ထာဝရ ကမ္ဘာ
Vol. 107 Ch. 1493
စန်းလော့ယန်၏ နဖူးမှာ ချွေးများနှင့် စိုရွှဲ နေခဲ့သည်။ သူ၏ မျက်လုံးများမှာ မောပန်းနွမ်းနယ်သည့် အငွေ့အသက်များနှင့် ပြည့်နှက်နေခဲ့၏။ သူ၏ အသက်ရှူသံများပင်လျှင် လေးပင် နေခဲ့သည်။
“ထာဝရသော့ကို ထိန်းချုပ်ရတာက တကယ် မလွယ်ဘူးပဲ... အခွင့်အရေး တစ်ခုချင်းစီကို ငါ သေချာအောင် လုပ်ရမယ်”
သူ နဖူးထက်ရှိ ချွေးစများကို အင်္ကျီလက်အိုးဖြင့် သုတ်ရင်း မှတ်ချက်ချလိုက်သည်။ အကယ်၍ ထာဝရ ကမ္ဘာ အတွင်းရှိ ပြိုင်ပွဲဝင်များသာ စန်းယန်းလီ တစ်ယောက် ထိုကဲ့သို့ တစ်ဖက်သတ် အားသာချက်များ ရရှိနေကြောင်း သိရှိသွားပါက ကျိန်းသေ ဒေါသထွက်သွားကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ထာဝရ ကမ္ဘာ၏ စည်းမျဉ်းများက ရိုးရှင်းသည်။ ကိုယ်တိုင် ကျင့်ကြံရန် ဖြစ်သည်။ ကိုယ်တိုင် ကြိုးပမ်း အားထုတ်ရန် ဖြစ်သည်။ နောက်ခံ၏ ပံ့ပိုးမှု၊ ချမ်းသာ ကြွယ်ဝမှု၊ ထောက်ပံ့မှုတို့နှင့် အတူ အခွင့်အရေးများကို ရယူရန် ဖြစ်သည်။
ထိုကဲ့သို့ စည်းမျဉ်းကပင် ဟယ်ယန်းလဲ့အား သူ၏ ဘိုးဘေး ဖြစ်သူကို ဆင့်ခေါ်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ စည်းမျဉ်းကပင် လျှို့ဝှက်အဆင့် ရတနာများ၊ အစီအရင်များ၊ လက်နက်များနှင့် ဆေးတောင့်များကို ယူဆောင်ခွင့် ပြုထားခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ စည်းမျဉ်းကပင်... လင်းကျိရန်အား သေမျိုးအဆင့် အကန့်အသတ်များထက် ကျော်လွန်နေသည့် တိုက်ခိုက်မှု တစ်ခု ဖော်ထုတ်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
စန်းလော့ယန် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရင်း လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်၏။ ထို့နောက်တွင်တော့ သူ၏ မွေးစားသမီးဖြစ်သူ စန်းယန်းလီ အတွက် နောက်ထပ် အခွင့်အရေး တစ်ခုကို ထပ်မံ၍ ဖန်တီးလိုက်တော့သည်။
...
“...”
မြက်ခင်းစိမ်းများ ထက်တွင်တော့ မိန်းကလေး သုံးယောက်စလုံးမှာ ဆွံ့အ နေခဲ့၏။ သူတို့ အားလုံးမှာ ဟယ်ယန်းလဲ့ ပျောက်ကွယ်သွားခဲ့သည့် အဖြစ်ကို ယခုတိုင် မယုံကြည်နိုင်အောင် ဖြစ်နေသေးဆဲ ဖြစ်သည်။
“အဲဒါက ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း မလား...”
နာ့ရှင်းရီက ထိတ်လန့် တုန်လှုပ်စွာဖြင့် မေးလိုက်၏။ သူမနှင့် ယှဉ်ပါက ဝူပိုင်ကျိုးမှာ အနည်းငယ် ပိုမို တည်ငြိမ်ပေသည်။ သူမက ညင်သာစွာပင် ခေါင်းညိတ်လိုက်၏။
“ငါလည်း အဲဒီလိုပဲ ထင်တယ်...”
သူတို့ အားလုံးမှာ အချိန်အများစုကို ကျင့်ကြံခြင်းနှင့် လေ့လာခြင်းတို့တွင် ရင်းနှီးမြှုပ်နှံထားခဲ့သည့် ထိပ်တန်း အဆင့် ကျင့်ကြံသူများ ဖြစ်သည်။ ထို့ကြောင့်ပင်.. အပျက်အစီး အာကာသ၊ ပုံသေ အာကာသများ အကြောင်း၊ အလင်းစွမ်းအင် အမျိုးမျိုး အကြောင်း သိရှိထားခဲံပြီး ဖြစ်သည်။ ထို့အပြင်... ဝေ့ဝူယင် သူတို့ထံ ပေးအပ်သည့် ပုရပိုက်များထဲတွင် အာကာသ ဒိုင်မန်းရှင်း အလွှာများ၊ အာကာသ အထူးပြု ကျင့်စဉ်များနှင့် အစီအရင်များ အကြောင်း များစွာ ပါဝင်ပေသည်။
အချင်းချင်း ကြည့်လိုက်ကြပြီးနောက် သူတို့ သုံးယောက်မှာ ဟယ်ယန်းလဲ့၏ ခြေရာများကို ရှာဖွေရန် ထွက်ခွာသွားခဲ့ကြလေသည်။ သူသည် ထာဝရ ကမ္ဘာ အတွင်းမှ ထွက်ခွာသွားခဲ့ပုံ ရသော်လည်း အနည်းဆုံးတော့ ၎င်းအား သေချာအောင် လုပ်ရမည်ဖြစ်သည်။ အကယ်၍ သူကို ထာဝရ ကမ္ဘာ အတွင်းတွင်ပင် အခြား နေရာတစ်ခုသို့ ပို့ဆောင်လိုက်ခြင်း ဆိုပါက သူတို့ လိုက်လံရန် တိုက်ခိုက်ရန် အခိုင်အမာ ဆုံးဖြတ်ထားပြီးဖြစ်သည်။
တစ်ခဏမျှ ကြာမြင့်ပြီးနောက်တွင်တော့ ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်းမှာ ထာဝရ ကမ္ဘာ၏ ထူးခြားသော လေထု ကန့်သတ်ချက်များကို ကျော်လွန်ကာ ထွက်ခွာသွားခဲ့ခြင်း ဖြစ်ကြောင်း သူတို့ ကောက်ချက်ချလိုက်ကြသည်။
“ဒီနေရာမှာ ရှိနေတဲ့ ဒိုင်မန်ရှင်းက ဘာလို့ ခြားနားနေတာပဲ… ငါတို့ မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာတောင် ရှိနေတဲ့ပုံ မပေါ်ဘူး”
လင်းကျိရန်က အပေါ်သို့ မော့ကြည့်ရင်း ပြောလိုက်သည်။
အထက် ကောင်းကင်တွင် အဆုံးမဲ့ ကောင်းကင် နေကြယ်၏ အရိပ်အယောင်မရှိချေ။ နေကြယ်ပု အရွယ် အဝါရောင် နေကြယ်တစ်လုံးသာ ရှိနေသည်။ ၎င်းတွင် ထူးခြားသော ဂုဏ်သတ္တိများ မရှိပေ။
ဝူပိုင်ကျိုးနှင့် နာ့ရှင်ရီတို့ နှစ်ယောက် နားလည်စွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ကြည့်ရသည်က… လင်းကျိရန်မှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို ဝင်ပါဖို့ အစီအစဉ် မရှိပဲ ရုတ်ချည်း ဆုံးဖြတ် လိုက်ရသည့်ဟန် ရသည်။ သူမထံတွင် ဤနေရာနှင့် ပတ်သက်၍ အခြေခံ အသိပညာများပင် မရှိခဲ့ပေ။
ဝူပိုင်ကျိုးမှာ ဗီဇကပင် ခေါင်းဆောင် စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူ ဖြစ်လေရာ… စိတ်ရှည်လက်ရှည်ပင် လင်းကျိရန်ကို စတင် ရှင်းပြလိုက်လေ၏။
“ထာဝရ ကမ္ဘာက… ”
…
တစ်ချိန်တည်းတွင်ပင်… ထိုထူးဆန်းသော ကမ္ဘာထက်ရှိ အခြားနေရာ တစ်ခု၌…
“ထာဝရ ကမ္ဘာက အပြန်အလှန် မှီခိုနေသတဲ့ လောကနယ်မြေ တစ်ခုပဲ… ငါတို့ အခု ရောက်နေတာက ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ရဲ့ ပထမအဆင့် မှာ… ဒီအဆင့်ကို အများစုက ဧဒင်မ္ဘာ စွန့်စားခန်း အဆင့်၊ ဒါမှမဟုတ်လည်း စစ်ထုတ်ခြင်းအဆင့် လို့ ခေါ်ကြတယ်… ဆိုလိုတာက ဒီအဆင့်မှာ အချိန်မရွေး အသက် အန္တရာယ် ကျရောက်လာနိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေတွေ၊ မတော်တဆ ထိခိုက်ပျက်စီးနိုင်ခြေတွေ အများကြီး ရှိတယ်… တကယ်လို့ ကောင်းကင်သာ ကိုယ့်ဖက်မှာ ရှိနေမယ် ဆိုရင်တော့ ကံကောင်းခြင်း တစ်ချို့ကိုတောင် အမှတ်မထင် ဖမ်းဆုပ်နိုင်တယ်”
အဖြူရောင်နှင့် ရွှေရောင် အရော ဝတ်ရုံ ဝတ်ဆင်ထားသည့် မိန်းမငယ်လေး တစ်ဦးမှာ သစ်ပင်၏ ဖြတ်တောက်ထားသည့် ပင်စည်တစ်ခုပေါ်တွင် ထိုင်ရင်း အခြား မိန်းကလေး တစ်ဦးနှင့် စကားပြော နေခဲ့သည်။
မိနိးကလေးမှာ တင်ပျဉ်ချိတ်ကာ ထိုင်ရင်း… သူမ၏ စကားလုံးများကို အာရုံစိုက်ကာ နားထောင်နေခဲ့သည်။
သူတို့ နှစ်ဦးစလုံးမှာ ခေတ်သစ်၏ ရွေးချယ်ခံ များဖြစ်ကြသည်။ သို့သော်လည်း… အသက်အနည်းငယ် ကွာခြားကြကာ အဖြူရောင်နှင့် ရွှေရောင် ဝတ်ရုံ ဝတ်ဆင်ထားသော မိန်းမငယ်လေးမှာ ဆယ်စုနှစ်အနည်းငယ် ပိုငယ်သည်။ သို့သော်လည်း သူမမှာ အသက်ပိုကြီးသည့် ရွေးချယ်ခံကို စိတ်ရှည်စွာပင် သင်ကြားပေးနေခဲ့သည်။
“အပြန်အလှန် မှီခိုနေတဲ့ လောကနယ်မြေ… စစ်ထုတ်ခြင်းအဆင့်… အဲဒါက ဘာတွေလဲ”
အသက် အနည်းငယ် ပိုကြီးသည့် ရွေးချယ်ခံက ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
သူမ၏ နာမည်က ကျန်းရှောင်ဟွိုင် ဖြစ်ကာ မူလအမှောင် ကြယ်တာရာ နယ်မြေမှ ဖြစ်သည်။ သူမ၏ ဆရာမှာ အတော်လေး အစွမ်းထက်သည့် ကြယ်တာရာ သခင် တစ်ဦး ဖြစ်လေရာ သူမအတွက် သင့်လျော်သည့် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ နေရာတစ်ခုကို ဖန်တီးပေးနိုင်ခဲ့သည်။ ဆရာတူ ညီအကို မောင်နှမ တစ်ဆယ့် ခုနစ်ဦး အနက် ကျန်းရှောင်ဟွိုင်မှာ အပါရမီဆုံးဖြစ်သည်။ ထိုနည်းဖြင့် သူမ ထာဝရ ကမ္ဘာသို့ ရောက်ရှိခဲ့သည်ဟု ဆိုရပေမည်။
သို့သော်လည်း ထာဝရ ကမ္ဘာသို့ ရောက်ရောက်ချင်းပင် ကျန်းရှောင်ဟွိုင် တစ်ယောက် အပင် ထောင်ချောက် တစ်ခု အတွင်း ဖမ်းဆီးခံခဲ့ရကာ တစ်ကိုယ်လုံး ဝါးမြိုခံရလုနီးပါး အထိ ဖြစ်ခဲ့သည်။ အဖြူရောင်နှင့် ရွှေရောင် အရော ဝတ်ရုံဝတ် မိန်းကလေးထံမှ အကူအညီသာ မရခဲ့ပါက ယခုအချိန်တွင် သူမ၏ ခန္ဓာကိုယ်မှာ မြေကြီးထဲ၌ ပျက်စီးယိုယွင်းနေလောက်ပြီ ဖြစ်သည်။
မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်း၌ ရွေးချယ်ခံ စံနှုန်းများ မြင့်တက်လာခဲ့ သော်လည်း… ထာဝရ ကမ္ဘာ၏ ပတ်ဝန်းကျင် အန္တရာယ်များနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ ကန့်သတ်ချက် ရှိသည့် အရာများ မဟုတ်ပေ။ အန္တရာယ်ရှိသည့် မည်သည့် ထောင်ချောက်တွင်မဆို ကျရောက်ပါက ချက်ချင်း သေရေးရှင်ရေး အကြပ်အတည်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ လွန်ခဲ့သည့် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲများနှင့် နှိုင်းယှဉ်လျှင် အရေအတွက် အားဖြင့် များစွာ လျော့နည်း သွားခဲ့သည် ဆိုသော်လည်း… ပထမနာရီအတွင်း ရွေးချယ်ခံ ထောင်ပေါင်းများစွာမှာ သေဆုံးခဲ့ကြရသည်။
“ဪ… ဟုတ်သားပဲ…”
အဖြူရောင်နှင့် ရွှေရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် မိန်းမငယ်လေးက ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထာဝရ အစည်းအရုံးမှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အကြောင်း သတင်း အချက်အလက်များကို တင်းကြပ်စွာ တားမြစ်ထားကြောင်း သူမ သိသည်။ ထိပ်သီး အင်အားစုများ ပင်လျှင် ထိုအချက်အလက်များကို စုဆောင်းရန် အားထုတ်မှုများစွာ လိုအပ်ခဲ့သည်။
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲတိုင်းမှာ တစ်ကြိမ်နှင့် တစ်ကြိမ် ခြားနားခြင်း မရှိသည့် ပြိုင်ပွဲများ ဖြစ်သည်။ ထို့ကြောင့်ပင်… ပြိုင်ပွဲအကြောင်း အသိပညာနှင့် ဗဟုသုတတို့မှာ အားသာချက်များစွာ ရရှိရန် လုံလောက်သည်။ ထာဝရ ကမ္ဘာ၏ ထူးခြားချက်များနှင့် အန္တရာယ်များကိုသာ ကြိုတင် သိရှိခဲ့ကြပါက ပထမ တစ်နာရီ အတွင်း လူထောင်ပေါင်းများစွာမှာ သေဆုံးခဲ့ကြပါမည်လော။
“ငါတို့ အခု ရောက်နေကြတဲ့ ထာဝရ ကမ္ဘာ... ဂြိုဟ်နဲ့ နေရာ နှစ်ခုစလုံးက လောကနှစ်ခုရဲ့ လမ်းဆုံကြားမှာ တည်ရှိနေတယ်လို့ ဆိုကြတယ်... အတည်မပြုနိုင်ဘူး ဆိုပေမဲ့ ဒီနေရာကို အမြဲတမ်း လိုလို အပြန်အလှန် မှီခိုနေတဲ့ဘုံလို့ ရည်ညွှန်းကြတယ်... မဟာ စက်ဝန်း ကြယ်ကွင်းပြင်မှာ ဆိုရင် ဒီလိုမျိုး တစ်နေရာပဲ ရှိလိမ့်မယ် ထင်တယ်... အတိအကျတော့လည်း မဟုတ်သေးဘူး...”
မိန်းမငယ်လေးက တွေဝေသွားဟန်ဖြင့် ပြန်လည် စဉ်းစားလိုက်၏။ ထို့နောက် သူမက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
“ကြယ်တာရာမိုးတွေရဲ့ ကြယ်တာရာ အသိုက်တွေကလည်း ဒီလိုမျိုး အပြန်အလှန် မှီခိုနေတဲ့ဘုံလို့ ပြောကြတယ်”
“ကြယ်တာရာ အသိုက်တွေ...”
ကျန်းရှောင်ဟွိုင် လိုက်လံ၍ ရေရွတ်လိုက်ပြန်၏။ သူမ အတွက် အရာအားလုံးက ထူးဆန်းနေခဲ့သည်။ နိမ့်ကျသည့် နောက်ခံကြောင့် အသိပညာ၊ ဗဟုသုတ အလွန် နည်းပါးကြောင်း သူမကိုယ် သူမ သိသော်လည်း ယခုအခါတွင်တော့ ဘာဆို ဘာကိုမှ မသိသည့် ကလေးငယ် တစ်ယောက်လို ဖြစ်နေသည်ဟု ခံစားနေရသည်။
“ညီမလေးမာ့... ဒီအဆင့်က ဘာကို စစ်ထုတ်တာလဲ... မမတို့ကိုလား...”
ညီမလေးမာ့ တစ်ဖြစ်လည်း မာ့လုလင်းက ပြုံးလိုက်၏။ ကျန်းရှောင်ဟွိုင်၏ လေးစားမှုများ ပြည့်နှက်နေသည့် မျက်လုံးများကို ကြည့်ရင်း လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်းက သူမ၏ ကြိုးပမ်း အားထုတ်ခဲ့မှု အားလုံးမှာ အကျိုးရှိခဲ့သည်ဟု ဂုဏ်ယူစွာ တွေးတော နေမိခဲ့သည်။
(မှတ်ချက် ။ မာ့လုလင်းမှာ ရွှေရောင် အသက်နန်းတော်၏ ရွှေလေလံပွဲတွင် ဝေ့ဝူယင်၏ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ပထမဆုံး စတင် သန့်စင်ခွင့် ရရှိခဲ့သည့် မာ့မျိုးနွယ်၏ မိန်းကလေးပင် ဖြစ်သည်။)
“တရားဝင် အတည်ပြုထားတာမျိုး မရှိပေမဲ့ စစ်ထုတ်ခြင်း အဆင့်ရဲ့ ရည်ရွယ်ချက်က ရွေးချယ်ခံ တစ်ယောက် ဖြစ်လာဖို့ ကျင့်ကြံခြင်း အခြေခံ၊ ကံကြမ္မာ၊ အသိပညာ၊ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ဗီဇ အသိစိတ် မရှိတဲ့ လူတွေကို စစ်ထုတ်တဲ့ အဆင့်လို့ ယုံကြည်ထားကြတယ်... အဲဒီ အချက်တွေက ရွေးချယ်ခံ ဧကရာဇ် တစ်ပါး ဖြစ်လာဖို့ကို ထားဦး... သာမန် ရွေချယ်ခံ တစ်ယောက် ဖြစ်လာဖို့ အတွက်တောင် အကြွင်းမဲ့ အရေးပါတယ်... ဟုတ်တယ်မလား...”
မာ့လုလင်းက မေးလိုက်၏။ ကျန်းရှောင်ဟွိုင်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တာပေါ့...”
အကယ်၍ ကျင့်ကြံသူ တစ်ယောက်တွင် လုံလောက်သည့် ကျင့်ကြံခြင်း အခြေခံ မရှိလျှင် ထိုအရာက ခွန်အား မရှိဟု ဆိုလိုသည်။ ကံကြမ္မာ မရှိလျှင်တော့ သူတို့မှာ ဆရာကောင်း၊ သမားကောင်း၊ ပါရမီကောင်း၊ ကျင့်ကြံခြင်း ပတ်ဝန်းကျင်ကောင်းတို့ အပါအဝင် ကံကောင်းမှုများကို ရရှိနိုင်လိမ့်မည် မဟုတ်ပါချေ။ ခွန်အား ဘယ်လောက်ပင် ကြီးမားစေကာမူ... လုံလောက်သည့် ဉာဏ်ရည်ဉာဏ်သွေး မရှိလျှင် ဆင်ကန်း တောတိုးသလို ဖြစ်ပေလိမ့်မည်။ ဗီဇ အသိစိတ် မရှိလျှင်တော့ သူတို့ မည်ကဲ့သို့ ရှင်သန် လွတ်မြောက်နိုင်တော့မည်နည်း။
***