အခန်း (၃၂၁)
Vol. 23 Ch. 321
ယဲ့ကျွင်းလင် - “?”
ဘာချစ်စရာကောင်းတာလဲ! ယောက်ျားတစ်ယောက်ဆိုတာ ကြီးလေကောင်းလေပဲ!
အဟမ်း… စကားတွေချော်ကုန်ပြီ။
ယဲ့ကျွင်းလင် ထိုသူတို့ကို ဆက်အာရုံစိုက်မနေတော့ဘဲ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ ဝန်းရံပေါက်ရောက်နေသော သစ်ပင်ပန်းပင်များသည် စိမ်းစိမ်းစိုစိုနှင့် တောင်တန်းမြစ်ချောင်းများ ဝေစည်လှပနေပုံမှာ စမ်းသပ်မှုအတွင်း မြင်တွေ့ခဲ့ရသည့်အတိုင်းပင်။
စိတ်ကို နှစ်မြုပ်လိုက်ပြီး ကျွန်းသခင်နှင့် ကျွန်းပေါ်ရှိ အရာအားလုံးကြားမှ ခွဲခြားမရသော စိတ်ဝိညာဥ်ဆက်သွယ်မှုကို ခံစားကြည့်လိုက်သည်။
ခံစားချက်ကား သူကိုယ်တိုင် ဤနေရာကို ပိုင်စိုးအုပ်ချုပ်သော နတ်ဘုရားတစ်ပါး ဖြစ်နေသကဲ့သို့ပင်!
ယဲ့ကျွင်းလင်သည် ညင်သာစွာ သက်မတစ်ချက်ချကာ အပြင်ဘက်သို့ လက်ဝှေ့ယမ်းပြလိုက်သည်။ “ပြဿနာမရှိဘူး၊ အခု အားလုံးဝင်လာလို့ရပြီ။”
“ဟုတ်ပြီ!”
ခွင့်ပြုစကားကို ကြားသောအခါ လူတိုင်း၏မျက်နှာများ ဝမ်းသာအားရ ဖြစ်သွားကြပြီး အားလုံး စိတ်မရှည်နိုင်စွာ တစ်ယောက်ပြီးတစ်ယောက် ခုန်ဝင်လိုက်ကြ၏။
မသေမျိုးကျွန်းပေါ်သို့ ပုံရိပ်များ တစ်ခုပြီးတစ်ခု ဆင်းသက်လာကြပြီး သူတို့၏ ကိုယ်ခန္ဓာများမှာလည်း ကျွန်းနှင့်အလိုက်သင့် သေးငယ်သွားကြလေသည်။
“အယ်…” ယဲ့ကျွင်းလင်သည် သူ့ပတ်ဝန်းကျင်ရှိ နေရာလွတ်ကိုကြည့်ရင်း အနည်းငယ်ဆွံ့အသွားရသည်။
ဆင်းသက်မည့် နေရာကို တိကျစွာ ထိန်းချုပ်နိုင်သေးပုံမပေါ်ပေ။
ငါ့ဘာသာ အရင်စူးစမ်းကြည့်တာပေါ့လေ။
ယဲ့ကျွင်းလင် မသေမျိုးကျွန်းကို အလုံးစုံထိန်းချုပ်နိုင်သည့် တစ်ဦးတည်းသော ကျွန်းသခင်ဖြစ်သောကြောင့် မည်သည့်မှားယွင်းမှုကိုမျှ စိုးရိမ်နေစရာမရှိပေ။
ပျင်းပျင်းရှိသည်နှင့် ရှုခင်းများကို ပတ်ကြည့်ဖို့အတွက် ယဲ့ကျွင်းလင် စတင်ရွေ့လျားလိုက်သည်။
တစ်ချိန်တည်းမှာပင်။
သစ်တောတစ်ခု၌ ဓားဝှက်တောင်ထိပ်သခင်သည် ခေါင်းကိုတဗျင်းဗျင်းကုတ်ကာ တီးတိုးရေရွတ်လိုက်သည်။ “ငါဝင်လာတုန်းက လမ်းမှားသွားတာများလား? ညီလေးယဲ့ကိုလည်း ရှာမတွေ့ဘူး"
“ဟမ်?”
ဓားဝှက်တောင်ထိပ်သခင် ရုတ်တရက် တစ်ခုခုကို ရှာဖွေတွေ့ရှိလိုက်သည်။ ခြေထောက်အောက်ရှိ မည်းနက်သော မြေကြီးကဲ့သို့သော အရာဝတ္ထုတစ်ဆုပ်ကို စမ်းသပ်မိကာ ကောက်ယူလိုက်ပြီး ၎င်းတွင် ပါဝင်သော မှိန်ဖျော့ဖျော့ မသေမျိုးချီအငွေ့အသက်များကို ခံစားလိုက်ရသဖြင့် စိတ်လှုပ်ရှားမှုကြောင့် စကားမပြောနိုင်ပင် ဖြစ်သွားရ၏။
“ဒီ… ဒီဟာက မသေမျိုးမြေဆီလွှာပဲ!”
“ကြီးမားတဲ့ အခွင့်အရေး၊ ငါ့အတွက် ကြီးမားတဲ့ အခွင့်အရေးပဲ!” ဓားဝှက်တောင်ထိပ်သခင်သည် ဝမ်းသာအားရဖြင့် ထိုမြေကြီးတစ်ဆုပ်ကို ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
မျိုချရခက်ခဲသော်လည်း ပိုမိုအားကောင်းချင်သည့် ဆန္ဒကို သူမတားဆီးနိုင်ခဲ့ပေ။ ဤ မသေမျိုးမြေဆီလွှာကို စားသုံးပါက ပါဝင်သော မသေမျိုးချီကို သန့်စင်အသုံးချနိုင်ကာ သူ၏ကျင့်ကြံရေးကိုလည်း များစွာအထောက်အကူပြုပေမည်။
အရသာ ခါးသက်သော်လည်း ဓားဝှက်တောင်ထိပ်သခင်အတွက်တော့ ထိုမြေကြီးတစ်ဆုပ်မှာ သူစားဖူးသမျှ အစားအသောက်ထဲ အချိုဆုံးဟုပင် အထင်ရှိလေသည်ဟု။
အသာစံချင်ရင် အရင်ဆုံး အနာတော့ခံနိုင်ရမှာပေါ့လေ။
ရုတ်တရက် မလှမ်းမကမ်းမှ တစ်စုံတစ်ဦး ခုန်ပေါက်သွားလာနေသကဲ့သို့ ခြေသံများ ထွက်ပေါ်လာသည်။
ဓားဝှက်တောင်ထိပ်သခင်လည်း မသိစိတ်ဖြင့် ခေါင်းလှည့်ကြည့်မိလိုက်ရာ အံ့အားသင့်စွာဖြင့် ရွှံ့မည်းများပြည့်နေသော ပါးစပ်ကြီးပါ ဟောင်းလောင်းပွင့်သွားရတော့၏။
သူ မြင်လိုက်ရသည်မှာ နှစ်မီတာအမြင့်ခန့်ရှိ ကြွက်သားများဖြင့် ဖောင်းကားပြီး အလွန်သန်မာသော ကိုယ်ခန္ဓာရှိသည့် သားပိုက်ကောင်တစ်ကောင်ဖြစ်ပြီး ၎င်း၏ ဝမ်းဗိုက်တွင် ဝါရင့်အားကစားသမားတစ်ဦးကဲ့သို့ ကြွက်သားဆယ့်ရှစ်ထုပ်ပင် ရှိနေသေးသည်။
ဤကြွက်သားအပြည့် သားပိုက်ကောင်သည် မြေကြီးစားနေသော လူသားကို ထူးဆန်းသလို အကြည့်ဖြင့် စိုက်ကြည့်နေသည်ပင်။
ထို့နောက် ၎င်းသည် ခုန်ပေါက်ကာ သူ့အရှေ့သို့ ရောက်လာပြီး တစ်ဖက်သို့လှည့်၍ တစ်ခုခုပြုလုပ်တော့မည့်ဟန် အသက်အောင့်လိုက်သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ၎င်း၏ ဖင်နောက်ဘက်မှ အနက်ရောင်အလုံးတစ်လုံးက ပူနွေးသောအငွေ့အသက်များခြံရံလျက် ဖွတ်ခနဲထွက်ကျလာတော့၏။
လုပ်စရာရှိသည်ကို အပြီးသတ်ပြီးနောက် ထိုသားပိုက်ကောင်ကား ဂုဏ်ယူစွာ ထွက်ခွာသွားလေသည်။
မြေပြင်ပေါ်ရှိ အနက်ရောင် အလုံးကိုကြည့်ရင်း လက်ထဲတွင် ကိုင်ထားဆဲဖြစ်ပြီး ပါးစပ်ထဲ ထိုးထည့်ခါနီး “မြေကြီး” တစ်ဆုပ်ကို ပြန်ကြည့်လိုက်ရာ ဓားဝှက်တောင်ထိပ်သခင်မှာ တစ်ကိုယ်လုံး တောင့်ခဲသွားပြီး နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရီလာသည်။
သူ စားနေခဲ့သည်မှာ…
“အား~”
ထိုအကြောင်းကို တွေးမိသောအခါ ဓားဝှက်တောင်ထိပ်သခင်သည် ဆိုးဆိုးရွားရွား ဗိုက်အောင့်လာပြီး ပျို့အန်ချင်စိတ်များ လှိုင်းလုံးများပမာ တိုက်ခတ်လာသည်။ ထို့နောက် မြေပြင်ပေါ်သို့ ဒူးထောက်ကာ လည်ချောင်းထဲသို့ပင် လက်ထိုးထည့်လျက် အော့အန်ပစ်လိုက်သည်။ ထိုအညစ်အကြေးများ တစ်စမှကျန်ခဲ့လို့မဖြစ်။
ဤ မသေမျိုးအရှင် အခွင့်အလမ်းကိုတော့ လက်လွှတ်လိုက်ရုံမျှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
“စောက်ကျိုးနည်း၊ မင်းတို့ စည်းမရှိကမ်းမရှိ နေရာတကာချေးပါရလား၊ မင်းတို့မှာ လူ့ကျင့်ဝတ်ဆိုတာ မရှိဘူးလား?! သတ္တိရှိရင် ထွက်ခဲ့၊ ရိုက်သတ်ပစ်ဦးမယ်!”
ဓားဝှက်တောင်ထိပ်သခင်သည် သူ၏ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး စိတ်မထိန်းနိုင်စွာ အော်ဟစ်လိုက်သည်။
သို့သော် သူ၏ ကျင့်ကြံဆင့်သည် ဤနေရာတွင် ချီစွမ်းအင် အစပြုခြင်းသာ ရှိသေးသည်ပင်။
မသေမျိုးကျွန်းပေါ်ရှိ အရာအားလုံးသည် မသေမျိုးပိုင်နယ်မြေတို့၏ ထုံးစံအတိုင်း 【စည်းမျဉ်းများ】 ဖြင့် ဖုံးလွှမ်းထားသည်။ ဤနေရာရှိ သတ္တဝါများ ပဋိပက္ခဖြစ်ပွားရာမှ ကျွန်း၏ ပတ်ဝန်းကျင်ကို မဖျက်ဆီးမိအောင် ကာကွယ်ဖို့ပင်။ ဤသည်မှာ လျိုဟွမ်းရှုကိုယ်တိုင် ဂရုတစိုက် ဆုံးဖြတ်သတ်မှတ်ခဲ့သော စည်းမျဥ်းတစ်ရပ်လည်းဖြစ်၏။
ရွှီး!
လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။
ကြွက်သားအပြည့် သားပိုက်ကောင် ပြန်ပေါ်လာပြီး ၎င်း၏မျက်လုံးများကား ဒေါသဖြင့် ပြူးကျယ်နေကာ နှာခေါင်းပေါက်များမှ အဖြူရောင် ချီစွမ်းအင် အငွေ့နှစ်သွယ် ထွက်ပေါ်လာပြီး အဘယ်ကြောင့် သူ့ကို အကြောင်းမဲ့အပြစ်တင်နေသနည်းဟု မေးခွန်းထုတ်သည့်အလား စိုက်ကြည့်လာလေသည်။
“မင်း၊ မင်း၊ မင်း၊ မင်း” ဓားဝှက်တောင်ထိပ်သခင်သည် အာချောင်မှုကြောင့် ပြဿနာမီး စလို်ကမိပြီဖြစ်ကြောင်း သဘောပေါက်သွားပြီး အလွန်ကြောက်လန့်သွားကာ ဓားကိုပင် ကောင်းကောင်းမဆုပ်ကိုင်ထားနိုင်တော့ပေ။
မသေမျိုးချီ ပါဝင်သော ကျင်ကြီးများကို စွန့်ထုတ်နိုင်ခြင်းကို မသေမျိုးအဆင့် သတ္တဝါတစ်ကောင်ကသာ လုပ်ဆောင်နိုင်သည်မှာ ငတုံးပင်သိသော အခြေခံအချက်တစ်ချက် ဖြစ်၏။
ထို့ကြောင့် ဤသားပိုက်ကောင်၏ ပုံစံအစစ်သည်ကား နတ်ဆိုး မသေမျိုးအရှင်တစ်ပါး ဖြစ်ရမည်ပင်!
“မဟုတ်သေးဘူး၊ ငါက ဘာလို့ မင်းကို ကြောက်ရမှာလဲ?”
“ဒီမှာ၊ လူတိုင်း အတူတူပဲ တညီတည်းပဲ!”
ဓားဝှက်တောင်ထိပ်သခင်သည် အားတင်းကာ ပြန်လည်တုံ့ပြန်လိုက်ပြီး ချက်ချင်းပင် ယုံကြည်မှု ရှိလာသည်။ သူသည် ထိုသားပိုက်ကောင်အား ဓားရှည်ဖြင့်ချိန်ကာ ကြိမ်းမောင်းလိုက်သေး၏။
“ဟေ့! မင်း သားရဲကောင်၊ ချေးကိုနေရာတကာမပါရဘူး ကြားလား? ငါမင်းကို သင်ခန်းစာပေးရတော့မယ်!”
ထိုသို့ပြောပြီးနောက် ဓားကို ဝှစ်ခနဲ ဝှေ့ယမ်းလိုက်တော့၏။
သားပိုက်ကောင်လည်း လုံးဝ ဒေါသထွက်သွားသည်။
မင်းစားဖို့ သဘောကောင်းကောင်းနဲ့ တစ်တုံးပါ ထပ်ပါပေးတာကို မင်းက အပြစ်တင်နေသေးတာလား?
လတ်လတ်ဆတ်ဆတ်လေး ဘယ်လောက်တောင်ကောင်းလိုက်သလဲ?
ဒေါသထွက်နေသော သားပိုက်ကောင်သည် ၎င်း၏ သဲအိတ်အရွယ် လက်သီးကို ပစ်လွှဲလိုက်ပြီး ဤကျေးဇူးမသိတတ်သော လူသားမျိုးနွယ်နှင့် တစ်ပွဲတစ်လမ်းနွှဲဖို့ ဆုံးဖြတ်လိုက်တော့၏။
ဘန်းဘန်းဘန်း~ ခွပ်ခွပ်~
ဆယ်စက္ကန့်ကျော်ကြာပြီးနောက်။
ဓားဝှက်တောင်ထိပ်သခင်၏ မျက်နှာမှာ ဝက်ခေါင်းလိုဖူးယောင်နေပြီး မြေပြင်ပေါ်ဝပ်တွားလျက် ခေါင်းကိုလက်ဖြင့်အုပ်ကာ နှာခေါင်းသွေးတန်းလန်းဖြင့် နာကျင်စွာ အော်ဟစ်လိုက်သည်။ “မထိုးတော့နဲ့! မထိုးတော့နဲ့! သားပိုက်ကောင်လူကြီးမင်း၊ ကျွန်တော် မှားသွားပါပြီ၊ ဒီလောက်နဲ့ ကျေနပ်ပါတော့နော်"
သားပိုက်ကောင်လည်း အထိုးရပ်လိုက်ပြီး လက်မောင်းတစ်ဖက်ကို ကွေးပြလိုက်ရာ ကြွက်သားအဖုအထစ်များ အပြည့်ပေါ်လာပုံမှာ ကာယဗလမောင်တစ်ဦးကဲ့သို့။
၎င်း၏မျက်လုံးများမှာ မထီမဲ့မြင်ပြုမှုများဖြင့် ပြည့်နှက်နေသည်။
ကျစ်
ဒီ ကျက်သတုံးလေးကတော့!
တစ်ဖက်တွင်။
ချောက်ကမ်းပါးအောက်ခြေတစ်နေရာတွင် လီဝူကျယ် လျှောက်ပတ်သွားနေရင်း ဤနေရာရှိ ရှုခင်းများကို အရင်က မြင်ဖူးသကဲ့သို့ ခံစားနေရသည်။
“ဟမ်?”
လီဝူကျယ်သည် ယောင်ဝါးဝါးမှတ်ဉာဏ် အားကိုးဖြင့် ရင်းနှီးသောနေရာတစ်ခုသို့ လျှောက်သွားပြီး ဂူကြီးကြီးတစ်လုံးအား မြင်ရလိုမြင်ရငြား မော့ကြည့်လိုက်သည်။
“မဟုတ်မှလွဲရော…”
လီဝူကျယ်၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး စိတ်လှုပ်ရှားစွာဖြင့် သူ၏အသက်ရှူနှုန်း မြန်ဆန်လာသည်။ ထို့နောက် ချောက်ကမ်းပါးပေါ် ခုန်တက်ကာ စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်များ ရောနှောလျက် မှောင်မိုက်သော ဂူထဲသို့ ဝင်ရောက်သွားလိုက်၏။
လမ်းအဆုံးသို့ ရောက်သောအခါ လီဝူကျယ်မှာ မလှုပ်နိုင်လောက်အောင် တောင့်ခဲသွားတော့သည်။
နှာခေါင်းရင်းမှ စူးအောင့်လာပြီး သူ၏မျက်လုံးများ မျက်ရည်များဖြင့် ပြည့်နှက်ကာ တုန်ရီလျက် ရေရွတ်လိုက်သည်။ “သိမ်းငှက်… ငါ့သိမ်းငှက်ကြီး…”
သူ့ရှေ့တွင် ဓားကဲ့သို့ ထက်မြက်သော ငှက်မွှေးများဖြင့် ခံ့ညားသော ကိုယ်လုံးကိုယ်ထည်ရှိသည့် သီးငှက်ကြီးတစ်ကောင် ရှိနေသည်။ ၎င်းသည် အစောပိုင်းက မျက်လုံးများမှိတ်၍ နားနေခဲ့သော်လည်း ရင်းနှီးသော ခေါ်သံကို ကြားသောအခါ အံ့အားသင့်စွာဖြင့် ၎င်း၏ ရွှေရောင်မျက်လုံးများကို ဖွင့်လိုက်သည်။
လီဝူကျယ်ကို စိုက်ကြည့်ရင်း သိမ်းငှက်ကြီး၏ မျက်လုံးများတွင် မသေချာမှုများ ပြည့်နှက်နေ၏။
ထို့နောက် ခေါင်းထဲတွင် မေးခွန်းအမှတ်အသားများစွာ ပေါ်လာသည်။
ဒီလူက ဘယ်သူလဲ?