ထာဝရ တိုကင်
Vol. 107 Ch. 1495
“ဘာမဖြစ်ပါဘူး... အစ်မကျန်း...”
ရုတ်တရက်... စကားသံ တစ်ခုနှင့် အတူ မာ့လုလင်း၏ အပြုံးချိုချို မျက်နှာကို ကျန်းရှောင်ဟွိုင် မြင်လိုက်ရလေ၏။ ထိုအခါတွင်မှ... လှိုင်းထန်နေသည့် သူမ၏ စိတ်အစဉ်မှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားခဲ့သည်။
ပတ်ဝန်းကျင် တစ်ခုလုံးကို ပြန်လည် သတိထားမိသော အခိုက်၌ မာ့လုလင်း၏ လက်ထဲတွင် ရှဉ့်တစ်ကောင်အား ကိုင်ထားသည်ကို တွေ့ရှိလိုက်ရသည်။ ထိုရှည့်ငယ်၏ မျက်လုံးများမှာ ကျောက်မျက် ရတနာများနှင့် ဆင်တူကာ ဒေါသ မီးခိုးများနှင့် ပြည့်လျှံနေ၏။ သတ္တဝါလေးမှာ ကြမ်းတမ်း ခက်ထန်စွာ ရုန်းကန်နေသော်လည်း သူ၏ အားထုတ်မှု မှတ်သမျှက မာ့လုလင်း၏ လက်ထဲတွင် အချဉ်းနှီးမျှသာ ဖြစ်သည်။
“အဲဒါက ဘာလဲ... ညီမလေးမာ့...”
ကျန်းရှောင်ဟွိုင် စိတ်များကို တည်ငြိမ်အောင် ထိန်းရင်း မေးလိုက်သည်။ စောစောပိုင်းက သူမ၏ စိတ်ခံစားချက်များမှာ သာမန်ထက် ပိုမို၍ ပြင်းထန်နေခဲ့ကြောင်း ကိုယ့်ကိုယ်ကို သတိပြုလိုက်မိသည်။
“ဒီကောင်လေးက လောကသခင် အဆင့် ကံကြမ္မာ စောင့်ကြပ်သူ တစ်ယောက်ပဲ... စောင့်ကြပ်သူ တစ်ယောက်ချင်းစီမှာ အခြားလူတွေ သူတို့ကို မမြင်နိုင်အောင်၊ ဒါမှမဟုတ်လည်း လွတ်မြောက်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်... ကျွန်မ ခန့်မှန်းချက်သာ မမှားရင် ဒီကောင်က ထိတ်လန့်စေတဲ့ ကံကြမ္မာ အမျိုးအစား ဖြစ်လိမ့်မယ်... လူတွေရဲ့ ကြောက်ရွံ့မှုကို လှုံ့ဆော်ပြီး သေလမ်းကို ပို့ပေးတဲ့ သတ္တဝါ တစ်မျိုးပေါ့”
မာ့လုလင်းက ရုန်းကန်နေသည့် ရှဉ့်ကဲ့သို့ သတ္တဝါလေးကို မြှောက်ပြရင်း ရှင်းပြလိုက်သည်။
“သေ... သေလမ်းကို ဟုတ်လား...”
ကျန်းရှောင်ဟွိုင် တစ်ယောက် အလွန်အမင်း ထိတ်လန့် သွားခဲ့၏။ မာ့လုလင်း ရှင်းပြစဉ် အခါက ကံကြမ္မာ စောင့်ကြပ်သူများမှာ ထွက်ပြေး ပုန်းရှောင်တတ်သည့် သတ္တဝါများဟုသာ သူမ သိထားခဲ့ခြင်း ဖြစ်သည်။ ယခုလောက်အထိ မိစ္ဆာ ဆန်လိမ့်မည်ဟု လုံးဝ မျှော်လင့် မထားခဲ့ချေ။
မာ့လုလင်းမှာ ကျန်းရှောင်ဟွိုင်၏ ထိတ်လန့်မှုများကို နားလည်နိုင်ပေသည်။ သူမက လေးနက်စွာပင် ရှင်းပြလိုက်၏။
“ကံကြမ္မာတိုင်းမှာ ကိုယ်ပိုင် စိန်ခေါ်မှုတွေ၊ အန္တရာယ်တွေ၊ တာဝန် ဝတ္တရားတွေ၊ ခက်ခဲမှုတွေ ရှိတယ်.... အဲဒါကို မကျော်လွှားနိုင်ရင် သေမယ်... ပိုဆိုးရင် ထိန်းချုပ်ခံထားရတဲ့ ဖုတ်ကောင် တစ်ကောင်တောင် ဖြစ်သွားလိမ့်မယ်... ထာဝရ ကမ္ဘာရဲ့ စွန့်စားခန်း အဆင့်က ရွေးချယ်ခံ တစ်ယောက်ရဲ့ အရည်အသွေးတွေ ရှိတဲ့ အကြောင်း ကိုယ့်ကိုယ်ကို ပထမဆုံး သက်သေပြရတဲ့ အဆင့်ပဲ”
ထိုကဲ့သို့ ရှင်းပြပြီးနောက် မာ့လုလင်းက လက်ချောင်းများကို အားစိုက်ကာ ရှဉ့်ငယ်လေးကို ဖျစ်ညှစ်လိုက်သည်။ ချက်ချင်းပင် ထိုသတ္တဝါလေးမှာ ရွှေရောင် ဖုန်မှုန့်များ အဖြစ် ပေါက်ကွဲသွားခဲ့၏။
ဟူး... ဟူး...
ထို့နောက်တွင်တော့ ရွှေရောင် ဖုန်မှုန့်များမှာ အမြင့်ပေနှစ်ဆယ်ခန့် ရှိသော လေပွေတစ်ခု အဖြစ် ပြောင်းလဲသွားကာ လောကတစ်ခွင် စတင် လှည့်ပတ် လာခဲ့၏။ ၎င်းမှာ ကြယ်တာရာ အမြုတေ အထွတ်အထိပ် အဆင့် စွမ်းအင်များကို ထုတ်လွှတ်လာသည်။
“ဒါကို အခြားလူတွေ သတိမထားမိနိုင်ဘူးလား...”
ကျန်းရှောင်ဟွိုင်က မေးလိုက်၏။ မာ့လုလင်းက ညင်သာစွာ ပြုံးလိုက်သည်။
“အဲဒါက အဓိက အချက်ပဲ... အစ်မကျန်း ကျွန်မနဲ့ လိုက်ခဲ့ချင်လား... ပေါ့ပေါ့ဆဆ မလှုပ်ရှားဘူး ဆိုရင်တော့ မြေပြင် အန္တရာယ်တွေနဲ့ ကြုံတွေ့ရမယ့် အခွင့်အရေးက အတော်လေး နည်းပါတယ်... ဒါပေမဲ့ အခြား ကျင့်ကြံသူတွေရဲ့ အန္တရာယ်ကိုတော့ ပြောလို့ မရဘူးပေါ့... တကယ်လို့ အစ်မကျန်း နေခဲ့ချင်တယ် ဆိုရင်တော့ ကျွန်မ ပြန်လာခဲ့ပါမယ်...”
“မနေခဲ့တော့ဘူး... တစ်ခါတည်း လိုက်ခဲ့မယ်”
ကျန်းရှောင်ဟွိုင်က ခိုင်မာစွာ ပြောလိုက်၏။ သူမ ဤနေရာတွင် ဆက်၍ မနေချင်တော့ပေ။ ထို့အပြင်... မာ့လုလင်း ပြောသည့် ကံကြမ္မာ ဆိုသည့် အရာကို သူမ မြင်ချင်သည်။ အနည်းဆုံးတော့ သူမထံတွင် ရွေးချယ်ခံ တစ်ယောက်၏ နှလုံးသား ရှိနေသေးဆဲ ဖြစ်သည်။
ကျန်းရှောင်ဟွိုင်၏ တုန့်ပြန်ပုံကို ကြည့်ကာ မာ့လုလင်း ကျေနပ်သွားခဲ့၏။ သူမက ဆက်လက် တုန့်ဆိုင်းနေခြင်း မပြုတော့ပဲ ကျန်းရှောင်ဟွိုင်၏ လက်ကို ဆုပ်ကိုင်ကာ ရွှေရောင် လေပွေနောက်သို့ လိုက်ရင်း ကံကြမ္မာ နယ်မြေထံ အလျှင်အမြန် ဦးတည်လိုက်တော့သည်။
...
မြေအောက်ခန်း တစ်ခုထဲတွင် အနက်ရောင် ဝတ်ရုံဝတ် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာမှာ တင်ပျဉ်ချိတ်ကာ ထိုင်နေခဲ့ကြ၏။ ရုတ်တရက် သူတို့ထဲမှ တစ်ဦး၏ ခန္ဓာကိုယ်မှာ တောက်ပသော အနီရောင်အလင်းတန်းများဖြင့် လင်းလက်လာခဲ့သည်။
“အိုး... ငါတို့ထဲက တစ်ယောက်က ဒီလောက်တောင် စောစောစီးစီး သေသွားပြီလား... အသုံးမကျလိုက်တဲ့ကောင်...”
ကျင့်ကြံသူက စက်ဆုပ်စွာနှာခေါင်းရှုံ့လိုက်၏။ တဖြည်းဖြည်းနှင့် သူ၏ ဝတ်ရုံများမှာ အနက်ရောင်မှ သွေးနီရောင်သို့ ပြောင်းလဲသွားခဲ့သည်။ သူက လက်ဝါးကပ်တိုင် သဏ္ဌာန် လော့ကတ်သီး ပါသည့် လည်ဆွဲတစ်ခုကို လည်ပင်းတွင် ချိတ်ဆွဲကာ လူအများ အလွယ်တကူ မြင်နိုင်စေရန် တွဲလောင်းချ ထားလိုက်သည်။
“ဒီတစ်ခေါက် သောက်ကလေးတွေ ဘယ်လောက် အံ့ဩစရာ ကောင်းလဲဆိုတာ ကြည့်လိုက်ရအောင်...”
ထို့နောက်တွင်တော့ ငွေရောင် အာကာသ အလင်း တစ်ခု ဖြစ်ပေါ်လာကာ ကျင့်ကြံသူမှာ မြေအောက်ခန်း အတွင်းမှ ပျောက်ကွယ် သွားခဲ့တော့၏။
ကြယ်တာရာ သခင် အဆင့် မကောင်းဆိုးဝါး စောင့်ကြပ်သူ တစ်ယောက် အစားထိုးခံလိုက်ရပြီ ဖြစ်လေတော့သည်။
...
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ ပထမ အဆင့်ဖြစ်သည့် ထာဝရ နယ်မြေ စွန့်စားခန်း အဆင့်မှာ အလွန် ပြင်းထန်စွာပင် စတင်ခဲ့သည်။ ပထမဆုံး သုံးနာရီအတွင်းမှာပင် မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ရွေးချယ်ခံ သောင်းနှင့်ချီမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းများဖြင့် သေဆုံးခဲ့ရပြီး အများစုကတော့ ပတ်ဝန်းကျင် အန္တရာယ်များကြောင့်ပင် ဖြစ်သည်။
ထိုအရေအတွက်မှာ အံ့အားသင့်စရာ ကောင်းလောက်အောင် များပြားသော်လည်း ယခင်ပြိုင်ပွဲများနှင့် ယှဉ်လျှင် သိသိသာသာ နည်းပါးခဲ့သည်။ မြင့်မားလာသည့် ရွေးချယ်ခံ စံချိန်စံနှုန်းများကြောင့်ပင် လူငယ်များ၏ ကျင့်ကြံခြင်း စွမ်းအားများမှာ အလွန်ပင် တိုးတက်လာခဲ့ကာ အသက်ရှင်သန်နိုင်မှု အခွင့်အလမ်းများမှာလည်း မြင့်မားလာခဲ့ကြသည်။ ပထမဆုံး တစ်နာရီအတွင်း သေဆုံးသူ အရေအတွက်မှာ ပုံမှန်အားဖြင့် ဆိုလျှင် အနည်းဆုံး နှစ်သောင်းအထိ ရှိတတ်သည်။
ထို့အပြင်... ပါဝင်သူ ယှဉ်ပြိုင်သူ အရေအတွက်မှာ ယခင်ပြိုင်ပွဲများထက် များစွာပိုများခဲ့သည်။ အကြောင်းရင်ကတော့ ရွေးချယ်ခံ ဖျက်မြင်းများ ပိုမို များပြားလာသောကြောင့် ဖြစ်သည်။
မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ တရားဝင် စံနှုန်းများမှာ တိုးမြင့်လာခဲ့သော်လည်း... ရွေးချယ်ခြင်း မခံခဲ့ရသည့် လူငယ်လေးများ၏ စွမ်းအားများမှာလည်း တိုးတက်လာခဲ့ကြသည်။
ထို့ကြောင့်ပင် မူလလက်ဟောင်း ရွေးချယ်ခံများ၊ ရွေးချယ်ခံ ဖြစ်ရန် အလားအလာ ရှိသူများနှင့် မိမိကိုယ်ကို ယုံကြည်ချက် မြင့်မားသူ တော်တော်များများမှာ ပြိုင်ပွဲအတွင်း ဆင်ခြင်တုံတရားမဲ့စွာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ထိုကဲ့သို့သော အကြောင်းရင်းများကြောင့်ပင် ပြိုင်ပွဲဝင် ကျင့်ကြံသူ အရေအတွက်မှာ သိသိသာသာ တိုးမြင့်လာခဲ့ခြင်း ဖြစ်သည်။
ယခုတစ်ကြိမ် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ တရားဝင် ရွေးချယ်ခံများနှင့် ရွေးချယ်ခံ ဖျက်မြင်းများ၏ အရေအတွက်နှင့် အချိုးအစား အတော်လေး နီးစပ်သည့် ပထမဆုံးသော ပြိုင်ပွဲဖြစ်သည်။ ၎င်းမှာ ဝင်ခွင့်စံနှုန်း သိသိသာသာ နိမ့်ကျခဲ့သည့် ယခင်ပြိုင်ပွဲများ၏ အရေအတွက်ကိုပင် အံ့အားသင့်ဖွယ် ကျော်လွန်နေခဲ့သည်။ သို့သော်လည်း... တရားဝင် ဝင်ခွင့်ရ ရွေးချယ်ခံများမှာ အားသာချက် မရှိသည်တော့ မဟုတ်ချေ။ ထာဝရ အစည်းအရုံးမှာ ထိုတရားဝင် ရွေးချယ်ခံ တစ်ယောက်ချင်းစီကို တိုကင် တစ်ခုစီ ပေးအပ်ခဲ့သည်။ ၎င်းကို ထာဝရ တိုကင်ဟု ခေါ်၏။
ထာဝရ တိုကင်း...
နာမည်မှာ ရိုးရှင်းသော်လည်း ၎င်း၏ အကျိုးသက်ရောက်မှုများကတော့ မရိုးရှင်းပါချေ။
နံပတ်တစ် အချက်... ထိုတိုကင်ထဲတွင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ ထာဝရနယ်မြေ စွန့်စားခန်းဆိုင်ရာ အခြေခံ စည်းမျဉ်းများကို ရှင်းပြထားသည်။ လင်းကျိယန်သည် ရွေးချယ်ခံ ဖျက်မြင်း တစ်ယောက် ဖြစ်လေရာ တိုကင်ကို လက်ခံ ရရှိခဲ့ခြင်း မရှိခဲ့သောကြောင့် ထိုအကြောင်းအရာများကို သိရှိမထားခဲ့ခြင်း ဖြစ်သည်။ ကျန်းရှောင်ဟွိုင်ကတော့ ထာဝရ ကမ္ဘာကို ရောက်ရောက်ချင်း ထောင်ချောက်တစ်ခု၌ ဖမ်းဆီးခံခဲ့ရလေရာ တိုကင်ကို စူးစမ်းရန်ပင် အချိန် မရှိခဲ့ပါချေ။ သို့သော်လည်း... မာ့လုလင်း ရောက်ရှိလာကာ ထာဝရ တိုကင်ထက်ပင် ပိုမိုသည့် အချက်အလက်များအား သူမကို ရှင်းပြခဲ့ပေသည်။
ထာဝရတိုကင်မှာ ထာဝရကမ္ဘာ၏ အန္တရာယ်များကို ဝေဝါးစွာ သတိပေးထားရုံမျှသာမကပဲ အလားအလာရှိသည့် ကံကောင်းခြင်းများ အကြောင်းကိုလည်း အကျဉ်းချုပ် ဖော်ပြထားသည်။ ဥပမာ- ရွှေရောင် လေဆင်နှာမောင်းမှာ ပိုမိုကြီးမားသည့် ကံကောင်းခြင်းများထံသို့ မကြာခဏ ပို့ဆောင်ပေးနိုင်သည်ဟူသော သဲလွန်စမျိုးပင်။
ဒုတိယ အချက်... ထာဝရ တိုကင်ထံတွင် ရွေးချယ်ခံများအား ၈၁ ရက် ဆိုသည့် အချိန် ကန့်သတ်ချက်ထဲမှ လက်ကျန် အချိန်များကို နေ့ရက်၊ နာရီ၊ မိနစ်နှင့် စက္ကန့် ပုံစံဖြင့် ဖော်ပြပေးသည့် တိုက်ရိုက် အချိန်နာရီ တစ်ခုလည်း ပါဝင်သည်။
တတိယ အချက်... ထာဝရကမ္ဘာ အတွင်းရှိ ထူးခြားချက်များကို ဖော်ပြထားသည်။ ထာဝရနယ်မြေတွင် ပျံသန်းခြင်းကို ကန့်သတ်ထားကာ သတိမမူပဲ ရွေ့လျားခြင်းကလည်း အန္တရာယ်များကို ဖိတ်ခေါ်နိုင်စွမ်း ရှိသည်။ သို့သော်လည်း... မကြာခဏဆိုသလို ထာဝရ ကမ္ဘာထက်တွင် အလျင်စလို ပြေးလွှားခြင်းမှာ ရှေ့ဆက်ရန် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်နေတတ်သည်။
ထို့ကြောင့် ထာဝရတိုကင်တစ်ခုစီတွင် ဦးတည်ရာ အရပ်မျက်နှာများကို အမြဲတမ်း ညွှန်ပြပေးနိုင်သည့် သံလိုက်အိမ်မြှောင်တစ်ခု ပါရှိသည်။ ထာဝရနယ်မြေမှာ အလွန်သေးငယ်သော်လည်း နေရာတိုင်းအား ခြေကျင်သာ သွားခွင့်ပြုထားလေရာ ပုံမှန် ကျင့်ကြံသူ တစ်ဦး၏ အရွယ်အစားနှင့် နှိုင်းယှဉ်ပါက အလွန်ပင် ကြီးမားလှသည်။
နောက်ဆုံးတစ်ချက်... ထာဝရတိုကင်တွင် ထာဝရသော့မှ တစ်ဆင့် ဖန်တီး ထုဆစ်ထားသည့် ဝင်္ကပါ တစ်ခု ပါဝင်သည်။ ၎င်းကို အသက်သွင်းကာ ပတ်ဝန်းကျင် အန္တရာယ်များထံမှ တစ်ခါသုံး လွတ်မြောက်ရေး အဆောင်လက်ဖွဲ့ တစ်ခုအဖြစ် အသုံးပြုနိုင်သည်။
သို့သော်လည်း... တိုကင်မှ ရွှေ့ပြောင်းပေးနိုင်သည့် အကွာအဝေးမှ မီတာတစ်ရာမျှသာ ဖြစ်သည်။ ၎င်းမှာ မီတာ တစ်ရာ ပတ်လည် အတွင်းရှိ အန္တရာယ်ကင်းသည့် နေရာသို့ ပို့ဆောင်ပေးခြင်းမျှသာ ဖြစ်သည်။ သို့ဖြစ်လေရာ အစွမ်းထက်သည့် ကျင့်ကြံသူများ၏ လက်ထဲမှ ၎င်းကို အသုံးပြု၍ လွတ်မြောက်ဖို့ မဖြစ်နိုင်သလောက် နီးပါး ဖြစ်သည်။
ရွေးချယ်ခံ တစ်ချို့မှာ စောစီးစွာပင် မတော်တဆ အဖမ်းခံခဲ့ရကာ လွတ်မြောက်ရန် အတွက် ထာဝရ တိုကင်များကို အသုံးပြုခဲ့ကြရသည်။ အချို့မှာလည်း တစ်ကြိမ် အဖမ်းခံရပြီနောက် ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် ထွက်ပြေးရန် အခြား ထောင်ချောက်တစ်ခု အတွင်း ထပ်မံ၍ အဖမ်းခံခဲ့ရပြန်သည်။ တစ်ချို့မှာ အသက် ဆုံရှုံးခဲ့ရကာ အချို့မှာလည်း စွမ်းအား တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးခဲ့ကြရသည်။
ထို့အပြင်... ထာဝရ ကမ္ဘာ အတွင်း၌ ကြယ်တာရာ အမတေ မရှိသလို လျှို့ဝှက် အမတေလည်း မရှိချေ။ ပတ်ဝန်းကျင် အတွင်း စိမ့်ဝင်နေသည့် တစ်ခုတည်းသော အမတေမှာ ဂြိုဟ်ကိုယ်တိုင် ထုတ်လွှတ်နေသည့် ကောင်းကင်နှင့် မြေကြီး၏ အမတေများသာ ဖြစ်သည်။ ၎င်းတို့မှာ အခြေခံ တည်ဆောက်ခြင်း အဆင့်များနှင့် ချီပျစ်ခဲခြင်း အဆင့်များ အတွက်သာ အသုံးဝင်ပေသည်။
ထာဝရ ကမ္ဘာထက်တွင် ကြယ်တာရာ အမတေများ ပါဝင်သည့် ကံကြမ္မာဇုန်များ ရှိသော်လည်း ၎င်းတို့ကို ရှာဖွေ တွေ့ရှိရန်က အလွန်ပင် ခက်ခဲလှကာ မကြာခဏ ဆိုသလို အသက် သေဆုံးစေနိုင်သည့် အန္တရာယ်များနှင့် ဝန်းရံ နေတတ်သည်။
ထို့ကြောင့်ပင် မိမိ ယခင် ကျင့်ကြံထားခဲ့သည့် စွမ်းအင်များ၊ ကြယ်တာရာ အမတေ ကျောက်တုံးများနှင့် ယူဆောင်လာသည့် ပြန်လည် ကုသရေး ရင်းမြစ်များသည်သာလျှင် မိမိ အားကိုးနိုင်သည့် တစ်ခုတည်းသော စွမ်းအင် ရင်းမြစ်များ ဖြစ်ကြသည်။ ၎င်းကို အသုံးပြု၍ ကုန်ဆုံးသွားပါက စွမ်းအား ကင်းမဲ့သွားလိမ့်မည် ဖြစ်သည်။
ပတ်ဝန်းကျင်မှာ သေစေနိုင်သည့် အန္တရာယ်များနှင့် ပြည့်နှက်နေသည် ဆိုသော်လည်း လုံလောက်သည့် ကာယ၊ ဉာဏ စွမ်းအင်များနှင့် ဆိုလျှင် ရှောင်ရှား၍ ရနိုင်ပါသည်။
ပထမသုံးနာရီအတွင်း ရွေးချယ်ခံများနှင့် ရွေးချယ်ခံ မြင်းနက်များ တစ်သောင်းကျော်သာ သေဆုံးခဲ့ရခြင်းက ဝေ့ဝူယင် မြှင့်တင်ထားသည့် ရွေးချယ်ခံ စံချိန်စံနှုန်းများ၏ အကျိုးသက်ရောက်မှုများကို ဖော်ပြနေပေသည်။
***