ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း
Vol. 107 Ch. 1492
“မင်း ဘာလုပ်လိုက်တာလဲ...”
ဟယ်ပို့ကျွင်းက ဟယ်ယန်းလဲ့ဘက်သို့ လှည့်ရင်း မေးလိုက်၏။ ထိုခွေးကောင်မှာ မိန်းမလှလေးများကို တစ်နည်းနည်းဖြင့် စော်ကားခဲ့ပုံရသည်။ သူတို့ထံမှ ထွက်ပေါ်နေသည့် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များကို သူ ရှင်းလင်းစွာ ခံစားနိုင်ပေသည်။
“ကျွန်တော်…”
ဟယ်ယန်းလဲ့က မိန်းကလေးများ သူ့အား အဘယ်ကြောင့် တိုက်ခိုက်ခဲ့သည်ကို အကြောင်းပြချက်ပေးရန် အလျင်အမြန် ကြိုးစားလိုက်၏။
သူ၏ ရည်ရွယ်ချက်က ရှင်းလင်းသည်။ အပြစ်မဲ့သူ တစ်ယောက် ကဲ့သို့ ပြုမူကာ မိန်းကလေး သုံးယောက်ကို အဓိက တရားခံ အဖြစ် ဆွဲထည့်ရန် ဖြစ်သည်။ တကယ်တမ်းလည်း မှန်ကန်ပေသည်။ သူ သူတို့ သုံးယောက်ကို တစ်ခါမှ မစော်ကားခဲ့သလို ရန်စခဲ့ခြင်းလည်း မရှိချေ။ သူ လုပ်ခဲ့သမျှက လေ့ကျင့်ရေး လောကနယ်မြေ တစ်ခုမှ မထင်မရှား မိန်းကလေး တစ်ယောက်ကို သတ်ဖြတ်ခဲ့ရုံသာ ဖြစ်သည်။
ဟယ်ယန်းလဲ့ စတင် ရှင်းပြတော့မည့် အချိန်တွင်ပင် လင်းကျိရန်က သူမ၏ ညာဘက်လက်ရှိ လက်ကောက် တစ်ခုကို ပွတ်သပ်လိုက်သည်။ ၎င်းမှာ ရိုးရိုးရှင်းရှင်းနှင့် အရောင် မှေးမှိန်သည့် ရွှေလက်ကောက် တစ်ခုသာ ဖြစ်ပေသည်။
ဝှစ်... ဝှစ်...
သို့သော်လည်း ပွတ်သပ်လိုက်သည်နှင့် ၎င်း၏ မျက်နှာပြင်ထက်တွင် အမျိုးမျိုးသော လျှို့ဝှက် သင်္ကေတများ လင်းလက်စွာ ထွက်ပေါ်လာခဲ့သည်။
“ဟမ်...”
ဟယ်ပို့ကျွင်း၏ အမူအရာက ပြောင်းလဲသွားကာ လင်းကျိရန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက်တွင်တော့ သူ၏ မျက်လုံး သူငယ်အိမ်များမှာ အစွန်းဆုံးအထိ ကျုံ့ဝင်သွားခဲ့၏။
ဝှစ်...
ရုတ်တရက် လက်ကောက်မှ နေ၍ လျှို့ဝှက်စွမ်းအင် ရောင်ခြည်တန်း တစ်ခု ထွက်ပေါ်လာခဲ့၏။ ဟယ်ပို့ကျွင်းက လက်များကို ဆန့်တန်းကာ ကာကွယ်ဖို့ ကြိုးစားခဲ့သော်လည်း ထိုတိုက်ခိုက်မှုက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ပြင်းထန်လွန်းလှသည်။ သူ၏ မျက်လုံးများ ပြူးကျယ်လာကာ ခန္ဓာကိုယ်မှာလည်း ရောင်စဉ်တန်းများ၏ ဖုံးလွှမ်းမှု အောက်၌ လျှင်မြန်စွာ ကြည်လင်လာခဲ့၏။ တုံ့ပြန်နိုင်ခြင်း မရှိမီတွင်ပင် သူ၏ လက်များမှာ စတင် ကွဲအက်လာခဲ့တော့သည်။ ထို့နောက်တွင်ကား...
ဘုန်း...
မြေကြီးရှန့်ထို တစ်ယောက်၏ ကိုယ်ပွားကား တဒင်္ဂ အတွင်း ပေါက်ကွဲ ပျက်စီး သွားခဲ့ပြီ ဖြစ်လေသည်။ အသံမှာ မိုးကြိုး ထစ်ချုန်း သကဲ့သို့ ကျယ်လောင်လှ သော်လည်း ပတ်ဝန်းကျင် အပေါ် သက်ရောက်မှုမျာကေတော့ အံ့ဩဖွယ်ကောင်းလောက်အောင် နည်းပါးသည်။ လေပြင်း တိုက်ခတ်လာခြင်းမျိုးပင် မရှိပါချေ။
လင်းကျိရန် ထုတ်လွှတ်လိုက်သည့် စွမ်းအင် ရောင်ခြည်မှာ တိကျစွာ ထိန်းချုပ်ခံထားပုံရပြီး ပစ်မှတ်မှ တစ်ပါး ပတ်ဝန်းကျင် အပေါ် သက်ရောက်မှုပင် မရှိပါချေ။ ပေအနည်းငယ် အကွာ၌ ရပ်နေသည့် ဟယ်ယန်းလဲ့ပင်လျှင် မျက်နှာ အနည်းငယ် နီမြန်းသွားရုံမှ အပ အခြား ထိခိုက်မှု မရှိပါချေ။ သူက နီရဲနေသည့် ပါးကို မသိစိတ်မှ ကုတ်လိုက်မိ၏။ မည်သည့် အရာများ ဖြစ်သွားကြောင်း သူ ယခုအထိ နားလည်နိုင်သေးခြင်း မရှိပါသေးချေ။
“...”
နာ့ရှင်းရီနှင့် ဝူပိုင်ကျိုး နှစ်ဦး စလုံး ပြိုင်တူပင် ဝူပိုင်ကျိုးကို လှည့်ကြည့် လိုက်မိကြသည်။
“သူ့မှာတင် နောက်ခံရှိတာ မဟုတ်ဘူး...”
လင်းကျိရန်က တောက်ပစွာ ပြုံးလိုက်၏။ ဝေ့ဝူယင်က သူမ ကိုယ့်ကိုယ်ကို ကာကွယ်ရန် အတွက် လျှို့ဝှက် အာဏာရှင် အဆင့်များပင် ကြောက်ရွံ့ရသည့် ကိရိယာများစွာကို ပေးထားခဲ့သည်။ မိန်းကလေး လက်ကောက်ကို ညင်သာစွာ ပွတ်သပ်လိုက်ရင်း နွေးထွေးသည့် ခံစားချက်များကို ခံစားလိုက်ရ၏။ ၎င်းက သူမထံတွင် ရှိသည့် အကောင်းဆုံး တစ်ခုပင် မဟုတ်ပါချေ။
လက်ကောက်၏ မျက်နှာပြင်ထက်ရှိ သင်္ကေတများမှာ တဖြည်းဖြည်း မှိန်ဖျော့ကာ ပျောက်ကွယ်သွားခဲ့သည်။
“...”
အသိဝင်လာသည်နှင့် တစ်ပြိုင်နက် ဟယ်ယန်းလဲ့၏ နီရဲနေသည့် မျက်နှာမှာ သိသာစွာပင် ဖြူရော် သွားခဲ့တော့သည်။ ထို့နောက်တွင်တော့... သူ အစွမ်းကုန် ထွက်ပြေးဖို့ ကြိုးပမ်းလိုက်တော့၏။
ဟူး... ဟူး...
တဒင်္ဂ အတွင်းမှာပင် သူက တစ်မိုင်ခန့် အကွာအဝေးကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဂျိမ်း...
မိန်းကလေး သုံးဦး နောက်မှ လိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် မိုးခြိမ်း သသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာ၏။ အလင်းတန်း တစ်ခုက ကောင်းကင်မှ နေ၍ ထိုးဖောက် ကျဆင်းလာကာ ဟယ်ယန်းလဲ့၏ ထိတ်လန့် တုန်လှုပ်နေသော ပုံရိပ်ကို ရိုက်ခတ်လိုက်သည်။
“အား...”
သူ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ကြောက်လန့်မှုကြောင့် သူ့ ဝိညာဉ်မှာ လဲပြိုကျလုနီးပါးပင် ဖြစ်သွားခဲ့၏။ သူ ယခုလိုမျိုးပင် သေဆုံးရတော့မည်လား။
“ဒါက…”
ဝူပိုင်ကျိုး၊ နာ့ရှင်းရီနှင့် လင်းကျိရန်တို့ သုံးယောက် ဆွံ့အ သွားကြ၏။ သူတို့၏ မျက်လုံးများ အောက်တွင်ပင် ရောင်စုံ အလင်းတန်း တစ်ခုမှာ ထာဝရ ကမ္ဘာ၏ ထူးဆန်းသော လေထု အတွင်း ထိုးဖောက် ဝင်ရောက်လာကာ ဟယ်ယန်းလဲ့ကို လုံးဝ ဖုံးအုပ်လိုက်သည်။ ထို့နောက်တွင်တော့ ၎င်းမှာ ပျောက်ကွယ်သွားကာ ဟယ်ယန်းလဲ့လည်း ပါသွားခဲ့လေတော့၏။
“…”
သူတို့ သုံးဦးမှာ မှင်တက်နေကာ ကောင်းကင်ထံ အဆုံးမရှိသော မေးခွန်းများနှင့် အတူ မော့ကြည့် နေခဲ့မိကြသည်။ မည်သည့် အရာများ ဖြစ်ပျက်သွားခဲ့သနည်း။
...
ထာဝရ ကမ္ဘာ၏ အခြားနေရာတစ်ခုတွင် ပုံရိပ်တစ်ခုမှာ ခေါင်းကို မော့ရင်း ကောင်းကင်ထံ ထိုးဖောက် ဝင်ရောက်သွားသည့် အလင်းတန်းကို လှမ်းကြည့် နေခဲ့၏။ ၎င်း ပျောက်ကွယ်သွားသည် အထိ သူ အကြည့်ကို မလွှဲခဲ့ပါချေ။ ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်းကို မြင်ရသည်မှာ ထူးဆန်းသလို အံ့အားသင့်စရာလည်း ကောင်းပေသည်။
“သူတို့ ဘာတွေ စီစဉ်နေတာလဲ...”
ပုံရိပ်က ညာဘက်လက်မောင်းကို ငုံ့ကြည့်လိုက်၏။ ထို့နောက်တွင်တော့ သူက မြက်ခင်းလမ်းတစ်လျှောက် ဆက်လက် နင်းခြေသွားခဲ့တော့သည်။
...
စန်းလော့ယန်မှာ ထာဝရ ကမ္ဘာ အတွင်းရှိ ထူးဆန်းသော အာကာသနယ် တစ်ခု၌ တင်ပျဉ်ချိတ် ထိုင်နေကာ ထာဝရသော့ကို အသုံးပြုရင်း ပြိုင်ပွဲ ကြီးကြပ်သူ အဖြစ် လုပ်ဆောင်နေခဲ့သည်။ ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း ထာဝရ ကမ္ဘာထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသော အခိုက်၌ သူ၏ မျက်လုံးများမှာ လင်းလက်သွားခဲ့၏။
“သူတို့ လှုပ်ရှားခဲ့တာလား...”
သူက စဉ်းစဉ်းစားစား ပြောလိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် အရှေ့ရှိ အလင်း မျက်နှာပြင်တွင် သုံးဖက်မြင် ပုံရိပ်ဖြင့် ပြသနေသော စန်းယွန်းလီ၏ ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။ တစ်စက္ကန့်ကြာမျှ စဉ်းစားပြီးနောက် သူ ညာဘက် လက်ညှိုးနှင့် ထာဝရသော့ ကို ထိလိုက်သည်။ ထိုအခါ အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့လေ၏။
...
တစ်ချိန်တည်း၌ လောကီ ပြန်လည် မွေးဖွားသူမှာ ခေါင်းကို မော့လိုက်ရင်း မိုင်ပေါင်း အနည်းငယ်ခန့် အကွာ၌ ထူးခြားသည့် စွမ်းအင်များအား ထုတ်လွှတ်နေသည့် ထူးဆန်းသော သစ်ပင်တစ်ပင်ကို သတိပြုမိလိုက်သည်။ သူမ မျက်လုံး ကျင့်စဉ်ကို အသုံးပြုကာ စစ်ဆေးလိုက်သော အခိုက်၌ သစ်ပင်၏ သွယ်လျသော အကိုင်းအခက်များထက်တွင် သစ်သီးအချို့ ချိတ်ဆွဲနေသည်ကို တွေ့လိုက်ရသည်။
“လောကစိမ်း သစ်သီး...”
သူမ၏ မျက်လုံးများက သိသိသာသာ တောက်ပလာကာ စိတ်လှုပ်ရှားစွာဖြင့် သစ်ပင်ဆီသို့ အပြေးအလွှား ထွက်ခွာသွားခဲ့တော့သည်။
ကမ္ဘာစိမ်း သစ်သီး...
၎င်းမှာ လောကဖိအား နှင့် မိမိ၏ လောကနယ်မြေ အပေါ် သက်ရောက်မှုကို သိသိသာသာ တိုးမြှင့်ပေးနိုင်သည့် ကောင်းကင် ရတနာသစ်သီးတစ်မျိုးပင်။
“…”
စန်းလော့ယန်မှာ အရိပ်ထဲမှ လှုပ်ရှားနေခြင်း ဖြစ်သော်လည်း သူ၏ မျက်နှာအမူအရာက အပြစ်ကင်းစင်နေသည်။ သူ၏ နှုတ်ခမ်းထက်တွင် ဂုဏ်ယူသည့် အပြုံးတစ်ခု ရှိနေခဲ့၏။ ထာဝရကမ္ဘာမှာ အလွန် အန္တရာယ်များလှသော်လည်း တစ်ချိန်တည်း၌ စိတ်ကူးမယဉ်နိုင်လောက်သည့် အခွင့်အလမ်းအချို့လည်း ရှိနေပေသည်။
“တတိယ အဆင့်... နင် တတိယ အဆင့်ထိ ရောက်ရမယ်...”
စန်းလော့ယန်က တီးတိုး ရေရွတ်လိုက်ရင်း ကြယ်ကွင်းပြင် ဆယ့်ရှစ်ခု၏ သမိုင်းတွင် မည်သည့် ရွေးချယ်ခံ ကမျှ မရောက်ဖူးသေးသော အဆင့်အကြောင်းကို တွေးနေမိတော့သည်။
***