အဖြိုက်နက် နယ်မြေ အရည်
Vol. 107 Ch. 1496
၇၇ ရက် : ၂၃ နာရီ : ၂၁ မိနစ် : ၃၃ စက္ကန့်...
"တကယ့်ကို ရူးသွပ်စရာပဲ... ဒီပြိုင်ပွဲက ကျင့်ကြံခြင်း အဆင့်တိုင်းမှာ ရှိတဲ့သူတွေကို တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုတွေများ ယှဉ်ပြိုင်ခိုင်းရတာလဲ"
မိန်းကလေး တစ်ယောက်က သူမ၏ သွေးစွန်းနေသော အဖြူရောင် ဓားသွားကို နွေးထွေးနေဆဲ ဖြစ်သည့် အလောင်း တစ်ခု၏ ခန္ဓာကိုယ် အတွင်း ထိုးစိုက်လိုက်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူ ပြောဆိုလိုက်၏။ အလောင်းမှာ အနည်းငယ် တုန်ခါသွားခဲ့သည်။ သို့သော်လည်း သူက အမှန်တကယ် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
"သုံးရက်လောက် ကြာရင်တော့ အားလုံးက ဒီပတ်ဝန်းကျင်နဲ့ အနည်းနဲ့အများ လိုက်လျောညီထွေ ဖြစ်သွားလိမ့်မယ်... ဒါပေမဲ့ အခုတော့ သူတို့က ကံကောင်းခြင်း တွေရှိတဲ့သူတွေ ဒါမှမဟုတ် ရုပ်ရည်လှပတဲ့ သူတွေဆီကို အရူးအမူး တိရစ္ဆာန်တွေလို ပြေးနေကြတုန်းပဲ"
မိန်းကလေးက သူမ၏ မျက်နှာထက်ရှိ ဆံပင်များကို သပ်တင်လိုက်ရာ လှပသည့် မျက်နှာကလေး ပေါ်လာခဲ့၏။ သို့သော်လည်း အလောင်းအတွင်းမှ ဓားကို ဆွဲထုတ်လိုက်သည့် အသံကတော့ ထူးဆန်းကာ ရွံရှာဖွယ်ရာ ကောင်းနေခဲ့သည်။
"အဲဒါတော့ မသိဘူး... ညီမလေး ယုလင်... သူတို့က ကံကြမ္မာ ဇုန်ကို ရောက်ဖို့ အာရုံစိုက်နေပုံရတယ်...”
ကျယ်ပြန့်သည့် ပခုံးများထက်တွင် အလောင်းနှစ်လောင်းကို ထမ်းထားသည့် အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်ထွားထွား လူငယ်တစ်ဦးက ပြောလိုက်သည်။
မိန်းကလေးက သူမ သတ်ဖြတ်ခဲ့သည့် အလောင်းထံမှ အာကာသ လက်စွပ်ကို လှမ်းယူလိုက်ရင်း စစ်ဆေးကြည့်လိုက်သည်။
“ရွေးချယ်ခံ ဖျက်မြင်းတွေ ဘာလို့ ဒီလောက်တောင် များနေရတာလဲ...
အာကာသ လက်စွပ်ထဲ၌ ထာဝရ တိုကင်ကို ရှာမတွေ့ချေ။ ထူးဆန်းသည့် သဘော သဘာဝကြောင့် ပိုင်ရှင်သေဆုံးသည်နှင့် ထာဝရ တိုကင်မှာ ဖုန်မှုန့်များအဖြစ် ကြေမွသွားလိမ့်မည် ဖြစ်သည်။ ၎င်းကို မူလ သန့်စင်ခဲ့မှ လွဲ၍ အခြား မည်သူမှ အသုံးမပြနိုင်ပါချေ။
"ဒီနှစ်မှာ ရွေးချယ်ခံ ပြိုင်ပွဲဝင်ဖို့ စံနှုန်းတွေ တိုးမြှင့်ခဲ့တယ် ဆိုပေမဲ့ အရင် အခေါက်တွေတုန်းက ရွေးချယ်ခံတွေဟာလည်း ဒီပုံစံ၊ ဒီပြိုင်ပွဲကိုပဲ ဝင်ပြိုင်ခဲ့ကြပြီး အံ့မခန်း အကျိုးကျေးဇူးတွေကို ရှာဖွေနိုင်ခဲ့ကြတာပဲ... ဒီတော့ အရင် လိုအပ်ချက်ကို ပြည့်မီတဲ့သူတွေက ကံကောင်းခြင်းကို ဘာလို့ မရှာဖွေဘဲ နေရမှာလဲ"
လူငယ်က ရွေးချယ်ခံ ဖျက်မြင်း အရေအတွက် အဆမတန် တိုးလာရသည့် အကြောင်းရင်းကို ချက်ကျလက်ကျပင် ရှင်းပြရင်း အလောင်းနှစ်လောင်းကို မြေပြင်ပေါ် ပစ်ချလိုက်သည်။
ညီမလေး ယုလင် တစ်ဖြစ်လည်း မင်ယုလင် သက်ပြင်းချလိုက်၏။ ဤသည်က သူမ၏ ပထမဆုံး တရားဝင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ဖြစ်သည်။ သို့သော်လည်း... သူမမှာ တန်ခိုးရှင် အဆင့် အင်အားစုကြီး နှစ်ခု ဖြစ်သည့် မင် ကလန်နှင့် အကန့်အသတ်မဲ့ သိုင်းဂိုဏ်း နှစ်ခုစလုံးကို ကိုယ်စားပြုနေသူ ဖြစ်လေရာ ဗဟုသုတ အလွန် ကြွယ်ဝသည်။ ယခု သူမ ပါဝင် ယှဉ်ပြိုင်နေရသည့် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ သမိုင်းတစ်လျှောက် အရှုပ်ထွေးဆုံး ပြိုင်ပွဲဟုပင် ဆိုရပေလိမ့်မည်။
ဤနေရာတွင် လူများစွာ ရှိနေခြင်းမှာ ရိုးရှင်းပါသည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ နောက်ဆုံးသော ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ဖြစ်လာနိုင်သောကြောင့်ပင်။ ထာဝရ ဧကရာဇ် ချန်ရစ်ခဲ့သည့် နောက်ဆုံးသော အခွင့်အရေးများကို မည်သူက လက်လွှတ်နိုင်ပါမည်နည်း။
"ငါတို့ရဲ့ ဖိတ်ခေါ်မှုကို ဘယ်နှစ်ယောက် တုံ့ပြန်ခဲ့လဲ..."
မင်ယုလင်က မေးလိုက်၏။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ ရွေးချယ်ခံများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်သော်လည်း မဟာမိတ် ဖွဲ့စည်းခြင်းကို ကန့်သတ်ထားသည့် စည်းမျဉ်းများ မရှိပါချေ။ ကံကောင်းခြင်း ဇုန်အများစုမှာ ပြင်းထန်သည့် အန္တရာယ်များနှင့် ပြည့်နှက် နေတတ်လေရာ ၎င်းတို့ကို တစ်ဦးတည်း ရယူရန်က အမြဲတမ်း အတွက် ခက်ခဲလှသည်။
ချန်ယန်ကျိ အမည်ရှိ လူငယ်က လည်ပင်းကို ပွတ်သပ်လိုက်ရင်း...
“နှစ်ယောက်... ညီလေးယွင်နဲ့ အမကျောင်း..."
"ယွင်... ယီယွင်လား... လူတစ်ပိုင်း အယ်ဗန် တစ်ပိုင်း..."
မင်ယုလင်မှာ ထိုနာမည်ကို ကြားကာ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ အကန့်အသတ်မဲ့သိုင်းဂိုဏ်း အပါအဝင် ထိပ်သီး တန်ခိုးရှင် အင်အားစုကြီးများမှာ သူတို့၏ လက်အောက်ခံ အဖွဲ့အစည်းများမှ ရွေးချယ်ခံ နေရာများကို နည်းလမ်း အမျိုးမျိုးဖြင့် သိမ်းပိုက်လေ့ ရှိလေရာ ပုံမှန်ထက် ပိုမိုသည့် အရေအတွက်များဖြင့် ပါဝင်လေ့ ရှိကြသည်။ သို့သော်လည်း... ယီယွင်မှာ မည်သည့် ဝင်ခွင့် တစ်နေရာကိုမှ ရရှိထားသူ မဟုတ်ပါချေ။
“ဟုတ်တယ်... သူပဲ...”
ချန်ယန်ကျိက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက အလောင်းနှစ်လောင်းထံမှ အာကာသ လက်စွပ်များကို ဖြုတ်ယူလိုက်သည်။ အတွင်း၌ ပစ္စည်းကောင်း တစ်ချို့ကို တွေ့လိုက်ရလေရာ သူက ကျေနပ်စွာ ပြုံးလိုက်၏။ ချန်ယန်ကျိမှာ တော်ဝင် မျိုးနွယ် ရှစ်ခုအနက် ချန်မျိုးနွယ်ဝင် တစ်ယောက် ဖြစ်သော်လည်း အဓိက မျိုးဆက်မှ ဆင်းသက်လာသူ တစ်ယောက် မဟုတ်လေရာ အရင်းအမြစ်များကို ကိုယ်တိုင် ရှာဖွေ ရပေသည်။
"အစ်ကို ယန်ကျိ... သူက ရွေးချယ်ခံ ဖျက်မြင်း အနေနဲ့ ဝင်လာခဲ့တာလား"
မင်ယုလင်က မေးလိုက်၏။ သူမ၏ အသံက ပုံမှန်မဟုတ်သော စူးစမ်းလိုစိတ်များနှင့် ပြည့်နှက် နေလေသည်။
"အင်းပေါ့... အဲဒါက သူ ဝင်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲလေ..."
ချန်ယန်ကျိက ပေါ့ပေါ့ပါးပါးပင် အဖြေပေးလိုက်သည်။ သူက ယီယွင် ပြိုင်ပွဲအတွင်း ဝင်ရောက်လာခြင်း အပေါ် လုံးဝ စိတ်အနှောင့်အယှက် ဖြစ်ပုံ မရဘဲ အရှေ့၌ ရှိနေသည့် ကံကောင်းခြင်းဇုန်ကိုသာ ပို၍ အာရုံစိုက်နေလေသည်။
သူတို့ နှစ်ယောက်၏ အရှေ့၌ သတ္တုရောင်နှင့် မီးခိုးရောင် အရည်များ ပျော်ဝင်နေသည့် ရေကန်ငယ်လေးတစ်ခု ရှိနေခဲ့သည်။ ၎င်းမှာ သတ္တုနှင့် အာကာသ စွမ်းအင်လှိုင်းများ ပေါင်းစပ်ထားသည့် ထူးဆန်းသော အော်ရာတစ်မျိုးကို ထုတ်လွှတ်နေသည်။
“ဒါက တကယ့်ကို အဖြိုက်နက် နယ်မြေ အရည်တွေပဲ... ငါတို့ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ... ဒါက အဆင့်သုံး ကံကောင်းခြင်းဇုန် တစ်ခုပဲ ဖြစ်ရမယ်”
ချန်ယန်ကျိက ရယ်မောလိုက်၏။ ၎င်းမှာ ကြယ်တာရာ အထွတ်အထိပ် အဆင့် ရင်းမြစ် တစ်ခု ဖြစ်ကာ သေမျိုးတစ်ပိုင်း အရှင် အဆင့်များပင် ကျင့်ကြံရန် အလွန် ခက်ခဲလှသည်။ သူ၏ မျက်လုံးများမှာ လောဘ အလင်းရောင်များနှင့် တဖျပ်ဖျပ် လက်နေခဲ့လေ၏။
ထာဝရကမ္ဘာမှာ အမှန်တကယ်ပင် ပုံမှန်မဟုတ်သည့် အံ့ဖွယ်ရာများ၊ မယုံကြည် နိုင်စရာ ကံကောင်းခြင်းများနှင့် ပြည့်နှက်နေသည့် ဂြိုဟ်တစ်ခုပင် ဖြစ်သည်။
"..."
ရုတ်ချည်းပင် ချန်ကျိယန်၏ အမူအရာက ပြောင်းလဲသွားကာ နောက်သို့ လှည့်ကြည့်လိုက်၏။ ထာဝရ ကမ္ဘာ အတွင်း၌ အကန့်အသတ်မဲ့ သိုင်းဂိုဏ်းသားများမှာ မဟာမိတ် အဖြစ် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည့် တစ်ခုတည်းသော အဖွဲ့အစည်း မဟုတ်ပါချေ။ များစွာသော ပြိုင်ပွဲဝင်များမှာ သူတို့ချင်း နီးစပ်ရာ နီးစပ်ရာ စုစည်းခဲ့ကြသည်ချည်း ဖြစ်သည်။ ယခုပင်လျှင် အော်ရာ လေးခု တဖြည်းဖြည်း နီးကပ်လာနေသည်ကို သူတို့ ခံစားနိုင်ပေသည်။
"ညီမလေး ယုလင်... နင်က အရည်တွေကို စုလိုက်... ငါ သူတို့ကို တားထားမယ်”
ချန်ယန်ကျိက ပြောလိုက်၏။ မင်ယုလင်က စကားမပြောပဲ ခေါင်းသာညိတ်လိုက်ရင်း ရေကန်ငယ် အစပ်သို့ ဖျပ်ခနဲ ရောက်ရှိသွားခဲ့သည်။ ထို့နောက် သူမက ကြယ်တာရာ အထွတ်အထိပ် အဆင့် အရည်များကို ထည့်သွင်းရန် အထူး ဒီဇိုင်းဆွဲ ဖန်တီးထားသည့် ပုလင်း တစ်လုံးကို ထုတ်ယူလိုက်လေ၏။
ဝှစ်... ဝှစ်...
သူမက လက်ဟန် တစ်ချို့ကို ဖန်တီးလိုက်လေရာ အဖြိုက်နက် နယ်မြေ အရည်များမှာ ကြိုးတစ်ချောင်း ကဲ့သို့ မြောက်တက်၍ ပုလင်း အတွင်း စီးဝင်လာခဲ့တော့သည်။
"ဟားဟား... အဲဒါက အဖြိုက်နက် နယ်မြေ အရည်တွေ မလား... ငါတို့တွေ ခွဲယူကြရင် ဘယ်လိုလဲ...”
လူလေးဦး အနက် ခေါင်းဆောင် ဖြစ်ဟန် တူသူက ရယ်မောရင်း အော်ဟစ် လိုက်လေသည်။ သူ၏ ကျယ်လောင်သည့် အော်ဟစ်သံက အခြားလူများ အတွက် အချက်ပေးသံ တစ်ခုလို ဖြစ်လာမှာ မလွဲမသွေပင်။
သူက အသက်လတ် အရွယ်ခန့် ရုပ်ရည်ကို ပိုင်ဆိုင်ထားကာ အသက်အော်ရာကတော့ ငါးရာ နီးပါး အထိ ရှိနေခဲ့ပြီ ဖြစ်သည်။ ကျန်သုံးဦးမှာလည်း အလားတူပင်။ သူတို့က ဓားပြအဖွဲ့တစ်ဖွဲ့ ဖြစ်နိုင်သည်။
ချန်ယန်ကျိ၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ လောကီ မျက်လုံး အဆင့် ကျင့်ကြံခြင်း အခြေခံကို လှည့်ပတ်လိုက်၏။ ခေါင်းဆောင်ဖြစ်သူမှ လွဲ၍ ကျန်သုံးဦးလုံးမှာ လောကသခင် အဆင့်များ ဖြစ်ကြသည်။ ထို့ကြောင့်ပင်... ကျယ်လောင်စွာ အော်ဟစ်ခြင်းမှာ သူတို့၏ နည်းဗျူဟာ တစ်ခု ဖြစ်ကာ လုံးဝ မရရှိနိုင်ခြင်းထက် စာလျှင် အနည်းငယ်မျှ ရယူနိုင်ရန် အခြားသူများကို ဤနေရာသို့ ခေါ်ဆောင်လိုခြင်း ဖြစ်သည်။
မင်ယုလင်သက သူမ၏ နူးညံ့သည့် လက်သီးကလေးများကို ဆုပ်လိုက်၏။ ထို့နောက် ဝိညာဉ်အင်အားကို ပိုမို၍ ထုတ်လွှတ်လိုက်ကာ စုဆောင်းမှုနှုန်းကို တိုးမြှင့်လိုက်သည်။ သူမမှာ လက်ရှိ အချိန်အထိ လောကသခင် အဆင့်တွင်သာ ရှိသေးလေရာ ယခုလို ကြယ်တာရာ အဆင့်မြင့် ရင်းမြစ်များနှင့် ဆက်သွယ်ရသောအခါ၌ ခွန်အားက အကန့်အသတ်များစွာ ရှိပေသည်။ ရုတ်တရက် သူမ၏ အမူအရာ ပြောင်းလဲသွားကာ အရှေ့မြောက်ဘက် အရပ်သို့ လှမ်းကြည့်လိုက်၏။
"အော်... အဖြိုက်နက် နယ်မြေ အရည်လား...”
***