အခန်း (၃၁၆)
Vol. 23 Ch. 316
“ဓားသွားကမထက်မမြက်နဲ့ မြင်းကပါပိန်ခြောက်နေမှတော့ ဒီအရှင်နဲ့ ဘယ်လိုများလာတိုက်ခိုက်နိုင်ဦးမှာလဲ?!”
ဘုရင်တန့်ယို ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ညှိနှိုင်းမှု ပျက်သွားပြီဆိုတာကို သူသိလိုက်သည်။
ဒါပေမယ့် အရေးအကြီးဆုံးကတော့ အသက်ရှင်လျက် ပြန်လာဖို့ပဲလေ!
“မသေမျိုးအရှင်ရဲ့ စကားကို ကျွန်တော် မှတ်သားထားပါ့မယ်။ ကျွန်တော် အခုပဲပြန်ပြီး အမှန်အတိုင်း အစီရင်ခံလိုက်ပါ့မယ်။” ဘုရင်တန့်ယိုက ဟန်မပျက်ပင် အရိုအသေပြုကာ တည်ငြိမ်စွာ ထထွက်သွား၏။
“သွားစမ်း!”
ယဲ့ကျွင်းလင် လက်ဖျောက်တစ်ချက်တီးလိုက်ရာ ချက်ချင်းပင် အဆုံးမဲ့သော မသေမျိုးအရှင် စွမ်းအား လှိုင်းလုံးကြီး ပေါက်ကွဲထွက်လာပြီး တစ်ဖက်လူကို တည့်တည့် ထိမှန်သွားသည်။
“အား…” ဘုရင်တန့်ယို အာခေါင်ကွဲမတတ် အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ‘ဝုန်း’ ဟူသော အသံဖြင့် သွေးမှုန်များအဖြစ် ပေါက်ကွဲသွားကာ လေထဲတွင် ပျောက်ကွယ်သွားတော့လေ၏။
“အကြီးအကဲယဲ့၊ ဘာလို့အဲ့လိုလုပ်တာလဲဟင်?” ရွှယ်ဝူဟန်၏ အမူအရာသည် ထူးဆန်းနေသည်။ တစ်စုံတစ်ဦးအား သတင်းစကားပေးပို့ခိုင်းပြီး ချက်ချင်းသတ်ပစ်ခြင်းသည် မည်မျှနားလည်ရခက်သော အပြုအမူပေနည်း။
“ငါ ခုလေးတင် သတ်လိုက်တဲ့သူက သူ့ရဲ့ ကိုယ်ပွား တစ်ဦးပဲ။” ယဲ့ကျွင်းလင် ရှင်းပြလိုက်သည်။
အစပိုင်းတွင် သူလည်းမသိခဲ့။ သို့သော် မသေမျိုးအရှင် ဆဌမကောင်းကင်အဆင့် ကျင့်ကြံစွမ်းရည်ဖြင့် တစ်ဖက်လူအား အသေးစိတ်ဂရုတစိုက် လေ့လာပြီးနောက် ဟာကွက်တစ်ချို့အား မြင်နိုင်ခဲ့လေသည်။
ထိုဘုရင်အိုကြီးအား လှည့်စားရာတွင်တော့ အတော်လေးပါရမီရှိကြောင်း အသိအမှတ်ပြုရမည်ပင်။ ကိုယ်ပွားကိုပင် ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံမှုကို ပွားထုတ်ပေးထားနိုင်ခြင်းကား တော်ရုံအရည်အချင်းမဟုတ်။ ထို့အပြင် ပိရိသေသပ်အောင် အတော်လေးသန့်စင်မွေးမြူထားပုံရ၏။
ရလဒ်အနေဖြင့် ယခုတော့ ပျက်စီးကြေမွသွားရှာလေပြီ။
“ဒီလိုကိုး!”
ရွှယ်ဝူဟန် ရုတ်တရတ် နားလည်သွားသည်။ “ဒီ မရဏချောက်နက်ရဲ့ ဘုရင်က ဘာကြောင့် ဒီလောက် အတင့်ရဲရတာလဲလို့ ကျွန်တော်တွေးနေမိသေးတာ။ ဒါဆို သူက အစောကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ် သူ မအောင်မြင်ရင်တောင် ကိုယ်ပွားတစ်ဦးကိုပဲ ဆုံးရှုံးရမှာပေါ့။”
ယဲ့ကျွင်းလင်က ပြောသည်။ “ဒီရာထူးကို ရောက်ဖို့ အနည်းဆုံး အဲ့လောက်ဉာဏ်ရည်တော့ ရှိသင့်တာပေါ့"
“ဆရာသခင်!”
လီဝူကျယ်နှင့် ဟုန်ချန်ယဲ့တို့ ရှေ့တက်လာပြီး တရိုတသေဦးညွှတ်ကာ စကားပြောဖို့ပင် တွန့်ဆုတ်နေကြဟန်ရှိ၏။
ပထမတစ်ဦး၏ မျက်လုံးများတွင် လေးစားမှုများဖြင့် ပြည့်နှက်နေပြီး နောက်တစ်ဦး၏ အမူအရာမှာတော့ အလွန် ရှုပ်ထွေးနေသည်။
“တော်ပြီ၊ မင်းတို့ ဘာမေးချင်လဲ ငါ သိတယ်။ မူလက မင်းတို့နဲ့ တစ်ညီတည်း ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံသူအဖြစ် ဟန်ဆောင်ပေါင်းသင်းဖို့ ရည်ရွယ်ခဲ့တာပဲ။ ရလဒ်ကတော့ ရန်သူတွေလျှော့တွက်ပြီး လာတိုက်တာကိုပဲ ခံလိုက်ရတာပေါ့လေ"
“အခု ငါ အမှန်အတိုင်း ပြောပြမယ်။ မင်းတို့ရဲ့ ဆရာသခင်က မသေမျိုးအရှင်ဖြစ်ခဲ့တာ ကြာပါပြီလေ!”
ယဲ့ကျွင်းလင်သည် လက်များကိုအနောက်ပစ်ကာ ဟန်မူမပျက် မျက်တောင်မခတ်ဘဲ ပြောလိုက်သည်။ “ငါ မင်းတို့ကို စောစောမပြောပြခဲ့တာက ငါ့ရဲ့ မြင့်မြတ်တဲ့ ဂုဏ်သရေကြောင့် ငါ့တပည့်တွေ ကြိုးစားကျင့်ကြံဖို့ စိတ်ဓာတ်ကျသွားမှာ စိုးရိမ်လို့ပဲ။ ဆရာသခင်ရဲ့ စေတနာအရင်းခံကို မင်းတို့ နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”
လီဝူကျယ်သည် စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလာ၏။ “ဆရာသခင်၊ ဒီတပည့် နားလည်ပါတယ်၊ တပည့်တို့အားလုံး ဆရာသခင်ရဲ့စေတနာကို နားလည်ပါတယ်! စိတ်မပူပါနဲ့၊ ဒီတပည့်က ပိုမိုကြိုးစားကျင့်ကြံပြီး ဆရာသခင်ရဲ့ မသေမျိုးခြေရာကို အမီလိုက်နင်းဖို့ ကတိပြုပါတယ်။"
သူသည် တစ်ချိန်လုံးက မသေမျိုးအရှင်တစ်ပါး၏ တပည့်ရင်းတစ်ဦး ဖြစ်ခဲ့သည်ကော။ ကြီးမြတ်လှစွာသော ဂုဏ်သရေပင်!
ဘယ်လောက်တောင် မြင့်မားလိုက်တဲ့နောက်ခံလဲ။ အရှေ့ပိုင်းစီရင်စုတစ်ခုလုံးမှာ အမြင့်ဆုံးပဲ။
ဆရာသခင်က သူ့ရဲ့ ကိုယ်ပိုင်ပုံစံအစစ်အမှန်ကို ဖုံးကွယ်ထားရတာဟာလည်း သူတို့ကို စိတ်ဓာတ်မကျစေချင်လို့ပဲလေ။
ဟုန်ချန်ယဲ့ တိတ်တိတ်လေး ညည်းညူလိုက်မိသည်။ တစ်ဖက်လူက သူ၏ပုံစံအမှန်ကို ထုတ်ဖော်လာချိန်တွင် အရင်ကတွေးခဲ့သော ပုန်ကန်ထကြွမည့်စိတ်ကူးများမှာ မည်မျှပင်တုံးအမိုက်မဲခဲ့ကြောင်း ခံစားမိလာရ၏။
မသေမျိုးအရှင်ရဲ့ မျက်စိအောက်မှာ လိမ်လည်လှည့်ဖျားဖို့ ကြိုးစားတာက သေလမ်းရှာတာနဲ့ အတူတူပဲမဟုတ်ဘူးလား?
“သူ့ရဲ့ တပည့်ရင်းကြီးတွေတောင် လုံးဝ မသိခဲ့ကြဘူးပဲ။ အကြီးအကဲယဲ့ရဲ့ စိတ်နေစိတ်ထားကတော့ တကယ်ကို အထင်ကြီးစရာကောင်းလိုက်တာ။” ရွှယ်ဝူဟန် တွေးရင်း သက်ပြင်းချလိုက်သည်။
“ငါတို့ ဟွမ်ကျိုးပြည်နယ်မှာ မသေမျိုးအရှင်တစ်ပါး မပေါ်ပေါက်ခဲ့တာ နှစ်ပေါင်းဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ!”
တောင်ဖြိုဂိုဏ်း၏ ဘိုးဘေး အိုးရန်ဖုန့်က လက်များကိုလေပေါ်မြှောက်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ဒါဟာ တကယ့်ကို ရင်သပ်ရှုမောစရာ သတင်းထူးကြီးပဲ!
“မသေမျိုးအရှင်ယဲ့!!!”
“မသေမျိုးအရှင်ယဲ့!!!”
“မသေမျိုးအရှင်ယဲ့!!!”
...
ဟွမ်ကျိုးပြည်နယ်မှ ကျင့်ကြံသူများစွာသည် ရူးသွပ်သွားကြသကဲ့သို့ စိတ်ခံစားမှုများ လုံးဝ ပေါက်ကွဲထွက်သွားပြီး အင်အားကုန် အော်ဟစ်ကြွေးကြော်လာကြသည်။
အော်ဟစ်သံများသည် တောင်ကိုဖြိုခွင်းကာ၊ ပင်လယ်လှိုင်းတံပိုးများကို ထကြွသောင်းကျန်းစေပြီး မိုင်းတစ်သောင်းပတ်လည်ရှိ တိမ်တိုက်များကိုပါ ချေမှုန်းပစ်နိုင်လောက်သည့်အလား။
စည်းလုံးညီညွတ်မှုကား ထူးထူးခြားခြား ခိုင်မာနေခဲ့သည်။
“မဖြစ်နိုင်ဘူး၊ ယဲ့မျိုးရိုးက မသေမျိုးအရှင်တစ်ပါးတဲ့လား"
“သူက မသေမျိုးဖြစ်ဖို့ ထိုက်တန်ရဲ့လား?!”
ကောင်းကင်ထက်တွင် တောက်ပနေသော ထိုပုံရိပ်ကို ကြည့်လိုက်သောအခါ ချန်ရှောင်း၏ စိတ်ဓာတ်အင်အားမှာ ပြန်လည် ပြိုလဲသွားသည်။ သူ၏ စိတ်ဝိညာဉ်သည် ကြီးမားသောထိခိုက်မှုကို မခံစားနိုင်တော့သကဲ့သို့ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
အစမှ အဆုံးအထိ သူသည် လှည့်စားခံရခြင်းသာပင်။ နှစ်ဦးကြားရှိ ကြီးမားသော ကွာခြားမှုကြောင့် ဖြစ်ပေါ်လာသည့် နက်ရှိုင်းသော အင်အားကင်းမဲ့မှုခံစားချက်က လူကို အပိုင်းပိုင်းအစစဖျက်ဆီးနေသကဲ့သို့ နာကျင်လှ၏၊
“ကျင့်ကြံသူချန်၊ စကားအပြောအဆို ဆင်ခြင်ပါ!”
အကြီးအကဲလျို ကြောက်လန့်တကြား ဖြစ်သွားရသည်။ ချန်ရှောင်း၏ မိုက်မဲသောပါးစပ်ကို လက်ဖြင့်အမြန်ပိတ်လိုက်ကာ ကြောက်ရွံ့မှုဖြင့် နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျလာခဲ့သည်။
“ငါ စောစောကတည်းက တွေးမိခဲ့သင့်တယ်။ မသေမျိုးအဆင့် မှော်လက်နက်ကို သယ်ဆောင်ထားနိုင်တဲ့လူက ဘယ်လိုလုပ် သာမန်လူဖြစ်ရမှာလဲ? ကျိန်းသေပေါက်ကို စစ်မှန်တဲ့ မသေမျိုးတစ်ပါးပဲပေါ့!”
“ဒီလူက အစောပိုင်းကတည်းက သဲလွန်စတွေ ပြခဲ့တာပဲ။ ငါတို့ကိုက တုံးအမိုက်မဲခဲ့ကြတာ!”
ယဲ့ကျွင်းလင်တစ်ယောက် တကယ်ကြီး အားကောင်းသော မသေမျိုးအရှင်တစ်ပါး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ထိုသတင်းကိုသာ ပြန်လည်မျှဝေလိုက်လျှင် ယွီဟွားတစ်ဂိုဏ်းလုံး ထိန်းမရအောင် အုတ်အော်သောင်းနင်းဖြစ်ကုန်လိမ့်မည်။
“မရဏချောက်နက်ရဲ့ လုပ်ကြံသတ်ဖြတ်မှု စီမံကိန်း ပျက်စီးသွားပြီ။ ငါတို့ အမြန်ဆုံး ပြန်ပြီး အစီရင်ခံရမယ်။ ဒီ အင်အားကြီးတဲ့ ပြောင်းလဲမှုကို ရင်ဆိုင်ဖို့ ရေရှည်အစီအစဥ်တစ်ခု သတ်မှတ်ရမယ်!”
“ယွင်ရှန်းကျွန်းကိုတော့ စိတ်ကူးထဲတောင် မထည့်နဲ့တော့!”
ယဲ့ကျွင်းလင်၏ ကြောက်မက်ဖွယ်ခွန်အားကို မြင်တွေ့ပြီးနောက် အကြီးအကဲလျို၏ ယွင်ရှန်းကျွန်း အပေါ် လောဘမှာလည်း လုံးဝပျောက်ကွယ်သွားတော့သည်။ ပြိုလဲကျနေသော ချန်ရှောင်းကို ကောက်ထမ်းလိုက်ကာ မှော်စွမ်းအင်ဖြင့် နေရာမှ အသည်းအသန် ထွက်ပြေးခဲ့တော့၏။
ချန်ရှောင်းက မခုခံခဲ့ပေ။ သူ၏ မျက်လုံးများမှာ ဗလာသက်သက် အဓိပ္ပာယ်မဲ့လျက်။ သူသည် ဝိညာဉ်အသိစိတ် ပျောက်ဆုံးသွားသကဲ့သို့ စိတ်ပျက်အားလျော့နေသောအသံဖြင့် ထပ်တလဲလဲ ရေရွတ်နေခဲ့သည်? “ငါလည်း မသေမျိုးအရှင် ဖြစ်ချင်တယ်၊ ငါလည်း မသေမျိုးအရှင် ဖြစ်ချင်တယ်…”