← Chapters

ဟယ်ပို့ကျွင်း

Vol. 107 Ch. 1491

ဟယ်ပို့ကျွင်း

Vol. 107 Ch. 1491

“ဟား ဟား… အသုံးမကျတဲ့ မိန်းမတွေ… ”

ရူးသွပ်စွာ ရယ်မောသံ တစ်ခုက လေထု အတွင်း ပဲ့တင်ထပ် သွားခဲ့၏။

ဟယ်ယန်းလဲ့မှာ အစကတည်းကပင် မိန်းကလေး သုံးဦး သူ့အား သတ်ဖြတ်မည့် အချိန်ကို စောင့်နေခဲ့ခြင်း ဖြစ်သည်။ လျဲ့ယု၏ သေဆုံးမှုနှင့် ပတ်သက်၍ သူတို့ သုံးယောက်လုံး ဆတ်ဆတ်ထိ မခံ ဖြစ်နေသည်ကို မြင်ရသောအခါ ဟယ်ယန်းလဲ့မှာ သူတို့၏ သတ်ဖြတ်လိုစိတ်ကို တတ်နိုင်သမျှ အစွမ်းကုန် တွန်းအားပေးခဲ့သည်။

ယခုက သူ့အလှည့်ကို ပြန်လည် ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။

သူ၏ အသက်နှင့် ဝိညာဉ်ကို ကာကွယ်ရန် ဟယ်မျိုးနွယ် ခေါင်းဆောင် ဟယ်ပို့ကျွင်းမှာ အပ်နှင်းထားခဲ့သော အဆောင်မှာ အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။

ဟူး… ဟူး…

ချက်ချင်းပင် အကန့်အသတ်များအား ကျော်လွန်သည့် ခွန်အားများက သူ့တစ်ကိုယ်လုံးကို စီးဆင်းလာ၏။ ထိခိုက် ခံစားထားခဲ့ရသမျှ ဒဏ်ရာများ အားလုံးမှာ လျင်မြန်စွာပင် ပြန်လည် ပျောက်ကင်းလာကာ မျက်လုံးများမှာလည်း အသက်ဝင်စွာ တောက်ပလာခဲ့သည်။

ဝှစ်… ဝှစ်…

မိန်းကလေး သုံးယောက်စလုံးမှာ ခန္ဓာကိုယ် ဟန်ချက်များကို ပြန်လည် ထိန်းလိုက်ကြ၏။ တိုက်ခိုက် မခံရမီ အချိန်ကလေးတွင်ပင် သူတို့မှာ ကြယ်တာရာ အကာအကွယ်များကို ဖော်ထုတ်နိုင်ခဲ့ကြလေရာ သူတို့၏ ထူးခြားသော တုံ့ပြန်မှုနှင့် ဗီဇတို့ကို ပြသနေခဲ့သည်။

နာ့ရှင်းရီနှင့် ဝူပိုင်ကျိုးတို့ နှစ်ယောက်စလုံးမှာ ဟယ်ယန်းလဲ့၏ အခြေအနေကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ကြ၏။ သူတို့က ဘာမှ မပြောကြသော်လည်း လင်းကျိရန်ကတော့ သူမ၏ မှားယွင်းမှုကို နားလည်ကာ တောင်းပန်လိုက်သည်။

“ငါ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်လိုက်ဘူး… ငါ့အမှားပါ… တောင်းပန်ပါတယ်”

သူမ၏ လေသံတွင် အပြစ်ရှိသည့် ခံစားချက်များ ပါဝင်နေသည်။ သို့သော် သူမ၏ ညီအမ နှစ်ယောက်စလုံးမှာ ဖြစ်ပြီးခဲ့သည့် အရာကို မဆုံးနိုင် မပွဲနိုင် အပြစ်တင်ရလောက်အောင် သဘောထား သေးသိမ်သူများ မဟုတ်ပါချေ။

“ဘာမဖြစ်ပါဘူး… ကျိရန်…”

ဝူပိုင်ကျိုးက နှစ်သိမ့်လိုက်၏။ သူတို့ သုံးယောက်ထဲတွင် လင်းကျိယန်မှာ စိတ်ခံစားချက် အနူးညံ့ဆုံး ဖြစ်ကြောင်း သူမ သိသည်။ လျဲ့ယုနှင့် လင်းကျိရန်တို့ ကြားရှိ ဆက်ဆံရေးမှာ သူတို့နှစ်ဦးထက် ပိုမို နက်ရှိုင်းသည်။

ဝူပိုင်ကျိုးမှာ ရှေးဟောင်း အပျက်အစီး နေရာ တစ်ခု၌ သူမနှင့် လုံချန်တို့ ကြုံတွေ့ခဲ့ရသည့် ‘အတင်းအဓမ္မ’ အတွေ့အကြုံ အပေါ် အမြဲတမ်း ထူးဆန်းစွာ ခံစားခဲ့ရသည်။

(မှတ်ချက်… အနန္တ ကုန်းမြေတိုက်ကြီးမှာတုန်းက ဝူယု၏ လှည့်စားမှုကြောင့် လုံချန်နှင့် ဝူပိုင်ကျိုးတို့ အသိစိတ်ပျောက်ကာ မှောက်မှားခဲ့သည့် အဖြစ်ကို ဆိုလိုခြင်း ဖြစ်သည်။)

ထိုအဖြစ်အပျက်ကြောင့်ပင် အနန္တ ဧကရာဇ်ဂိုဏ်း နေ့ရက်များ၌ သူမနှင့် လုံချန်တို့ အကြား စည်းတစ်ခုခြားနေသလို ဖြစ်နေခဲ့သည်။ နာ့ရှင်းရီမှာလည်း ဝေ့ဝူယင်နှင့် ကတိကဝတ်ကြောင့် လုံချန်ကို လုံးဝ လက်မခံခဲ့ပေ။

သို့သော်လည်း… လျဲ့ယုနှင့် လင်းကျိရန်တို့ကတော့ ကွဲပြား ခြားနားပေသည်။ သူတို့ နှစ်ဦး စလုံးမှာ လုံချိန်အပေါ် သစ္စာစောင့်သိခဲ့ကြသည်။ ထို့ကြောင့် သူတို့ နှစ်ယောက်ကြားရှိ ဆက်ဆံရေးမှာ အခြားလူများထက် ပိုမိုနီးစပ်ခဲ့သည်။

သို့သော်လည်း… နောက်ပိုင်း၌ လင်းကျိရန်မှာ သူမ တစ်ချိန်လုံး ရေလိုက်လွဲနေခဲ့ခြင်း ဖြစ်ကြောင်းကို ရှာဖွေ တွေ့ရှိခဲ့သည်။ ဝေ့ဝူယင်သည်သာလျှင် မင်ရှုဖုန်း ပြောသည့် ဖူးစာဖက် ဖြစ်ကြောင်း သိရှိလာခဲ့သည်။ သူက ကြယ်တာရာ ဝိညာဉ် လေးခုကိုပင် ပိုင်ဆိုင်ထားခဲ့ကာ လင်းမျိုးနွယ်အား မျိုးရိုး ကျိန်စာမှ လွတ်မြောက်အောင် ပယ်ဖျက်နိုင်မည့်သူ ဖြစ်ကြောင်း သေချာစေခဲ့သည်။ လွန်ခဲ့သည့် နှစ်များ အတွင်း၌ ထင်မှတ်ထားသည့် အတိုင်းပင် ဝေ့ဝူယင်မှာ သူမ၏ မျိုးနွယ်ကို ကယ်တင် ပေးခဲ့ပေသည်။

မည်သို့ပင် ဆိုစေ… လင်းကျိရန်မှာ လျဲ့ယု အပေါ် အပြစ်ရှိသလို အမြဲ ခံစားခဲ့ရသည်။ အကယ်၍ သူမသာ လျဲ့ယုကို ခေါ်ဆောင် လာခဲ့မည် ဆိုပါက… သူမ အသက်ရှင် နေလိမ့်ဦးမည်ဟူသော အတွေးများပင် ရှိခဲ့သည်။ ယခုအခါ လျဲ့ယု၏ နောက်ဆုံးစကားက “ဝေ့ဝူယင်” ဟူ၍ ဖြစ်ကြောင်း သိရှိလိုက်ရသော အခိုက်၌ သူမ ခံစားနေရသည့် အပြစ်ရှိသလို ခံစားချက်များက အကန့်အသတ် ရောက်သည် အထိ ပေါက်ကွဲထွက်သွားခဲ့ခြင်း ဖြစ်သည်။

ဟူး... ဟူး...

ဟယ်ယန်းလဲ့၏ အော်ရာက တဖြည်းဖြည်း မြင့်တက်လာခဲ့၏။ မြက်ခင်းများက လွင့်ပျံလာကာ သစ်ပင်များမှာလည်း ယိမ်းထိုးလာခဲ့သည်။ လေမုန်တိုင်းများမှာ တိုက်ခတ်လာ၏။

မည်မျှပင် ပြင်းထန်သည့် စွမ်းအားဖြစ်စေကာမူ... မိန်းကလေး သုံးဦးမှာ ခိုင်ခိုင်မာမာ ရပ်တည်နေကြဆဲ ဖြစ်သည်။ အနီးအနားရှိ ပရိသတ်များမှာမူ ထိတ်လန့်တကြား အော်ဟစ်နေကြပြီ ဖြစ်သည်။

ဟယ်ယန်းလဲ့ ထုတ်လွှတ်နေသည့် စွမ်းအားများမှာ သေမျိုးအဆင့်၏ ကန့်သတ်ချက်ထက် အဆပေါင်းများစွာ ကျော်လွန်နေခဲ့သည်။ အချို့မှာ မိုင်ပေါင်းများစွာ လွင့်စဉ် သွားခဲ့ကာ အချို့မှာလည်း ဆိုးရွားစွာ ဒဏ်ရာများ ရရှိသွားခဲ့ကြသည်။ ကံဆိုးသည့် ကျင့်ကြံသူ တစ်ယောက်ဆိုလျှင် ခန္ဓာကိုယ် ဒွါရပေါက်များမှ နေ၍ သွေးများ စီးထွက်ကျလာကာ မြေပြင်ပေါ်ကို လဲကျသွားခဲ့သည်။

ရှဲ... ရှဲ...

ချက်ချင်းပင် မြက်ခင်းများမှာ နွယ်များသဖွယ် လှုပ်ရှားလာကာ သူ၏ ခြေလက်များကို ရစ်ပတ်လျှက် မြေကြီးအတွင်း တိတ်တဆိတ် ဆွဲသွင်း သွားခဲ့ကြ၏။ သူ့ထံမှ ခပ်သဲ့သဲ့ အော်သံများ ထွက်ပေါ်လာသော်လည်း ထိုအသံများမှာ ပြင်းထန်သည့် ရေစွမ်းအင် မုန်တိုင်းအတွင်း ပျောက်ကွယ်သွားခဲ့သည်။

ဝူပိုင်ကျိုးနှင့် နာ့ရှင်းရီတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ လင်းကျိရန်၏ ခံစားချက်များကို နားလည်ထားလေရာ သူတို့ မည်ကဲ့သို့ ဆူပူနိုင်မည်နည်း။ ထို့အပြင်... ၎င်းမှာ သူတို့အတွက် ဖိအားများသည့် ကိစ္စတစ်ခုလည်း မဟုတ်ပါချေ။

“သူက တော်တော်လေး ကိုယ့်ကိုယ်ကို အထင်ကြီးနေတာပဲ...”

နာ့ရှင်းရီက ပေါ့ပေါ့ပါးပါးပင် ပခုံးတွန့်လိုက်၏။

ဟူး... ဟူး...

ရေပြာရောင် အလင်းများမှာ ဟယ်ယန်းလဲ့၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဝန်းရံ နေခဲ့၏။ ၎င်းတို့က သူ၏ ကိုယ်ပိုင်စွမ်းအင်များ မဟုတ်ချေ။ သူ့နဖူးထက်ရှိ ဆေးမင်ကြောင်ထံမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကာ ၎င်းတို့မှာ မြေပြင်ထံ ရေတံခွန် တစ်ခုအလား အဆက်မပြတ် စီးဆင်းနေခဲ့သည်။ ထိုစွမ်းအားများ၏ တွန်းကန်မှုကြောင့်ပင် သူ့ ခန္ဓာကိုယ်မှာ မြေပြင် အထက် ငါးပေခန့် အကွာ၌ လွင့်မြော နေခဲ့၏။

ဝှစ်... ဝှစ်...

မကြာခင်မှာပင် ရေစွမ်းအားများမှာ ပုံရိပ်တစ်ခု အဖြစ်သို့ တဖြည်းဖြည်းချင်း စုစည်း သွားခဲ့သည်။ စွမ်းအင် စီးဆင်မှုများ ရပ်တန့်သွားသည်နှင့် အမျှ ဟယ်ယန်းလဲ့၏ ခန္ဓာကိုယ်မှာလည်း မြေပြင်ပေါ် ညင်သာစွာ ပြန်လည် ဆင်းသက် သွားခဲ့၏။

“ဘိုးဘေး...”

ဟယ်ယန်းလဲ့က ဒူးထောက်ရင်း ပုံရိပ်ကို နှုတ်ဆက်လိုက်၏။ မှန်ပေသည်။ ထိုပုဂ္ဂိုလ်ကြီးမှာ ဟယ်မျိုးနွယ်စု၏ တစ်ဦးတည်းသော မြေကြီး ရှန့်ထို တစ်ဖြစ်လည်း ဘိုးဘေး ဟယ်ပို့ကျွင်းမှ တစ်ပါး မည်သူ ဖြစ်နိုင်တော့မည်နည်း။

ထိုမြေကြီး ရှန့်ထိုမှာ ဟယ်ယန်းလဲ့နှင့် အလားတူပင် ဟယ်မျိုးနွယ်၏ သင်္ကေတ ဖြစ်သည့် ရေပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူက တည်ငြိမ်စွာပင် လက်နှစ်ဖက်ကို နောက်ပစ်လိုက်ရင်း ထာဝရကမ္ဘာ၏ ပတ်ဝန်းကျင်ကို ဝှေ့ကြည့်ကာ လေ့လာလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် တွက်ချက်မှုနှင့် အတွေး အလင်းရောင်များ ထွက်ပေါ်နေ၏။

“နာရီ နည်းနည်းလေးပဲ ရှိသေးတယ်...”

ဟယ်ပို့ကျွင်း၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားကာ မှတ်ချက် ပြုလိုက်သည်။ ဤသည်က ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ ပထမ အဆင့်တွင်သာ ရှိပေသေးသည်။ ၎င်းက ရွေးချယ်ခံ ဖြစ်ရန် လုံးဝ မထိုက်တန်သူများနှင့် ကံဆိုးသူများကို ဖယ်ထုတ်ရန် ရည်ရွယ်သည့် အဆင့်တစ်ခု ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ဆိုရပါက အမှိုက်စစ်ထုတ်သည့် အဆင့်တစ်ခုသာပင်။

အခြေအနေကို သုံးသပ်ကြည့်ပြီးနောက် အရှေ့ရှိ မိန်းကလေး သုံးဦးကို ဟယ်ပို့ကျွင်း သတိထားလိုက်မိ၏။ သူ၏ မျက်လုံးများက ချက်ချင်းပင် တောက်ပလာခဲ့သည်။

“အစွန်းရောက်ယင် နတ်မိမယ်... အဆုံးမဲ့ ဧကရာဇ် ဂိုဏ်းချုပ်...”

သူက မိန်းကလေး နှစ်ယောက်၏ ဘွဲ့နာမည်များကို ခေါ်လိုက်၏။ ထိုနှစ်ယောက်စလုံးကို သူ ကောင်းစွာ သိရှိထားပေသည်။

ဝူပိုင်ကျိုးမှာ အစက မထင်မရှား ကျင့်ကြံသူ တစ်ယောက် ဖြစ်ခဲ့သော်လည်း မဟာ စက်ဝန်း ရှန့်ထို ညီလာခံ အဆုံးသတ်၌ သူ၏ ဂုဏ်သတင်းက ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။ မြေကြီး ရှန့်ထိုများ ပင်လျှင် သူမ၏ မူလဇစ်မြစ်ကို အာရုံစိုက် လာခဲ့ကြသည်။ နောက်ပိုင်းမှာ ဝူပိုင်ကျိုးမှာ ဝူယု၏ သွေးသားမျိုးရိုး ဖြစ်သည် ဆိုသည့် ကောလဟလများပင် ပျံ့နှံ့လာခဲ့သည်။ သူတို့ နှစ်ယောက်စလုံးမှာ တူညီသည့် နည်းလမ်း တစ်ခုတည်းကို ကျင့်ကြံထားကြကာ မျိုးရိုးနာမည်များပင်လျှင် တူညီကြသည်။ ထို့ကြောင့်ပင် ဆက်စပ် တွေးကြည့်ဖို့ သိပ်မခက်ခဲလှချေ။

ဟယ်ပို့ကျွင်း စိတ်ထဲမှ သတိကြီးစွာ ထားလိုက်၏။ ထို့အပြင်... အစွန်းရောက်ယင် နတ်မိမှာလည်း ခေသူ မဟုတ်ချေ။ သူမထံတွင် အထင်ကြီးလောက်စရာ နောက်ခံမရှိသော်လည်း ပါရမီအရာတွင်တော့ ကြောက်မက်ဖွယ် ကောင်းအောင် မြင့်မားလှကာ သူမ ပိုင်ဆိုင်ထားသည့် အလှနှင့်ပင် တူညီလုနီးပါး ရှိသည်။ သူမက တိုက်ခိုက်ရေး စွမ်းအင် အရာတွင် ဝေ့ဝူယင်၊ ထျန်းရီဝူတို့နှင့်ပင် နှိုင်းယှဉ်ခံရသူ ဖြစ်သည်။

ဝူပိုင်ကျိုးဘက်သို့ ပြန်သွားရလျှင် သူမမှာ မဟာ သူရဲကောင်း ဝူယုနှင့် ဆက်စပ်မှုများ ကျိန်းသေ ရှိနေသူ ဖြစ်သည်။ မကြာသေးခင် ကာလကပင် သူမ၏ ဂိုဏ်းမှာလည်း အာရုဏ်ဦး ကြယ်တာရာ နယ်မြေထံ ပြောင်းရွှေ့ခဲ့ပြီး ဖြစ်သည်။ ဝူယုကို ကြည့်ရှု ခြင်းအားဖြင့်... သူမသည်လည်း အရွယ်ရောက်လာသည့် အခါ ကြောက်မက်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်တစ်ဦး ကျိန်းသေ ဖြစ်လာမည် ဖြစ်ပြီး အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းကိုလည်း ထူးခြားထက်မြက်စွာ ဦးဆောင်သွားလိမ့်မည် ဖြစ်သည်။

တတိယမြောက် တစ်ယောက်ကိုတော့ သူ မသိချေ။ လင်းကျိရန်မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို ရောက်ရှိပြီး ကတည်းက ငြိမ်းချမ်းသည့် ဘဝ တစ်ခုကို ရရှိနေခဲ့သည်ဟု ဆိုနိုင်ပေသည်။ ထို့အပြင်... ဝေ့ဝူယင်၏ ရန်သူများမှာ လုံချန်၏ ရန်သူများ ကဲ့သို့ သူမကို လာရောက် ပစ်မှတ်ထားခြင်း မရှိပါချေ။ သူမက တစ်ချိန်လုံး အရိပ်ထဲတွင် လုံလုံခြုံခြုံ ကြီးထွားခဲ့သည်ဟု ဆိုနိုင်ပေသည်။

မည်သို့ပင် ဆိုစေ... နာ့ရှင်းရီနှင့် ဝူပိုင်ကျိုးတို့ နှစ်ယောက်တည်းကပင်လျှင် ဟယ်ယန်းလဲ့ကို စိုးရိမ် ပူပန်စေဖို့ လုံလောက် နေခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့်... ဝူပိုင်ကျိုးပင်။ သူမမှာ ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်း ဖြစ်သည့် ဝူယုကို နောက်ခံ အဖြစ် ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူမကို ထိမိပါက ဟယ်မျိုးနွယ်၏ အနာဂတ်က မတွေးဝံ့ စရာပင်။

***

All Chapters