← Chapters

အခန်း (၃၁၉)

Vol. 23 Ch. 319

အခန်း (၃၁၉)

Vol. 23 Ch. 319

တစ်ချိန်တည်းမှာပင်။

ဟွမ်ကျိုးပြည်နယ်တွင် ဆူညံသံများ ငြိမ်သက်သွားပြီးနောက် ကျင့်ကြံသူတို့သည် ယနေ့မြင်တွေ့ခဲ့ရသည့် အဖြစ်အပျက်များကို သတင်းဖြန့်ဝေရန် စိတ်အားထက်သန်စွာဖြင့် ထွက်ခွာသွားကြတော့၏။

ခန့်မှန်းရန်ပင် မလိုပါ။ ထိုအဖြစ်အပျက်မှာ အရှေ့ပိုင်းစီရင်စုကို အုန်းအုန်းထလှုပ်ခတ်စေမည့် ပေါက်ကွဲဖွယ်ရာ သတင်းတစ်ခု ဖြစ်လာလိမ့်မည်ပင်။

“ဘာ?! မသေမျိုးအရှင် အမွေအနှစ်ကို ယဲ့ကျွင်းလင်က ရသွားတာလား? ဒီလူ့ကံတရားကတော့ ကောင်းကင်ကိုတောင် တက်စိန်ခေါ်နေတာပဲ။ မသေမျိုးအဆင့်တက်ဖို့ဆိုတာလည်း လက်တစ်ကမ်းမှာ ရှိနေပြီ ထင်ပါရဲ့!”

“လာနောက်နေတာလား? အဲ့လူ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မသေမျိုးအရှင် ဖြစ်ပြီးနေပြီ။ ဟန်ဆောင်ထားတာတွေ အားလုံးက ငါတို့အားလုံးကို လှည့်စားချင်ခဲ့ရုံသက်သက်ပဲ။”

“ချီးတဲ့မှ၊ ဒီမြေခွေးအိုကြီးကို လျှော့တွက်လို့မရဘူးပဲ။ ဒီ့ထက်နည်းနည်းလောက်ပိုပြီး ရိုးသားပေးလို့မရတော့ဘူးလား"

“အမလေးလေး၊ ငါတော့ ဘုရားပဲတလိုက်ချင်တော့တယ်၊ အကြီးအကဲယဲ့က ရန်သူကိုထောင်ဖမ်းချင်ရင် ဘယ်လိုအထာကျကျဖမ်းရမယ်ဆိုတာ နည်းပေးလမ်းပြ လုပ်နေသလိုပဲ!”

“ကျွန်တော် နားမလည်တာက အကြီးအကဲယဲ့က အဆင့်မြင့် မသေမျိုးအရှင်တစ်ပါး ဖြစ်ပြီးနေပြီဆိုရင် ဘာလို့ သူ့ရဲ့ပုံစံအမှန်ကို ဖုံးကွယ်ထားပြီး သာမန် ကျင့်ကြံသူတွေနဲ့ ရောရောနှောနှော ဝင်တိုက်နေရတာလဲ?"

“ဟဲဟဲ၊ မင်းဒါတောင် နားမလည်ဘူးလား? ငါထင်တာ အကြီးအကဲယဲ့ရဲ့ ကျင့်ကြံမှုက ကောင်းကင်ကိုဆန့်ကျင်နိုင်လောက်တဲ့အထိ အားကောင်းနေပြီဆိုတော့ သူက ပြိုင်ဘက်ကင်းလမ်းစဉ်ကို နောက်တစ်ကြိမ်ပြန်လျှောက်ပြီး သူ့ရဲ့တာအိုနှလုံးသားကို ခိုင်ခံ့မာကျောအောင် ပြန်လည်တည်ဆောက်ချင်လို့ပဲ ဖြစ်မယ်!”

အမှန်တရားကို သိရှိရသောအခါ အရှေ့ပိုင်းစီရင်စု ရှိ ကျင့်ကြံသူများစွာမှာ တစ်ခဏတော့ မယုံကြည်နိုင်ဖြစ်ခဲ့ရသော်ငြား လျင်မြန်စွာပင် လှည့်ပတ်တွေးခေါ်ကာ နားလည်သဘောပေါက်ပေးလိုက်ကြသည်။

ယခင်ကလည်း ဖြစ်ရပ်များစွာ ကြုံခဲ့ရပြီးဖြစ်သော်ငြား ယခုတစ်ကြိမ်အဖြစ်အပျက်က သက်ရောက်မှုပိုကြီးသည်ကတော့ ငြင်းမရပေ။

တစ်ချိန်က အရှေ့ပိုင်းစီရင်စုကို လှုပ်ခတ်စေခဲ့သော ဆံဖြူလူသတ်နတ်ဘုရားသည် ယွင်ရှန်းကျွန်း ၏ ကျွန်းသခင်အဖြစ် အမွေဆက်ခံရရှိလိုက်ရုံမက စစ်မှန်သော မသေမျိုးအရှင်တစ်ပါး ဖြစ်နေခဲ့သည့် နောက်ကြောင်းကိုပါ ထုတ်ဖော်ခံလိုက်ရလေသည်။

အံ့သြဖွယ် ဇာတ်လမ်းနှစ်ပုဒ် ပေါင်းစည်းထားသော အရှိန်အဝါသည် မကြုံစဖူးသော သြဇာအာဏာကို ဖန်တီးခဲ့ပေ၏။

ထို့အပြင် ရွမ်ကျီးဓားဂိုဏ်းမှ ရွှယ်ဝူဟန်က ရှေ့ထွက်၍ သက်သေခံခဲ့ပြီး ထိုနေ့က သူ၏ ကိုယ်တွေ့အတွေ့အကြုံများကို ပြန်လည်ပြောပြခဲ့သည်။ သူ၏ မသေမျိုးအဖြစ်သို့ တိုးတက်ပြောင်းလဲခြင်းသည်လည်း ဆရာသခင်ယဲ့၏ သင်ပြလမ်းညွှန်မှုကြောင့်ဖြစ်ကြောင်းကိုပါ ဝန်ခံခဲ့သေး၏။

ဤ ဝတ်ရုံဖြူ ဓားမသေမျိုးအရှင်မှာ စိတ်နှလုံးဖြောင့်မတ်တည်ကြည်ကာ စကားတည်သူဖြစ်သောကြောင့် ထိုသတင်း၏ ယုံကြည်စိတ်ချရမှုသည်ကား ရာနှုန်းပြည့်ပင် ဖြစ်သည်။

ချက်ချင်းပင် ပြင်ပလောကတွင် ယဲ့ကျွင်းလင်နှင့်ပတ်သက်သော ဆွေးနွေးမှုများဖြင့် ပြည့်နှက်သွားတော့၏။ ကျင့်ကြံရေးဂိုဏ်းများ ဖြစ်စေ၊ အထက်တန်းမျိုးနွယ် မင်းဆက်များ ဖြစ်စေ၊ ယဲ့ကျွင်းလင်ဆိုသူမှာ ယနေ့ခေတ်၏ စစ်မှန်သော မသေမျိုးအရှင်တစ်ပါးဖြစ်ကြောင်း မသိသူမရှိကြပေ။

ခေတ်တစ်ခေတ်မှ တာအိုမျိုးဆက်တစ်ခုက မသေမျိုးအရှင်မြောက်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း လူတိုင်းကြားသိဖူးခဲ့ကြ၏။ ရှင်သန်နေထိုင်လာရင်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ဒဏ္ဍာရီသည် ဒဏ္ဍာရီအတိုင်းသာ တည်ရှိနေခဲ့ပြီး ထိုသို့ ရှေးဟောင်းလက်ကျန် မသေမျိုးအရှင်တစ်ပါးကို မျက်မြင်တွေ့ဖူးသူ မရှိခဲ့ချေ။

ယဲ့ကျွင်းလင်၏ ရုတ်တရက် ပေါ်ထွက်လာမှုက ကျင့်ကြံသူအပေါင်းကို အံ့အားသင့်စေခဲ့သည်။ မသေမျိုးအရှင်များသည် သူတို့နှင့် တစ်ချိန်လုံး ဤသို့ နီးကပ်စွာရှိနေခဲ့ကြသည်လော။

ယခုအခါတွင် အကြီးအကဲယဲ့၏ ပရိသတ်ထုမှာလည်း ပိုမိုကျယ်ပြန့်လာပြီး အမျိုးသမီး ကျင့်ကြံသူ အများအပြားမှာ အရှင်ယဲ့အတွက် ပံ့ပိုးမှုလှုပ်ရှားမှုများကို ကိုယ်ထူကိုယ်ထ ပြုလုပ်ဖန်တီးခဲ့ကြသည်အထိ။ လမ်းမများထက်တွင် ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ လှည့်လည်လျှောက်သွားကြပြီး ထိုဆိုင်းဘုတ်များတွင် အသည်းပုံများ ဝေစည်စွာခြံရံထားသော "ယဲ့ကျွင်းလင်" ဟူသည့် စာလုံးသုံးလုံးကို ရေးထိုးထားသည်။

အမျိုးသား ကျင့်ကြံသူ အများအပြားသည်လည်း ယဲ့ကျွင်းလင်ကို အတုခိုးလာကြသည် ဆိုသတတ်။ ဆံပင်များကို ငွေဖြူရောင်ဆေးဆိုးကြကာ ရွှေချည်ပန်းထိုးထားသည့် အနက်ရောင်ဝတ်ရုံများကို မှာယူချုပ်လုပ်ကြသည်။ ထိုအဆင်အပြင်ဖြင့် လမ်းလျှောက်ထွက်လျှင် လူအများ၏ စိတ်ဝင်တစား စူးစမ်းကြည့်ရှုခြင်းကို ခံရမည်မလွဲပေ။

အလွန်စည်ကားသော မြို့တော်လမ်းမများပေါ်တွင် အရပ်အမောင်း ပုပုရှည်ရှည်၊ ပိန်ပိန်ဝဝ၊ ရုပ်ရည်အဆိုးအကောင်းမရွေး မြင်မြင်သမျှ အမျိုးသားဆယ်ဦးခန့်တွင် ခုနစ်ဦးသည် ငွေရောင်ဆံပင်၊ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့်မြင်ကွင်းကို မိတ်ဆွေ စိတ်ကူးကြည့်ပါလေ။

စိတ်ကြည်နူးဖွယ်ရာ ကောင်းလှသည်မဟုတ်လော။

တစ်ဖက်တွင်။

ရွှယ်ထျန်းဂိုဏ်းတွင်လည်း တက်ကြွအားကောင်းသော အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသည်။ တပည့်ဂိုဏ်းသားများနှင့် အကြီးအကဲများအားလုံး ခေါင်းမော့ရင်ကော့ကာ ဘယ်နေရာသွားသွား မြောက်ကြွမြောက်ကြွ ခြေလှမ်းများဖြင့်သာ လျှောက်လှမ်းကြတော့၏။ သူတို့၏ ရင်ထဲတွင် နက်ရှိုင်းစွာ ထွင်းထုထားသော စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူမှုများ ပြည့်နှက်နေသည်။

မိမိတို့ဂိုဏ်းမှ မြူခိုးတောင်ထိပ်သခင် အရှင်ယဲ့သည် ဘေးဒုက္ခကိုကျော်လွှားကာ မသေမျိုးအရှင်အဖြစ် တက်လှမ်းခဲ့ကြောင်း မကြာသေးခင်က ကြားသိခဲ့ရကာ ယခု နေရာတကာတွင် ဟိုးလေးတကျော်ဖြစ်လို့နေလေပြီ။

အလွန်အမင်း ဇာတ်လမ်းဆန်လွန်းသည်ဟု ထင်ရနိုင်သော်ငြား ထိုပုဂ္ဂိုလ်၏ အောင်မြင်ကျော်ကြားမှုတစ်လျှောက်လုံးက အဖြစ်အပျက်တိုင်းကို ထည့်သွင်းစဉ်းစားသောအခါ ထိုဇာတ်လမ်းသည်လည်း လက်မခံနိုင်ဖွယ်ရာ အကြောင်းမရှိ။

“တောင်ထိပ်သခင်ယဲ့က ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဂိုဏ်းအပြင်မှာ မသေမျိုးအရှင် ဖြစ်ထားပြီးခဲ့တာ ဖြစ်ရမယ်။ သူသာ ဂိုဏ်းထဲမှာ အဆင့်တက်ခဲ့တာဆိုလျှင် လျှပ်စီး‌ဘေးဒုက္ခတိမ်တွေကို ငါတို့မြင်ခဲ့ရပြီး သေချာပေါက် သိခဲ့ရမှာပေါ့"

“လူတွေက ပြောကြတယ်။ ကိုယ်က သူတကာထက် သာလွန်ထူးချွန်နေပြီဆိုရင် ကိုယ့်ရဲ့ အစွမ်းအစမှန်တွေကို ဖုံးကွယ်ထားသင့်ပြီး ကျင့်ကြံဆင့်ကို အရမ်းကာရော ဖော်ထုတ်ကြွားဝါမနေသင့်ဘူးတဲ့။ ဒါပေမယ့် ငါတို့ရဲ့ တောင်ထိပ်သခင်ယဲ့က ဒီစကားကို အဆုံးစွန်ထိ ကျင့်သုံးနေလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးဖူးဘူး!”

“တခြားသူတွေ ဖုံးကွယ်ချင်ရင်တောင် နည်းနည်းလေးပဲ ဖုံးကွယ်ထားနိုင်ကြမှာ။ ငါတို့ တောင်ထိပ်သခင်ယဲ့ကတော့ တကယ့်ကို သူမတူတာပါပဲ!”

ယဲ့ကျွင်းလင်၏ ရှေ့ဆောင်လမ်းပြမှုကြောင့် တပည့်များနှင့် အကြီးအကဲများလည်း ကျင့်ကြံဆင့်ဖုံးကွယ်သည့် အပြုအမူကို အမူအကျင့်ကောင်းတစ်ခုအဖြစ် မှတ်သားအတုယူလာကြသည်။

ရုတ်တရက် ဂိုဏ်းတစ်ခုလုံးတွင် ထူးခြားသော ခေတ်ရေစီးကြောင်းတစ်ခု လွှမ်းခြုံသွားသည်။ ဝိညာဉ်အဆင့်တက်ခြင်း ကျွမ်းကျင်သူများ နေရာအနှံ့အပြားတည်ရှိပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများ ရိုက်သတ်လို့မကုန်အောင် ပေါများသည့် ခမ်းနားသော မြင်ကွင်းသည် ချက်ချင်းပင် အဆင့်နိမ့်ကျင့်ကြံသူလေးများ စုဝေးနေထိုင်ရှာသော ခြောက်သွေ့သွေ့ မြင်ကွင်းအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး လူအများအား ရွှယ်ထျန်းဂိုဏ်း၏ အားနည်းမွဲတေခဲ့သော အတိတ်များကိုပင် ပြန်လည်မြင်ယောင်လာစေသည်အထိ။

ထိုအချိန်တွင် အခြေအနေကို မရိပ်စားမိသော ခေတ်နောက်ကျလှသည့် ကျင့်ကြံသူတစ်ဦးသာ ကျူးကျော်ဝင်ရောက်လာပြီး အနိုင်ကျင့်ဗိုလ်ကျချင်ပါက...

အပေါ်ယံအားဖြင့် အခြေတည်ထောင်ခြင်း ကျင့်ကြံဆင့်သာရှိသော ကြင်နာသိမ်မွေ့ပါသည့် မျက်နှာထားဖြင့် အကြီးအကဲသည် တစ်စက္ကန့်အတွင်း အထွဋ်အထိပ်သို့ တက်ရောက်ခြင်းအဆင့် ကြောက်မက်ဖွယ်စွမ်းအားဖြင့် ပေါက်ကွဲထွက်လာမည်အား တွေ့လိုက်ရလိမ့်မည်ပင်။

ယနေ့မှစ၍ ရွှယ်ထျန်းဂိုဏ်းမှ အဖွဲ့ဝင်ဂိုဏ်သားအားလုံးသည် မြေခွေးအိုကြီးများအဖြစ် ပြောင်းလဲသွားကြလေတော့၏။

All Chapters