စောင့်ကြပ်သူများ
Vol. 107 Ch. 1494
“ထာဝရ ကမ္ဘာမှာ အခြားဘာတွေ ရှိသေးလဲ...”
ကျန်းရှောင်ဟွိုင်က စိတ်ဝင်တစားပင် ဆက်လက်၍ မေးလိုက်၏။ မာ့လုလင်း၏ မျက်လုံးများက တိတ်ဆိတ်စွာပင် တောက်ပလာခဲ့သည်။
“အခြား ဘာတွေ ရှိသေးလဲ ဆိုတော့ သုံးလွှာ စောင့်ကြပ်သူတွေ... လောက စောင့်ကြပ်သူတွေ... နောက်ပြီး မြေကြီး ရတနာ ဇုန်တွေ ရှိတယ်... အတိုချုပ် ပြောရရင် ကံကြမ္မာ ဇုန်တွေပေါ့... ထာဝရ ကမ္ဘာမှာ လှည့်လည် သွားလာနေတဲ့ စောင့်ကြပ်သူ ဆယ့်နှစ်ယောက် ရှိတယ်... တစ်မျိုးကို လေးယောက်ပေါ့... နောက်ပြီး အပင် အမျိုးမျိုးကို ပမာဏ တစ်ခုအထိ စခန်းချ ထိန်းချုပ်ထားတဲ့ လောက စောင့်ကြပ်သူတွေလည်း ရှိတယ်... သုံးလွှာ စောင့်ကြပ်သူတွေကတော့ အသက် စောင့်ကြပ်သူ၊ ကံကြမ္မာ စောင့်ကြပ်သူနဲ့ မကောင်းဆိုးဝါး စောင့်ကြပ်သူတွေပဲ... သူတို့ဆီမှာ ကြယ်တာရာ အမြုတေ အဆင့်ခြောက်၊ အဆင့်ခုနစ်၊ အဆင့်ရှစ်နဲ့ အဆင့်ကိုး အဆင့်တွေမှာ ရှိတဲ့ အဖွဲ့ဝင် တစ်ယောက်စီ ရှိကြတယ်”
“ဟုတ်လား...”
ကျန်းရှောင်ဟွိုင် တစ်ယောက် ပိုမို၍ စိတ်လှုပ်ရှားလာခဲ့၏။ မာ့လုလင်က ဆက်၍ ပြောလိုက်လေသည်။
“အသက် စောင့်ကြပ်သူတွေက ထာဝရ ကမ္ဘာမှာ လှည့်လည် သွားလာနေပြီးတော့ သေရေးရှင်ရေး ကြုံနေရတဲ့ ကျင့်ကြံသူတွေကို ကူညီပေးတယ်... သူတို့က ထာဝရ ကမ္ဘာကို တစ်နည်းတစ်ဖုံ ထိန်းချုပ်နိုင်ပြီး ကြယ်တာရာ သခင် တစ်ယောက်ကိုတောင် သတ်ဖြတ်နိုင်တဲ့ ထောင်ချောက်ထဲ ရောက်နေရင်တော့ သူတို့က ကူညီ ကယ်တင်နိုင်ကြတယ်... ကံဆိုးတာက သူတို့နဲ့ ကျင့်ကြံခြင်း အခြေခံတူသူတွေ ဒါမှမဟုတ် အောက်အဆင့်မှာ ရှိနေတဲ့ လူတွေကိုပဲ ကူညီနိုင်တာပဲ... အမကျန်းက ထာဝရ ကမ္ဘာထဲမှာ သေလုဆဲဆဲ ဖြစ်နေတဲ့ အချိန်သခင် တစ်ယောက်ပဲ ဆိုပါတော့... မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် အသက် စောင့်ကြပ်သူ တစ်ယောက် ရောက်လာတယ်... သူ့ဆီမှာ အမကျန်းကို ကယ်တင်နိုင်တဲ့ အစွမ်းလည်း ရှိတယ်... ဒါပေမဲ့ အမကျန်း အတွက် ကံဆိုးတယ်လို့ ဆိုလို့ရတယ်... ဘာလို့လဲ ဆိုတော့ သူက ကယ်တင်မှာ မဟုတ်လို့ပဲ”
“ဒါပေမဲ့ မကောင်းဆိုးဝါး စောင့်ကြပ်သူတွေကတော့ မတူဘူး”
မာ့လုလင်းက ဆက်လက်၍ ရှင်းပြလိုက်၏။
“သူတို့က သတ်ဖြတ်လိုစိတ် ပြင်းပြနေတဲ့ လူတွေ၊ သတ်ဖြတ်မှု ကျူးလွန်နေတဲ့ လူတွေကို သုတ်သင်ပစ်ဖို့ ရည်ရွယ်ချက်နဲ့ ထာဝရကမ္ဘာထဲမှာ လှည့်လည် သွားလာနေကြတယ်... ရှင်းရှင်း ပြောရရင် မကောင်းဆိုးဝါး စောင့်ကြပ်သူတွေက သတ်ဖြတ်ဖို့ ရည်ရွယ်ချက် တစ်ခုတည်းပဲ ရှိတဲ့ သတ္တဝါတွေပဲ... ကံကောင်းတာ တစ်ခုက သူတို့ထက် ကျင့်ကြံခြင်း အဆင့် ပိုနိမ့်တဲ့ သူတွေကို တိုက်ခိုက်ဖို့ ခွင့်ပြုမထားတာပဲ... သူတို့ထဲက ဘယ်သူကမှ အားမနည်းဘူး... နောက်ပြီး သူတို့တွေက လျှို့ဝှက်မြေကြီး အဆင့် လက်နက်တွေကို ပိုင်ဆိုင်ထားသေးတယ်...”
“သူတို့ကို သတ်နိုင်ရင်တော့ ဆုလာဒ်က ကိုယ့်အတွက်ပဲပေါ့... သူတို့ ပိုင်ထားတဲ့ လက်နက်တွေ၊ ရတနာတွကို ရရုံတင် မကဘူး... သူတို့ သတ်ခဲ့တဲ့ လူတွေရဲ့ ရင်းမြစ်တွေကိုပါ မကြာခဏ ဆိုသလို ရရှိနိုင်ကြတယ်... နောက်ပြီး စစ်ထုတ်ခြင်း အဆင့်ပြီးတဲ့ အဖိုးတန် အရင်းအမြစ်တွေနဲ့ လဲလှယ်လို့ရတဲ့ အထောက်အထားတစ်ခုလည်း သူတို့မှာ ရှိတယ်လို့ ပြောကြတယ်...”
“ကံကြမ္မာ စောင့်ကြပ်သူတွေကတော့ အရမ်းကို ထူးဆန်းတဲ့ သတ္တဝါတွေပဲ... အမကျန်း အနေနဲ့ သူတို့ကို ဖမ်းမိနိုင်ရင် သူတို့က ကံကြမ္မာနယ်မြေ တစ်ခုကို လမ်းညွှန်ပေးပြီး ပျောက်ကွယ်သွားလိမ့်မယ်... သူတို့ဆီမှာလည်း မတူညီတဲ့ ကျင့်ကြံမှုအခြေခံ တွေ ရှိတယ်... ဒါပေမဲ့ သူတို့ကို ဘယ်သူမဆို ဖမ်းမိနိုင်တယ်... ဒါပေမဲ့ သူတို့ တစ်ယောက်ချင်းစီက သူတို့ ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံခြင်း အခြေခံနဲ့ သက်ဆိုင်တဲ့ ကံကြမ္မာနယ်မြေတွေကိုပဲ လမ်းညွှန်ပေးနိုင်တယ်... အဲဒါကြောင့်ပဲ ကံကြမ္မာနယ်မြေ တစ်ခုချင်းစီကို အဆင့်သတ်မှတ်ထားတာပေါ့... ပိုပြီး တိတိကျကျ ပြောရရင် အဆင့် အနိမ့်ဆုံးကနေ အမြင့်ဆုံး အဆင့်အထိ စုစုပေါင်း ငါးဆင့် ရှိတယ်”
“အဆင့်တစ်ဆင့် မြင့်တက်လာတာနဲ့ အမျှ ကံကြမ္မာ နယ်မြေတွေက ပိုပြီး အဖိုးတန်လာတယ်... အဆင့်သုံး ကံကြမ္မာ နယ်မြေတွေမှာ ဆိုရင် ကြယ်တာရာ သခင်တွေ အတွက် တန်ဖိုးရှိတဲ့ ရင်းမြစ်တွေတောင် ရှိကြတယ်လို့ ဆိုတယ်... ဒါပေမဲ့ ဇုန်ပေါ် မူတည်ပြီး ဘယ်လို ရင်းမြစ် ရရှိမယ် ဆိုတာကတော့ အတိအကျ မရှိဘူး”
“မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ကံကြမ္မာ စောင့်ကြပ်သူက ပြိုင်ပွဲဝင်တွေကို အဆင့်တစ် ဇုန် ရှိတဲ့ နေရာကို ခေါ်သွားနိုင်တယ်... ကြယ်တာရာ သခင် အဆင့် ကံကြမ္မာ စောင့်ကြပ်သူကိုတော့ အဆင့်လေး ဆိုပြီး ကန့်သတ်ထားတယ်...”
စကားက ထိုနေရာသို့ အရောက်တွင်ပင် မာ့လုလင်မှာ မသိမသာ မျက်မှောင်ကြုတ် သွားခဲ့၏။ ငွေရောင် အလင်း တစ်ခုက သူမ၏ မျက်လုံးများထဲတွင် ဖျပ်ခနဲ လက်သွားခဲ့သည်။
ကျန်းရှောင်ဟွိုင်မှာ သင်ခန်းစာ အပေါ်တွင်သာ အာရုံစူးစိုက် နေခဲ့လေရာ ထိုအပြောင်းအလဲကို သတိမထားမိခဲ့ပါချေ။ သူမက စိတ်လှုပ်ရှားစွာပင် ဆက်၍ မေးလိုက်၏။
“အဆင့်ငါး ကံကြမ္မာ နယ်မြေတွေကိုရော ဘယ်လို ရောက်နိုင်လဲ ညီမလေးမာ့...”
“ဪ... ဟုတ်သားပဲ...”
မာ့လုလင်းက ရယ်မောလိုက်၏။ သူမ၏ မျက်ဝန်းများက ယခင် တောက်ပမှုကို ပြန်လည် ရရှိသွားခဲ့သည်။
“အဲဒီနယ်မြေတွေကိုတော့ ကံကောင်းမှသာ မတော်တဆ ရှာဖွေ တွေ့ရှိနိုင်တယ်... အခြား နယ်မြေတွေကိုလည်း ကံကြမ္မာ စောင့်ကြပ်သူရဲ့ လမ်းညွှန်မှု မပါပဲ ကိုယ့်ဘာသာ ရှာတွေ့နိုင်တာပဲ...”
“သဘောပေါက်ပြီ”
ကျန်းရှောင်ဟွိုင် ခေါင်းညိတ်လိုက်၏။ အဆင့်ငါး နယ်မြေ တစ်ခုကို မတော်တဆ ရှာဖွေ တွေ့ရှိပါစေဟု သူမ ကြိတ်ကာ ဆုတောင်း လိုက်မိသည်။
“ဒါဆို ဒီအဆင့်က အန္တရာယ်တွေကနေ တစ်ဆင့် ပြိုင်ပွဲဝင်တွေရဲ့ စွမ်းအားကို မြှင့်တင်ပေးတာပေါ့... ဘယ်လောက် အံ့ဩစရာကောင်းလိုက်လဲ...”
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ သူမ ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးသည့် အခြား ပြိုင်ပွဲများနှင့် အများကြီး ကွာခြားသည်ဟု ကျန်းရှောင်ဟွိုင် တွေးလိုက်မိသည်။ ထို့နောက်... အတွေးတစ်ခုက သူမ ဦးနှောက် အတွင်း ရုတ်တရက် ရိုက်ခတ်ကာ မေးလိုက်သည်။
“ဒါက ဘယ်လောက်ကြာမှာလဲ... ညီမလေးမာ့”
“ဟမ်...”
မာ့လုလင်းမှာ အတွေးအာရုံအတွင်း နစ်မြုပ်နေဟန် ရကာ ကျန်းရှောင်ဟွိုင်၏ အသံကို ကြားခါမှ ပြန်လည် အသိဝင် လာခဲ့၏။
“ထာဝရ ကမ္ဘာက ရှစ်ဆယ့်တစ်ရက် ကြာလိမ့်မယ်.... အဆင့်တိုင်းက အဲဒီလိုပဲ...”
ထို့နောက် သူမက ကျန်းရှောင်ဟွိုင်ကို ပြုံးပြလိုက်၏။
“ခဏနေရင် ကျွန်မ ပြန်လာခဲ့မယ်...”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူမ၏ ခန္ဓာကိုယ်က ငွေရောင် အလင်းတန်းများနှင့် တောက်ပလာကာ ပျောက်ကွယ် သွားခဲ့လေသည်။
“...”
ကျန်းရှောင်ဟွိုင် တစ်ယောက် ဆွံ့အ သွားခဲ့၏။ သို့သော်လည်း... မကြာခင်မှာပင် သူမ၏ နှလုံးခုန်နှုန်းက အနည်းငယ် မြင့်တက်လာကာ အေးစက်စက် ခံစားချက် တစ်ခုက ကျောရိုးတစ်လျှောက် စိမ့်တက်လာခဲ့သည်။ လုံခြုံနေသည် ဆိုသည့် စိတ်ခံစားချက်က ပျောက်ဆုံးသွားကာ ပတ်ဝန်းကျင်မှာ ထူးဆန်းစွာ တိတ်ဆိတ် နေခဲ့၏။ လေတိုက်ခတ်သံပင် မရှိတော့သလို သူ ခံစားလိုက်ရသည်။
သံသယများက ပိုမို တိုးပွားလာကာ ထိတ်လန့် တုန်လှုပ်သည့် စိတ်ခံစားမှုတို့က သူမ၏ နှလုံးသား အတွင်း တိုးဝင် လာခဲ့သည်။ သူမမှာ ညီမလေးမာ့၏ ကယ်တင်မှုကြောင့် သေဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်တော့ သူမ တစ်ယောက်တည်းသာ ကျန်ရှိပေတော့သည်။ သူမ တံတွေးများကို မြိုချရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။
“ညီမလေးမာ့... ဘယ်ရောက်သွားတာလဲ...”
မရိုးမရွ ခံစားချက်က သူမ၏ တစ်ကိုယ်လုံးကို ဖြန့်ကျက် နေခဲ့၏။ သူမ မတ်တပ်ထရပ်လိုက်မိသည်။ ထိုအခိုက်၌ မြက်ပင်များကပင် သူမကို သတ်ဖြတ်ဖို့ ကြိုးစားနေသလို၊ လေထုကပင် သူမကို အသက်ရှူကြပ်အောင် လုပ်ဆောင်နေသလို သံသယ ဝင်နေမိသည်။ သို့တည်းမဟုတ်... သူမအား စားသုံးလိုသည်က တစ်ကမ္ဘာလုံးလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ကြောက်ရွံ့သည့် ခံစားချက်များမှာ သူမ၏ ခန္ဓာကိုယ် အတွင်း အရှိန်အဟုန်နှင့် စတင်ကာ ပေါက်ကွဲ လာခဲ့၏။ ထွက်ပြေးချင်သည့် စိတ်က သူမ၏ နှလုံးသား အတွင်း မင်းမူလာသည်။
ဟုတ်သည်...။ သူမ ပြေးရမည်။ ဤနေရာနှင့် အဝေးဆုံးသို့ ပြေးရမည်။
ပြေး...
ပြေး...
ပြေး...
သူမ၏ ခြေထောက်များ တုန်ရီစွာ စတင် လှုပ်ရှားလာခဲ့စဉ်မှာပင်...
ဝှစ်....
ရုတ်တရက် ထိုခံစားချက်မှာ ပျောက်ကွယ်သွားခဲ့၏။ သူမ၏ နံဘေးတွင် ငွေရောင် အလင်း တစ်ခုက ဖျပ်ခနဲ လင်းလက် သွားခဲ့သည်။
ကျန်းရှောင်ဟွိုင် အလန့်တကြားပင် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ကြယ်တာရာ အမတေ စွမ်းအင်များကို ထုတ်ဖော်ကာ အစွမ်းကုန် တိုက်ခိုက်ဖို့ ပြင်လိုက်သည်။
သို့သော်လည်း... နူးညံ့သည့် လက်တစ်ဖက်က သူမ၏ လက်ကောက်ဝတ်ကို ညင်သာစွာပင် ဆုပ်ကိုင်လိုက်၏။ ချက်ချင်းပင်... ပြင်းပြ ခက်ထန်နေသည့် စွမ်းအင် အားလုံးမှာ မုန်တိုင်း လမ်းကြောင်းမှ ဖယောင်းတိုင်မီး တစ်ခု အလား ငြိမ်းသေ သွားခဲ့သည်။
“ဘာမဖြစ်ပါဘူး... အစ်မကျန်း...”
***