အခန်း (၃၀၉)
Vol. 23 Ch. 309
ဦးထုပ်နှင့်လူ၏ ပြင်းထန်သော သတိပေးစကားကိုကြားသော် ဟုန်ချန်ယဲ့ ဤပြဿနာ၏ပြင်းထန်မှုကို သတိပြုလိုက်မိ၏။ သူသာ ထိုသတင်းကို အမှန်တကယ်ပေါက်ကြားစေလိုက်ပါက တစ်ဖက်လူသည် နေရာတွင်ပင် ရူးသွပ်သွားမည်မှာ သေချာသည်။
“မင်း ဘယ်သူ့ကို ခြိမ်းခြောက်နေတာလဲ? မင်းကိုယ်မင်း ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား?” ဟုန်ချန်ယဲ့သည် သည်းခံမနေဘဲ မျက်စောင်းထိုးကာ ပြန်လှန်ပြောလိုက်သည်။
လီဝူကျယ်၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်တစ်ခု ပေါ်လာပြီး ဓားရှည်ကို ဆုပ်ကိုင်ကာ ဓားသွားတစ်ဝက်ခန့် ဆွဲထုတ်ပြီးချိန်တွင် ဟုန်ချန်ယဲ့က ပေါ့ပေါ့ပါးပါး လေသံဖြင့် တစ်ဖန်ပြန်ပြောလာသည်။ “ဒါပေမယ့် ဆရာသခင်ရဲ့ ဂုဏ်သိက္ခာအတွက် ငါ ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်တယ်။ နောင်မှာ မင်းရဲ့ စကားလုံးတွေကို သတိထားပါ၊ ဒီလောက် ရိုင်းစိုင်းမလာနဲ့"
လီဝူကျယ် တစ်ဖက်လူဆိုလိုချင်သည့် အဓိပ္ပာယ်ကို နားလည်လိုက်သည်။ သူသည် တစ်ဝက်ဆွဲထားသော ဓားရှည်ကို ပြန်ထည့်လိုက်ပြီး တစ်ဖက်လူ၏မျက်နှာလှလှကို စူးစူးရဲရဲစိုက်ကြည့်ကာ ဟမ့်ခနဲ နှာမှုတ်လိုက်သည်။
သူတို့နှစ်ဦးစလုံး ဖြစ်နေသည့်ပြဿနာကို နားလည်ကြပြီး တစ်ထစ်စီ လျှော့ပေးခဲ့ကြခြင်းပင်။
ထိုအချိန်တွင်။
လူအုပ်ထဲမှ ခေါင်းစွပ်အနက်ရောင်အုပ်လျက် အနက်ရောင် ဝတ်ရုံဝတ်ထားသော ထူးဆန်းသော ပုဂ္ဂိုလ်တစ်ဦး ရပ်နေသည်။ သူ၏ ခေါင်းစွပ်အောက်ရှိ မျက်နှာချောချောသည် ရှုံ့မဲ့လျက် မျက်လုံးများက နီရဲနေသည်။ သူသည် သားရဲတစ်ကောင်ကဲ့သို့ ကြမ်းကြုတ်သောအမူအရာဖြင့် ဆက်တိုက်ရေရွတ်နေသည်။ "သွားပြီ ငါ့ရဲ့ မသေမျိုးကံကြမ္မာ ပျောက်ဆုံးသွားပြီ..."
ချန်ရှောင်းသည် သူ ရရှိသင့်သော အောင်ပွဲကို အလွယ်တကူ ဆုံးရှုံးလိုက်ရသည်အား တွေးမိတိုင်း ကြီးမားသောနာကျင်မှုနှင့် ဆုံးရှုံးမှုကို ခံစားရတတ်၏။ ယခင်က စိတ်အားထက်သန်တက်ကြွသော အမူအရာပင် တစ်စက်ကလေးမှ မကျန်ရှိလေတော့။
“ဘာလို့လဲ? ငါအပြတ်အသတ် အားသာနေခဲ့တာပဲ။ နဂါးစွမ်းအားကိုတောင် ရခဲ့သေးတယ်လေ။ အဲ့ဒီ နဂါးနိုင်ဓားကိုင်ထားတဲ့လူက ဘယ်ကနေဘယ်လို ရုတ်တရတ်ပေါ်လာရတာလဲ..."
ထိပ်ပြောင်ကို ပြန်အမှတ်ရလိုက်သောအခါ ချန်ရှောင်းသည် ထိုသူ၏ မောက်မာသောမျက်နှာထားနှင့် သူ့ကို ရက်ရက်စက်စက် သတ်ပစ်ခဲ့သော နဂါးနိုင်ဓားအား ပြန်လည်သတိရလာမိ၏။ သူ အံတင်တးင်းကြိတ်လိုက်ပြီး လက်သီးများကို ကျစ်ကျစ်ဆုပ်လိုက်သည်။ ခန္ဓာကိုယ်ရှိ ကြွက်သားမျှင်များမှာ ဒေါသဖြင့် တင်းမာလျက်။
မုန်းလိုက်တာ!!!
ယွင်ရှန်းကျွန်းသခင်ထံမှ အရွေးချယ်မခံရခြင်းကို မုန်းသည်။
ဒီအထိလာပြီးမှ မိမိကိုယ်ကို အရှက်ရမိစေခဲ့သည်။
ထို့နောက် ထို ပြိုင်ဘက်ကင်းအထီးကျန်လူပျိုကြီး ဆိုသူက သူ၏ မသေမျိုးကံကြမ္မာကို လုယူသွားခဲ့လေသည်။
“အဲဒီ ရှက်စရာကောင်းတဲ့ သောက်ကောင်ကို ငါ သတ်မယ်! ငါ သူ့ကို ရအောင်သတ်မယ်လို့ ကျိန်ဆိုတယ်!” ချန်ရှောင်း၏ မျက်လုံးများတွင် အမုန်းတရား မီးလျှံနှစ်ခု တောက်လောင်နေပြီး အာခေါင်ခြစ်ကာ အော်ဟစ်လိုက်၏။
“ကျင့်ကြံသူချန်၊ စမ်းသပ်မှု မအောင်မြင်မှတော့ ဒီနေရာကနေ မြန်မြန် ထွက်သွားရအောင်!”** အကြီးအကဲလျို၏ ပုံရိပ်သည် လျင်မြန်စွာ ရောက်ရှိလာပြီး ချန်ရှောင်းကို ဆွဲခေါ်ရန် လက်လှမ်းလိုက်သည်။
“ထွက်သွား!” ချန်ရှောင်းသည် ဒေါသထွက်ကာ အကြီးအကဲလျို၏ လက်ကို ပုတ်ထုတ်လိုက်သည်။ သူ စိတ်အခြေအနေ မကောင်းလှပေ။
“မင်း” အကြီးအကဲလျို၏ မျက်နှာ ဖြူဖျော့သွားသည်။ ယွီဟွားဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်သော်လည်း လူငယ်တစ်ဦးက သူ့ကို ကိုယ်ထိလက်ရောက်ပင် ရိုက်ပုတ်ရဲနေသည်လော။
သို့သော် ချန်ရှောင်း၏ ရိုင်းစိုင်းမှုကို ရင်ဆိုင်ရသည့်အခါတိုင်း အကြီးအကဲလျိုသည် ဒေါသကိုမျိုချရန်သာ တတ်နိုင်ခဲ့ပါသည်။ တစ်ဖက်လူသည် ဘိုးဘေးကြီး ငါးဦး တန်ဖိုးထားသောသူဖြစ်ပြီး သူစော်ကားသင့်သော အဆင့်အတန်းမဟုတ်ခဲ့။
အကြီးအကဲလျိုသည် သူ၏ ဒေါသကို ဖိနှိပ်ကာ ခပ်တောင့်တောင့်ပြုံးလိုက်သည်။ “ကျင့်ကြံသူချန်၊ ဘာလို့ ပူပန်နေရတာလဲ? ဒီကျွန်းက မင်းနဲ့ကံမပါလို့ မင်းလက်ထဲရောက်မလာတာပါ။ ငါတို့ဒီနေရာမှာဆက်နေဖို့တော့ သိပ်မသင့်တော်ဘူးထင်တယ်နော်"
“ဟမ့်၊ ငါ ဂရုမစိုက်ဘူး။ ငါ့ကို ဖယ်ထုတ်ပစ်လိုက်တဲ့ လူ ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရတဲ့အထိ စောင့်မယ်!” ချန်ရှောင်း အံကြိတ်သံဖြင့် ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားသောအခါ အကြီးအကဲလျို၏ ဟန်ဆောင်ပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားတော့၏။ သူသည် ဝတ်ရုံလက်စကို ဖျတ်ခနဲခါကာ တစ်ဖက်သို့လှည့်ကာ အသံတိတ်ဆဲဆိုလိုက်သည်။ "မင်းရဲ့ ဒီလိုဆိုးရွားတဲ့ စိတ်နေသဘောထားနဲ့ဆိုရင် ယွင်ရှန်းကျွန်းကို မရလိုက်တာ ဝမ်းတောင်သာသေးတယ်"
ဤအချိန်တွင် ယွင်ရှန်းကျွန်း၌ ကောင်းကင်သို့ဦးတည်ထားသော ရွှေရောင် အလင်းတိုင်တစ်ခု ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား ရွှေရောင်ဖြင့် လွှမ်းခြုံစေလိုက်သည်။ သန့်ရှင်းသောချီစွမ်းအင်က မိုင်ကိုးသောင်းတိုင်အောင်ပျံ့နှံ့ကာ မသေမျိုးအရှင်၏ အသံကား အဆုံးမရှိ ပဲ့တင်ထပ်လျက်။
အရှိန်အဟုန်သည် ခမ်းနားပြီး မြင်ကွင်းသည် ခမ်းနားထည်ဝါသည်။ ကမ္ဘာလောကကြီးတစ်ခုလုံးကို သက်သေထားလျက် ကြေညာမောင်းခတ်တော့မည်။
“ဘုရားရေ၊ ကြည့်စမ်း!” လူအုပ်ထဲမှ အံ့သြသံတစ်ခု ထွက်ပေါ်လာသည်။
“ဒါ ယွင်ရှန်းကျွန်းရဲ့ အမွေအနှစ်လွှဲပြောင်းခြင်း အခမ်းအနားလား?” စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးက တုန်လှုပ်စွာ ပြောလိုက်သည်။
“နောက်ဆုံး အနိုင်ရသူ ဘယ်သူလဲဆိုတာ ငါ သိချင်လိုက်တာ!” မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာပြီး ယွင်ရှန်းကျွန်းအား စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြသည်။
“ချီးပဲ့! ငါ့ရဲ့ ကြီးမြတ်လှတဲ့ သိမ်းငှက်ကြီးကို ဖျက်ဆီးပစ်လိုက်တဲ့ လူသာ မဟုတ်ပါစေနဲ့” လီဝူကျယ် ဒေါသတကြီး ပြောလိုက်သည်။ သူသည် သိမ်းငှက်ကြီးသေဆုံးရသည့်အရေးအတွက် ယခုထိ အငြှိုးမကျေသေးဟန်။
ပုံရိပ်ယောင်ကမ္ဘာတွင် ဤမျှကြီးမြတ်သော သိမ်းငှက်ကြီးတစ်ကောင် ပိုင်ဆိုင်ခဲ့ရခြင်းအား လီဝူကျယ် လွန်စွာ ဂုဏ်ယူခဲ့သော်လည်း နောက်ဆုံးတွင် ရန်သူ့လက်၌ မရှုမလှ ဖျက်ဆီးခံခဲ့ရသည်။ ထို့ကြောင့် လီဝူကျယ်သည် ယွင်ရှန်းကျွန်းဆက်ခံသူမှာ မိမိသိမ်းငှက်ကိုသတ်ဖြတ်သူသာ မဟုတ်လျှင် အားလုံးအဆင်ပြေသည်ဟု မျှော်လင့်ထား၏။
ဟုန်ချန်ယဲ့ မျက်လုံးများကို မှေးစင်းလိုက်ပြီး လှမ်းမျှော်ကြည့်နရင်း မျက်လုံးများထဲတွင် အလင်းရောင် တစ်ချက် လက်သွားသည်။ ယဲ့မျိုးရိုး အနိုင်ရလိမ့်မည်ဟု သူခံစားမိနေ၏။
“သူသာ တကယ် ယွင်ရှန်းကျွန်းကို ဆက်ခံရင် ငါလက်စားပြန်ချေဖို့ရာ အချိန်ဘယ်လောက်တောင် စောင့်ရဦးမလဲမသိဘူး” ဟုန်ချန်ယဲ့ အတွေးများ ပျံ့လွင့်လာသည်။
ထိုအချိန်တွင် ယွင်ရှန်းကျွန်းမှ နက်ရှိုင်းပြီး ခမ်းနားသော အသံတစ်သံ ပဲ့တင်ထပ်လာသည်။ “အခု ယွင်ရှန်းကျွန်းရဲ့ ကျွန်းသခင်နေရာကို တရားဝင် လွှဲပြောင်းပေးပါတော့မယ်!”
ထိုစကားဆုံးသည်နှင့် ယွင်ရှန်းကျွန်းသည် ပြင်းထန်စွာ တုန်ခါသွားပြီး မရေမတွက်နိုင်သော အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ ၎င်းသည် ကြီးမြတ်သော နေမင်းတစ်စင်း မွေးဖွားလာသကဲ့သို့ ထင်မှတ်ရပြီး ဖြာထွက်လာသောချီမှာ အလွန်သန့်စင်မြင့်မြတ်၏။
အားလုံး၏ အကြည့်အောက်တွင် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တစ်ခုသည် လေဟာနယ်ထက် ဖြည်းဖြည်းချင်းမြင့်တက်လာပြီး သူ့တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းများ ဖြာထွက်နေသည်။
သူ၏ ဆံပင်ဖြူများက ရေတံခွန်ကဲ့သို့ ချောမွေ့တောက်ပြောင်ပြီး မျက်နှာအချိုးအစားလည်း ချောမောပြေပြစ်သည်။ သူ၏ တစ်ကိုယ်လုံးတွင် ရှေးဟောင်းဆန်ဆန် မြင့်မြတ်ခမ်းနားသော ချီစွမ်းအင်ကို ထုတ်လွှတ်နေပြီး ယွင်ရှန်းကျွန်း၏ချီနှင့် ရောနှောလျက်ရှိ၏။
“အဲဒါ အကြီးအဲကဲ ယဲ့!!”
ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်ရသောအခါ အခမ်းအနား တစ်ခုလုံးတွင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
“ကောင်းလိုက်တာ! အကြီးအဲကဲယဲ့က အမွေအနှစ်ကို ရရှိသွားပြီ!” ဟွမ်ကျိုးပြည်နယ်မှ ကျင့်ကြံသူ များအားလုံး အလွန် ပျော်ရွှင်သွားကြပြီး စိတ်လှုပ်ရှားစွာ ကခုန်ကြတော့သည်။
“မဟုတ်ဘူး—!!!”
“အားးးးးး မြေနိုးးးးးးး”