← Chapters

ဟယ်ယန်းလဲ့၏ ကံကြမ္မာ

Vol. 107 Ch. 1490

ဟယ်ယန်းလဲ့၏ ကံကြမ္မာ

Vol. 107 Ch. 1490

မိန်းကလေး သုံးဦးမှာ ဟယ်ယန်းလဲ့၏ ရှေ့တွင် ရပ်နေကြ၏။ သူတို့၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေကာ တစ်ယောက်တစ်လှည့် စတင်လုပ်ဆောင်ကြတော့သည်။ သူတိုမှာ ဟယ်ယန်းလဲ့၏ ခန္ဓာကိုယ် မည်သည့် အစိတ်အပိုင်းကိုမျှ ခုတ်ဖြတ်ခြင်း၊ ဖယ်ရှားခြင်းများ မပြုလုပ်ခဲ့ကြချေ။ ထို့အစား... သူ ပိုင်ဆိုင်ထားသည့် ကျင့်ကြံခြင်း ရှုထောင့်တိုင်းကိုသာ တဖြည်းဖြည်းချင်း မသန်မစွမ်း ဖြစ်အောင် ပြုလုပ် နေကြသည်။

လင်းကျိရန်က ရုပ်ပိုင်းဆိုင်ရာကို တိုက်ခိုက်သည်။ ဝူပိုင်ကျိုးက အမတေကို တိုက်ခိုက်သည်။ နာ့ရှင်းရီက စိတ်ပိုင်းဆိုင်ရာကို တိုက်ခိုက်သည်။

ဟယ်ယန်းလဲ့၏ အသားအရေက သေမင်းတမန်လို ဖြူရော်နေကာ ကြည့်ရှုရုံဖြင့်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။

“ငါ့... ငါ့ကို သတ်ပေးပါ”

ဟယ်ယန်းလဲ့က ခပ်တိုးတိုးလေး တောင်းပန်လိုက်၏။ သူ၏ အသံတွင် ယောကျ်ားပီသသည့် အင်အား အနည်းငယ်မျှပင် မရှိတော့ဘဲ လိင်ကွဲပြားမှုမရှိသည့် လေသံတစ်ခု ထွက်ပေါ်လာသည်။

လင်းကျိရန်၏ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ဝူပိုင်ကျိုး၏ ကောင်းကင် အင်ပါယာ စွမ်းအင်နှင့် နာ့ရှင်းရီ၏ ယင်အလင်းတို့ အောက်တွင် တစ်နာရီခန့်မျှ ကြာအောင် ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် သူ မခံမရပ်နိုင်အောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

အနီးအနားသို့ လမ်းမှား ရောက်ရှိလာ၍ ထိုမြင်ကွင်းကို မြင်တွေ့သွားသူတိုင်းမှာ အလွန်ပင် ထိတ်လန့် တုန်လှုပ် သွားကြသည်။ ထိုအမျိုးသမီးများမှာ မိစ္ဆာ နတ်ဆိုးများကဲ့သို့ ဆိုးယုတ်လွန်းကြသည်။ သူတို့၏ မျက်လုံးများမှာ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေခဲ့ကြသော်လည်း သတ်ဖြတ်ခြင်း မပြုခဲ့ကြချေ။

“မမယု ဘာဖြစ်သွားတာလဲ...”

သူတို့ သုံးဦး ရပ်တန့်လိုက်ကြ၏။ လင်းကျိရန်က ထိုမေးခွန်းကို မေးလိုက်ခြင်း ဖြစ်ကာ ခေတ္တအနားရခြင်းက ပင်လျှင် ဟယ်ယန်းလဲ့ အတွက် ကောင်းချီးပေးခံရသကဲ့သို့ ခံစားရစေခဲ့သည်။ သို့သော် သူ သုံးစက္ကန့်အတွင်း ပြန်မဖြေသောအခါ၌ လင်းကျိရန်က သူ့ဝမ်းဗိုက်ကို ကန်လိုက်ပြန်ကာ အဆုတ် အသက်သွေးကြောနေရာကို တိတိကျကျ ထိမှန်စေခဲ့သည်။

“အီး...”

ငရဲအလား ပြင်းထန်လှသည့် နာကျင်မှ်များက ဟယ်ယန်းလဲ့၏ အသက်ရှူသံများကိုပင် ရပ်တန့် သွားစေခဲ့၏။ ထိုအခိုက်၌ သူ့ မျက်ဝန်းများတွင် မျက်ရည်များပင် မရှိတော့ပေ။

ဝူပိုင်ကျိုးနှင့် နာ့ရှင်းရီတို့မှာလည်း တစ်လှည့်စီ ထပ်မံ၍ တိုက်ခိုက်ကြပြန်သည်။ သူတို့၏ လှုပ်ရှားမှုများက ယခင်ကထက်ပင် ပိုမို ကြမ်းတမ်းကြလေရာ ဟယ်ယန်းလဲ့ တစ်ယောက် သေချင်စိတ်ကို မထိန်းချုပ် နိုင်လောက်အောင် ဖြစ်ပေါ်လာခဲ့၏။

တစ်ခဏ ကြာပြီးနောက် သူတို့က ရပ်တန့်လိုက်ကြ ပြန်သည်။

“မမယု ဘာဖြစ်သွားတာလဲ...”

လင်းကျိရန်က ခံစားချက်မဲ့စွာဖြင့် မေးလိုက်ပြန်၏။ သူတို့ သုံးဦးစလုံး လျဲ့ယု ဘာဖြစ်သွားသည်ကို ယခုအချိန်အထိ အတိအကျ မသိကြသေးချေ။ ဝေ့ဝူယင်က လျဲ့ယု မည်ကဲ့သို့ သေဆုံးသွားသည်ကို သူတို့ကို တစ်ခါမျှ မပြောပြခဲ့ချေ။

ဟယ်ယန်းလဲ့က ခပ်သဲ့သဲ့မျှသာ ကျန်ရှိတော့သည့် လေပြေသံ ကလေးနှင့်...

“ကျွန်... ကျွန်တော်...”

“ရှင်းရှင်းလင်းလင်း မပြောရင် သက်တမ်းကုန်ဆုံးတဲ့အထိ ဒီအတိုင်း ဆက်ပြီး ခံစားရမယ်...”

ဝူပိုင်ကျိုးက ခံစားချက် ကင်းမဲ့သည့် လေသံဖြင့် ပြောလိုက်သည်။ ဟယ်ယန်းလဲ့၏ မျက်လုံးများက ထိတ်လန့် ချောက်ချားမှုများနှင့် ပြူးကျယ်သွားခဲ့သည်။

“ကျွန်တော်... ကျွန်တော် သူ့ကို သတ်ခဲ့မိပါတယ်...”

နောက်ဆုံးတွင်တော့ သူ ဝန်ခံလိုက်လေ၏။ လင်းကျိရန်၏ မျက်နှာ အမူအရာမှာ ချက်ချင်းပင် ပိုမို ပြင်းထန်သည့် ဒေါသများနှင့် ပေါက်ကွဲ သွားခဲ့၏။ ဝူပိုင်ကျိုးကတော့ မျက်မှောင်ကြုတ်သွားကာ နာ့ရှင်းရီ၏ သတ်ဖြတ်လိုစိတ်များမှာလည်း ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့သည်။ ထိုလူယုတ်မာ၏ အသက်အား အဆုံးသတ်ပစ်လိုစိတ်ကို သူတို့ မနည်း ထိန်းထားရသည်။

“ဘာလို့ သတ်တာလဲ... ဘယ်လို သတ်ခဲ့တာလဲ... ဘယ်နေရာမှာလဲ... နင့်ဆီမှာ ဘယ်လိုလုပ်ပြီး သူ့ နှလုံးသား ရှိနေတာလဲ”

ဝူပိုင်ကျိုးက အသေးစိတ် မေးမြန်း စစ်ဆေး လိုက်၏။ ဟယ်ယန်းလဲ့ တစ်ယောက် ဘာကိုမှ ဖုံးကွယ်မထားရဲတော့ပဲ မိစ္ဆာစစ်ပွဲ လောကနယ်မြေ ခရီးစဉ် အကြောင်း အကုန်အစင် စတင်ကာ ရှင်းပြလိုက်တော့သည်။

သူက လုံချန်နှင့် လျဲ့ယုတို့ကို မည်ကဲ့သို့ စတင် တွေ့ဆုံခဲ့သည် ဆိုသည့် နေရာမှ စတင်လိုက်သည်။ လုံချန် ဆိုသည့် နာမည်ကို ကြားသော အခိုက်၌ မိန်းကလေး သုံးယောက်၏ အမူအရာများက အမျိုးမျိုး ပြောင်းလဲ သွားကြသည်။ ဟယ်ယန်းလဲ့ တစ်ယောက် လုံချန်ထံမှ ဥပဒေသ မျိုးစေ့ကို ခိုးယူဖို့ ကြိုးပမ်းခဲ့ကြောင်း၊ လျဲ့ယုထံမှ နှလုံးသားကို ရယူပြီးနောက် လွတ်မြောက်ခဲ့ကြောင်းများကို သူတို့ သိရှိခဲ့ရသည်။

လုံချန်မှာ အကူအညီ ကင်းမဲ့စွာ ကြည့်နေရုံမျှသာ တတ်နိုင်ခဲ့သည်။ တကယ်တမ်းအားဖြင့် ထိုအရူးကောင်မှာ သူ့ကိုယ်သူ ချိပ်ပိတ်ခဲ့ခြင်းသာ ဖြစ်သည်။

လျဲ့ယု၏ နာမည်ကို တမ်းတကာ လုံချန် တစ်ယောက် မည်ကဲ့သို့ ငိုကြွေးခဲ့ပုံများကိုပါ ဟယ်ယန်းလဲ့ အသေးစိတ် ပြောပြ လိုက်၏။

မိန်းကလေး သုံးယောက်၏ အမူအရာများမှာ ပြင်းထန်စွာ ပြောင်းလဲနေသည်ကို ကြည့်ကာ ဟယ်ယန်းလဲ့ ကျေနပ်မှုကို ခံစားလိုက်ရ၏။ တစ်နာရီကြာမျှအောင် ညှင်းပန်း နှိပ်စက်ခံခဲ့ရပြီးနောက်တွင် မည်သည့် ခွန်အားများဖြင့် စကားဆက်ပြောနေမိသည်ကိုပင် သူ မသိတော့ချေ။

“သူက အဆုံးမဲ့ ကျိန်စာ သံကြိုးကို ကိုယ့်ဘာသာ ဝတ်ခဲ့တာလေ... တကယ့်ကို အရူးပဲ... ဟိုမိန်းမကို ဖက်ငိုနေတာ မြင်ရတာ ဘယ်လောက်တောင် ကောင်းလိုက်လဲ... ဟဟ... နောက်ပြီး သူ့ မျက်လုံးထဲက အကြည့်တွေ”

ဟယ်ယန်းလဲ့ တစ်ယောက် ပြောရင်း ပိုမို တက်ကြွ လာနေခဲ့၏။

“ဥပဒေသ မျိုးစေ့... ဒီလို အရူးကောင်က ဥပဒေသ မျိုးစေ့ကို ဘယ်လို ပိုင်ထားတယ် မသိဘူး... တကယ့်ကို နှမြောစရာပဲ”

ဓမ္မ ကာကွယ်သူထံမှ များစွာသော အကြောင်းအရာများကို ဟယ်ယန်းလဲ့ သိရှိခဲ့ရသည်။ ထိုအထဲ၌ ဥပဒေသ မျိုးစေ့ အကြောင်းနှင့် အခြား အသေးစိတ်များလည်း အပါအဝင်ပင် ဖြစ်သည်။ သူ လုံချန်ကိုပါ သတ်ဖြတ်ဖို့ လုပ်ခဲ့စဉ်တွင် ဓမ္မ ကာကွယ်သူက မြန်မြန် ထွက်သွားဖို့ အကြံပေးခဲ့သည်။

"..."

မိန်းကလေး သုံးယောက်မှာ တိတ်ဆိတ် နေခဲ့၏။

“ဟား ဟား... နောက်ပြီး ဟိုမိန်းမရဲ့ နောက်ဆုံး စကားကို ကြားပြီးတဲ့နောက် သူ ဖြစ်သွားတဲ့ရုပ်က ပိုပြီးတော့တောင် ရယ်စရာ ကောင်းသေးတယ်”

ဟယ်ယန်းလဲ့က သဘောကျဟန်ဖြင့် အူလှိုက်သည်းလှိုက် ရယ်မောရင်း ပြောလိုက်၏။

“နောက်ဆုံးစကား...”

မိန်းက‌လေး သုံးယောက်၏ စိတ်ဝင်စားမှုများက ချက်ချင်းပင် ပိုမို မြင့်တက်လာခဲ့သည်။ သို့သော်လည်း သူတို့၏ မျက်ဝန်းများထဲတွင် လောင်ကြွမ်းနေသည့် အမုန်းတရားကတော့ တစ္ဆေ၊ သရဲများကိုပင် ကြောက်လန့်တကြား ထွက်ပြေးစေဖို့ လုံလောက်ပေသည်။

“ဟိုမိန်းမ မပြောခင် အဲ့အရူးက ဘာပြောလဲ သိလား... ဟီး ဟီး”

“သူ့ကို ရင်ခွင်ထဲမှာ ဖက်ထားရင်းနဲ့လေ... ရှောင်ယု... မင်း အသက်ရှင်ရမယ်... မင်း မသေရဘူး... ငါ ကတိပေးတယ်... ဘာတွေပဲ ဖြစ်ဖြစ် မင်းကို ရအောင် ပြန်ခေါ်မယ်... ဟုန်ယုကိုတောင် ပြန်ခေါ်နိုင်ရင် မင်းကိုလည်း ပြန်ခေါ်နိုင်မှာပဲ.... ဟီး ဟီး... သူက အရူးတစ်ယောက်လို အဲဒီလို ကယောင်ကတမ်း ပြောနေခဲ့တာလေ”

“...”

မိန်းကလေး သုံးယောက်စလုံးမှာ နာကျင်စွာ တိတ်ဆိတ် နေခဲ့၏။ ဟုန်ယုကို ဝေ့ဝူယင်၏ အားထုတ်မှုများနှင့် ပြန်ခေါ်နိုင်ခဲ့သည် ဆိုသော်လည်း ထိုအရာက သူမ၏ ဝိညာဉ် အသက်ရှင်နေသောကြောင့် ဖြစ်သည်။ သို့သောလည်း... လျဲ့ယု၏ အလောင်းကို ဝေ့ဝူယင် ရှာဖွေ တွေ့ရှိချိန်တွင် သူမ သေဆုံးသွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူမ၏ ဝိညာဉ်သည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။

“ထိုမိန်းကလေး ပြောတဲ့ နောက်ဆုံး စကားကတော့... ဟီး ဟီး...”

ဟယ်ယန်းလဲ့ ပျော်ရွှင်စွာဖြင့် ရယ်မောလိုက်သည်။

“သူက ပြောတာက... သေအံ့မူးမူး အချိန်မှာလေ... လေသံ တိုးတိုးလေးနဲ့ ဝေ့... ဝူ... ယင် တဲ့”

"..." နာ့ရှင်းရီ။

"..." ဝူပိုင်ကျိုး။

“...” လင်းကျိရန်။

သူတို့ အားလုံး တိတ်ဆိတ်သွားခဲ့ကြ၏။ အဘယ်ကြောင့်နည်း။ သူတို့ နားလည်နိုင်သောကြောင့်ပင်။ လျဲ့ယုမှာ လုံချန် အပေါ် အလွန် သစ္စာရှိကြောင်း သူတို့ သိပ့သည့်တိုင် ထိုအရာက ဖြစ်နိုင်ချေ ရှိသည့် ကိစ္စတစ်ခု ဖြစ်ပေသည်။

"သစ္စာမရှိတဲ့ ခွေးမ... ထွီ..."

ဟယ်ယန်းလဲ့က တံတွေးထွေးလိုက်၏။

ရွှင်း...

လင်းကျိရန် တစ်ယောက် ဆက်လက် ထိန်းချုပ်ထားနိုင်စွမ်း မရှိပါတော့ချေ။ သူမက ရွှေရောင်ဓားကို ထုတ်ယူကာ ဟယ်ယန်းလဲ့၏ လည်ပင်းကို ခုတ်ချလိုက်တော့၏။

“မလုပ်နဲ့...”

ဝူပိုင်ကျိုးနှင့် ဝူပိုင်ကျိုးတို့ နှစ်ယောက် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။ သို့သော်လည်း... တားဆီးဖို့ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

“...”

ဟယ်ယန်းလဲ့၏ မျက်လုံးများက ပြူးကျယ်သွား၏။ ဓားသွားက သူ့လည်ပင်းထက်သို့ အလျင်အမြန်ပင် ကျရောက်လာသည်။ ရုတ်တရက်… သူ့နှုတ်ခမ်းထက်၌ အပြုံးတစ်စ ဖြစ်ပေါ်လာခဲ့၏။

ဓားသွားက အေးစက်စွာပင် သူ့လည်ပင်းကို ထိုးဖောက် ဝင်ရောက် သွားခဲ့သည်။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ၎င်းမှာ လည်ပင်း တစ်ဝက်ခန့်ကို ဖြတ်တောက်ခဲ့ပြီး ဖြစ်သည်။ ဓားက နောက်ဆုံး ဝိညာဉ်ချုပ် စွမ်းအားကို ထုတ်လွှတ်လာချိန်တွင်တော့…

ဘုန်း…

ရုတ်ချည်းပင် ဟယ်ယန်းလဲ့၏ ရင်ဘတ်မှ နေ၍ အပြာရောင် အလင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

ဝှစ်… ဝှစ်… ဝှစ်…

မိန်းကလေး သုံးဦးမှာ ကြယ်တာရာ အကာအကွယ်များဖြင့် ခန္ဓာကိုယ်များကို ဝန်းရံကာ နောက်သို့ အလျှင်အမြန် ဆုတ်လိုက်ကြသည်။

ဘုန်း… ဘုန်း…

ဘေးနားမှ ကြည့်ရှုနေသူများမှာ အပြာရောင် အလင်းလှိုင်းလုံးများ၏ ရိုက်ခတ်မှုကို ခံလိုက်ကြရ၏။ အချို့မှာ အလင်းနှင့် ထိတွေ့သည်နှင့် ချက်ချင်းပင် သေဆုံးသွားကာ တစ်မိုင်ခန့် အကွာအဝေးတွင် အသက်မဲ့စွာ လဲကျသွားကြတော့သည်။

***

All Chapters