အခန်း (၃၂၀)
Vol. 23 Ch. 320
ယဲ့ကျွင်းလင်သည် သူ၏ရွှေလက်ချောင်းမှ စွမ်းအားသက်ရောက်မှုက ဂိုဏ်းတစ်ခုလုံးကို သွယ်ဝိုက်သောနည်းဖြင့် လမ်းမှားသို့ ဦးတည်စေလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
ရှေ့ဆောင်လမ်းပြတစ်ဦး၏ သက်ရောက်မှုစွမ်းအားသည် သူထင်ထားသည်ထက် ကြီးမားနေခဲ့ပုံပင်။
မြူခိုးတောင်ထိပ်တွင်။
လူအုပ်စုတစ်စုသည် ယဲ့ကျွင်းလင်ကို ဝိုင်းရံထားကြ၏။ သူတို့၏ မျက်လုံးများကား ပြင်းထန်စူးရှသော အကြည့်များဖြင့် တောက်လောင်နေလျက်။ ပို၍ တိတိကျကျ ပြောရလျှင် သူတို့အားလုံး၏ အာရုံစိုက်မှုသည်ကား ယဲ့ကျွင်းလင်လက်ထဲရှိ အရာဝတ္ထုပေါ်သို့ လုံးလုံးလျားလျား စူးစိုက်ထားခဲ့ခြင်းပင်။
ယဲ့ကျွင်းလင်က သူ့လက်ထဲရှိ ကျွန်းငယ်လေးကို ကြည့်ရင်း အတွေးများဖြင့် နစ်မြောနေသည်။
ဟုတ်ပါသည်။ ဤကျွန်းငယ်လေးကား လျိုဟွမ်းရှုမှ သူ့ထံသို့ လက်ဆင့်ကမ်းပေးခဲ့သော မသေမျိုးကျွန်းပင်!
ဤမသေမျိုးကျွန်း၏ ဧရိယာသည် အလွန်ကျယ်ဝန်းသောကြောင့် ၎င်း၏ အတိုင်းအတာတစ်ခုလုံးမှာ မြို့ပေါင်းတစ်ရာ၏ စုစုပေါင်းဧရိယာနှင့် နှိုင်းယှဉ်နိုင်သည်ဟူ၏။ ၎င်းသာ ဂိုဏ်းအပေါ်၌ ဝဲပျံနေပါက နေရောင်ကို သေချာပေါက် ဖုံးကွယ်သွားမည်ဖြစ်သောကြောင့် မှောင်ရီဝေမှိုင်းနေသော လေထုကြီးမှာ မည်သို့ပင်ကြည့်ကြည့် ထူးဆန်းလှလေမည်သာ။
ထို့ကြောင့် ယဲ့ကျွင်းလင်သည် ကျွန်းကို ပိုမိုလွယ်ကူစွာ ရွှေ့ပြောင်းနိုင်ရန် သို့မဟုတ် ဖွက်သိမ်းထားနိုင်ရန် ကျုံ့လိုက်ရကောင်းမလားဟု အကြံပေါက်ခဲ့မိသည်။
မမျှော်လင့်ဘဲ ကျွန်း၏လုပ်ဆောင်ချက်များကို သူ ဟိုဟိုဒီဒီ စမ်းသပ်နေစဉ်တွင် ဤကျွန်း၌ အရွယ်အစား ကျုံ့နိုင်သော လုပ်ဆောင်ချက်လည်း ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။
ယဲ့ကျွင်းလင်လည်း စူးစမ်းလိုစိတ်ဖြင့် မသေမျိုးကျွန်းအရွယ်အစားကို အဆက်မပြတ် ကျုံ့ခဲ့ရာ မူလက အဆုံးမဲ့ကျယ်ပြန့်သော ကောင်းကင်ကျွန်းပျံကြီးမှ နောက်ဆုံးတွင် လူကြီးတစ်ဦး၏ လက်ဖဝါးအရွယ်အစားမျှအထိ ကျုံ့ဝင်သွားခဲ့ပြီး လုပ်ရကိုင်ရသည်မှာလည်း အလွန်လွယ်ကူမြန်ဆန်လှပေ၏။
ယဲ့ကျွင်းလင် ၎င်းကို စားပွဲပေါ်သို့ ညင်သာစွာ တင်လိုက်သည်။ မသေမျိုးကျွန်း ပေါက်စလေးသည် အပင်စိုက်ပန်းအိုးလေးတစ်လုံးနှင့်တူပြီး ၎င်း၏ အလေးချိန်မှာ အံ့မခန်း ပေါ့ပါးသွားလေပြီ။ အစီအရင် အကြီးအကဲတစ်ဦး၏ နေရပ်ဟောင်းဖြစ်ခဲ့သည်မှာ သံသယဝင်စရာမလိုပေ။ အသုံးပြုပုံများက လွယ်ကူရိုးရှင်းပြီး နက်နဲလှ၏။
“ဒီအတိုင်းလည်း အတွင်းကိုဝင်ကြည့်လို့ရမယ် ထင်တယ်နော်!” ယဲ့ကျွင်းလင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“စမ်းကြည့်လိုက်လေ ရချင်ရမှာပေါ့?” ထျန်းရှန်းတောင်ထိပ်သခင်က ရယ်မောထောက်ခံလိုက်ပြီး နောက်ဘာဆက်ဖြစ်မလဲဆိုတာကို စိတ်အားထက်သန်စွာ စောင့်စားနေမိသည်။
“တကယ်ဝင်လို့ရရဲ့လား? မတော်တဆမှုတွေ ဘာတွေများ ရှိလာနိုင်မလား?” ကျောက်လင်အာကတော့ စိုးရိမ်နေဟန်ရှိပြီး အသက်ရှူသံများလည်း မြန်ဆန်နေသည်။
“အဆင်ပြေပါတယ်၊ လူတိုင်း ဒီမှာ စောင့်ကြည့်ပေးနေတာပဲကို၊ မတော်တဆဖြစ်စရာမရှိပါဘူး။” ဂိုဏ်းချုပ်ရှယိုနျန်က စိတ်ချလက်ချပြောလိုက်သည်။
“ဟဲဟဲ၊ ညီလေးယဲ့က မသေမျိုးအရှင်ပါကွာ။ ဘာများစိတ်ပူစရာ ရှိနိုင်မှာလဲ” ဓားဝှက်တောင်ထိပ်သခင်က မေးစေ့ကိုပွတ်ရင်း ထောက်ခံလိုက်ပြီး မျှော်လင့်တကြီး စောင့်ကြည့်လို့နေသည်။
“ကျွန်တော့် ဆရာသခင်ရဲ့ ကျင့်ကြံဆင့်က ကောင်းကင်ကိုတောင် တက်စိန်ခေါ်လို့ရတယ်! ဒီထဲကို ဘယ်လိုပုံစံနဲ့ပဲဝင်ဝင် ဆရာသခင့်ကို ခြိမ်းခြောက်နိုင်တာ ရှိလာမှာမဟုတ်ဘူး!” လီဝူကျယ်က ရင်ကိုကော့ကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
ယဲ့ကျွင်းလင်တစ်ယောက် မသေမျိုးကျွန်း နှင့်အတူ ပြန်ရောက်လာသည့်အချိန်မှစ၍ ရွှယ်ထျန်းဂိုဏ်းတစ်ခုလုံး ပွက်ပွက်ညံနေရုံသာမက မသေမျိုးအဖြစ် ပြောင်းလဲသွားခြင်းကြောင့်လည်း ထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်။ အထူးသဖြင့် ဂိုဏ်းချုပ်နှင့် တောင်ထိပ်သခင်များမှာ ဝမ်းသာပီတိ ဂွမ်းဆီထိလျက် သူတို့ညီလေးကို ဘယ်အချိန်ကတည်းက မသေမျိုးအရှင် ဖြစ်ခဲ့သည့်အကြောင်း စိတ်အားထက်သန်စွာ မေးမြန်းခဲ့ကြ၏။ တစ်ယောက်တစ်ပေါက် မေးခွန်းများကို ယဲ့ကျွင်းလင် မသေမျိုးကျွန်းဖြင့် အာရုံလွှဲပစ်ခဲ့ရသည်။
ဤသို့ဖြင့် လူတိုင်း၏ အာရုံစိုက်မှုသည် မသေမျိုးကျွန်းဘက်သို့ ကူးပြောင်းသွားခဲ့ကြသည်။
ဤအရာဝတ္ထုလေးကို ကျွန်းဟု ခေါ်ဆိုနေပါသော်ငြား တကယ်တမ်းတွင် ၎င်းသည် ကိုယ်ပိုင် စကြဝဠာတစ်ခု ပါဝင်သည့် အာကာသအဆင့် မြင့်မြတ်သော ရတနာပစ္စည်းတစ်ခုဖြစ်၏။ ၎င်းသည် ချဲ့ထွင်နိုင်၊ ကျုံ့ဝင်နိုင်ပြီး ပေါများသော ကျင့်ကြံမှု အရင်းအမြစ်များ ပါဝင်ရုံမက ကျွန်းပေါ်တွင် ရှေးဟောင်းသတ္တဝါမျိုးရင်း အချို့လည်း ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်နိုင်ချေ ရှိသည်။
လူတိုင်းကို စူးစမ်းလိုစိတ်အပြည့်ဖြင့် မရိုးမရွဖြစ်လာနိုင်စေသော အရာဝတ္ထုပါပေ။
“ကောင်းပြီ၊ ဒါဆိုရင် ကျွန်တော် ဝင်တော့မယ်။” ယဲ့ကျွင်းလင် လုံးဝ တွန့်ဆုတ်မနေဘဲ ကျွန်းငယ်လေးထဲသို့ စွပ်ခနဲ ခုန်ဝင်သွားသည်။
လူတိုင်း ကြောင်အသွားကြသည်။ ထို့နောက် အံ့သြတကြီးဖြင့် မျက်လုံးများ ပြူးကျယ်လာကြလျက်။
“ဆရာသခင်က တော်တော်သေးသွားတာပဲဟ!!”
လီဝူကျယ်၏ မျက်လုံးများ ပြူးကျယ်နေပြီး ပန်းအိုးလေးနှင့်တူသော မသေမျိုးကျွန်းအား အာရုံစိုက် ကြည့်နေရသည်။ တိတိကျကျ ပြောရလျှင် သူ၏အကြည့်သည် ဖုန်မှုန်လေးတစ်မှုန်စာမျှသာ ရှိသော ပုံရိပ်ပေါ်တွင် စူးစိုက်နေရခြင်းပင်။
ယဲ့ကျွင်းလင်သည် လက်ဖဝါးအရွယ် မသေမျိုးကျွန်းလေးထဲသို့ ဝင်ရောက်ပြီးနောက် သူ၏ ပုံရိပ်သည်လည်း အလိုက်သင့် ကျုံ့ဝင်သွားသောကြောင့် ကျင့်ကြံသူတစ်ဦး၏ ထက်ရှသောအမြင်စွမ်းအားသာ မရှိခဲ့ပါက မြင်နိုင်လောက်စရာ အရွယ်အစားမဟုတ်ပေ။
“ညီလေးယဲ့က တကယ်သေးတာကွ!” ရှယိုနျန်နှင့် အခြားသူများ အံ့ဩစွာ အော်ဟစ်လိုက်ကြသည်။
ယဲ့ကျွင်းလင်: “…”
ခင်ဗျားတို့ စကားအသွားအလာ ဂရုစိုက်ကြပါဦး။
အရင်းမရှိ အဖျားမရှိနဲ့ အနှောင့်အသွားမလွတ်ဘူးလေနော်။
“ဖယ်ပေး၊ ရှုရှုလည်း မြင်ချင်တယ်။”
ချစ်စရာကောင်းသော ငွေရောင်ဆံပင်နှင့် လူကောင်သေးသေး ကောင်မလေးတစ်ယောက် လူအုပ်ကြားထဲမှ တိုးဝှေ့ဝင်ရောက်လာသည်။ ထို့နောက် သူမ၏ ကြည်လင်သန့်စင်သော မျက်လုံးလေးများအား ပြူးကျယ်လိုက်ကာ မသေမျိုးကျွန်းငယ်လေးအား စူးစိုက်ကြည့်လိုက်၏။
သူမ၏ အကြည့်သည် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်လေးပေါ်သို့ ကျရောက်သွားပြီးနောက် ပုရှောင်ရှီးသည် ခေါင်းကိုစောင်းငဲ့လိုက်ကာ ချစ်စရာကောင်း၌ အပြစ်ကင်းစင်လှသော ကလေးသံလေးဖြင့် မှတ်ချက်ချလာသည်။
“ဆရာသခင်က သေးသေးလေးပေမယ့် ချစ်စရာလေးပါနော်~”