← Chapters

မုန်တိုင်းအစပျိုးချိန်

Vol. 23 Ch. 317

မုန်တိုင်းအစပျိုးချိန်

Vol. 23 Ch. 317

မရဏချောက်နက်

ပတ်ဝန်းကျင်က မှောင်မိုက်ပြီး နေရောင်ခြည်တိုးမပေါက်၊ လေထုက ဖိနှိပ်မှုကြီးစွာဖြင့် စိုထိုင်းမှိုင်းပျနေသည်။

မရဏမူလ နန်းတော်အတွင်း၌ ပခုံးပေါ်ထိ ရှည်လျားသော အစိမ်းရောင်ဆံပင်နှင့် နဖူးတွင် စိန်ပုံသဏ္ဌာန် အကြေးခွံတစ်ခု ထည့်သွင်းထားသော သက်လတ်ပိုင်းရွယ် အမျိုးသားတစ်ဦးသည် ပလ္လင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေကာ အတွေးရေယဥ်၌ နစ်မြောနေဟန်ဖြင့် မျက်လုံးအစုံကို အသာမှေးမှိတ်ထား၏။

“ဖူး!”

ရုတ်တရက် ထိုအမျိုးသားသည် မျက်လုံးများ ရုတ်ခနဲဖွင့်လိုက်ပြီး မချိမဆန့် နာကျင်သွားရသည့် အမူအရာဖြင့် သွေးတစ်ပွက် အန်ထုတ်လိုက်ကာ သူ၏ မျက်လုံးများတွင်လည်း ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

ထိုသူကား ဘုရင်တန့်ယို ပင်!

ဘုရင်တန့်ယိုသည် မူလခန္ဓာကို နန်းတော်တွင် အခြေချတပ်စွဲထားပြီး စေလွှတ်လိုက်သော ကိုယ်ပွားကို ထိန်းချုပ်ကာ မရဏအဆင့် မှော်ရတနာတစ်ခုကို ကိုင်ဆောင်လျက် ဟွမ်ကျိုးပြည်နယ်သို့ ထိုးဖောက်ဝင်ရောက်၍ အချိန်မတိုင်မီအထိ လျှို့ဝှက်စွာ ပုန်းအောင်းနေပြီး လူသတ်ပွဲကြီးစတင်ရန် ပြင်ဆင်နေခဲ့ခြင်းပင်။

ဤစစ်ဆင်ရေး၏ အဓိကရည်ရွယ်ချက်က ယဲ့ကျွင်းလင်ကို သုတ်သင်ဖယ်ရှားဖို့သာပင်။

အလွယ်တကူအောင်မြင်လိမ့်မည်ဟု ကြိုတင်တွက်ဆထားသော်ငြား အဆုံးတွင်တော့ လက်ချည်းဗလာဖြင့် ပြန်လာခဲ့ရပါလေသည်။

သံတမန် ပေးအပ်ခဲ့သော မရဏအဆင့် မှော်ရတနာ၏ တန်ဖိုးကို အသာထား၊ သူ၏ကိုယ်ပွားကိုပင် ထိုမျှပိရိသေသပ်အောင် အချိန်အကြာကြီး အင်အားစိုက်ထုတ် ပြုပြင်မွမ်းမံခဲ့ရပြီး စွမ်းရည်များနှင့် ကျင့်ကြံဆင့်ကအစ သူနှင့်တစ်ထပ်တည်းကျအောင် ညှိယူထားခဲ့သည်ပင်။ မရဏချောက်နက်၏ အခြားဘုရင်များကို ဖိနှိပ်ချုပ်ကိုင်ထားနိုင်သည့် သူ၏ အားသာချက်တစ်ခုလည်းဖြစ်၏။

ရလဒ်အနေဖြင့် ယဲ့ကျွင်းလင်က အစအနပင်မကျန်အောင် အမှုန့်ချေပစ်ခဲ့လေသည်!

ဘုရင်တန့်ယိုသည် သူ့ရင်ဘတ်သူ ဆုပ်ညှစ်ထားရင်း ပလ္လင်ပေါ်သို့ ပုံလဲကျသွားသည်။

နာကျင်လိုက်တာ! ဒီလောက်တောင် နာကျင်ရသလား!!

အသက်ရှူလို့တောင် မရလောက်အောင် နာကျင်ရတယ်…

ထိုအချိန်တွင်။

ခမ်းနားသော ခန်းမအတွင်း ခရမ်းရောင်ချီအငွေ့အသက်များဖြင့် ဖုံးလွှမ်းထားသော လူငယ်တစ်ဦး ပေါ်လာခဲ့သည်။

ဝိညာဥ်မျိုးနွယ်မှ ထိုလူငယ်က ထူးဆန်းသည့်ရုပ်သွင်ရှိပြီး နဖူးမှ ချွန်ထက်လှသော ဦးချိုနှစ်ချောင်း ထွက်နေကာ ကျောက်မျက်ရတနာလို တောက်ပြောင်အဖိုးထိုက်လှဟန်ရှိသည့် ခရမ်းရောင် မျက်လုံးများက လျှို့ဝှက်ဆန်းကြယ်ပြီး နက်ရှိုင်းသည်။ ထိုသူက ပလ္လင်ထက်တွင် စိတ်ပျက်အားလျော့သွားဟန်ဖြင့် ပုံလဲကျနေသော ဘုရင်တန့်ယိုကို မျက်မှောင်ကြုတ်ကြည့်ကာ အေးစက်စက်မေးလိုက်သည်။

“ဘာဖြစ်တာလဲ? တာဝန်မအောင်မြင်ခဲ့ဘူးလား?!”

“ကျွန်… ကျွန်တော် နတ်ဘုရား သံတမန်ကို ဂါရဝပြုပါတယ်။” ဘုရင်တန့်ယိုဟာ လျစ်လျူရှုဖို့မရဲစွာ တုန်တုန်ရီရီထရပ်ပြီး မြေပြင်ထက် ဒူးတစ်ဖက်ထောက်ချလိုက်သည်။

“ဘာတွေ ဖြစ်ခဲ့တာလဲ? ပြောစမ်း!” မင်ယဲ့၏အသံက ရေခဲလိုအေးစက်နေသည်။

ဘုရင်တန့်ယိုက စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်ကာ ‌ခါးသက်စွာ တင်လျှောက်လာသည်။ “နတ်ဘုရား သံတမန်ကို တင်ပြပါတယ်။ ဒီတစ်ခါတော့ ကျွန်တော် တကယ်ကို အစွမ်းကုန် ကြိုးစားခဲ့တာပါ။ မရဏအဆင့် မှော်ရတနာရဲ့ စွမ်းအားဟာလည်း အင်မတန် အစွမ်းထက်လှပါတယ်။ လူသားမျိုးနွယ်ရဲ့ အသစ်တက်ရောက်လာတဲ့ ဓားမသေမျိုးအရှင်တောင် ခံနိုင်ရည်မရှိခဲ့ပါဘူး။ ဒါပေမယ့် အောင်မြင်မှုနဲ့ လက်တစ်ကမ်းအလိုမှာ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားခဲ့ပါတယ်။ အဲဒီ ယဲ့ကျွင်းလင်က တကယ်တော့ စစ်မှန်သောမသေမျိုးအရှင်တစ်ပါး ဖြစ်နေခဲ့တာပါ။ အရင်က ကျင့်ကြံဆင့်တွေအားလုံးက အတုအယောင်တွေချည်းပါပဲ!”

“ဘာ?!”

မင်ယဲ့ ချက်ချင်းမျက်နှာပျက်သွားသည်။ "ဒါဆို?"

“အဲ့လူက မရဏအဆင့် မှော်ရတနာကနေ ထုတ်လွှတ်လိုက်တဲ့ မီးလျှံနဂါးကိုးကောင်ကို တံတွေးတစ်ချက်ပဲထွေးပြီး ဖျက်ဆီးပစ်လိုက်ပါတယ်…”

ဘုရင်တန့်ယို၏အသံက တဖြည်းဖြည်းတိမ်ဝင်သွားပြီး ထိုမြင်ကွင်းကိုပြန်‌တွေးမိရင်း ကျောစိမ့်လာရပြန်သည်။

မင်ယဲ့လည်း ထိုစကားအဆုံးတွင် တုန်ရီသွားပြီး ရရှိလာသော သတင်းအချက်အလက်အား နားလည်ဖို့ ကြိုးစားနေရလေ၏။

မရဏအဆင့် မှော်ရတနာမှာ တံဆိပ်ခတ်မြှုပ်နှံထားသော စွမ်းအားဟာ စစ်မှန်သော မသေမျိုးအရှင် ပဉ္စမအဆင့်ကောင်းကင်ဘုံနှင့် ညီမျှကြောင်း သူကောင်းကောင်းသိသည်။ သို့တိုင် ထိုမျှအလွယ်တကူဖြေရှင်းလိုက်နိုင်သည်ဆိုလျှင် ပြိုင်ဘက်သည်ကား သာမန်မသေမျိုးတစ်ပါးတော့ မဟုတ်နိုင်ပေ။

“အဟက်၊ ဒီလောက် အကြာကြီး နက်နက်နဲနဲ ဖုံးကွယ်ထားနိုင်တာ။ ဒီလူက စိတ်ဓာတ်တော့ အတော်မာကျောတဲ့ပုံပဲ!” မင်ယဲ့ နှုတ်ကရယ်နေသော်ငြား မျက်လုံးများတွင် ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခု ထင်ဟပ်လာသည်။

သူသည် အမြဲတမ်းလိုလို သူ့ကိုယ်သူ အထင်ကြီးထားခဲ့ပြီး ထိုသို့ဘဝင်မြင့်ရလောက်အောင်လည်း မျိုးနွယ်စုတွင် ထူးထူးခြားခြား ထူးချွန်ခဲ့သည်။ ထိုအရှေ့ပိုင်းစီရင်စုမှ နာမည်ကြီးကျင့်ကြံသူမှန်သမျှကိုလည်း အထင်ကြီးခြင်းမရှိဘဲ သူတစ်ယောက်တည်း၏အင်အားဖြင့် အကုန်ဖိနှိပ်ချုပ်ကိုင်ထားနိုင်သည်ဟု ယုံကြည်ထားခဲ့၏။

ထိုသို့ ခိုးဝင်လုပ်ကြံမည့် အစီအစဥ်ကို လက်ခံတာဝန်ယူခဲ့သည့် အကြောင်းရင်းမှာ ဆုလာဘ်များ ရရှိရန်နှင့် မျိုးနွယ်စုအတွင်း သူ၏ ဂုဏ်သတင်းကို ပိုမိုမြှင့်တင်နိုင်ရန်၊ အနာဂတ် မျှော်မှန်းချက်များအတွက် ကြိုတင် လမ်းခင်းရန်ပင် ဖြစ်သည်။

သူ့အနေဖြင့် ခွင်းလွင်နယ်မြေထဲသို့ ဝင်ရောက်ရန်အတွက် တန်‌ကြေးတစ်ခု ပေးဆပ်ခဲ့ရသည်။ ကောင်းကင်တာအိုစည်းမျဥ်းများထံမှ ပစ်မှတ်ထားခံရမည်ကို စိုးကြောက်ရသေးသောကြောင့် လှုပ်ရှားမှုများကိုလည်း ထင်သလိုမရမ်းကားရဲ။ အစီအစဥ်တစ်လျှောက်လုံးက သူ မျှော်မှန်းထားသလောက်တော့ အဆင်မပြေခဲ့သော်ငြား သူ့ခွန်အားမပါလျှင်ပင် ထိုနယ်ခံလူသားကျင့်ကြံသူများကို လျှို့ဝှက်ကြံစည်၍ဖြစ်စေ၊ လက်အောက်ခံအင်အားစုများကို အသုံးပြု၍ဖြစ်စေ ရှင်းလင်းနိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့၏။

သို့သော်။

ထိုလုပ်ကြံမှုသည် လွဲချော်သွားခဲ့ရလေပြီ။

ယဲ့ကျွင်းလင်ဆိုသော လူသားမျိုးနွယ် ကျင့်ကြံသူသည် သူ့၏ အစီအစဉ်များကို ထပ်ခါတလဲလဲ နှောင့်ယှက်ခဲ့သည်။ စိတ်ဓာတ်တက်ကြွနေသော မရဏချောက်နက် စစ်တပ်ကို တစ်စစီပြန့်ကျဲပျက်ပြားစေခဲ့ပြီး ယခု မျိုးနွယ်စု၏ လျှို့ဝှက်လက်နက်တစ်ခုဖြစ်သည့် မရဏအဆင့် မှော်ရတနာကိုလည်း ဖျက်ဆီးပစ်လိုက်လေပြီ။

မင်ယဲ့သည် နက်ရှိုင်းသော မုန်းတီးနာကျည်းမှုများဖြင့် ရင်ထဲမီးတောက်နေသလို ခံစားရ၏။

မိမိကိုယ်ကို အဆင့်မြင့်မျိုးနွယ်ဟု သတ်မှတ်ထားသော သတ္တဝါတစ်ဦးသည် အဆင့်နိမ့်ကမ္ဘာသို့ ဆင်းသက်လာရပြီး ထိုအဆင့်နိမ့်ကျင့်ကြံသူတစ်ဦး၏ လက်တွင် ကစားခံလိုက်ရသည့် ခံစားချက်။

“ဪ၊ သူက ကျွန်တော့်ကို သတင်းစကား ပေးပို့ခိုင်းလိုက်သေးတယ်!” ဘုရင်တန့်ယို ရုတ်တရက် သတိရသွားပြီး ဂရုတစိုက် မေးလိုက်သည်။ “သံတမန် နားထောင်ချင်လား မသိဘူး?”

“ဪ?”

မင်ယဲ့ မျက်ခုံးပင့်လိုက်ပြီး ခနဲ့တဲ့တဲ့အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။

အသိသာကြီးကို လူကိုခြိမ်းခြောက်လိုခြင်းပါပင်။

“ပြော!”

မင်ယဲ့သည် မြင့်တက်လာသော‌‌ဒေါသစိတ်ကို အတင်းအကျပ် ပြန်လည်ဖိချကာ မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။ သူ၏ အရှေ့တိုင်းစီရင်စုမှ အကြီးမားဆုံး ပြိုင်ဘက်ရန်သူက မည်သို့သော ခြိမ်းခြောက်စကားမျိုးတွေ ထုတ်လာမလဲဆိုတာ စိတ်ဝင်စားစရာပင်။

သတိပေးချက်တစ်ခုလား? ခြိမ်းခြောက်မှုလား? ဒါမှမဟုတ် လှောင်ပြောင်စကားလား?

ကြုံခဲ့ဖူးသမျှ ရန်ပွဲတိုင်းကို ပြန်တွေးရင်း မင်ယဲ့ ခန့်မှန်းမိနေသည်။

“အဟမ်း အဟမ်း!”

ထို့နောက် ဘုရင်တန့်ယိုသည် ရုတ်ခနဲထရပ်ကာ မင်ယဲ့ကိုစူးစူးစိုက်စိုက်ကြည့်ပြီး အားမာန်အပြည့်ဖြင့် ပြောလာ၏။ “ဓားသွားက မထက်မမြက်နဲ့ မြင်းကပါ ပိန်ခြောက်နေမှတော့ ဒီအရှင်နဲ့ ဘယ်လိုများ လာတိုက်ခိုက်နိုင်ဦးမှာလဲ?!!!”

မင်ယဲ့: “???”

ကဗျာတစ်ပုဒ်လို စည်းချက်ကျကာ မာနကြီးသော ခြိမ်းခြောက်စကားလုံးများက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပါသည့် မင်ယဲ့ကိုပင် အံ့အားမသင့်ဘဲ မနေနိုင်လောက်အောင် ထိရောက်စေခဲ့၏။

မင်ယဲ့ မျက်မှောင်ကြုတ်ပြီး သေချာစဉ်းစားနေရင်း တဖြည်းဖြည်း မျက်နှာကြီးက ရုပ်ဆိုးသည်ထက်ဆိုးလာကာ မှောင်မည်းလာတော့၏။

ရန်သူ၏ ထိုစကားတိုလေးတစ်ခွန်းတွင် မထီမဲ့မြင်ပြုမှုများ လှောင်ပြောင်မှုများက သူထင်ထားသည်ထက် တင်းပြည့်ကျပ်ပြည့် ပါဝင်နေခဲ့သည်ပင်။

စကားလုံး တစ်ထောင်ထက်ပင် ပိုထိ‌ရောက်သည်။

လတ်လတ်လောလော ဆုံးရှုံးမှုအားလုံးနှင့် ပေါင်းစပ်လိုက်သောအခါ မင်ယဲ့ ဖိနှိပ်မျိုသိပ်ထားသော ဒေါသစိတ်မှာ ချက်ချင်းဆိုသလို မီးတောင်ကဲ့သို့ ဝုန်းခနဲ ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက ပတ်ဝန်းကျင်သို့ လွှမ်းခြုံသွားခဲ့၏။

All Chapters