တိုက်ပွဲ
Vol. 107 Ch. 1498
ဒိတ်... ဒိတ်... ဒိတ်...
မင်ယုလင်၏ နှလုံးသားမှာ အလွန် မြန်ဆန်စွာ ခုန်နေခဲ့၏။ ခန္ဓာကိုယ် အတွင်းရှိ သွေးများက ပျော်ရွှင်စွာ စီးဆင်းနေသလို သူမ ခံစားနေရသည်။ အသက်ရှင်နေသေးကြောင်း အတည်ပြုရန် အတွက် မင်ယုလင် လေကို မရဲတရဲ ရှူသွင်းလိုက်၏။ သို့သော်လည်း... သူမ၏ အတွေးများက အရှေ့တွင် ရပ်နေခဲ့သည့် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်ထံသို့ ချက်ချင်း ပြန်လည် ရောက်ရှိသွားခဲ့သည်။
“အမယုလင်... အဆင်ပြေရဲ့လား...”
လူငယ်လေးက မေးလိုက်၏။ သူ၏ ကြည်လင် တောက်ပသည့် ပြာလဲ့လဲ့ မျက်ဝန်းများက စိုးရိမ်စိတ်များနှင့် ပြည့်နှက် နေခဲ့သည်။ သူ၏ ခေါင်းနံဘေး နှစ်ဖက်တွင်တော့ ချွန်ထက်သည့် နားရွက်များမှာ ရွှေဖြူရောင် ဆံပင်များနှင့် ထင်ရှားစွာ ပေါ်လွင် နေခဲ့၏။
အယ်ဗန်မျိုးနွယ်...
မင်ယုလင် လူငယ်လေးကို ချက်ချင်းပင် မှတ်မိလိုက်သည်။
“ယီယွင်လား...”
မိန်းကလေး၏ လေသံက သံသယများနှင့် ပြည့်နှက် နေခဲ့၏။ ယီယွင်မှာ အကန့်အသတ်မဲ့ သိုင်းဂိုဏ်းထဲတွင် လူသိများသည့် ပုံရိပ် တစ်ခု ဖြစ်သည်။ ကြယ်ကွင်းပြင် တစ်ဆယ့် ရှစ်ခုတွင် အယ်ဗန်မျိုးနွယ်များ၏ နိမ့်ကျသော ဂုဏ်သတင်းကြောင့် အချို့က သူ၏ တည်ရှိမှုကို အငြင်းပွားဖွယ်ရာ အဖြစ် ယူဆကြသည်။
ဝှစ်...
မင်ယုလင် ကောင်းစွာ ပြန်မဖြေနိုင်မီမှာပင် အလင်းတန်း တစ်ခုမှာ ကောင်းကင်ကို ထွင်းဖောက်၍ ဝင်ရောက်လာကြောင်း သတိထားလိုက်မိ၏။
မိန်းကလေး၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ အချိန်သခင် နှစ်ဦး၊ လောကသခင် နှစ်ဦးနှင့် ကြယ်တာရာ သခင်တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲကို ပြန်လည် ကြည့်လိုက်သည်။ ကြယ်တာရာ သခင်မှာ လက်ချည်းဗလာဖြင့် တိုက်ခိုက်နေသော်လည်း ချန်ယုလင်တို့ လေးယောက် အရေးနိမ့်နေကြောင်း ထင်ရှားလှပေသည်။
"ဟမ်..."
ကြယ်တာရာ သခင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ တိုးဝင်လာသည့် အလင်းတန်းကို လှမ်းကြည့်လိုက်သည်။ ၎င်းမှာ သူ့ထံသို့ တည့်တည့် ဦးတည်၍ တိုးဝင်လာခြင်း ဖြစ်ကာ ထိုးဖောက်ရန် ရည်ရွယ်နေကြောင်း ထင်ရှားပေသည်။ ဘေးပတ်ပတ်လည်၌ ရန်သူ လေးယောက်၏ ဝန်းရံခြင်းကို ခံနေရသည့်တိုင် ကြယ်တာရာ သခင်မှာ တုန်လှုပ်ခြင်း မရှိပါချေ။
ဝှစ်...
သူက ညာဖက် လက်ဖဝါးကို ညင်သာစွာ တွန်းထုတ်လိုက်ရာ အချိန်သခင်အိုကြီးမှာ မီတာရာကျော် အကွာအဝေး အထိ တွန်းထုတ် ခံလိုက်ရ၏။
ဘုန်း...
သူက မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့ကာ နှာခေါင်း၊ မျက်လုံးနှင့် ပါးစပ်များမှပင် သွေးများ တတွေတွေ ယိုစီးကျလာခဲ့သည်။
ဝှစ်...
ကြယ်တာရာ သခင်က သူ့ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ရင်း လေစွမ်းကို ထုတ်ဖော်လိုက်လေရာ ကျန်သုံးမှာလည်း လွင့်စဉ် သွားခဲ့သည်။ ချန်ယန်ကျိမှာ အစွမ်းထက် ကြယ်တာရာ အကာအကွယ်နှင့် အတူ တွန်းအားကို ခုခံရင်း မြေပြင်ထက်၌ မီတာငါးဆယ်ခန့် အထိ နောက်ဆုတ် ရွေ့လျား သွားခဲ့သည်။ သူ နောက်ဆုတ်သွားရာ လမ်းတစ်လျှောက်၌ စွပ်ကြောင်းကြီး နှစ်ကြောင်း ဖြစ်ပေါ်လာခဲ့၏။
ဖျောင်း...
ကြယ်တာရာ သခင်က လက်ခုပ်တီးလိုက်ရာ ကြယ်တာရာ စွမ်းအင်များ စုဝေးလာကာ လေမုန်တိုင်ကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ တိုးဝင်လာသည့် အလင်းတန်းမှာ လေမုန်တိုင်း၏ ရိုက်ခတ်မှု အောက်တွင် ချက်ချင်းပင် ကြေမွ သွားခဲ့၏။ သူ၏ ခုခံမှုများက အလွန်ပင် လွယ်ကူလှလေရာ ချန်ယန်ကျိ တစ်ယောက် ပိုမို၍ပင် တုန်လှုပ် သွားခဲ့သည်။ ထိုကြယ်တာရာ သခင်မှာ သာမန်လူ တစ်ဦး မဟုတ်ကြောင်း ထင်ရှား နေခဲ့ပြီ ဖြစ်သည်။
ဝှစ်...
အစိမ်းရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် ပုံရိပ် တစ်ခုမှာ ချန်ကျိယန်၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။ သူမက လေးနှင့် မြှားကို ကိုင်ဆောင်ထားသည်။ မြှား၏ ထိပ်ဖျားချွန်မှာ ကြယ်တာရာ စွမ်းအင်များနှင့် တောက်ပနေကာ ကြယ်တာရာ သခင်ကို ဦးတည်၍ ချိန်ထားခဲ့သည်။
“အစ်မကျောင်း...”
ချန်ယန်ကျိက အံ့ဩစွာဖြင့် အော်ဟစ်လိုက်၏။ ဤလှပသော မိန်းကလေးမှာ အကန့်အသတ်မဲ့သိုင်းဂိုဏ်း၏ နာမည်ကျော် တပည့် တစ်ယောက် ဖြစ်သည့် ကျောင်းရှုလင်းပင် ဖြစ်သည်။ သူမသည်လည်း အချိန်သခင် တစ်ဦးပင်...။
ကျောင်းရှုလင်းက လေးဦးကို ကြယ်တာရာ သခင် ရှိရာဘက်သို့ ဆက်လက် ထိုးချိန်ထားရင်း မေးလိုက်၏။
“နင် ဆက်ပြီး တိုက်နိုင်သေးလား...”
မိန်းကလေး၏ အသံက သူရဲကောင်း တစ်ဦး၏ ရဲရင့်မှုများနှင့် ပြည့်နှက် နေခဲ့၏။ သူမမှာ အလွန် လှပသည့် မိန်းကလေး တစ်ယောက် ဖြစ်သော်လည်း ရွေးချယ်ခံ အဆင့်အတန်းကို ရုပ်ရည်ဖြင့် သတ်မှတ်ခြင်း မဟုတ်ပါချေ။ ပြင်းပြသည့် တိုက်ခိုက်လိုစိတ်များမှာ သူမ အသက်ရှူလိုက်တိုင်း၌ ပဲ့တင်ထပ် နေခဲ့လေ၏။
“...”
ချန်ယန်ကျိမှာ မိန်းကလေး၏ မေးခွန်းကြောင့် ခဏတာမျှ အံ့အားသင့် သွားခဲ့၏။ ထို့နောက်တွင်တော့ သူ၏ မျက်လုံးများက တလက်လက် တောက်ပလာကာ ခေါင်းညိတ်လိုက်လေသည်။
“တိုက်နိုင်တယ်...”
“...”
ကြယ်တာရာ သခင်မှာ တစ်ချိန်လုံး တိတ်ဆိတ် နေခဲ့၏။ သူက အသစ် ရောက်ရှိလာသူများကို သတိထား စစ်ဆေးရင်း သူတို့၏ ကျင့်ကြံခြင်း အဆင့်များ၊ အော်ရာများနှင့် လက်နက်များကို ဆန်းစစ်နေခဲ့ခြင်း ဖြစ်သည်။
“စစ်ပွဲ ရည်ရွယ်ချက်...”
ကျောင်းရှုလင်း၏ မျက်ဝန်းများ အတွင်း ထုတ်ဖော်နေသည့် ရည်ရွယ်ချက်ကို သူ ချက်ချင်းပင် သတိပြုလိုက်မိကာ စိတ်ဝင်စား သွားခဲ့သည်။
ကျောင်းရှုလင်းက ကြယ်တာရာ သခင်၏ အကြည့်ကို လျစ်လျူကာ ယီယွင်နှင့် မင်ရှုလင်တို့ကို လှမ်းကြည့် လိုက်သည်။ ထို့နောက် သူမက ဝိညာဉ်အာရုံဖြင့် ဆက်သွယ်လိုက်ရင်း ညွှန်ကြားလိုက်၏။
“ကိုယ့်အလုပ်ကို ဆက်လုပ်...”
ဝှစ်...
ကျောင်းရှုလင်း ဆက်လက် အချိန်ဆွဲခြင်း မပြုတော့ပဲ လေးကြိုးကို လွှတ်လိုက်လေတော့သည်။ မြှားမှာ လေထုကို ခွဲဖျက်ကာ အလွန် ပေါက်ကွဲအား ပြင်းထန်သည့် အရှိန်မျိုးနှင့် ကြယ်တာရာ သခင်ထံ တိုးဝင် သွားခဲ့၏။
ဘုန်း...
ကြယ်တာရာ သခင်မှာ တုန်လှုပ်ခြင်း မရှိပဲ မြှားဦးကို လက်ဝါးဖြင့် ရိုက်ချကာ ၎င်းအတွင်း ပါဝင်လာသည့် ကြယ်တာရာ စွမ်းအင် အကုန်လုံးကို ဘာမျှ မကျန်အောင် ချေမှုန်းပစ်လိုက်သည်။ သူ့ထံမှ ပေါက်ကွဲ ထွက်ပေါ်လာသည့် စွမ်းအားမှာ ဘေးနားရှိ မြက်ခင်းနှင့် သစ်ပင်များကိုပင် တစ်ခါတည်း ချေမှုန်း ပစ်လိုက်လေသည်။
ကျောင်းရှုလင်း၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့၏။ သို့သော်လည်း သူမမှာ တုန့်ဆိုင်းခြင်း မရှိပါချေ။ သူမ၏ သွယ်လျသည့် လက်ချောင်းများမှာ လေးကြိုးထက်၌ အရိပ်များ အလား ရွေ့လျားနေကာ မြှားများကို တစ်စင်းပြီး တစ်စင်း ထပ်မံ၍ ပစ်လွှတ်လိုက်လေသည်။ တစ်ချိန်တည်း၌... သူမ၏ သွယ်လျသည့် ခန္ဓာကိုယ်လေးမှာ ပေါ့ပါးသည့် ခြေလှမ်းများဖြင့် နောက်သို့ အဆက်မပြတ် ဆုတ်နေခဲ့၏။
ချန်ယန်ကျိကတော့ အော်ဟစ်ရင်း ရှေ့သို့ ပြေးဝင်သွားခဲ့၏။ သူ၏ ခန္ဓာကိုယ်က နှစ်ဆမျှ ပိုမို၍ ကြီးမားလာကာ လက်သီးနှစ်ဖက်ဖြင့် ကြယ်တာရာ သခင်ကို ထိုးနှက် တိုက်ခိုက်လိုက်သည်။ သူ၏ အင်္ကျီလက်များမှာ အရှိန်အဟုန်ဖြင့် လွင့်ပျံနေကာ ပြင်းထန်သည့် မြေဆွဲအား စွမ်းအင်များမှာ ထွက်ပေါ်နေခဲ့၏။
ကြယ်တာရာ သခင်၏ မျက်လုံးများမှာ စိတ်ဝင်စားမှုများနှင့် တောက်ပလာခဲ့သော်လည်း ထိုမျှသာ ဖြစ်သည်။ သူ၏ ပြန်လည် တိုက်ခိုက်မှုကတော့ ရိုးရှင်းလှ၏။
လက်ဝါးတစ်ချက်...
မှန်ပေ၏။ လက်ဝါးတစ်ချက်တည်းသာ ဖြစ်သည်။ သို့သော်လည်း ထိုလက်ဖဝါးမှာ သူ့ခွန်အား၏ ရှစ်ဆယ် ရာခိုင်နှုန်းကို စုစည်းထားကာ ချန်ယန်ကျိ၏ လက်သီးချက်များနှင့် ကျောင်းရှုလင်း၏ မြှားအားလုံးကို လေမုန်တိုင်း တစ်ခု အလား တိုက်ခတ် ဖျက်ဆီးပစ်လိုက်သည်။
ဟူး... ဟူး...
မုန်တိုင်းက ထိုမျှနှင့် ရပ်တန့်သွားခြင်း မရှိပဲ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ချန်ယန်ကျိကိုပါ ဆက်လက် ဖုံးလွှမ်းပစ်လိုက်သည်။ မြှားများ ပြိုလဲကျသွားခြင်းနှင့် အတူ ကျောင်းရှုလင်၏ တည်ငြိမ်မှုများက ပျက်ပြား သွားခဲ့ပြီ ဖြစ်သည်။ သူမက လှုပ်ရှားမှု ကျင့်စဉ် တစ်ခုကို ချက်ချင်းပင် ထုတ်ဖော်လိုက်ကာ ယီယွင်တို့ ရှိရာဘက်ကို လိပ်ပြာတစ်ကောင် အလား စတင် ပြေးလွှားတော့သည်။ တစ်ချိန်တည်းတွင်ပင် သူမက ဝိညာဉ်အာရုံကို အသုံးပြုကာ အသံကုန် အော်ဟစ်လိုက်လေတော့သည်
“ပြေး...”
***