← Chapters

သတ်

Vol. 106 Ch. 1484

သတ်

Vol. 106 Ch. 1484

အချိန်များ တဖြည်းဖြည်း ရွေ့လျားနေသည်နှင့် အမျှ မိန်းကလေး ခြောက်ဦးမှာ တစ်ဦးနှင့် တစ်ဦး ကွဲကွာသွားခဲ့ကြကာ ကိုယ်ပိုင် လမ်းကြောင်းများကို ရှာဖွေခဲ့ကြသည်။ လူတစ်ချို့၏ အခြေအနေကို မသိရသေးသော်လည်း ဤနေရာ၌ ရှိနေသည့် သူတို့ သုံးဦးစလုံးကတော့ ကိုယ်ပိုင်ပန်းတိုင်များထံ လျှောက်လှမ်း နိုင်ခဲ့ကြသည်။

နာ့ရှင်းရီမှာ သူမ၏ ကိုယ်ပိုင် နာမည်ကို ထူထောင်ဖို့ ကြိုးစားခဲ့ကာ လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်းတွင် ထိုအောင်မြင်မှုကို ရရှိခဲ့သည်။ အခြားလူများက သူမ၏ နာမည်ကို ပြောသည့် အခါတိုင်း ထျန်းရီဝူ၊ ဝေ့ဝူယင် တို့နှင့် အတူတူ ရောနှော နှိုင်းယှဉ်ကာ ပြောလေ့ရှိသည်။

ဝူပိုင်ကျိုးကတော့ ကိုယ်ပိုင် အင်အားစု တစ်ခုကို တာဝန်ယူခဲ့သည်။ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းမှာ နေ့စဉ်နှင့် အမျှ ပိုမို မြင့်မားသည့် အဆင့်တစ်ခုကို တက်လှမ်း နေခဲ့သည်။

သေးငယ်သည့် အဖွဲ့အစည်းလေး တစ်ခု မိမိ၏ လက်အောက်တွင် အံ့မခန်း ကြီးထွားလာသည်ကို မြင်တွေ့ရခြင်းက ဖော်ပြလို့မရနိုင်အောင် တန်ဖိုးရှိသည်။ အခြားလူများ၏ ဆန္ဒများ၊ မျှော်လင့်ချက်များ၊ အိပ်မက်များ၊ ရည်မှန်းချက်များနှင့် အနာဂတ်များကို အကောင်အထည် ဖော်ပေးကာ တောက်ပသည့် အနာဂတ်ဆီကို ဦးဆောင်ပေးရတာကို သူမ ဂုဏ်ယူခဲ့သည်။

သူမက စစ်မှန်သည့် ဧကရီ တစ်ပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

အခြားတစ်ဖက်၌… လင်းကျိရန်ကတော့ သူမ ဘဝ တစ်လျှောက်လုံး ရင်ဆိုင်ခဲ့ရတဲ့ တိုက်ခိုက်မှုများ၊ အရှုပ်အထွေးများကို စိတ်ကုန် နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူမမှာ လွန်ခဲ့သည့် နှစ်ကာလများ တစ်လျှောက်လုံး လင်းမျိုးနွယ်ဝင်များနှင့် အတူ သက်တောင့်သက်သာ ရှိနေခဲ့သည်။ သူမ ပျော်ရပါသည်။ ပုန်းအောင်းနေခဲ့သည် ဆိုသော်လည်း သူမ ဘဝတွင် ဘာမျှ ထပ်မလိုတော့ပါချေ။

လွန်ခဲ့သည့် နှစ်များ အတွင်း ဝေ့ဝူယင်မှာ သူမကို များစွာ ကူညီခဲ့သည်။ လင်းမျိုးနွယ် အတွက် မျိုးရိုး ကျိန်စာအား ချိုးဖျက်နိုင်မည့် နည်းလမ်းများကို ရှာဖွေပေးခဲ့သည်။ ဝေ့ဝူယင်၏ ချစ်သူ တစ်ယောက် အနေဖြင့် ဘဝကို သူမ အပြည့်အဝ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ခဲ့သည်။

နာ့ရှင်းရီ၊ ဝူပိုင်ကျိုးတို့နှင့် ခြားနားစွာပင် လင်းကျိရန်မှာ သူမ၏ ဘဝကို အပြည့်အဝ ကျေနပ်ခဲ့သည်။ အနာဂတ်တွင် သူမ ကလေးတွေ အများကြီး မွေးချင်သည်။ သူတို့လေးတွေ ကျိန်စာ ကင်းမဲ့စွာဖြင့် ကြီးပြင်းလာတာကို ကြည့်ချင်သည်။ သူတို့ ဖြစ်ချင်တာ မှန်သမျှ လုပ်ခွင့် ရှိပြီး ဝေ့ဝူယင် သူတို့၏ ဖခင် ဖြစ်နေသရွေ့ ဘာတစ်ခုမှ လိုလေသေး မရှိအောင် ပြည့်စုံလိမ့်မည် ဖြစ်ကြောင်း သူမ သိသည်။

ထိုအရာက လုံလောက်နေပြီ ဖြစ်သည်။

သို့သော်လည်း… သူမ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို ဝင်ရောက်ခဲ့သည်။ မမြင်နိုင်သည့် လက်တစ်ဖက်က ပြိုင်ပွဲ အတွင်း ဝင်ရောက်ရန် သူမအား ထူးဆန်းစွာ လမ်းညွှန်နေသယောင် ခံစားရသည်။ ထို့ကြောင့်ပင် သူမ ဝေ့ဝူယင်ကို နည်းလမ်း တစ်ခု ရှာပေးဖို့ တောင်းဆိုခဲ့သည်။ ဝေ့ဝူယင်က သူမကို မည်သည့် အဖွဲ့အစည်းနှင့်မျှ မသက်ဆိုင်သည့် ရွေးချယ်ခံ ဖျက်မြင်း တစ်ယောက် အနေဖြင့် ဝင်ရောက်ခိုင်းခဲ့ကာ အသက်ကယ် ကိရိယာ ပစ္စည်းများစွာကိုပါ တစ်ပါတည်း ပေးအပ်ခဲ့သည်။

ထိုပြိုင်ပွဲမှာ ချိပ်ပိတ်နယ်မြေ တစ်ခုလုံးတွင် အလွန် ရေပန်းစားလှလေရာ ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သူမ ထိုပျော်ရွှင်မှုကို ခံစားလိုသည်။ အကြောင်းပြချက်က အနည်းငယ် ကလေးဆန်သည်ဟု ခံစားရသော်လည်း သူမကတော့ အလွယ်တကူပင် ရယူပိုင်ဆိုင်နိုင်ခဲ့သည်။ အဘယ်ကြောင့်နည်း။ သူမ၏ ချစ်သူက ဤကမ္ဘာပေါ်တွင် အကောင်းဆုံးသော လူသား ဖြစ်နေခဲ့သောကြောင့်ပင်။

ဆယ်စုနှစ်များစွာ ဝေးကွာ နေခဲ့ပြီး နောက်ဆုံး၌ မိန်းကလေး သုံးဦးမှာ ပြန်လည် ဆုံစည်းခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... သူတို့၏ ဝန်းကျင် တစ်ခုလုံးမှာ ထိတ်လန့် တုန်လှုပ်ဖွယ် ခံစားချက်များနှင့် ပြည့်နှက် နေခဲ့၏။ တစ်လောကလုံး၏ အာရုံ စူးစိုက်မှု အလယ်ဗဟိုတွင် ရှိနေခဲ့သော်လည်း သူတို့ သုံးယောက်လုံး၏ မျက်ဝန်းများကတော့ လူတစ်ယောက်တည်း အပေါ်တွင် ကျရောက်နေခဲ့သည်။

ဟူး... ဟူး...

အလွန်တရာ မွန်းကြပ်ကာ ဖိနှိပ်နိုင်စွမ်း ရှိသည့် လေထု တစ်ခုက ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့လာခဲ့၏။ လျဲ့ယုနှင့် အမှတ်တရများကို ပြန်လည် တွေးတောရင်း မိန်းကလေး သုံးယောက်၏ စိတ်အစဉ်က လွမ်းဆွတ်မှု၊ တမ်းတမှု၊ ပျော်ရွှင်မှု စသည့် ကိုယ်ပိုင်ခံစားချက်များနှင့် ပြည့်နှက် လာခဲ့သည်။ တဖြည်းဖြည်းနှင့် သူတို့၏ အကြည့်များမှာ ပိုမို ခိုင်မာလာခဲ့ကြ၏။

"ဟမ်..."

ရေပြာရောင် ဝတ်ဆင်ထားသည့် လူငယ်မှာ အံ့အားသင့်သွား၏။ သူ့ကျောရိုးများ တစ်လျှောက် ကျောချမ်းဖွယ်ရာ ခံစားချက် တစ်ခုက တွားသွား ဝင်ရောက်လာနေခဲ့သည်။ ၎င်းက သူ့အား လုံးဝ စိတ်မသက်မသာဖြစ်စေခဲ့သည်။

"ဟယ်ယန်းလဲ့..."

ဝူပိုင်ကျိုးက ရေခဲတမျှ အေးစက်သော လေသံဖြင့် ရေရွတ်လိုက်၏။ အကယ်၍ ပတ်ဝန်းကျင်သာ စိတ်ခံစားချက်များကြောင့် အေးခဲသွားနိုင်သည်ဆိုလျှင် ဤစကားလုံးနှစ်လုံးတည်းက နှင်းမုန်တိုင်းများစွာကို တိုက်ခတ်စေလိမ့်မည် ဖြစ်သည်။

ဘေးနားမှ ရပ်ကြည့်ရှုသူများပင် နောက်သို့ အလိုအလျောက် ဆုတ်ခွာ လိုက်မိကြ၏။ သူတို့၏ နှလုံးသားများက ဖော်ပြမရနိုင်သည့် ကြောက်ရွံ့မှုနှင့် တုန်ရီနေခဲ့သည်။

နာ့ရှင်းရီ ၏ မျက်လုံးများထဲတွင် ဝူပိုင်ကျိုး ကဲ့သို့ အေးစက်မှု မရှိသော်လည်း ဝိညာဉ်ကိုပင် လှုပ်ခတ်စေနိုင်သည့် လျစ်လျူရှုမှုတစ်ခု ရှိနေခဲ့သည်။ သူမ ဟယ်ယန်းလဲ့ကို ကြည့်သည့်ပုံစံက ဗလာနတ္ထိ အတိပြီးလေ၏။ ၎င်းက ပြင်းပြသည့် အမုန်းတရားများထက်ပင် ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။

အားလုံးထဲ၌ လင်းကျိရန်မှာ အပွင့်လင်းဆုံး ဖြစ်သည်။ သူမ၏ လှပသည့် မျက်ဝန်းများမှာ မထိန်းချုပ်နိုင်သည့် သတ်ဖြတ်လိုမှု အလင်းတန်းများနှင့် ပြည့်နှက် နေခဲ့သည်။ ထိုပင်လယ်ပြာ မျက်ဝန်းများမှာ မြင်မြင်နိုင်သမျှ အကွာအဝေး အတွင်းရှိ သက်ရှိအားလုံးကို နှစ်မြှုပ်ပစ်တော့မည့် ကပ်ဆိုးမုန်တိုင်းတစ်ခု၏ သတ်ဖြတ်လိုစိတ်ဖြင့် ရောင်ပြန်ဟပ်နေသည်။ ထိုခံစားချက်က အလွန်ပင် ရက်စက်ကြမ်းကြုတ်လွန်းလှကာ၊ ပြင်းပြသည့် အကြမ်းဖက်လိုစိတ်၊ လက်စားချေလိုစိတ်များနှင့် ထုံလွှမ်းနေသည်။

“အစွန်းရောက်ယင် နတ်မိမယ်...”

ဟယ်ယန်းလဲ့မှာ နာ့ရှင်းရီကို ချက်ချင်းမှတ်မိလိုက်၏။ အခြား ယောက်ျားသားများစွာလိုပင် သူမကို လေးစားကာ လိုလားတောင့်တသူများထဲ၌ သူသည်လည်း တစ်ယောက် အပါအဝင် ဖြစ်သည်။ ဝူပိုင်ကျိုးကိုလည်း တစ်ကြိမ် တွေ့ဖူးကြောင်း သူ ပြန်လည် အမှတ်ရလိုက်မိသည်။ မှန်ပေသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာ မဟာ စက်ဝန်း ရှန့်ထို ညီလာခံမှာတုန်းကပင်။

"သူက အဆုံးမဲ့ ဧကရာဇ် ဂိုဏ်းချုပ်မလား"

ဟယ်ယန်းလဲ့ ပြန်လည် တွေးတောလိုက်၏။ မဟာ စက်ဝန်း ရှန့်ထို ညီလာခံတွင် သူမ ထုတ်ဖော်ပြသခဲ့သည့် အံ့မခန်းစွမ်းဆောင်ရည်များကိုပင် သူ ပြန်သတိရလိုက်သည်။ ထိုနှစ်ယောက်စလုံးမှာ လုံးဝကို ထိပ်သီး ရွေးချယ်ခံများ ဖြစ်သည်။ ထို့အပြင် ကောင်းကင်ကိုပင် အံ့တုနိုင်သည့် အလှပဂေးများလည်း ဖြစ်ကြသည်။

"..."

ဟယ်ယန်းလဲ့ တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်နေစဉ်တွင် လင်းကျိရန်၊ နာ့ရှင်းရီနှင့် ဝူပိုင်ကျိုးတို့ကတော့ လျဲ့ယု၏ နှလုံးခုန်သံကို ထင်ထင်ရှားရှားပင် ကြားနေခဲ့ရလေသည်။

အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင် သူတို့ လျဲ့ယုကို ဆုံးရှုံးခဲ့ရသည်။ နှစ်ပေါင်းများစွာ ကြာမြင့်သည် အထိ အကြောင်းရင်းကို သူတို့ မသိခဲ့ရပဲ လျဲ့ယု ထိုနေရာတွင် အဆုံးသတ်ခဲ့ရသည်ကိုသာ သိရှိခဲ့ကြသည်။‌ ဝေ့ဝူယင်က အလောင်းကို ပြန်သယ်လာခဲ့ပြီး နောက်တွင်တော့ မိန်းကလေး ငါးယောက်မှာ အတူတကွ စုဝေးကာ လျဲ့ယု၏ အလောင်းကို မွေးရပ်မြေ ဖြစ်သည့် ထာဝရ ကုန်းမြေတိုက်ကြီး ထက်တွင်ပင် သင်္ဂြိုဟ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ သို့မှသာ သူမ အနေဖြင့် ချစ်မြတ်နိုးရသူများနှင့် အတူတကွ အနားယူနိုင်လိမ့်မည် ဖြစ်သည်။

"ရှင် လျဲ့ယုကို မှတ်မိလား...”

နာ့ရှင်းရီက ဟယ်ယန်းလဲ့ထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားရင်း မေးလိုက်၏။ ထိုမြင်ကွင်းကို ကြည့်ရင်း လူပေါင်းများစွာမှာ အံ့အားသင့် သွားခဲ့ကြသည်။

"လျဲ့ယု... ဟုတ်လား... ဘယ်သူလဲ"

ဟယ်ယန်းလဲ့ ဇဝေဇဝါဖြင့် မေးလိုက်၏။ နာ့ရှင်းရီမှာ အလွန်ပင် လှပသည်။ သူမ၏ လှုပ်ရှားမှုတိုင်းက ဝိညာဉ်ကိုပင် လှုပ်ခတ်စေနိုင်သည့် ဆွဲဆောင်နိုင်စွမ်းများနှင့် ထုံလွှမ်းနေကာ မြင်ရသူတိုင်းအား အကြည့် မလွှဲနိုင်အောင်ပင် စွဲဆောင်နိုင်သည်။ ဟယ်ယန်းလဲ့ တံတွေးတစ်ကျိုက် မြိုချလိုက်မိ၏။ စောစောပိုင်းက လင်းကျိရန် ထုတ်လွှတ်နေခဲ့သည့် သတ်ဖြတ်လိုစိတ်ကိုပင် သူ မေ့လုနီးပါး ဖြစ်သွားခဲ့သည်။

"လျဲ့ယု ဆိုတာက ငါတို့ရဲ့ အမကြီးပဲ"

ဝူပိုင်ကျိုးက ဟယ်ယန်းလဲ့၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။

"အမကြီး..."

ဟယ်ယန်းလဲ့၏ အမူအရာက အနည်းငယ် စိတ်ရှုပ်ထွေး သွားခဲ့၏။ သူ ခေါင်းကို ဘယ်ပြန်ညာပြန် ခါယမ်းလိုက်သည်။

“ငါ ဘယ်လျဲ့ယုကိုမှ မသိ...”

ရှင်းပြန်မှုအား အဆုံးမသတ်ရသေးခင်မှာပင် သူ၏ အော်ရာမှာ ပေါက်ကွဲ ထွက်ပေါ်လာခဲ့ကာ လှုပ်ရှားမှု ကျင့်စဉ်တစ်ခုကို အသုံးပြုလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ နဂါးတစ်ကောင်၏ အင်အား၊ ရေ၏ အလျင်တို့နှင့် အတူ ရွေ့လျား သွားခဲ့၏။ ခြေတစ်လှမ်းတည်းဖြင့်ပင် မိုင်ဆယ်ပေါင်းများစွာ အကွာအဝေးကို သူ ရောက်ရှိသွားခဲ့သည်။

လျဲ့ယု...

ထိုမိန်းမကို သူ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ သူမက သူ့ကံကြမ္မာ တစ်ခုလုံးကို ပြောင်းလဲစေခဲ့သည့် နှလုံးသား ပိုင်ရှင် ဖြစ်သည်။

"သူ့ကို ဖမ်း..."

လင်းကျိရန်က အော်ဟစ်လိုက်ရင်း ပြင်းထန်သည့် အရှိန်အဟုန်နှင့် အတူ ဟယ်ယန်းလဲ့ နောက်သို့ လိုက်ပါသွားခဲ့သည်။ ဝူပိုင်ကျိုးနှင့် နာ့ရှင်းရီတို့မှာလည်း တုန့်ဆိုင်းခြင်း မရှိပဲ ချက်ချင်းပင် တုန့်ပြန် လိုက်ကြ၏။

"သတ်..."

ထိုအခိုက်၌ ပြင်းပြသည့် သတ်ဖြတ်လိုစိတ်က မိန်းကလေး သုံးယောက်၏ နှလုံးသားများကို ညီတူညီမျှစွာ လွှမ်းခြုံ ထားခဲ့လေသည်။

***

All Chapters