← Chapters

လိုက်တမ်းပြေးတမ်း

Vol. 107 Ch. 1485

လိုက်တမ်းပြေးတမ်း

Vol. 107 Ch. 1485

ဟူး... ဟူး...

ဟယ်ယန်းလဲ့ တစ်ယောက် သူ ပိုင်ဆိုင်ထားသည့် ရေနဂါး နှလုံးသား၏ မွေးရာပါ စွမ်းအင်များကို အမြင့်ဆုံးထိ မြှင့်တင်ရင်း ထာဝရ ကမ္ဘာထက်၌ အရှိန်အဟုန်ပြင်းစွာ ပြေးလွှား နေခဲ့သည်။

ထိုအချစ်ရူး မိန်းကလေးမှာ အစွန်းရောက်ယင် နတ်မိမယ်နှင့် ညီအမတော်စပ်လိမ့်မည်ဟု သူ မည်ကဲ့သို့ ထင်မိခဲ့မည်နည်း။ အမှန်တကယ် သွေးသား တော်စပ်ခြင်း ရှိ၊ မရှိ သံသယ ဖြစ်စရာ ကောင်းသည့်တိုင် သူခံစားခဲ့ရသည့် အေးစက်စက် ခံစားချက်များနှင့် သေမင်းတမန် မျက်လုံးများကတော့ ငြင်းပယ်၍မရအောင်ပင် မှန်ကန်နေခဲ့သည်။

သို့ဖြစ်လေရာ သူ့ထံတွင် ရွေးချယ်စရာတစ်ခုသာ ကျန်ရှိတော့သည်။ ထွက်ပြေးရန်ပင်။ သူသာ ထိုနေရာတွင် ဆက်နေပါက အနည်းဆုံး လူသုံးဦးနှင့် တိုက်ခိုက်ရမည် ဖြစ်သည်။ အဆိုးဆုံး အနေဖြင့် အစွန်းရောင်ယင် နတ်မိမယ်ထံမှ မျက်နှာသာပေးမှုကို လိုချင်သည့် ယောက်ျားသားများပါ တိုက်ပွဲအတွင်း ပါဝင်လာနိုင်ပေသည်။

ဝှစ်... ဝှစ်...

ထာဝရ ကမ္ဘာ၏ သစ်ပင်ပန်းမန်များနှင့် စိမ်းလန်းစိုပြည်သော နေရာများကို ဖြတ်သန်းကာ ဟယ်ယန်းလဲ့ တစ်ယောက် အရှိန်အဟုန် ပြင်းစွာ ပြေးလွှား နေခဲ့၏။ သူ ဝိညာဉ်အာရုံကို အဝေးကြီးအထိ မဖြန့်ကျက်ရဲပဲ မလိုလားအပ်သည့် အာရုံစူးစိုက်မှုများကို ရှောင်ရှားရန် အကန့်အသတ်ဖြင့်သာ ထားရှိခဲ့သည်။ ထာဝရကမ္ဘာမှာ အလွန် ထူးဆန်းသည့် နေရာတစ်ခု ဖြစ်သည်။ ဆင်ခြင်တုံတရား ကင်းမဲ့သည့် လုပ်ဆောင်ချက်များမှာ စောစီးစွာ သေဆုံးခြင်းဆီသို့ ဦးတည်နိုင်ကြောင်း သူ သိရှိထားပြီး ဖြစ်သည်။ သူ ဤနေရာ၌ မသေဆုံးလိုသေးချေ။

“ဟမ်...”

ရုတ်တရက် နောက်ကျောဆီမှ စူးခနဲ ခံစားလိုက်ရရာ သူ၏မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့သည်။

ဘုန်း...

ရှင်သန်လိုစိတ်နှင့် ပတ်သက်လာလျှင် သားရဲများ၏ အာရုံခံနိုင်စွမ်းမှာ လူသားများထက် အဆပေါင်းများစွာ သာလွန်သည်။ ဟယ်ယန်းလဲ့မှာ ရေနဂါး၏ နှလုံးသားနှင့် မျိုးရိုးဗီဇကို နှစ်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့လေရာ သူ၏ သွေးများထဲတွင် အရိုင်းဆန်ကာ အကဲဆတ်လွန်းသည့် မှတ်ဉာဏ်များ စိမ့်ဝင်နေခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များတစ်လျှောက် ရေနဂါးနှလုံးသားမှာ သူ့အား အန္တရာယ်များ အပေါ် ထူးခြားစွာ အာရုံခံနိုင်စွမ်းကို ပေးအပ်ခဲ့ကာ ကြုံလာသမျှ ခြိမ်းခြောက်မှုအားလုံးကို အချိန်မီ တုံ့ပြန်နိုင်စေခဲ့သည်။ လျဲ့ယု၏ ထိုနှလုံးသားကပင်လျှင် သူ့ကို ယနေ့ထိ အသက်ရှင်စေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ၌လည်း ထိုခံစားမှုမှာ ပြင်းထန်သော စွမ်းအားဖြင့် တုံ့ပြန်နေခဲ့ပြီ ဖြစ်သည်။ ဟယ်ယန်းလဲ့ တစ်ယောက် ခန္ဓာကိုယ် တစ်ခုလုံးရှိ စွမ်းအင်များကို ခြေထောက်များ၌ စုစည်းလိုက်ကာ ပေါက်ကွဲအား ပြင်းထန်သည့် အရှိန်အဟုန်ဖြင့် ရှေ့သို့ ခုန်ထွက်လိုက်ည်။

ဘုန်း...

မြေပြင်နှင့် သူ့ခြေထောက်များ ရိုက်ခတ်သံမှာ မိုင်ပေါင်းရာနှင့်ချီ၍ ဟိန်းထွက်သွားခဲ့သည်။ ထိုလုပ်ရပ်က သူ့ကို ဆယ်မိုင်ခန့် အကာအဝေးအထိ ဝရုန်းသုန်းကား လွင့်စဉ်သွားစေခဲ့သည်။

ဘုန်း...

တစ်ချိန်တည်း၌ သူ မူလက ရပ်တည်နေခဲ့သည့် နေရာသို့ လေအားဖြင့် ဖိသိပ်ထားသည့် ဓားသွားကြီး တစ်ခု ကျဆင်းသွားကာ မြေကြီးထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ၎င်း၏ ကျဆင်းမှု အောက်တွင် တစ်မိုင်ခန့် ကျယ်ဝန်းသည့် ချောက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ အကယ်၍ ထိုဓားချက်နှင့်သာ ထိမိပါက ဟယ်ယန်းလဲ့ တစ်ယောက် အသက်ပင် ဆုံးရှုံးနိုင်သည့် ဒဏ်ရာများ ရရှိသွားမည်မှာ သေချာပေသည်။

ဝှစ်...

လင်းကျိရန်မှာ ဟယ်ယန်းလဲ့ ရှောင်တိမ်းသွားသည့် နေရာသို့ မျက်မှောင်ကြုတ်လျက် ဆင်းသက်လာခဲ့၏။ သူမ၏ တိုက်ခိုက်မှုမှာ ဝိညာဉ်အာရုံကိုပင် ရှောင်ရှားနိုင်သည့် ပြီးပြည့်စုံသော လုပ်ကြံမှုတစ်ခု ဖြစ်ပေသည်။ သို့သော်လည်း ဟယ်ယန်းလဲ့ကတော့ ကြိုတင် သိနေသည့် အလား ရှောင်ထွက်သွားနိုင်ခဲ့သည်။ ထိုအရာက အနည်းငယ် ထူးဆန်းနေပေသည်။

ဝှစ်... ဝှစ်...

အခြား ပုံရိပ်နှစ်ခုမှာ သူမ နံဘေးသို့ ရောက်ရှိလာခဲ့၏။

“ကျိရန်... နင် ရူးနေတာလား...”

နာ့ရှင်းရီ လင်းကျိရန်ကို ချက်ချင်းပင် ဆူပူလိုက်၏။

“…”

လင်းကျိရန် တစ်ယောက် အနည်းငယ် အူကြောင်ကြောင် ဖြစ်သွားခဲ့သည်။ သူမ၏ ဓားချက်မှာ ထိုလူယုတ်မာကို သတ်လုနီးပါး အထိ ဖြစ်ခဲ့သည်။ အဘယ်ကြောင့် ဆူပူနေရသနည်း။ သူမ နာ့ရှင်းရီကို နားမလည်နိုင်စွာ ကြည့်လိုက်၏။

“ကျိရန်... ပေါ့ပေါ့ဆဆ မလုပ်နဲ့... ဒါက ထာဝရ ကမ္ဘာ... ဒီနေရာက အရမ်း ထူးဆန်းတယ်... မဆင်မခြင် လုပ်ဆောင်တာက အမြန်ဆုံး သေဆုံးရမယ့် နည်းလမ်းပဲ”

ဝူပိုင်ကျိုးက လေးနက်သည့် အမူအရာဖြင့် ဝင်ရောက် ပြောလိုက်သည်။ သူမ၏ အသံက တည်ငြိမ်သော်လည်း ပြင်းထန်သည်။‌

“ဟုတ်လား...”

လင်းကျိရန်က သံသယ လေသံဖြင့် မေးလိုက်၏။ ဝေ့ဝူယင်က သူ ပေးထားသည့် ပစ္စည်းများဖြင့် ဆိုလျှင် မြေကြီး ရှန့်ထို အဆင့်ကိုပင် ကြောက်စရာ မလိုကြောင်း ပြောဆိုခဲ့သည်။ သူမ ထာဝရ ကမ္ဘာသို့ ရောက်ရှိလာခဲ့သည့် အကြောင်းရင်းမှာ စွန့်စားခန်းတွင် ပျော်ရွှင်ရန်သာ ဖြစ်သည်။

နာ့ရှင်းရီ မျက်မှောင်ကြုတ်လိုက်၏။

“ကျိရန်... ငါတို့ သုံးယောက်ပေါင်းပြီး သူ့ကို ဖမ်းချင်ရင် မခက်ခဲဘူး ဆိုတာ နင်လည်း သိမှာပါ... ဒါပေမဲ့ ဒီဂြိုဟ်က တော်တော်ထူးဆန်းတယ်... ငါတို့ တိုက်ခိုက်စရာ မလိုပဲ သူ့သေတွင်း သူ တိုးသွားရင် အကောင်းဆုံးပဲ”

ဝူပိုင်ကျိုးက ထွက်ပြေးနေသည့် ဟယ်ယန်းလဲ့ကို လှမ်းကြည့်လိုက်သည်။ မိုင်ပေါင်း ရာနှင့်ချီ ဝေးကွာနေသော်လည်း ထိုလူယုတ်မာ၏ တည်နေရာကို သူမ တိတိကျကျ မြင်နိုင်ပေသည်။ ထာဝရ ကမ္ဘာမှာ အလွန် သေးငယ်သည့် ဂြိုဟ်ကလေး ဖြစ်သည်။ ဤဂြိုဟ်ထက်တွင် ရှိနေသရွေ့ သူမ၏ အာရုံခံစားမှုမှ မည်သူမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင်... နာ့ရှင်းရီနှင့် သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ ကြယ်တာရာ သခင် အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဟယ်ယန်းလဲ့ကတော့ ယခုမှ အချိန်သခင် တစ်ပါး ဘဝတွင်သာ ရှိနေသေးဆဲ ဖြစ်သည်။ ပုံမှန် မဟုတ်သည့် ကျင့်ကြံခြင်း အခြေခံ အုတ်မြစ်များကို ထည့်မတွက်လျှင်ပင် အဆင့် ကွာခြားချက်က ဟယ်ယန်းလဲ့ အတွက် အန္တရာယ် ရှိနေခဲ့ပြီ ဖြစ်သည်။

“ဒါဆို ဘာလုပ်မလဲ... ဒီအတိုင်း သူ့နောက်ကို လိုက်ရုံပဲလား... ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲက မကြာခင် စတော့မှာ မဟုတ်ဘူးလား...”

လင်းကျိရန်က ဝူပိုင်ကျိုးကို လှည့်ကြည့်ရင်း မေးလိုက်၏။ ထိုဝူမျိုးနွယ် မိန်းကလေးမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် လိမ္မာပါးနပ်ကာ ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်သည်။ သူမ သိထားသမျှ လူများထဲတွင် ဝူပိုင်ကျိုးမှာ အကောင်းဆုံးသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သူ ဖြစ်သည်။

ဝူပိုင်ကျိုး၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွား၏။ တစ်ခဏ ကြပြီးနောက်... သူမက နာ့ရှင်းရီဘက်ကို လှည့်ရင်း မေးလိုက်သည်။

“သတိထားမိလား...”

နာ့ရှင်းရီက ဟယ်ယန်းလဲ့ဘက်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းညိတ်လိုက်၏။

“အင်း... လျဲ့ယုရဲ့ ထူးခြားတဲ့ အန္တရာယ်သိစိတ်နဲ့ လိမ္မာပါးနပ်တဲ့ လှုပ်ရှားမှုတွေ သူ့ဆီမှာ ရှိနေတယ်...”

လင်းကျိရန်မှာ သူတို့ နှစ်ယောက်လို စွမ်းအားနောက်ကို အရူးအမူးလိုက်သည့် ကျင့်ကြံသူတစ်ဦး မဟုတ်သော်လည်း ဝေ့ဝူယင်၏ စနစ်တကျ ပြုစုပျိုးထောင်မှုနှင့် ကျင့်ကြံခြင်း အရင်းအမြစ်တွေများကို ရယူ ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်သည်။ အကယ်၍ အဆင့်နှစ်ဆင့် နိမ့်နေလျှင်ပင် သူမမှာ တိုက်ခိုက်မှု တစ်ခုတည်းဖြင့် ဟယ်ယန်းလဲ့ကို သတ်နိုင်သည်။

သို့သော်လည်း... ဟယ်ယန်းလဲ့က ထိုတိုက်ခိုက်မှုကို အသာအယာပင် ရှောင်တိမ်းသွားနိုင်ခဲ့သည်။

“လျဲ့ယုရဲ့ နှလုံးသားလား...”

လင်းကျိရန် တစ်ယောက် အနည်းငယ် ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရ၏။ လျဲ့ယု အသတ်ခံရပြီး နောက်တွင် နှလုံးသား တစ်စုံ ပျောက်ဆုံးနေခဲ့ကြောင်း ဝေ့ဝူယင်ထံမှ သူမ သိရှိထားခဲ့သည်။

“ဖြစ်နိုင်တယ်...”

ဝူပိုင်ကျိုးက ခေါင်းညိတ်လိုက်သည်။

“အဲ့ခွေးကောင် သိပ်မပြတ်ခင် လိုက်ရအောင်...”

သူတို့သုံးယောက် သဘောတူညီမှု ရယူကာ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များနှင့် အတူ နောက်မှ လိုက်ပါသွားခဲ့ကြသည်။

...

ဟယ်ယန်းလဲ့ တစ်ယောက် လွတ်မြောက်ဖို့ နည်းလမ်းရှာရင်း ကြောက်ရွံ့တုန်လှုပ်လာခဲ့၏။ အခြား စမ်းသပ်ပွဲများနှင့် ခြားနားစွာပင်.... ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲတွင် ထွက်ပြေးဖို့ နည်းလမ်းမရှိပါချေ။ ရှင်လျှင်ရှင်... မရှင်လျှင် သေမည်။ ဒါပဲ ရှိသည်။

ဆယ်မိနစ်ခန့်မျှ အမဲလိုက်ခံရပြီးနောက် ဟယ်ယန်းလဲ့ တစ်ယောက် အတော်လေး စိတ်ကုန်နေခဲ့ပြီ ဖြစ်သည်။ ထိုမိန်းမယုတ် သုံးယောက်၏ ဖိအားများက သူ၏ စိတ်ပိုင်းဆိုင်ရာ ခွန်အားကို ပျက်စီးစေသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းက ဆိုလျှင် သူ ခြေလှမ်းမှားသွားကာ ထူးဆန်းသည့် ဆူးခြုံတစ်ခုထဲ ပြုတ်ကျလုနီးပါးပင် ဖြစ်သွားခဲ့သည်။ နေနဂါး နှလုံးသား၏ အလိုလို သိစိတ်ကြောင့်သာ မဟုတ်ပါက သူ အသက်ပင် သေဆုံးကောင်း သေဆုံးနေလောက်ပြီ ဖြစ်သည်။

“ဘာလို့ ဒီမှာ ပျံသန်းတာကို ကန့်သတ်ထားရတာလဲ...”

ဟယ်ယန်းလဲ့ တစ်ယောက် ပျံသန်းဖို့ ကြိုးစားရင်း စိတ်ထဲမှ ကျိန်ဆဲ လိုက်မိ၏။ ပျံသန်းဖို့ ကြိုးစားတိုင်း အလွန် ပြင်းထန်သည့် လောကဖိအားများ ဖြစ်ပေါ်လာကာ သူ့ကို ဖိအားပေး နေခဲ့သည်။

မိန်းကလေး သုံးယောက်ကတော့ ခပ်လှမ်းလှမ်မှေ နေ၍ ဆက်လိုက်နေကြ၏။ လျဲ့ယုအား သတ်ဖြတ်ခဲ့သည့် လူယုတ်မာ ဆက်လက် အသက်ရှင်နေသည်ကို ကြည့်ရင်း လင်းကျိရန်၏ စိတ်ရှည်မှုများမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲက ဘယ်တော့ စမှာလဲ...”

သူမက ကျန်နှစ်ယောက်ကို မေးလိုက်၏။ ထိုပြိုင်ပွဲ မစတင်ခင် ဟယ်ယန်းလဲ့ကို အရင်ဆုံး အပြတ်ရှင်းသင့်သည်ဟု သူမ ခံစားသည်။

“စနေပြီလေ... သုံးလွှာ အဂ္ဂိရတ် ရှန့်ထို ပြောတာကို နင် မကြားလိုက်ဘူးလား...”

နာ့ရှင်းရီက စိတ်တိုတိုနှင့် ပြောလိုက်၏။ ဟယ်ယန်းလဲ့ အသက်ရှင်နေသည်ကို ကြည့်ရင်း သူမ ကိုယ်တိုင်လည်း မသက်မသာ ခံစားနေရသည်။ တိုက်ခိုက်ချင်စိတ်ကို သူမ မနည်း ထိန်းချုပ်ထားရလေသည်။

***

All Chapters