အဖြိုက်နက် နယ်မြေ အရည်(၂)
Vol. 107 Ch. 1497
“ကြယ်တာရာ သခင်လား...”
မင်ယုလင်က ရန်သူ လေးယောက်ထံ ခုန်ဝင်သွားပြီး ဖြစ်သည့် ချန်းယန်ကျိကို လှမ်းအော်လိုက်သည်။ ဓားပြ လေးယောက်မှာ အချိန်သခင် အဆင့်၏ ခေါင်းဆောင်မှု အောက်တွင် ခံစစ်အသွင်ကို ယူဆောင်ကာ ချိန်ကျိယန်၏ တိုက်ခိုက်မှု မှန်သမျှကို ခုခံရန် အဆင်သင့် ဖြစ်နေကြသည်။
“...”
ချက်ချင်း ဆိုသလိုပင် ချန်ယန်ကျိနှင့် အခြား လေးယောက်တို့၏ အမူအရာများက ပြောင်းလဲကာ အကျည်းတန် သွားကြသည်။ သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများထဲ၌ အတွေးများက အလွန် လျှင်မြန်စွာပင် လှည့်ပတ်နေခဲ့သည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၌ ကြယ်တာရာ သခင် အဆင့် ပြိုင်ပွဲဝင်မှာ အလွန် ရှားပါးသည်။ ရွေးချယ်ခံ အများစုမှာ လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခု အတွင်း နယ်မြေ ဖွဲ့စည်းခြင်း ဆေးလုံးများကြောင့် လောကနယ်မြေ အဆင့်ကို ရောက်ရှိခဲ့ကြသည့် လူငယ်လေးများ ဖြစ်သည်။
“ပူးပေါင်းမလား...”
အချိန်သခင် အဆင့် ခေါင်းဆောင်က မေးလိုက်၏။
"၆၀-၄၀...”
ချန်ယန်ကျိက ပြောလိုက်သည်။
“ဒီလို ဆိုရင်ရော ၅၀...”
အချိန်သခင်က ညှိနှိုင်းဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း... သူ့စကားမဆုံးခင်မှာပင် ချန်ယန်ကျိက ဖြတ်ပြောလိုက်သည်။
“ညှိနှိုင်းခွင့် မရှိဘူး...”
ကြယ်တာရာ သခင်မှာ စက္ကန့်နှင့် အမျှ ပိုမို၍ နီးကပ်လာနေခဲ့ပြီ ဖြစ်သည်။ ဓားပြ လေးယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ဘယ်လောက်တောင် ကံဆိုးကြောင်း သဘောပေါက် သွားကြသည်။ သူတို့ အံသွားများကို တင်းတင်းကြိတ် လိုက်ကြ၏။
“စက္ကန့်နှစ်ဆယ်...”
အချိန်သခင် အဆင့် ခေါင်းဆောင်က ပြောလိုက်သည်။ သူတို့က ထိုအချိန်အပိုင်းအခြား အတွက်သာ တာဝန်ရှိလိမ့်မည် ဖြစ်သည်။
“သဘောတူတယ်...”
ချန်ယန်ကျိက နည်းနည်းလေးတောင် စဉ်းစားခြင်း မပြုချေ။ သူက မင်ယုလင်ရှိရာဘက်သို့ ပြန်လည် ရွေ့လျား သွားခဲ့ကာ ဓားပြ လေးယောက်မှာလည်း နောက်မှ လိုက်လာခဲ့သည်။ ချန်ယန်ကျိက မင်ယုလင်ကို ကြည့်ကာ လေးနက်သည့် အမူအရာဖြင့် ပြောလိုက်၏။
“စက္ကန့်နှစ်ဆယ်...”
မိန်းကလေးက ခေါင်းညိတ်လိုက်သည်။ အဖြိုက်နက် နယ်မြေ အရည်မှာ ကြယ်တာရာ အထွတ်အထိပ် အဆင့် ရင်းမြစ်တစ်မျိုး ဖြစ်သည်။ ထိုအထဲမှ အချို့အား ရယူနိုင်ခြင်းမှာ လုံးဝ မရယူနိုင်ခြင်းထက် စာလျှင် ပိုကောင်းပေသည်။ အကယ်၍ သူမ စက္ကန့်နှစ်ဆယ် အချိန်ရမည် ဆိုလျှင် ထိုစက္ကန့် နှစ်ဆယ်မှာ သူမ လိုအပ်သမျှ အားလုံး ဖြစ်ပေလိမ့်မည်။
ကြယ်တာရာ သခင်၏ အော်ရာက အလွန်ပင် ပြင်းထန်လွန်းလှ၏။ ပြိုင်ပွဲ၌ ကျင့်ကြံခြင်း အခြေခံများ ကန့်သတ်မထားသည့် အပေါ် မင်ယုလင် စိတ်ထဲမှ ထပ်ခါတလဲလဲ ကျိန်ဆဲ လိုက်မိသည်။
ရှစ်စက္ကန့် ကြာပြီးနောက်...
သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ သူမ ကြက်သီး မွေးညှင်းများ ထလာကာ မျက်လုံးများမှာလည်း ကျဉ်းမြောင်း သွားခဲ့လေသည်။
“သတိထား...”
ပြင်းထန်သည့် သတိပေးချက် တစ်ခုက လေထုကို ဖောက်ထွင်းကာ ပျံ့လွင့်လာ၏။ သို့သော်လည်း မင်ယုလင် ထိုစကားလုံးအား မကြားနိုင်ခင်မှာပင်... လေထုအား ထိုးဖောက်သံ တစ်ခုက သူမ၏ အာရုံများကို လွှမ်းခြုံ သွားခဲ့သည်။ သူမ လှည့်ကြည့်လိုက်ရာ လှံသွား တစ်ခုမှာ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် တိုးဝင်လာနေသည်ကို တွေ့လိုက်ရသည်။ ၎င်း၏ နောက်ခံရှုခင်းတွင်တော့ ဗိုက်ဟောင်းလောင်းပေါက်နေသည့် လောကသခင် တစ်ယောက်...။
မင်ယုလင်၏ မျက်လုံးများက ပြူးကျယ်သွားကာ အလျှင်အမြန် တုန့်ပြန်ဖို့ ကြိုးစားလိုက်လေသည်။ သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
“မဟုတ်ဘူး...”
သူမ အသံကုန် အော်ဟစ်လိုက်လေ၏။ သေခြင်းတရားက မျက်လုံးရှေ့တွင်ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ၎င်းက အေးစက် မည်းမှောင်၍ နေရာတိုင်း၌ ပျံ့နှံ့နေကာ ဝိညာဉ်ကို ထိတွေ့သွားသော အခိုက်၌ အချိန်ကာလ ယန္တရားပင်လျှင် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
လှံမကျရောက်ခင် စပ်ကြား အချိန်ကာလအားဖြင့် အလွန် တိုတောင်းလှသည့်တိုင် မင်ယုလင် သူမ၏ တစ်ဘဝလုံးကို နှံ့နှံ့စပ်စပ် ပြန်လည် သုံးသပ်နိုင်ခဲ့သည်။
လေဟုန်ကို ထွင်းဖောက်၍ ကောင်းကင်ကို ဖြိုကာ၊ အသက်ဓာတ် မှန်သမျှကို ဖျက်ဆီးနိုင်စွမ်း ရှိသော စွမ်းအားမှာ လှံအတွင်း၌ မြဲမြဲစွာ တည်ရှိနေကာ ၎င်းကို သန့်စင်သည့် လေဓာတ် စွမ်းအားက ထောက်ပံ့ထားသည်။ ၎င်းမှာ ရှင်းလင်း ပြတ်သားစွာပင် မင်ယုလင်၏ အသက်ကို အဆုံးသတ်လိုနေခဲ့သည်။
မိန်းကလေး ငေးငိုက်ကာ တွေးနေမိ၏။ ထိုအရာက အရာအားလုံး၏ အဆုံးသတ်လော။ သူမ၏ ဘဝ တစ်လျှောက်လုံး ကြိုးပမ်း အားထုတ်ခဲ့မှုများမှာ ထာဝရ ကမ္ဘာအတွင်းရှိ ကျပန်း ကြယ်တာရာ သခင် တစ်ဦး၏ တိုက်ခိုက်မှု အောက်တွင် အဆုံးသတ်ရတော့မည်လော။
ဝှစ်...
လှံမှာ မိန်းကလေး၏ ရင်ဘတ် အတွင်း ဖောက်ဝင်ရန် မီတာ အနည်းငယ်မျှသာ ကွာဝေးပေတော့သည်။ ၎င်းမှာ သူမကို အသက်ရှူ မွမ်းကြပ်သွားစေသည့် ဖိအားတစ်ခုကို ထုတ်လွှတ်နေ၏။ မင်ယုလင်၏ ခန္ဓာကိုယ် အတွင်း လှံထိုးဖောက် ဝင်လုဝင်စဉ်မှာပင် အလွန် လျှင်မြန်သည့် ပုံရိပ် တစ်ခု တိုးဝင်လာ၏။ သူက ညာဖက် ခြေထောာက်ဖြင့် လှံ၏ ကိုယ်ထည်ထက်ကို ပြင်းထန်စွာ ကန်ထုတ်လိုက်သည်။
ဘုန်း...
ထိုခြေကန်ချက်မှာ လှံ၏ အရှိန်ကို မရပ်တန့် နိုင်သည့် တိုင်အောင် လမ်းကြောင်းကိုတော့ အနည်းငယ် ပြောင်းလဲ သွားစေခဲ့၏။ ၎င်းမှာ မင်ယုလင်၏ ခန္ဓာကိုယ်ကို ဆံချည်တစ်မျှင်စာလောက်မှ ဖြတ်ကျော်သွားခဲ့သည်။ ပြင်းထန်သည့် လေစီးကြောင်းများ၏ ရိုက်ခတ်မှုကြောင့် မိန်းကလေး၏ ညာဘက် လက်မောင်း၊ ပါးပြင်နှင့် မျက်လုံးတို့မှာ စပ်ဖျဉ်းဖျဉ်း ဖြစ်နေခဲ့၏။
ဘုန်း...
လှံမှာ သစ်ပင်ကြီး တစ်ပင်ကို ထိုးစိုက်သွားကာ တောင်တန်းများကိုပင် လှုပ်ခတ်စေသည့် ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာခဲ့၏။ လေပြင်းများက ပြင်းထန်စွာ တိုက်ခတ်လာလေရာ အားလုံး၏ ဝတ်ရုံများမှာ လှုပ်ယမ်း လာခဲ့သည်။ မြက်အပိုင်းအစများမှာ မိုင်ပေါင်းများစွာတိုင်အောင် လွင့်စဉ် သွားခဲ့၏။
“တိုက်...”
ချန်ယန်ကျိမှာ ပြင်းထန်စွာ အော်ဟစ်လိုက်ရင်း မဟာမိတ်များနှင့် အတူ ကြယ်တာရာ သခင်ကို အပြင်းထန်ဆုံး စတင် တိုက်ခိုက်လိုက်လေသည်။ ဓားပြအဖွဲ့မှာ သူတို့၏ အဖွဲ့ဝင် တစ်ယောက် သေဆုံးသွားခြင်း အပေါ် ထိတ်လန့်မိကြသည့်တိုင် သူတို့ အားလုံးမှာ အတွေ့အကြုံ ရှိသည့် ရွေးချယ်ခံများ ဖြစ်လေရာ ထွက်ပြေးခြင်းက သူတို့ကို ပိုမို လွယ်ကူသည့် ပစ်မှတ်များ အဖြစ် ပြောင်းလဲ သွားစေမည် ဖြစ်ကြောင်း သိရှိထားကြပေသည်။
ဝှစ်... ဝှစ်... ဝှစ်...
သူတို့က လောကနယ်မြေများကို ဖြန့်ကျက်လိုက်လေရာ ရောင်စုံ အလင်း စက်ဝန်းများစွာမှာ လောကကို လွှမ်းခြုံ သွားခဲ့သည်။ ၎င်းတို့က ကမ္ဘာလောက၏ မြင်ကွင်းကို ပုံပျက်စေကာ ရှုပ်ထွေး ပွေလီလှသည့် စွမ်းအင်များစွာကို ထိပ်တိုက် တွေ့စေခဲ့သည်။ လက်နက် မဲ့နေသည့် ကြယ်တာရာ သခင်မှာ ချက်ချင်းပင် ပိတ်ဆို့ ခံလိုက်ရ၏။ ရန်သူမှာ အချိန်သခင် နှစ်ဦးနှင့် လောကသခင် နှစ်ဦးတည်းသာ ဖြစ်သော်လည်း သူတို့ အားလုံးမှာ လုံးဝ သာမန် ပုဂ္ဂိုလ်များ မဟုတ်ကြပါချေ။
ချန်ယန်ကျိမှာ အဆုံးမဲ့ ကြယ်တာရာ နယ်မြေ ထိပ်သီး အင်အားစု နှစ်ခုကို ကိုယ်စားပြုနေသူ ဖြစ်သည်။ ထိုအင်အားစု နှစ်ခု၌ သူက အရေးပါ အရာရောက်သူ တစ်ယောက် မဟုတ်သော်လည်း... သာမန် ကျင့်ကြံသူ တစ်ယောက်ထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်သည်။ ကျန်သုံးဦးမှာလည်း နှစ်ပေါင်း ငါးရာ နီးပါး ကျင့်ကြံခဲ့သည့် ပညာရှင်များ ဖြစ်သည်။ သူတို့မှာ မွေးဖွားချိန်က စလို့ လက်ရှိ နေ့ရက်များ အထိ အရင်းအမြစ်များ အတွက် တိုက်ခိုက်ခဲ့ကြရသည်။
ကြယ်တာရာ သခင်မှာ အသက်နှစ်ကျော်ခန့် ရုပ်ရည်ရှိသည့် လူငယ် တစ်ဦးဖြစ်ကာ ပေါ့ပေါ့ပါးပါး တိုက်ခိုက်ရေး သံချပ်ကာ တစ်ခုကို ဝတ်ဆင်ထားသည်။ နေရောင်ခြည်အောက်၌ ရှင်းလင်းစွာ ထင်ပေါ်နေသည့် သူ၏ ရုပ်ရည်က ချောမော ခန့်ညားကာ ပြင်းထန်သည့် ဩဇာတိက္ကမများနှင့် ပြည့်နှက်နေသည်။ သူက လက်သီးကို ဆုပ်ကာ ရန်သူ လေးယောက်နှင့် တိုက်ခိုက်ရင်း အဝေးရှိ ပုံရိပ် နှစ်ခုကို လှမ်းကြည့်လိုက်သည်။
ထိုနှစ်ယောက် အနက် တစ်ယောက်မှာ အဖြိုက်နက် နယ်မြေ အရည်များကို စုစည်းနေသည့် မိန်းကလေး ဖြစ်ပြီး နောက်တစ်ယောက်ကတော့ လူငယ်လေး တစ်ဦး ဖြစ်သည်။
ထိုလူငယ်လေးမှာ ခြေကန်ချက်ဖြင့် သူ၏ လှံကို လမ်းကြောင်းပြောင်းလိုက်ခြင်း ဖြစ်သည်။
မှန်ပေ၏။ ရိုးရှင်းသော ခြေကန်ချက် တစ်ခုတည်းဖြင့်ပင်။
***