လိုက်တမ်းပြေးတမ်း (၂)
Vol. 107 Ch. 1486
“စနေပြီ... ဟုတ်လား...”
လင်းကျိရန် တစ်ယောက် ရှုပ်ထွေးသွားခဲ့၏။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ စတင်ပြီ ဖြစ်ကြောင်း စန်းလော့ယန်၏ ကြေညာသံကို သူမ ကြားခဲ့ရတာတော့ အမှန်ဖြစ်သည်။
လင်းကျိရန်၏ စိတ်ရှုပ်ထွေးမှုများကို ရှင်းလင်းရန် အတွက် ဝူပိုင်ကျိုးက…
“ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲက စနေပြီ… ဒါပေမဲ့ ပထမဆုံး စိန်ခေါ်မှု မစခင် ကိုယ့်ကိုယ်ကို ထိုက်တန်ကြောင်း သက်သေပြရမယ့် ကာလတစ်ခုရှိတယ်… အဲဒါက ခုပဲ… နင့်ရဲ့ ကျင့်ကြံခြင်း အခြေခံက အရမ်းခိုင်မာလွန်းလို့ သတိမထားမိတာ… နင့်ရဲ့ မွေးရာပါ စွမ်းအင်တွေ စီးဆင်းနေတာကို ခံစားကြည့်လိုက်…”
လင်းကျိရန်က ချက်ချင်းပင် သူမ၏ မွေးရာပါ စွမ်းအင် လေးခုကို စစ်ဆေးကြည့် လိုက်သည်။ ထိုအခါ အဆိုပါ စွမ်းအင် လေးမျိုးမှာ သေးငယ်သည့် ပမာဏလေးများဖြင့် စီးထွက်နေသည်ကို အံ့အားသင့်စွာ တွေ့ရှိလိုက်ရ၏။ ၎င်းတို့က အလွန်ပင် သေးငယ် လွန်းလှလေရာ သူမ သတိပင် မထားမိလောက်အောင် ဖြစ်သည်။
“ဒါက…”
လင်းကျိရန် စွမ်းအင် လမ်းကြောင်းကို အကဲခတ် ကြည့်လိုက်ရာ မြေကြီးအတွင်း စိမ့်ဝင်နေကြောင်း တွေ့ရှိလိုက်ရသည်။ သူမ မျက်လုံး ကျင့်စဉ်ကို အသက်သွင်းလိုက်၏။ ထိုအခါ သစ်ပင် ပန်းမန်များ၊ မြက်ခင်းစိမ်းများမှာ ထိုစွမ်းအင်များကို မြေဆီလွှာထဲမှ ပြန်လည် စုပ်ယူနေတာကို တွေ့လိုက်ရသည်။
“ငါတို့အတွက်တော့ ဒီစုပ်ယူမှုက အရေးမပါဘူး… ဒါပေမဲ့ တခြားသူတွေ အတွက်တော့ ဒီလုပ်ငန်းစဉ်က သူတို့ရဲ့ အားအင်ကို အလွန်အကျွံ ကုန်ခမ်းစေတယ်…”
ဝူပိုင်ကျိုးက သစ်ပင်ကြီး တစ်ပင်အောက်တွင် မောပန်းနွမ်းနယ်စွာ ရပ်နေသည့် အသက်လတ် အရွယ် လူတစ်ယောက်ကို လက်ညှိုး ထိုးပြလိုက်သည်။ နာရီဝက်ပင် မပြည့်သေးသော်လည်း သူ၏ ပုံစံက မာရသွန် ပြေးထားသည့် လူတစ်ယောက်လို ပင်ပန်းနွမ်းနယ်နေပုံရသည်။
လင်းကျိရန် စူးစမ်းနေစဉ်မှာပင် အလယ်အလတ်အရွယ် အမျိုးသားမှာ ဘယ်လိုမှ မဟန်နိုင်တော့ဟန်ဖြင့် အနားယူဖို့ လှဲအိပ်လိုက်သည်ကို သူမ မြင်လိုက်ရသည်။ သူ မျက်လုံးများကို မှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ထက်မြိသည့် သစ်ကိုင်းတစ်ခုမှာ လျှပ်စီး ကဲ့သို့ အမြန်နှုန်းဖြင့် ရွေ့လျားလာကာ သူ့ နဖူးကို ထိုးဖောက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ အော်ဟစ်ဖို့ပင် အချိန် မရခဲ့ပါချေ။ သို့သော်လည်း သူ၏ လက်များမှာ နောက်ဆုံးသော ကောက်ရိုးတစ်မျှင်ကို ဖမ်းဆုပ်ဖို့ ကြိုးစားနေသည့် အလား တဆတ်ဆတ်နှင့် အကြောဆွဲ နေခဲ့သည်။ သူ ခံစားနေရသည့် နောင်တတရားမှာ ကြယ်တာကာ ဝိညာဉ်မှ တစ်ဆင့် ပဲ့တင်ထပ် နေခဲ့၏။ ထိုမြင်ကွင်းက အလွန်ပင် ကြမ်းတမ်း ခက်ထန် လွန်းလှသည်။
“...”
ထိုမြင်ကွင်းကို ကြည့်ရင်း လင်းကျိရန် တစ်ယောက် ထိတ်လန့် တုန်လှုပ် သွားခဲ့၏။
“ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲက ရိုးရှင်းတဲ့ စမ်းသပ်မှုတစ်ခု မဟုတ်ဘူး….”
နာ့ရှင်းရီက အသက်လတ်အရွယ် အမျိုးသား သေဆုံးသွားခြင်း အပေါ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အနည်းငယ်မျှပင် မရှိဘဲ မျက်နှာလွှဲလိုက်ရင်း ပြောလိုက်သည်။ ကျင့်ကြံခြင်းလောကတွင် ကိုယ်ပိုင် နာမည်ကို နက်ရှိုင်းစွာ ထွင်းထုဖို့ ရည်ရွယ်ထားသည့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူမမှာ သေဆုံးခြင်းနှင့် သတ်ဖြတ်ခြင်းများကို အသားကျနေခဲ့ပြီ ဖြစ်သည်။
“ဆုလာဘ်တွေလည်း မရှိဘူး…”
ဝူပိုင်ကျိုးက ထပ်ပြောလိုက်၏။ နာ့ရှင်းရီကတော့ အေးစက်စက် နှာခေါင်းရှုံ့ လိုက်သည်။ ဝေ့ဝူယင်က ပေးအပ်ခဲ့သည့် ရင်းမြစ်များနှင့် နှိုင်းယှဉ်လျှင် ပြိုင်ပွဲမှ သူတို့ ရနိုင်သည့် အရာများမှာ အလွန်ပင် နည်းပါးလွန်းသည်။
သူတို့ ဤနေရာ၌ ရောက်ရှိနေရသည့် အကြောင်းရင်းက ရိုးရှင်းသည်။
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ ချိပ်ပိတ် နယ်မြေ အတွင်း အထူးချွန်ဆုံး လူငယ်များ၏ ပြိုင်ပွဲ ဖြစ်နေသောကြောင့်ပင်။ သို့ဖြစ်လေရာ… သူတို့ မည်ကဲ့သို့ စိန်မခေါ်ပဲ နေနိုင်ပါမည်နည်း။
“သူ နှေးသွားပြီ…”
ဝူပိုင်ကျိုးက မှတ်ချက်ပြုလိုက်၏။ထို့နောက် သူမက လင်းကျိရန်ကို ရှင်းပြဟန်ဖြင့် ပြောလိုက်သည်။
“စွမ်းအင် ပိုသုံးလေ… ပိုပင်ပန်း နွမ်းနယ်လေပဲ…”
“...”
လင်းကျိရန် တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ သူတို့ နှစ်ယောက် ချက်ချင်း မတိုက်ခိုက်သေးပဲ စောင့်ဆိုင်းနေရသည့် အကြောင်းရင်းကို သူမ နားလည် သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဟယ်ယန်းလဲ့ကို ပင်ပန်းနွမ်းနယ်စေလိုလျှင် ပြေးခွင့်ပြုလိုက်ရုံသာ ရှိသည်။ သွားစရာ နေရာမရှိတော့လျှင် သူ့ဘဝက အဆုံးသတ်လိမ့်မည် ဖြစ်သည်။
“မမယု ခံစားခဲ့ရတာတွေ အတွက် သူ ပြန်ပြီး ပေးဆပ်ရမယ်…”
လင်းကျိရန်၊ နာ့ရှင်းရီနှင့် ဝူပိုင်ကျိုးတို့ သုံးယောက်မှာ မြဲမြံသည့် ဆုံးဖြတ်ချက်နှင့် အတူ နောက်မှ ဆက်လိုက် နေခဲ့ကြလေ၏။
…
ဟောဟဲ… ဟောဟဲ… ဟောဟဲ…
ဟယ်ယန်းလဲ့ တစ်ယောက် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။ သို့သော်… အကြောင်းပြချက်ကို သူ နားမလည်နိုင်။
သူ ပိုင်ဆိုင်ထားသည့် ကျင့်ကြံခြင်း အခြေခံနှင့် ထာဝရ ကမ္ဘာ၏ အရွယ်အစားအရ သူ လပေါင်းများစွာတိုင်အောင် ထွက်ပြေးနိုင်သင့်သည်။ သို့သော်လည်း တစ်နာရီ မပြည့်သေးခင်မှာပင် သူ အလွန်အမင်း မောပန်းနေခဲ့ပြီ ဖြစ်သည်။ သူ၏ စွမ်းအင်ရင်းမြစ်မှာ ကုန်သလောက် ဖြစ်နေပြီး မအီမသာပင် ခံစားနေရသည်။
“ဟမ်…”
ရုတ်တရက် ဟယ်ယန်းလဲ့ တစ်ယောက် အန္တရာယ် အငွေ့အသက်များကို ခံစားလိုက်ရ၏။ သူ ရွေ့လျားဖို့ ကြိုးစားလိုက်သော်လည်း ခြေထောက်များက သူ့စကားကို နားမထောင်ခဲ့ချေ။
“မင်းက တကယ့်ကောင်ပဲ… အပျက်အစီး ဖုန်မှုန့် မှိုစေ့တွေကို ရှူဖို့ နေရာတိုင်းကို လျှောက်သွားနေတာ… ”
ပျော်ရွှင်သော အသံတစ်ခု ပဲ့တင်ထပ်ကာ ထွက် ပေါ်လာ၏။
ထိုအသံမှာ မျက်နှာဖုံး တပ်ဆင်ကာ အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ပုံရိပ် တစ်ခုထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ မျက်နှာဖုံး နောက်ကွယ်မှ သူ၏ မျက်လုံးများမှာ သွေးနီရောင် အဆင်းဖြင့် တလက်လက် တောက်ပနေ၏။
“မင်းရဲ့ သွေးစွမ်းအင် ရင်းမြစ်က အတော် အားကောင်းတာပဲ… ဒီဂြိုဟ်ရဲ့ တစ်ဝက်လောက်ကနေတောင် ငါ အနံ့ရနေတယ်”
“မင်း ဘယ်သူလဲ…”
ဟယ်ယန်းလဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အသင့်ပြင်ရင်း မေးလိုက်သည်။
ဝှစ်… ဝှစ်… ဝှစ်…
ထိုအခိုက်အတန့်တွင်ပင် မိန်းကလေး သုံးယောက်မှာလည်း ရောက်ရှိ လာခဲ့သည်။ ဟယ်ယန်းလဲ့၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အကျည်းတန် သွားခဲ့၏။
လက်ရှိ၌ သူ၏ အဖြစ်မှာ တောင်တစ်လုံးနဲ့ ကျားမသုံးကောင်ကြား ပိတ်မိနေသလို ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ဤသည်က သူသေရမည့် ပုံစံလော။
မိန်းမလှလေး တစ်ယောက်၏ လက်ထဲတွင် သေရမည်ဆိုသည့် အတွေးက သိပ်မဆိုးလှသော်လည်း… နွေးထွေးသည့် အိပ်ရာထက်နှင့် ချစ်ခြင်းမေတ္တာများ၏ ပွေ့ဖက်မှုအောက်တွင်ဆို ပိုကောင်းလိမ့်မည် ဖြစ်သည်။ ယခုလို မကောင်းဆိုးဝါး ဂြိုဟ်ပေါ်တွင် သူ မသေလိုချေ။
“အိုး… ကြည့်ရတာ မြေခွေးမလေးတွေက မင်းကို အမဲလိုက်နေတဲ့ပုံပဲ… မင်းက မိန်းကလေးတွေ ကြားမှာ ရေပန်းစားတယ်ပေါ့ ဟုတ်လား… မင်းရဲ့ လျှို့ဝှက်ချက်က ဘာလဲ…”
အဖြူရောင်ဝတ် ကျင့်ကြံသူမှာ ရယ်မောလိုက်ရင်း ထိုအခြေအနေကို သဘောကျနေပုံ ရသည်။ သို့သော်လည်း သူ့ စကားလုံးတိုင်းမှာ လောဘ၊ တပ်မက်မှုများနှင့် ပြည့်နှက်နေသည်။ မျက်နှာဖုံး၏ နောက်ကွယ်တွင်တော့ သွေးနီရောင် မျက်လုံးများမှာ ပွက်ပွက်ဆူနေသည့် သွေးပင်လယ် တစ်ခုလို စီးဆင်း နေခဲ့သည်။ သူ အကြည့်ခံရသည့် လေထုတိုင်းမှာ သွေးရနံ့များနှင့် ညစ်ညမ်းသွားခဲ့၏။
ထိုပုံရိပ်၏ မျက်နှာသွင်ပြင်ကို ခွဲခြား ရခက်ခဲလှသည်။ သူ ဝတ်ဆင်ထားသည့် ခေါင်းစွပ်တွင် အမြင်အာရုံနဲ့ ဝိညာဉ်အာရုံ နှစ်ခုလုံးကို ဖုံးကွယ်နိုင်သည့် အစွမ်းထက် အစီအရင် တစ်ခု ရှိနေသည့်ပုံ ရသည်။ ဆိုးယုတ်ကာ သွေးဆာနေပုံရသည့် သူ၏ မျက်လုံးများမှာ မိန်းကလေး သုံးဦး၏ ပုံရိပ်များကို လျှို့ဝှက်စွာ စစ်ဆေးနေခဲ့သည်။
“မင်းတို့နှစ်ယောက်မှာ ဘာလို့ ဒီလောက်တောင် အင်အားကြီးတဲ့ ယင်စွမ်းအင်တွေ ရှိနေတာလဲ… ပြီးတော့ မင်းတို့ရဲ့ သွေးစွမ်းအင်တွေက တော်တော် အရသာ ရှိမယ့် ပုံပဲ…”
အဖြူရောင်ဝတ် ကျင့်ကြံသူမှာ ပို၍ စကားပြောလေ…သူ၏ လေသံက ပို၍ သားရဲဆန်လေလေ ဖြစ်နေခဲ့သည်။ မထိန်းချုပ်နိုင်သည့် တပ်မက်မှုက သူ့ခန္ဓာကိုယ်ကနေ ယိုစိမ့်ထွက်လာသည်။
ထိုသုံးယောက်မှာ ပထမတန်းစား ကျင့်ကြံသူများ… မဟုတ်သေး… ပထမတန်းစားထက်ပင် ပိုမို၍ ကျော်လွန်နေသည်။ ထို့အပြင် သူတို့ထဲမှ နှစ်ယောက်မှာ အပျိုစင်များ ဖြစ်ကြသည်။
အဖြူရောင်ဝတ် ကျင့်ကြံသူမှာ လောဘ အလင်းရောင် တောက်လောင်နေသည့် မျက်လုံးများနှင့် လင်းကျိရန်နှင့် နာ့ရှင်းရီတို့၏ မူလယင် မပျက်ရွင်းသေးသော ခန္ဓာကိုယ်များကို ဝှေ့ယမ်း ကြည့်ရှုလိုက်သည်။ ထိုမိန်းကလေး နှစ်ယောက် စလုံးမှာ ခေါင်းကနေ ခြေဖျားအထိ၊ မျက်တောင်ကနေ လက်သည်းအထိ ဘာဆိုဘာမှ ဝေဖန်ရက်စရာ မရှိသူများ ဖြစ်ကြသည်။ ဤသည်က သူ့အတွက် ကံကောင်းသည့် နေ့တစ်နေ့ ဖြစ်သည်။
“နင်တို့တွေ သူ့ အစား ငါနဲ့ ကစားပါလား…”
သူ့ဝတ်ရုံမှ နေ၍ စွမ်းအင်တစ်ခု ညင်သာစွာ စီးထွက်လာခဲ့၏။ ထိုစွမ်းအင်မှာ မိစ္ဆာ အငွေ့အသက်များနှင့် ပြည့်နှက်နေကာ အနီးအနားရှိ သစ်ပင်ပန်းမန် အားလုံးကို တောက်ပသည့် သွေးနီရောင် အဆင်း အဖြစ် ပြောင်းလဲပစ်လိုက်သည်။
ဝူပိုင်ကျိုးနှင် နာ့ရှင်းရီတို့ နှစ်ယောက် တစ်ပြိုင်နက်တည်းပင် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက် မိကြသည်။ သူတို့၏ မျက်ဝန်းအိမ်များထဲတွင် အပြန်အလှန် ဖလှယ်လိုက်သည့် အတွေးနှင့် ဆုံးဖြတ်ချက် အလင်းတန်းလေးများမှာ တဖျတ်ဖျတ် လင်းလက်သွားခဲ့၏။
ဟယ်ယန်းလဲ့မှာ အဖြူရောင်ဝတ် ကျင့်ကြံသူ၏ စကားကို ကြားကာ နေရာတွင်ပင် မှင်တက်သွားခဲ့သည်။ ထိုလူက အစွန်းရောက် ယင်နတ်မိမယ်ကို ခိုးယူဖို့ ကြိုးစားနေသည်လော။ သူ သေချင်နေခြင်း ဖြစ်ရမည်။ သို့သော်လည်း… သူကတော့ သေခြင်းတရားကို ရှာဖွေဖို့ ရည်ရွယ်ချက်နှင့် ဆန္ဒ မရှိချေ။ သူ ထွက်သွားတော့မလို ဟန်ပြင်လိုက်စဉ်မှာပင် သူ့ခြေထောက်များမှာ ခွေယိုင်ကာ မြေပြင်ပေါ် လဲကျသွားခဲ့၏။
“ဘာလဲ...”
ဟယ်ယန်းလဲ့ တစ်ယောက် အလွန်ပင် ထိတ်လန့် တုန်လှုပ် သွားခဲ့၏။ သူ၏ အသက်ရှူသံများက ပြင်းထန်ကာ အလွန်ပင် မောပန်းနေခဲ့ပြီ ဖြစ်သည်။ သူ့ဘဝ တစ်လျှောက် ထိုကဲ့သို့ အားအင် ကုန်ခမ်းခြင်းမျိုးကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ဖူးချေ။
“ငါ အဆိပ်မိနေတာလား...”
ဟယ်ယန်းလဲ့ ကိုယ့်ကိုယ်ကို စစ်ဆေးလိုက်၏။ သို့သော်လည်း မည်သည့် အဆိပ်မိသည့် လက္ခဏာမျိုးကိုမှ မတွေ့ရလေရာ သူ ပိုမို၍ အံ့အားသင့် သွားခဲ့သည်။ အားနည်းနေရသည့် အကြောင်းရင်းကို သူ ဘယ်လိုမှ စဉ်းစားလို့ မရပါချေ။
***