မကောင်းဆိုဝါး စောင့်ကြပ်သူ(၃)
Vol. 107 Ch. 1489
“ဆိုတော့ ဒီနေ့က ငါ့အတွက် ကံကောင်းတဲ့ နေ့ပေါ့...”
မကောင်းဆိုးရွား စောင့်ကြပ်သူက မဲ့ပြုံးပြုံးလိုက်ရင်း လောကဖိအားကို စတင်ကာ ထုတ်ဖော်လိုက်၏။ သူက ဘာကိုမှ ထိန်ချန်မထားတော့ကြောင်း ထင်ရှားနေချေပြီ ဖြစ်သည်။
“အနည်းဆုံးတော့ နင့်မှာ အသိစိတ် ရှိသေးတာပဲ”
နာ့ရှင်းရီက ပြုံးရွှင်စွာ မှတ်ချက်ပြုရင်း အဖြူရောင် နှစ်ဖက်ဓားသွားကို ထုတ်ယူလိုက်သည်။ သရဲတစ္ဆေများ အလား အေးစက်စက် ယင်စွမ်းအင်မှာ လေထု အတွင်း စတင်ကာ ကခုန်လာခဲ့၏။
မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ စွမ်းအင်မှာလည်း စတင် ဆူပွက်လာနေခဲ့ပြီ ဖြစ်သည်။ သူ၏ သွေးနီရောင် မျက်လုံးများမှာ ကြောက်မက်ဖွယ်ကောင်းအောင် တောက်ပနေပြီး ဆိုးယုတ်သည့် အလင်းတန်းများကို ထုတ်လွှတ်နေခဲ့၏။
သူ့လက်ထဲ၌ မရေမတွက်နိုင်သည့် ကျင့်ကြံသူပေါင်းများစွာ အချိန်မတိုင်မီ နိဂုံးချုပ်ခဲ့ကြပြီး ဖြစ်သည်။ သူတို့ တစ်သက်တာလုံး ကျင့်ကြံခဲ့သည့် ကြိုးပမ်းအားထုတ်မှု မှန်သမျှမှာ သူ၏ ခွန်အားနှင့် ကျင့်ကြံခြင်း အခြေခံကို ဖြစ်ပေါ်စေခဲ့သည်။ ထိုကဲ့သို့ မိစ္ဆာ နည်းလမ်းနှင့် ပေါက်ဖွားလာသည့် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အရိုးထဲအထိ စိမ့်တက်သွားစေလောက်အောင် နက်ရှိုင်းသည်။
သူက နာမည်အတိုင်းပင် အစစ်အမှန် မကောင်းဆိုးဝါး ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ကျင့်ကြံခြင်း လောက၌ သူတို့လို မျိုးနွယ်ဝင်များမှာ အံ့ဩဖွယ် ကောင်းလောက်အောင် ရှားပါးကာ အလွန်အမင်း ဆိုးယုတ်သည်။ သူတို့က ကျင့်ကြံခြင်းအတွက် စက်ဆုပ်ဖွယ်ရာ လုပ်ရပ်များကို လုပ်ဆောင်ရာတွင် စာရိတ္တကို ထည့်သွင်း မစဉ်းစားသလို တုံ့ဆိုင်းမှုလည်း လုံးဝ မရှိပေ။ အကယ်၍ ထာဝရ ကမ္ဘာ၏ စည်းမျဉ်းများသာ မရှိပါက ရောက်ရှိလာသည့် ရွေးချယ်ခံတိုင်းကို သူ သတ်ဖြတ်ပစ်ခဲ့လောက်ပြီး ဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့်... နာ့ရှင်းရီကတော့ အေးခဲနေသည့် ရေကန် တစ်ခုလိုမျိုးပင်။ သူမက မာနကြီးကာ အန္တရာယ်ရှိသည့်ပုံ ပေါ်သော်လည်း တစ်ချိန်တည်း၌ ဆွဲဆောင်မှုရှိကာ စိတ်ဝင်စားဖွယ်လည်း ကောင်းသည်။
ထိုအေးခဲနေသည့် ရေကန်ကို အပူပေးလိုက်ပါက နွေးထွေးကာ သက်တောင့်သက်သာ ရှိလှသည့် ရေပူစမ်းတစ်ခု ဖြစ်လာမည်လား။ ထိုအခါ ထိုမိန်းမလှလေး၏ လျှို့ဝှက် ဆန်းကြယ်မှုများကို စူးစမ်း ရှာဖွေရသည်က မည်ကဲ့သို့ ခံစားရမည်နည်း။
များစွာသော ယောက်ျားသားများမှာ နာ့ရှင်းရီကို ကြည့်ရင်း ထိုကဲ့သို့ တွေးမိကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ထူးဆန်းစွာပင်... မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ မျက်လုံးများတွင်တော့ ထိုမေးခွန်းများ မရှိချေ။ သူ၏ စကားလုံးများမှာ ရိုင်းစိုင်းပြီး ညစ်ညမ်းသော်လည်း သူ၏ မျက်လုံးများ အတွင်း တည်ရှိနေသည့် တစ်ခုတည်းသော ခံစားချက်က လောဘ သာ ဖြစ်သည်။ တပ်မက်မှုမှာ မမှန်ကန်ပေ။ သူ့အတွက် နာ့ရှင်းရီမှာ အစာတစ်နပ်၊ အရင်းအမြစ်တစ်ခုသာ ဖြစ်သည်။
နာ့ရှင်းရီသည် လူမဟုတ်ချေ။ သူ့အကျိုးစီးပွားအတွက် ခူးဆွတ်ရန် အသုံးဝင်သည့် အပင်တစ်ပင်သာ ဖြစ်သည်။
သို့သော်လည်း... ထိုမိန်းမမှာ သူ့ကို အထင်အမြင်သေးကာ ငါးစက္ကန့်အတွင်း လက်နှစ်ဖက်စလုံးကို ဖြတ်ပစ်မည်ဟု ဆိုလာသည်။ ထိုအရာက အစွန်းရောက်လွန်းလှသည်။ သူ့ မာနကိုပင် စိန်ခေါ်နေသည်။ ထိုမိန်းမ၏ ခြေလက်လေးဖက် စလုံးကို ဖြတ်ပစ်ကာ သူမ၏ မူလယင် ကို အကြမ်းတမ်းဆုံး၊ အခက်ထန်ဆုံး နည်းလမ်းဖြင့် ထုတ်ယူရန် သူ စိတ်ပိုင်းဖြတ်လိုက်သည်။
မကောင်းဆိုးဝါး စောင့်ကြပ်သူက တံစဉ်ကို ကိုင်ရင်း သူ၏ ပုလဲဖြူ သွားများကို ဖြဲကာ ပြုံးပြလိုက်သည်။ နာ့ရှင်းရီကတော့ မျက်တောင် မခပ် တုံ့ပြန်လိုက်၏။
ဝှစ်...
ယခုတစ်ကြိမ်တွင်လည်း မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ စတင် လှုပ်ရှားကာ နာ့ရှင်းရီထံသို့ အလျှင်မြန်ဆုံး အရှိန်ဖြင့် တိုးဝင်လာခဲ့သည်။ တစ်ချိန်တည်းတွင်ပင် သူ၏ လောကနယ်မြေမှာ ပြန့်ကား ထွက်လာခဲ့၏။ တောက်ပသည့် သွေးနီရောင် ကမ္ဘာတစ်ခု ထွက်ပေါ်လာကာ ပတ်ဝန်းကျင် အရပ်မျက်နှာတိုင်းသို့ မီတာနှစ်ဆယ်စီ လွှမ်းခြုံသွားခဲ့သည်။
ထာဝရကမ္ဘာ၏ ထူးခြားသော ဝိသေသလက္ခဏာများကြောင့် လောကနယ်မြေများကို ပြင်းထန်စွာ ကန့်သတ်ထားကာ ပျံသန်းနိုင်စွမ်းကိုလည်း တားမြစ်ထားသည်။ သို့သော်လည်း... ထာဝရ ကမ္ဘာမှာ လောကနယ်မြေကို မူလ အရွယ်အစား၏ အစပေါင်း နှစ်ထောင်ပုံ တစ်ပုံတော့ ထုတ်ဖော်ခွင့် ပြုထားပေသည်။
အပြင်လောက၌ ဆိုလျှင် သူ၏ လောကနယ်မြေမှာ ကီလိုမီတာ ၄၀,၀၀၀ အထိ ဖြန့်ကျက် တည်ရှိလိမ့်မည် ဖြစ်သည်။ ထိုအရာမှာ ထိပ်တန်း အဆင့် ကြယ်တာရာ သခင် တစ်ပါး ထက်ပင် ကျော်လွန်နေသည်။ ထိုအချက်တစ်ခုတည်းက ပင်လျှင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ ကျင့်ကြံခြင်း အခြေခံမှာ မည်မျှ ထူးခြားကြောင်း ထင်ရှားနေချေပြီ ဖြစ်သည်။
နာ့ရှင်းရီ၏ တုံ့ပြန်မှုက ရိုးရှင်းပေသည်။
လောက သံချပ်ကာ...
ဟူး... ဟူး...
ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်ကို ဝန်းရံ၍ အလင်းနံရံ တစ်ခု ပေါ်လာခဲ့၏။ ၎င်းက အသာအယာပင် မကောင်းဆိုးဝါး ကျင့်ကြံသူ၏ အဖျက်စွမ်းအင်များကို ကာကွယ်လိုက်သည်။ သူမက အဖြူရောင်ဓားကို ကိုင်ဆောင်ကာ အကာအကွယ် အတွင်းမှာပင် ရပ်နေခဲ့၏။ သူမ၏ မျက်လုံးများက ခံစားချက် ကင်းမဲ့နေကာ မည်သို့မျှ မထိခိုက်ပုံရသည်။
မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ အမူအရာမှာ ထိတ်လန့် တုန်လှုပ်ခြင်းများနှင့် ပြည့်နှက် သွားခဲ့၏။ ထာဝရ ကမ္ဘာ ထဲသို့ မိုက်မဲစွာ ဝင်ရောက်လာသူများထဲတွင် မည်သူက ထိုမျှ အဆင့်မြင့်သည့် နည်းလမ်းမျိုးကို ကျွမ်းကျင်ခဲ့ဖူးလို့နည်း။
လောကနယ်မြေကို သံချပ်ကာ တစ်ခု အဖြစ် ဖန်တီးကာ အသုံးချသည့် လောက သံချပ်ကာ နည်းလမ်းမှာ စုမေ့ တီထွင်ခဲ့သည့် နည်းစနစ် တစ်ခု ဖြစ်သည်။ ထိုနည်းလမ်းမှာ ဝေ့ဝူယင်၏ အဂ္ဂိရတ် ထုတ်ကုန် တစ်ချို့ နည်းတူပင် ကျင့်ကြံခြင်း လူ့အဖွဲ့အစည်း၏ စံနှုန်းများကို မြှင့်တင်ပေးခဲ့သည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်လို အဆင့်မြင့် ယဉ်ကျေးမှုတွင်ပင် စံနှုန်းတစ်ခုအဖြစ် ပျံ့နှံ့စေခဲ့သည်။
ဤရွေးချယ်ခံ မျိုးဆက်မှာ ယခင်မျိုးဆက်များထက် အဆပေါင်းများစွာ ပိုမို သာလွန်လာကြောင်း နောက်ဆုံး၌ မကောင်းဆိုးဝါး စောင့်ကြပ်သူ သဘောပေါက် သွားခဲ့၏။ သူ၏ မျက်လုံးများက လောဘ အလင်းရောင်များဖြင့် တောက်ပလာသည်။ နာ့ရှင်းရီ၏ တန်ဖိုးက သူ၏ နှလုံးသားထဲတွင် ပိုမို၍ တိုးမြင့်လာခဲ့သည်။ သူ တံစဉ်ကို ကိုင်ဆောင်ရင်း သွေးရောင် လေပွေတစ်ခု အလား ရှေ့သို့ ပြေးတက် လာခဲ့၏။
အဝေးမှ စောင့်ကြည့်နေသည့် ဝူပိုင်ကျိုး၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ဘုန်း...
ထိုအခိုက်တွင်ပင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ တိုက်ခိုက်မှုက နာ့ရှင်းရီ အပေါ် ကျရောက် သွားခဲ့ပြီ ဖြစ်သည်။ သူ၏ တံစဉ်က နာ့ရှင်းရီ၏ ပခုံးကို ပစ်မှတ်ထားကာ ထက်ခြမ်းခြမ်းရန် ရည်ရွယ်ထား၏။ သူက ထိုတိုက်ခိုက်မှုတွင် မည်သည့်အရာကိုမှ ချန်လှပ်ထားခြင်း မရှိပေ။
ဝှစ်...
နာ့ရှင်းရီ ရွေ့လျားသွားသည်။ သူမ၏ ထုတ်ဖော်လိုက်သည့် အမြန်နှုန်းက နှေးကွေးသယောင် ထင်ရသော်လည်း တစ်ချိန်တည်း၌ လျှပ်စီးလက်သည့် အလား လျှင်မြန်လှသည်။
ယခုတစ်ကြိမ်တွင်တော့ သတ္တုချင်း ထိခတ်သံ မကြားရချေ။ တိုက်ခိုက်နေသူ နှစ်ဦးမှာ ချက်ချင်းပင် နေရာချင်း လဲလှယ်သွားကြ၏။ သွေးရောင်လွှမ်းနေသည့် လောကနယ်မြေမှာ ရုတ်တရက် လွင့်စဉ်သွားခဲ့သည်။
လင်းကျိရန်၏ မျက်လုံးများ ပြူးကျယ်သွား၏။ ဟယ်ယန်းလဲ့၏ အသက်ရှူသံများမှာ ရပ်တန့်သွားသည်။
ဝှစ်... ဝှစ်...
လက်နှစ်ဖက်မှာ လေထဲတွင် ဝဲပျံသွားကာ သွေးများမှာ ပန်းထွက်သွားခဲ့၏။ ချက်ချင်းပင် မြေပြင် တစ်ခုလုံး ချင်းချင်းနီ သွားခဲ့သည်။ မြက်ပင်များမှာ တရှဲရှဲ မြည်နေကာ မြေကြီးမှာ သွေးများကို စုပ်ယူနေသကဲ့သို့ ထူးဆန်းသည့် အသံများ ထွက်ပေါ်လာသည်။
နာ့ရှင်းရီက တည်ငြိမ်စွာပင် ဝူပိုင်ကျိုးကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူမက လှပစွာ ပြုံးလိုက်သည်။
“ပိုင်ကျိုး... နင် ငါ့ကို အခွင့်အရေး မပေးခဲ့သင့်ဘူး”
သူမ စကားအဆုံးသတ်၌ မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ မျက်လုံးများက ပုံမှန်မဟုတ်ဘဲ ပြူးကျယ်လာခဲ့သည်။ ပူနွေးနေသည့် သွေးများမှာ ပြတ်တောက်နေသည့် သူ့ လက်မောင်းများမှ ပန်းထွက်နေ၏။ ထို့နောက်တွင်တော့ သူ့လည်ချောင်း တစ်လျှောက်တွင် ပြီးပြည့်စုံသည့် အလျားလိုက် မျဉ်းကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဘုန်း...
ဦးခေါင်း မြေပြင်သို့ ပြုတ်ကျသွားခဲ့သည့်နောက် ခန္ဓာကိုယ်မှာလည်း ခွေယိုင် လဲကျသွားခဲ့လေ၏။ ဝူပိုင်ကျိုးမှာ မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ အလောင်းကို လှမ်းကြည့်ခြင်း မရှိပါချေ။ ထို့အစား သူမက လှံကို ကိုင်ရင်း ပခုံးတွန့်လိုက်မိသည်။
“ငါက ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားတာ...”
ဝူပိုင်ကျိုးက ဘာမှ မဟုတ် သကဲ့သို့ ပြောလိုက်သော်လည်း သူမ၏ အသံက နောင်တရသည့် အငွေ့အသက်များနှင့် ဖုံးလွှမ်း နေခဲ့သည်။
နာ့ရှင်းရီက ပြုံးလိုက်၏။
“ငါရောပဲလေ...”
သူမက ပြတ်နေသည့် လက်တစ်ဖက်ဆီသို့ လျှောက်သွား၏။ ထို့နောက် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ အာကာသ လက်စွပ်က သူမထံသို့ ပျံဝဲဝင်ရောက်ရှိလာခဲ့သည်။
ဒုန်း... ဒုန်း... ဒုန်း...
ဟယ်ယန်းလဲ့၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်နေခဲ့ကာ ပေါက်ကွဲတော့မတတ်ပင် ဖြစ်နေခဲ့သည်။ အစွန်းရောက် ယင်နတ်မိမယ်မှာ နာမည် ကျော်ကြားနေသည့် အတိုင်း အတိအကျပင် ဖြစ်သည်။ စိတ်ပျက်အားငယ်မှုများက သူ၏ စိတ်နှင့် ခန္ဓာ နှစ်ခုစလုံးကို လွှမ်းခြုံသွားကာ အော်ဟစ်ငိုကြွေးချင်စိတ်များပင် ပေါ်ပေါက်လာခဲ့သည်။
“ရှင်းရီ... နင် တော်တော် တိုးတက်လာတာပဲ”
လင်းကျိရန်က ချီးကျူးလိုက်ရင်း တွားသွားကာ ထွက်ပြေးဖို့ ကြိုးစားနေသည့် ဟယ်ယန်းလဲ့ထံသို့ လျှောက်သွားလိုက်၏။ ထို့နောက် သူမ ခြေထောက်ဖြင့် အားရပါးရ ကန်လိုက်သည်။
ဘုန်း...
ဦးခေါင်းခွံကို အားဖြင့် ရိုက်ခတ်လိုက်သကဲ့သို့ ပြင်းထန်သည့် အသံတစ်ခု ထွက်ပေါ်လာကာ ဆက်တိုက်ဆိုသလိုပင် ကျောချမ်းဖွယ်ရာ ကွဲအက်သံတစ်ခု ပဲ့တင်ထပ်လာခဲ့၏။ ဟယ်ယန်းလဲ့၏ ဦးခေါင်းမှာ ထိုပြင်းအားကြောင့် နောက်သို့ပင် ဆတ်ခနဲ လည်သွားကာ နာကျင်စွာ အော်ဟစ်ရင်း မြက်ခင်းပေါ်တွင် လူးလိမ့်နေခဲ့၏။ သူ၏ လက်ချောင်းများက တဆတ်ဆတ် တုန်ရီနေခဲ့လေသည်။
“သူ အားနည်းနေတာလည်း ငါတို့ အတွက် အထောက်အကူဖြစ်တယ်”
ဝူပိုင်ကျိုးက မှတ်ချက်ပြုလိုက်၏။ ထို့နောက် သူမက ညည်းညူနေသည့် ဟယ်ယန်းလဲ့ နံဘေးသို့ လျှောက်လာခဲ့သည်။ သူမက လက်ညှိုးထိုး လိုက်ရာ အင်ပါယာ ကောင်းကင်ချီ စွမ်းအင်များ ထွက်ပေါ်လာကာ လူငယ်၏ နားနှင့် နှာခေါင်းများထဲသို့ ဝင်ရောက် သွားခဲ့သည်။
ဟယ်ယန်းလဲ့ တစ်ယောက် နာကျင်စွာ လူးလိမ့်နေကာ အသံတိတ် အော်ဟစ်လိုက်မိ၏။ ထိုနည်းဖြင့်... သူ၏ ကျင့်ကြံခြင်း စွမ်းအားများမှာ လုံးဝ ချုပ်နှိမ်ခံလိုက်ရပြီ ဖြစ်သည်။
နာ့ရှင်းရီကလည်း အနားသို့ လျှောက်လာကာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ အေးစက်စက် ဝိညာဉ် ယင်အလင်း တစ်ခုက လက်ခနဲ တောက်ပသွားသည်။ ဟယ်ယန်းလဲ့၏ ပြည့်လျှံနေသည့် အသက်ဓာတ်များမှာ ရုတ်ချည်းပင် ပျောက်ကွယ်သွားခဲ့၏။ တစ်ဆက်တည်းပင် သူ၏ ယန်ရင်းမြစ် အတွင်းရှိ ယန်စွမ်းအင် အားလုံးမှာလည်း ခမ်းခြောက် သွားခဲ့သည်။ တဒင်္ဂ အတွင်းမှာပင် သူက မသန်မစွမ်း တစ်ယောက် ဖြစ်သွားခဲ့ချေပြီ ဖြစ်သည်။
ယင်-ယန် မညီမျှမှုကြောင့် ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်က ရေခဲ အလား အေးစက်လာခဲ့၏။ ၎င်းက အလွန် နာကျင်ဖွယ်ကောင်းသော အတွေ့အကြုံ ဖြစ်ကာ သေဆုံးလိုစိတ်ပင် ဖြစ်ပေါ်လာစေခဲ့သည်။
***