← Chapters

မကောင်းဆိုးဝါး စောင့်ကြပ်သူ (၂)

Vol. 107 Ch. 1488

မကောင်းဆိုးဝါး စောင့်ကြပ်သူ (၂)

Vol. 107 Ch. 1488

အခြားတစ်ဖက်၌... လင်းကျိရန် ဟယ်ယန်းလဲ့ဘက်ကို လှည့်လိုက်၏။ သူမ၏ မျက်လုံးများက ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေခဲ့သည်။

ထိုအခိုက်၌... ဟယ်ယန်းလဲ့မှာ အလွန်ပင် အားနည်းနေကာ မတ်တပ်ရပ်ဖို့ပင် မတတ်နိုင်အောင် ဖြစ်နေခဲ့သည်။ သူ၏ ပင်လယ်ပြာရောင် ဝတ်ရုံများမှာ ရေစွမ်းအင်များဖြင့် ရွှဲရွှဲစိုနေခဲ့၏။

“စိတ်ချ... နင်ဒီထက် ဆိုးတာတွေ ကြုံရဦးမှာပါ...”

လင်းကျိရန်က ဟယ်ယန်းလဲ့ဘက်သို့ လမ်းလျှောက်သွားလိုက်ရင်း တီးတိုးပြောလိုက်သည်။ သို့သော်လည်း... သူ့ထံသို့ ရောက်လုရောက်ခင်မှာပင် သူမ လျင်မြန်စွာ နောက်သို့ ခုန်ဆုတ်လိုက်၏။

ဘုန်း...

သွေးနီရောင် ကြယ်တာရာ စွမ်းအင်လှိုင်းတစ်ခုမှာ မြေပြင်နှင့် မြက်များကို ထက်ဝက် ခုတ်ပိုင်းလိုက်ကာ လင်းကျိရန်နှင့် ဟယ်ယန်းလဲ့တို့ကို ခွဲထုတ်လိုက်သည်။ လင်းကျိရန်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့၏။ မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ လှုပ်ရှားခဲ့သော်လည်း သူက သူမကို တိုက်ခိုက်ခြင်းမပြုဘဲ ဟယ်ယန်းလဲ့ထံသို့ ရောက်ရှိခြင်းကိုသာ တားဆီးခဲ့ခြင်း ဖြစ်သည်။

“ငါ သူ့ကို ဘာမှ မလုပ်နိုင်ဘူး ဆိုပေမဲ့ ငါ့ရဲ့ ချစ်လှစွာသော ဂျူနီယာလေးကတော့ လုပ်နိုင်တယ်... မင်း အဲဒီနေရာမှာပဲ ခဏစောင့်ပါလား မျက်လုံးပြာလေး... သူ ရောက်လာရင် မင်း သူနဲ့ ပြိုင်ပွဲလေးတစ်ခု လုပ်လို့ရတယ်... ဟုတ်ပြီလား....”

မကောင်းဆိုးဝါး စောင့်ကြပ်သူက ပြုံးလိုက်သည်။ သူ၏ မျက်နှာသွင်ပြင်ကို မဆုံးဖြတ်နိုင်သော်လည်း ကြောက်မက်ဖွယ်ကောင်းသည့် ပုလဲဖြူသွားများကတော့ မုဆိုးဆန်လှကာ ဆိုးသွမ်းသော အငွေ့အသက်များကို ပေးနေခဲ့သည်။

“ဟုတ်လား... နင့်ကိုယ်နင် အရင် ဂရုစိုက်သင့်တယ်”

နာ့ရှင်းရီက အဝေးမှ မှတ်ချက်ပြုလိုက်၏။ လင်းကျိရန်ကတော့ ဟယ်ယန်းလဲ့ကိုသာ မျက်စိဒေါက်ထောက် ကြည့်နေခဲ့သည်။ ထိုခွေးကောင် ကူးစက်ခံထားသည့် ထူးဆန်းသော မှိုမှာ အသက်အန္တရာယ် ရှိ၊ မရှိ အသေအချာ ပြော၍မရချေ။ သူ ထိုမျှ လွယ်လွယ်ကူကူ သေဆုံးသွားမည့် အရေးကို သူမ ခွင့်ပြုမည် မဟုတ်ချေ။

ဟယ်ယန်းလဲ့ တစ်ယောက်ကတော့ သူ့ကို ဆန့်ကျင်ပြီးရင်း ဆန့်ကျင်နေသည့် ကောင်းကင်ဘုံကို ကျိန်ဆဲရန်သာ တတ်နိုင်တော့သည်။

ဝူပိုင်ကျိုးက အဖြူရောင်ဝတ် ကျင့်ကြံသူကို စိုက်ကြည့်လိုက်၏။

“မကောင်းဆိုးဝါး စောင့်ကြပ်သူတွေက အစွမ်းထက်တယ်... ထိပ်တန်း ရွေးချယ်ခံတွေနဲ့တောင် ယှဉ်ပြိုင်နိုင်တယ်လို့ ကြားဖူးတယ်... အဲဒါ မှန်ရဲ့လားဆိုတာ သိချင်တယ်”

စကားဆုံးသည်နှင့် သူမက လှံကို တဖြည်းဖြည်းချင်း ထုတ်ယူလိုက်သည်။ ထိုလက်နက်၏ ပုံစံက အနည်းငယ် ထူးဆန်းကာ ဘေးဘက်တွင် လခြမ်းဓားသွားတစ်ခု ပါဝင်သည်။ ၎င်းက သာမန် လက်နက် တစ်ခု မဟုတ်ကြောင်း မကောင်းဆိုးဝါး စောင့်ကြပ်သူ ချက်ချင်း သဘောပေါက်သွားခဲ့သည်။ လှံသွားများထဲ၌ သဘာဝ အတိုင်း ဖြစ်တည်နေသည့် ရည်ရွယ်ချက် တစ်ခု တည်ရှိနေသည်။

“မင်း မကြာခင် သိရတော့မှာပေါ့... နောက်ပြီး ငါတို့မှာ ရှိသေးတဲ့ တခြားစွမ်းရည်တွေ အကြောင်းလည်း မင်း ပိုသိလာလိမ့်မယ် ဟီး ဟီး...”

မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်မှု ရှိနေကာ ရွံရှာဖွယ် အဓိပ္ပာယ်နှစ်ခွ စကားလုံးများကို ပြောဆိုနေသော်လည်း ကြယ်တာရာ စွမ်းအင်များကတော့ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို စတင်ကာ လွှမ်းခြုံ လာနေခဲ့၏။ ဆိုးယုတ်သည့် တည်ရှိမှုနှင့်အတူ သူ့ထံတွင် လေးနက်သည့် ခံစားချက်တစ်ခုလည်း ရှိနေခဲ့သည်။ သူက ဝူပိုင်ကျိုးကို လုံးဝ လျှော့မတွက်ထားကြောင်း ရှင်းလင်းလှပေသည်။

ဝူပိုင်ကျိုး၏ လှံမှာ လုံးဝ သာမန်မဟုတ်ချေ။ အကြည့်တစ်ချက်ဖြင့်ပင် ၎င်းမှာ လျှို့ဝှက်မြေကြီး အဆင့်၌ ရှိနေကြောင်း ထင်ရှားလှပေသည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၌ ပြင်ပလက်နက်များ ယူဆောင်လာခြင်းကို ကန့်သတ်ထားခြင်း မရှိချေ။ ဆေးတောင့်များကိုပင် လွတ်လပ်စွာ ခွင့်ပြုထားသည်။

မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ အယူအဆအရ... ရွေးချယ်ခံ တစ်ယောက် ဖြစ်လာဖို့ အတွက် ဆိုလျှင် ကျင့်ကြံသူ တစ်ယောက်မှာ မိမိ ကျင့်ကြံထားသည့် စွမ်းအင် တစ်မျိုးတည်းကိုသာ အမှီသဟဲ ပြု၍ မရချေ။ နောက်ခံ အင်အားစုနှင့် ပံ့ပိုးနိုင်မှုများမှာလည်း အက္ခရာ ကျပေသည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ ကျင့်ကြံခြင်း၏ ရှုထောင့်အားလုံးကို စမ်းသပ်သည့် ပြိုင်ပွဲမျိုး ဖြစ်သည်။

သို့သော်လည်း... ပြိုင်ပွဲ၌ မိမိ၏ အရည်အချင်းထက် ကျော်လွန်သည့် အရာများကို အသုံးပြုခြင်းသည် မကြာခဏဆိုသလို ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပေသည်။

ဝှစ်...

ကြယ်တာရာ သခင် မကောင်းဆိုးဝါး စောင့်ကြပ်သူက မဟူရာ တံစဉ်တစ်ချောင်းကို ထုတ်ယူလိုက်၏။ ၎င်းမှာ အလွန် ထက်မြိသည့် အသွားများကို ပိုင်ဆိုင်ထားကာ အဝေးမှ ကြည့်ရုံဖြင့်ပင် ရန်သူကို ခုတ်ပိုင်းနိုင်မည်ဟု ခံစားရသည်။ သူ၏ လက်နက်သည်လည်း အလားတူပင် လျှို့ဝှက်မြေကြီး အဆင့် ဖြစ်သည်။

မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ လူသတ်သမားများ သို့မဟုတ် သတ်ဖြတ်လိုသူများကို သုတ်သင်ရန် တာဝန်ပေးခံထားရလေရာ ထိုတာဝန်ကို အောင်မြင်ရန် အတွက် လုံလောက်သည့် အားသာချက်များ လိုအပ်ပေသည်။ ဤတံစဉ်သမှာ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သည့် ထူးခြားသော လက်နက်တစ်ခု ဖြစ်သည်။

ဝူပိုင်ကျိုးက ကိုယ်ဟန်အနေအထားကို ရှေ့သို့ ယိမ်းလိုက်ရင်း လှံကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူမပတ်ဝန်းကျင်ရှိ လေထုမှာ ချက်ချင်း ပြောင်းလဲသွားသည်။ ပြင်းထန်သည့် ဖိအားများမှာ လောကကို တိတ်ဆိတ်စွာ ဖုံးလွှမ်းသွားခဲ့၏။ သူတို့နှစ်ဦးမှာ ဆန့်ကျင်ဘက် အရပ်တွင် ရှိနေကာ ကြားထဲတွင် သစ်ပင်အချို့ ရှိနေခဲ့သည်။

“ငါ မင်းရဲ့ မျက်နှာ လှလှလေးကို ပစ်မှတ်မထားဘူး... စိတ်မပူနဲ့... အဲ နောက်ပြီး ဟိုရင်သားကြီးတွေကိုလည်း ရှောင်ပြီး တိုက်ပါ့မယ်”

ဝှစ်...

ကြယ်တာရာ သခင် မကောင်းဆိုးဝါး စောင့်ကြပ်သူက စကားပြောနေရင်းပင် စတင်ကာ လှုပ်ရှားလိုက်၏။ သူ၏ လှုပ်ရှားမှုက လျှပ်စီးကဲ့သို့ လျင်မြန်ပြီး သူ၏ တံစဉ်ကို ဝှေ့ယမ်းကာ ဝူပိုင်ကျိုးဘက်သို့ ခုတ်ချလိုက်သည်။ သူက ထိုတိုက်ခိုက်မှု၌ မည်သည့် ကြယ်တာရာ စွမ်းအင်များကိုမှ သုံးမထားခဲ့ချေ။

ဝူပိုင်ကျိုးမှာ တုန်လှုပ်ခြင်း မရှိသလို အံ့အားသင့်ခြင်းလည်း မရှိခဲ့ချေ။ သူမ စိတ်ရှည်ရှည်နှင့်ပင် စောင့်နေခဲ့၏။ မကောင်းဆိုးဝါး စောင့်ကြပ်သူ လက်လှမ်းမီရာသို့ ရောက်ရှိလာသည့် အခါမှသာ သူမက ညာဘက်ခြေထောက်ကို နောက်သို့ ညင်သာစွာ ဆုပ်၍ အားယူလိုက်ရင်း လှံကို ရှေ့သို့ ထိုးစိုက်လိုက်၏။

ချွမ်း...

တံစဉ်နှင့် လှံတို့ ထိပ်တိုက် တွေ့သွားလေရာ ပြင်းထန်သည့် သတ္တုခတ်သံ တစ်ချက် ထွက်ပေါ်လာခဲ့သည်။ ဆက်တိုက်ဆိုသလိုပင် နေမင်း၏ အလင်းရောင် အောက်၌ အရိပ် နှစ်ခုမှာ လျှပ်စီး အလား လှုပ်ရှားနေကာ အလျှင်အမြန် တိုက်ခိုက်မှုများကို ဖလှယ်လိုက်ကြသည်။

ချွမ်း...

ဝူပိုင်ကျိုးက တံစဉ်ကို လခြမ်းအသွားဖြင့် ထိမှန်စေကာ လှည့်ပတ်လိုက်ခြင်းဖြင့် ၎င်းကို ကွေးညွတ်သွားစေခဲ့၏။ ကြယ်တာရာ သခင် အဆင့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ အံ့အားသင့်သွားခဲ့သည်။ သူ ချက်ချင်းပင် ခန္ဓာကိုယ် ဟန်ချက် ပျက်သွားကာ တံစဉ်ကို ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ဝူပိုင်ကျိုး၏ မျက်လုံးများက လင်းလက်သွားပြီး နောက်ထပ် တိုက်ခိုက်မှု တစ်ခုကို စတင် လိုက်သည်။ သူမ၏ သွယ်လျသော ခြေထောက်လှာ ရှေ့သို့ ခုန်ထွက်သွားကာ အာကာသ၊ လေထုနှင့် ဆွဲငင်အားတို့ကို ထိုးဖောက်ရင်း မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ ဝမ်းဗိုက်ရှိ အားအနည်းဆုံး နေရာကို ပစ်မှတ်ထားလိုက်၏။ ၎င်းက အလွန်ပင် တိကျ ပြင်းထန်ကာ သာမန် ဂြိုဟ်အငယ်စား တစ်လုံးကိုပင် ကပ်ဘေးများ ဖြစ်ပေါ်စေရန် လုံလောက်သည့် စွမ်းအားများကို ထိန်းသိမ်းထားသည်။

မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ သွေးနီရောင် မျက်လုံးများမှာ ပြင်းထန်သည့် သတိပေးခြင်း အငွေ့အသက်များနှင့် ပြည့်နှက် သွားခဲ့သည်။ သူ၏ ဘယ်ဘက်လက်ဖြင့် ဝူပိုင်ကျိုး၏ ခြေထောက်ကို ပိတ်ဆို့လိုက်သည်။

ခရက်...

စွပ်...

အရိုးနှစ်ချောင်း ကျိုးပဲ့သံ၊ အသားထဲသို့ ထိုးဖောက်ဝင်ရောက်သံနှင့် သွေးများ ပန်းထွက်လာသည့် အသံများမှာ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။ သို့သော် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ သွေးပျက်သွားခြင်း မရှိပဲ ထိုအချိန်ကို အသုံးပြု၍ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းသိမ်းကာ တံစဉ်ဖြင့် ဝူပိုင်ကျိုး၏ ခြေထောက် ဒူးဆစ်အပေါ်ပိုင်းကို လှီးဖြတ်လိုက်သည်။ လျှို့ဝှက်မြေကြီး အဆင့် လက်နက် တစ်ခု၏ လှီးဖြတ်ခြင်းကို ခံရပါက ခြေထောက်တစ်ဝက်မှာ သံသယ ရှိစရာ မလိုပဲ ပြတ်တောက်သွားလိမ့်မည် ဖြစ်သည်။

“ဟူး...”

ဝူပိုင်ကျိုး အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်၏။ မကောင်းဆိုးဝါး စောင့်ကြပ်သူထံမှ ပြင်းထန်သည့် တန်ပြန် တိုက်ခိုက်မှု အပေါ် သူမ ထိတ်လန့်ခြင်း မရှိသလို အံ့အားသင့်ခြင်းလည်း မရှိပါချေ။ သူမက နောက်ဆုတ်ရမည့် အစား ဘယ်ဘက် ခြေထောက်ကို မြေကြီးပေါ်တွင် ခိုင်မာစွာ ထောက်လိုက်၏။ ထိုနေရာရှိ မြေကြီး၊ ဖုန်မှုန့်၊ မြက်နှင့် ကျောက်တုံးများမှာ လွင့်စဉ် ထွက်သွားခဲ့သည်။ ထပ်ပေါင်းထည့်လိုက်သည့် အင်အားကြောင့် သူမ၏ ညာဘက် ခြေကန်ချက်မှာ နောက်ထပ် စွမ်းအားတစ်ခု ရရှိသွားကာကာ ကျိုးပဲ့နေသည့် လက်မောင်းကို ထပ်မံ၍ ပြင်းပြင်းထန်ထန် ဖိအားပေးလိုက်သည်။

“မင်း...”

မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ အော်ဟစ်ရင်း လွင့်စင်သွားခဲ့၏။ သူ့တံစဉ်မှာလည်း ပစ်မှတ်ကို လုံးဝ လွဲချော်သွားခဲ့ပြီ ဖြစ်သည်။

ဝူပိုင်ကျိုးက ညာဖက် ခြေထောက်ကို ပြန်လည် ဆွဲယူကာ ဟန်ချက်ထိန်းရင်း မတ်တပ်ရပ်လိုက်၏။ ထို့နောက် သူမက လှံထိပ်ဦးကို အဝေးရှိ မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ လည်ချောင်းဆီသို့ ချိန်ရွယ်လိုက်သည်။ သူမ၏ မျက်လုံးများက အပြောင်းအလဲ မရှိ တည်ငြိမ် နေခဲ့၏။

“ငါးစက္ကန့်...”

နာ့ရှင်းရီက စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်၏။ ဝူပိုင်ကျိုးက ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ပြင်လိုက်ရင်း သက်ပြင်းတစ်ချက် ချကာ တံစဉ်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။

“သူ့ကို မသေစေနဲ့နော်...”

ထို့နောက်... သူမက နောက်သို့ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည် ဆုတ်သွားခဲ့၏။

“...”

မကောင်းဆိုးဝါး စောင့်ကြပ်သူ အံသွားများကို ခပ်တင်းတင်း ကြိတ်လိုက်မိသည်။ နှစ်ပေါင်းများစွာ ကာလ အတွင်း သူ၏ ယုံကြည်မှုက ပထမဆုံးအကြိမ်အဖြစ် ယိမ်းယိုင်သွားသလို ခံစားလိုက်ရသည်။ ယခုတစ်ခေါက် ရွေးချယ်ခံများထဲတွင် ထိုမျှ ကြောက်မက်ဖွယ် ကောင်းသည့် လူတစ်ယောက် ပါလာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့‌ချေ။

ဝှစ်...

နာ့ရှင်းရီမှာ ရှေ့သို့ လျင်မြန်စွာ ရွေ့လျားလာကာ မကောင်းဆိုးဝါး စောင့်ကြပ်သူ ရှေ့ ဆယ်ပေခန့် အကွာတွင် ရပ်တန့် လိုက်သည်။ ၎င်းက ကြယ်တာရာ သခင်များ အတွက် မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ရောက်ရှိနိုင်သည့် အကွာအဝေးမျိုး ဖြစ်သည်။

“နင် သုံးပွင့်ဆိုင် အချစ်ရေး လုပ်ချင်တယ် ဟုတ်လား...”

နာ့ရှင်းရီက လှပစွာ ပြုံးလိုက်ရာ ဟယ်ယန်းလဲ့နှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူတို့ နှစ်ယောက်လုံး ခန္ဓာကိုယ် အပူချိန်များ မြင့်တက်သွားသလို ခံစားလိုက်ရသည်။ သူတို့ မသိစိတ်မှ တံတွေးများ မြိုချလိုက်မိကြ၏

“ငါးစက္ကန့်...”

နာ့ရှင်းရီက လက်ငါးချောင်း ထောင်ပြလိုက်၏။

“ငါးစက္ကန့် အတွင်း နင့်ရဲ့ လက်နှစ်ဖက်စလုံးကို မဖြတ်နိုင်ရင် ငါ နင့်ဆန္ဒကို ဖြည့်ပေးမယ်...”

သူမ၏ အသံမှာ ဆွဲဆောင်မှုရှိကာ ယင်စွမ်းအင်၏ နူးညံ့သိမ်မွေ့မှုများနှင့် ပြည့်နှက်နေသော်လည်း တစ်ချိန်တည်း၌ စိုးမိုးခြယ်လှယ်လိုစိတ်နှင့် မထီမဲ့မြင်ပြုခြင်းများ ပါဝင်နေသည်။

မကောင်းဆိုးဝါး စောင့်ကြပ်သူက ဆေးလုံးတစ်လုံးကို ထုတ်ယူ၍ သောက်လိုက်သည်။ သူ၏ လက်မောင်းရှိ ဒဏ်ရာများက မီးခိုးများဖြင့် အငွေ့ပျံလာကာ အရိုး၊ အသားများနှင့် အရေပြားတို့မှာ လျင်မြန်စွာ ပြန်လည် ကောင်းမွန် သွားခဲ့သည်။

သေမျိုး မျက်တောင်တစ်ခတ်စာမျှ အတွင်းမှာပင် သူ၏ လက်မောင်းမှာ အကောင်း ပကတိ ဖြစ်သွားခဲ့လေပြီ ဖြစ်သည်။

***

All Chapters