သဖြင့် ကျင့်ကြံသူများအတွက် လေးစားဖွယ် တည်ရှိမှုများပေပင်။
တစ်စုံတစ်ဦးသည် သူတို့ကိုမြင်သော် နှုတ်ဆက်ရန် အစပြုရမည်။ ယခုမူသူတို့အပေါ် တိုက်ရိုက်လျစ်လျူရှုထားကာ ကြိမ်ကုလားထိုင် တစ်လုံးဖြင့် အကြီးအကဲတစ်ယောက်လို အနားယူပြနေ၏။
“ ဟမ့် ... ငါတို့က သူ့ကို နှုတ်ဆက်ရမှာလား။ ”
လူတိုင်းသည် မတ်တပ်ရပ်နေရာမှ နီးစပ်ရာကျောက်တုံးများတွင် ထိုင်လိုက်သည်။ သို့သော် ကြိမ်ကုလားထိုင်ကဲ့သို့ ခန့်ငြားသည့် ကိုယ်ဟန်မျိုး မရရှိသဖြင့် ချက်ချင်း ထရပ်ပြီး ယောင်ပေပေဖြစ်ကုန်ပြန်၏။
ဤသို့သော အသွင်အပြင်သည်ပင် အနားကပ်ခွင့်မရသော အစေခံများအလား ထင်မှားစေသောကြောင့် မျက်နှာများ ချက်ချင်း မည်းမှောင်ကုန်တော့သည်။
***
Book-33