မကောင်းဆိုးဝါး စောင့်ကြပ်သူ
Vol. 107 Ch. 1487
အဖြူရောင် ဝတ်စုံဝတ်က ဟယ်ယန်းလဲ့၏ နံဘေးကို လျှောက်လာကာ ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။ ထို့နောက် ဖြူရော်ကာ မောပန်းနွမ်းနယ်နေသည့် မျက်နှာ အမူအရာကို စစ်ဆေးလိုက်ရင်း...
“မင်း အပျက်အစီး ဖုန်မှုန့်မျိုးစေ့တွေ အများကြီး ရှူမိသွားပြီ... တကယ်ဆို မလှုပ်ရှားသင့်တော့ဘူး... ငါမှန်းတာသာ မှန်မယ် ဆိုရင် မင်းမှာ ရေအမျိုးအစား ကြယ်တာရာ ဝိညာဉ် ရှိတယ် မလား”
ဟယ်ယန်းလဲ့၏ နဖူးနှင့် လည်ပင်းတို့တွင် ချွေးများမှဦ မိုးရွာသကဲ့သို့ ရွှဲနစ် နေခဲ့၏။
“ဘယ်... ဘယ်လိုလုပ်ပြီး...”
စက္ကန့်တိုင်း စက္ကန့်တိုင်း၌ ပိုမို၍ အားနည်းလာနေသည်ကို သူ ခံစားနရသည်။ ဖုန်မှုန့်မှိုစေ့ ဆိုသည်က အဘယ်နည်း။
“တကယ့်ကို ငချွပ်လေးပဲ... ထာဝရ ကမ္ဘာက ထာဝရ ဧကရာဇ်ရဲ့ ဥယျာဉ်လို့တောင် ပြောလို့ရတယ်... သူက သစ်ပင်မျိုးစိတ် အသစ်တွေကို ဖန်တီးဖို့အတွက် ဒီနေရာမှာ စမ်းသပ်မှုတွေ အများကြီး လုပ်ခဲ့ဖူးတယ်... ထာဝရ ဧကရာဇ်က အဂ္ဂိရတ် ဝိညာဉ်ပိုင်ရှင် ဆိုပေမဲ့ သူက သစ်သား အခြေပြု စွမ်းအင်တွေကို ကိုင်တွယ်တဲ့ နေရာမှာလည်း အရမ်း ကျွမ်းကျင်တယ်”
“ဖုန်မှုန့်မှိုစေ့ ဆိုတာကတော့ ဖုန်မှုန့် ကျောက်တုံးတွေ၊ နတ်ဘုရားမှိုတွေနဲ့ သာမန် ပေါင်းပင်တွေကို ပေါင်းစပ်ပြီး ဖန်တီးထားတဲ့ မျိုးစေ့တွေပဲ... သာမန်အပင်တွေနဲ့ မတူတာက ဒီအပင်က ခန္ဓာကိုယ်ထဲမှာပဲ ပေါက်ရောက်တယ်... ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ရေဓာတ်နဲ့ စွမ်းအင်တွေကိုပဲ စုပ်ယူတယ်... မင်းရဲ့ ရေအမျိုးအစား ကြယ်တာရာ ဝိညာဉ်က အဲဒီ မျိုးစေ့ကြောင့်ပဲ ရေဓာတ်ပမာဏကို ထိန်းညှိဖို့ အများကြီး ကုန်ကျနေခဲ့တာ...”
အဖြူရောင်ဝတ် ကျင့်ကြံသူက အားနည်းနေသည့် ဟယ်ယန်းလဲ့ကို လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်လိုက်၏။
“ဒီကိစ္စတွေကို ရှင် ဘယ်လိုသိတာလဲ...”
လင်းကျိရန် အံ့အားသင့်သွားခဲ့၏။ ထိုကျင့်ကြံသူနှင့် ပတ်သက်သည့် ထူးဆန်းသည့် ခံစားချက် တစ်ခုကို သူမ ခံစားနေရသည်။
“အို ဟိုး... မျက်လုံးပြာလေး... မင်း သိချင်ရင် ဒီည ကိုယ့်ဆီကို လာခဲ့ပါလား... ကိုယ် မင်းကို အများကြီး ပြောပြမှာပေါ့...”
အဖြူရောင်ဝတ်က တောက်ပစွာ ပြုံးလိုက်ရင်း ပုလဲကဲ့သို့ ဖြူဆွတ်လှသည့် သွားများကို ထုတ်ဖော် ပြသလိုက်သည်။
လင်းကျိရန်၏ အံ့အားသင့်မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။ ထို့အစား ရွံရှာမှုနှင့် ခံစားချက် ကင်းမဲ့မှုတို့က သူမ၏ မျက်ဝန်းများ အတွင်း ပြန်လည်၍ နေရာယူလာခဲ့သည်။
“ကျိယန်... ဟယ်ယန်းလဲ့ကို မသေစေနဲ့...”
ဝူပိုင်ကျိုးက လင်းကျိရန်ကို သတိပေးလိုက်၏။ နာ့ရှင်းရီကတော့ သူမ၏ ဆံနွယ်စများကို နားနောက်သို့ သပ်တင်လိုက်သည်။
“ရှင် ဘယ်သူ့အတွက် ဒီကိုလာတာလဲ... ကျွန်မတို့အတွက်လား ဒါမှမဟုတ် သူ့ အတွက်လား...”
ထာဝရ အစည်းအရုံးမှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲအကြောင်း သတင်းအချက်အလက်များကို တတ်နိုင်သမျှ လျှို့ဝှက်ထားဖို့ ကြိုးစားခဲ့သော်လည်း နှစ်ပေါင်းထောင်ချီ ကာလ အတွင်း အချို့မှာ ထိန်းချုပ်၍ မရနိုင်လောက်အောင် ယိုစိမ့် ထွက်ပေါ်လာခဲ့ပေသည်။
၎င်းတို့ထဲမှ တစ်ခုကတော့ ထာဝရ ကမ္ဘာ၏ မကောင်းဆိုးဝါး စောင့်ကြပ်သူများ အကြောင်းပင်။ သူတို့မှာ ထာဝရ ကမ္ဘာကို ကိုင်တွယ်ဖို့ ပြစ်ဒဏ်ချမှတ်ခံထားရသည့် ကျင့်ကြံသူ အဖွဲ့တစ်ဖွဲ့ပင် ဖြစ်သည်။ လျှို့ဝှက် ဆန်းကြယ်သည့် မိစ္ဆာ သစ်ပင် အများစုမှာ သူတို့၏ သြဇာလွှမ်းမိုးမှုအောက်တွင် ပေါက်ဖွားလာခဲ့ခြင်း ဖြစ်ကာ အချို့ကတော့ ယခုတိုင် သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်း ဖြစ်သည်။
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲတစ်ခု ပေါ်လာတိုင်း ထာဝရ ကမ္ဘာထက်၌ လှည့်လည်သွားလာနေသည့် မကောင်းဆိုးဝါး စောင့်ကြပ်သူ လေးဦး အမြဲရှိပေသည်။ သူတို့ တစ်ယောက်ချင်းစီမှာ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်၊ လောကသခင် အဆင့်၊ အချိန်သခင် အဆင့်နှင့် ကြယ်တာရာ အမြုတေ အဆင့် အသီးသီး၌ ရှိကြသည်။ သူတို့၏ မူလရည်ရွယ်ချက်များမှာ ရိုးရှင်းသည်။
သတ်ဖြတ်သူကို သုတ်သင်ဖို့ပင်။
သို့သော်လည်း သူတို့ထံတွင် ကန့်သတ်ချက်များ ရှိပေသည်။ မကောင်းဆိုးဝါး စောင့်ကြပ်သူ တစ်ဦးချင်းစီမှာ သူတို့နှင့် ကျင့်ကြံခြင်း အဆင့်တူသူ သို့မဟုတ် ပိုမို မြင့်မားသူများကိုသာ တိုက်ခိုက်နိုင်သည်။ ကျင့်ကြံခြင်း အဆင့် ပိုမို နိမ့်ပါးသူများကိုတော့ သတ်ဖြတ်၍ မရပါချေ။
“ကြည့်ရတာ မင်းတို့နှစ်ယောက်က ငါ ဘာအတွက် ဒီကိုရောက်လာသလဲဆိုတာ သိနေတဲ့ ပုံပဲ... ဒါဆို မင်းတို့ တော်တော်ပေါ့ဆတာပဲ... ဟား ဟား...”
အဖြူရောင်ဝတ် ကျင့်ကြံသူ၏ ရယ်မောသံက ဘေးနားရှိ သစ်ပင်များကို တုန်လှုပ်သွားစေကာ ပွင့်လန်းနေသည့် ပန်းများကိုပင် အငုံအဖြစ် ပြန်လည် ပြောင်းသွားစေခဲ့သည်။
“မင်းတို့သုံးယောက်စလုံးက သတ်ဖြတ်လိုစိတ်တွေ ထိန်းမနိုင် သိမ်းမရလောက်အောင် လွှတ်ထားခဲ့တာပဲ... ဒါပေမဲ့ ငါက မင်းတို့နှစ်ယောက်အတွက်ပဲ ဒီကိုလာခဲ့တာ... ငါမလာဘူးလို့ မင်းတို့ ထင်နေခဲ့တာလား...”
အဖြူရောင်ဝတ် ကျင့်ကြံသူက ပြောရင်း သူ၏ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံခြင်း အခြေခံကို မှိန်ဖျော့စွာ ဖော်ထုတ်ပြသလိုက်သည်။
“မဟုတ်ဘူး... ရှင် လာမယ်ဆိုတာ ကျွန်မတို့ မျှော်လင့်ထားပြီသား...”
နာ့ရှင်းရီမှာ မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ သဘောထား အပေါ် အနှောင့်အယှက်ဖြစ်ဟန် မရပဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
“နောက်ပြီး ရှင့်ရဲ့ တံဆိပ်က ပထမဆုံး စိန်ခေါ်မှု အတွက် အကျိုးကျေးဇူးတွေ အများကြီး ပေးလိမ့်မယ်... ဟုတ်တယ်မလား”
“အိုး...”
ကြယ်တာရာ သခင် မကောင်းဆိုးဝါး စောင့်ကြပ်သူက သွေးရောင်လက်ဝါးကပ်တိုင်တစ်ခုကို ထုတ်ယူလိုက်ရင်း လှောင်ပြောင်လိုဟန်ဖြင့် ပြောလိုက်သည်။
“ဒါလေးကို ပြောတာလား... ဟုတ်ပါတယ်... ငါ့ရဲ့ အလောင်းကနေ မင်းတို့ယူနိုင်ရင် အကျိုးကျေးဇူး တစ်ချို့ ရလိမ့်မယ်... ဒါပေမဲ့ မင်းတို့ လုပ်နိုင်ပါ့မလား...”
သူက သွေးရောင် လက်ဝါးကပ်တိုင်ကို ပြန်လည် သိမ်းဆည်းလိုက်၏။ သူ့ နှုတ်ခမ်းထက်၌ အပြုံးစစ ပေါ်လာခဲ့သည်။
“ဒါမှမဟုတ် ဒီနေ့ ကံအကောင်းလွန် အလွန်ကောင်းပြီး သုံးပွင့်ဆိုင် အချစ် ဇာတ်လမ်းလေး နွှဲရတော့မှာလား...”
ထို့နောက် သူက ချွေးများ အလွန်အကျွံထွက်ကာ အားအင်ချိနဲ့နေသည့် ဟယ်ယန်းလဲ့ဘက်ကို တစ်ခဏမျှ လှည့်ကြည့်လိုက်သည်။
“မင်းရဲ့ နှလုံးသားကို ငါ ကိုယ်တိုင် မယူနိုင်တာ ကံဆိုးတာပဲ... စည်းမျဉ်းတွေ အားလုံးက တကယ့် ချီးထုပ်တွေ... ရပါတယ်လေ... မင်းကို ငါ့ညီလေးက နောက်မှ ကြည့်လုပ်လိမ့်မယ်...”
ဟယ်ယန်းလဲ့၏ တဖြည်းဖြည်း နီးကပ်လာသည့် သေဆုံးခြင်းကို ကြည့်ရင်း သူ ပျော်ရွှင်စွာဖြင့် ခေါင်းစွပ်အောက်မှ သွားဖြဲပြလိုက်သည်။ ဟယ်ယန်းလဲ့၏ ယခင်ကတည်းက ဖြူဖျော့နေပြီးသား မျက်နှာအမူအရာမှာ သေရွာမှ လူတစ်ယောက်လို ပိုမို၍ ဖြူဖျော့သွားခဲ့သည်။
“ကျိယန်... ဟယ်ယန်းလဲ့ကို မသေစေနဲ့ဦး...”
ဝူပိုင်ကျိုးက ဆိုလိုက်၏။ သူမထံတွင် ထိုလူယုတ်မာကို စစ်ဆေး မေးမြန်းစရာများ ရှိပေသေးသည်။ နာ့ရှင်းရီမှာလည်း သူ့ကို တခြားအရာများ လုပ်ဆောင်လိုသည်မှာ သေချာသည်။
“ကျောက်တုံး-ကတ်ကြေး- စက္ကူ ကစားမလား...”
ဝူပိုင်ကျိုးက နာ့ရှင်းရီဘက်သို့ လှည့်ရင်း မေးလိုက်၏။
“စက္ကန့်သုံးဆယ်ကို တစ်လှည့်စီ...”
နာ့ရှင်းရီက ပြောလိုက်သည်။
“အဲဒါက တအားကြာတယ်လို့ မထင်ဘူးလား”
ဝူပိုင်ကျိုးက နာ့ရှင်းရီကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမက လက်ကို မြှောက်ကာ လက်မနှင့် လက်ချောင်းများကို ဆန့်တန်းလိုက်သည်။
“ငါးစက္ကန့်...”
နာ့ရှင်းရီ ခေါင်းညိတ်လိုက်သည်။
“ပြေတယ်... ငါးစက္ကန့်...”
“အိုး ဟိုး... ငါက ငါးစက္ကန့် တက်ထွက်သမား မဟုတ်ဘူးနော်... ငါ့ကို သိက္ခာတော့ မချကြပါနဲ့... ဟား ဟား...”
ကြယ်တာရာ သခင် အဆင့် မကောင်းဆိုးဝါး စောင့်ကြပ်သူက ကိုယ့်ကိုယ်ကို အလွန် သဘောကျနေဟန်ဖြင့် ရယ်မောလိုက်၏။ ထိုအခိုက်၌ သူ၏ အကြည့်များက အလွန်ပင် ရွံရှာဖွယ်ရာ ကောင်းလှပေသည်။
နာ့ရှင်းရီနှင့် ဝူပိုင်ကျိုးတို့ကတော့ သူနှင့် ဖက်၍ စကားပြောခြင်းပင် မပြုပဲ အပြည့်အဝ လျစ်လျူ ထားခဲ့သည်။ သူတို့၏ အမူအရာများမှာ လောကကြီးနှင့် စစ်ခင်းတော့မည့် အလား တဖြည်းဖြည်း တည်ကြည် လာခဲ့သည်။ သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မျက်နှာချင်း ဆိုင်လိုက်၏။
ထို့နောက် လက်များကို မြှောက်လိုက်ကြ၏။
“ကျောက်တုံး...”
“ကတ်ကြေး...”
“စက္ကူ...”
နာ့ရှင်းရီမှာ စက္ကူ ဖြစ်သည်။
ဝူပိုင်ကျိုးမှာ ကတ်ကြေး ဖြစ်သည်။
ဦးစားပေး အခွင့်အရေးကို ရရှိသွားခဲ့သူကတော့ ချွင်းချက် မရှိ ဝူပိုင်ကျိုးပင်။
“ငါ အရင်...”
ဝူပိုင်ကျိုးက တောက်ပစွာ ပြုံးလိုက်၏။ ပုံမှန်အားဖြင့် သူမမှာ တည်ကြည်ကာ အာဏာရှင်ဆန်သည့် မိန်းကလေး ဖြစ်သော်လည်း ဤအခိုက်အတန့်တွင်တော့ အလွန် ပျော်ရွှင်နေသည့် မိန်းမငယ်လေး တစ်ဦးနှင့် တူနေခဲ့သည်။ သူမ၏ အပြုံးကလေး တစ်ခုကပင် နှလုံးသား တစ်ခုလုံးကို နွေးထွေးစေနိုင်၏။
“ငါ ဘာလို့ တစ်ခါမှ မနိုင်ရတာလဲ...”
နာ့ရှင်းရီက မကျေမနပ်ဖြင့် နှုတ်ခမ်းကို မဲ့ရွဲ့ရင်း တီးတိုးရေရွတ်လိုက်သည်။ အချင်းချင်း သိကျွမ်းခဲ့ကြသည့် အချိန်ကတည်းက ဤရိုးရှင်းသော ကစားနည်းတွင် သူမ ဝူပိုင်ကျိုးကို တစ်ခါမျှ မနိုင်ခဲ့ဖူးချေ။ ၎င်းက သူမ အတွက်ပင် နားလည်ရခက်သည့် ထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။ သူတို့ နှစ်ဦးစလုံးမှာ ကျင့်ကြံခြင်း အခြေခံ တူညီသည့် ကျင့်ကြံသူများ ဖြစ်ကြပြီး တုံ့ပြန်မှုနှင့် အာရုံခံစားမှုများ အမြင့်ဆုံးအဆင့်၌ ရှိသော်လည်း ဝူပိုင်ကျိုးသည်သာလျှင် အကြိမ်တိုင်း အနိုင်ရနေခဲ့သည်။
နာ့ရှင်းရီက မကျေမနပ်ဖြင့် လက်ကို ရင်ဘတ်တွင် ပိုက်ထားလိုက်သည်။ ကြယ်တာရာ သခင် အဆင့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ သူမ၏ ဖောင်းမို့မို့ ရင်ဘတ်ကို လှမ်းကြည့်ရင်း မျှော်လင့်တကြီး တံတွေး မြိုချလိုက်သည်။ ဘယ်လောက်တောင် လှလိုက်သည့် ခန္ဓာကိုယ်နည်း။ ခုန်အုပ်ချင်စိတ်ကို သူ မနည်း ထိန်းချုပ်ထားရသည်။
“သတ်မှတ်ထားတဲ့ အချိန်ကို ကျော်မသွားအောင်ပဲ လုပ်”
နာ့ရှင်းရီက သတိပေးလိုက်၏။ လင်းကျိရန် ဝူပိုင်ကျိုးနှင့် နာ့ရှင်းရီကို ကြည့်ရင်း ပြုံးလိုက်မိသည်။ နှလုံးသား အတွင်း၌ နွေးထွေးမှုလှိုင်း တစ်ခုက ပျံ့နှံ့သွားကာ အတိတ်ကာလမှ အမှတ်တရများက သူမကို ပြန်လည် လွှမ်းမိုးသွားခဲ့တော့၏။
***