← Chapters

အခန်း (၃၂၂)

Vol. 23 Ch. 322

အခန်း (၃၂၂)

Vol. 23 Ch. 322

အချိန်ကြာလာသည်နှင့်အမျှ အခြားသူများလည်း ကျွန်းပေါ်တွင် ကိုယ်ပိုင်လမ်းကြောင်းများကို အဆက်မပြတ် ဖန်တီးခဲ့ကြပြီး အကျိုးအမြတ်များစွာ ရရှိခဲ့ကြသည်။ ဥပမာအားဖြင့် ဂိုဏ်းချုပ် ရှယိုနျန်သည် ခြေတစ်ချောင်းတည်းပါသော မိုးကြိုးနွားတစ်ကောင် လျှပ်စီးများကို စုပ်ယူသည်အား လေ့လာခဲ့ပြီး မိုးကြိုးတာအို အကြောင်းကို များစွာ နားလည်ခဲ့ရ၏။ ထျန်းရှန်းတောင်ထိပ်သခင်သည် အရောင်အသွေးစုံလင်သော ပန်းပင်လယ်ထဲတွင် တင်ပျဥ်ခွေထိုင်ကာ အရောင်အသွေးစုံလင်သော လိပ်ပြာများ၏ တောင်ပံခတ်သံတဖျတ်ဖျတ်နှင့် ဝန်းရံနေသော မသေမျိုးချီတို့ကြား ကိုယ်ပိုင်ဂါထာတစ်ပုဒ်ကို ဖန်တီးကျင့်ကြံနိုင်ခဲ့လေသည်။

“ဒီလောက် ကောင်းတဲ့နေရာက ငါနဲ့ကံမစပ်ပါလား။ သေချာစဉ်းစားကြည့်ရင် တကယ်ကို စိတ်မကောင်းစရာပဲ။”

ဟုန်ချန်ယဲ့သည် သစ်တောလမ်းတစ်ခုပေါ်တွင် ရှုပ်ထွေးသော စိတ်ခံစားချက်ဖြင့် လျှောက်လှမ်းနေကာ မသေမျိုးကျွန်း၏ ကြီးမားသောအခွင့်အလမ်းပေါင်းစုံကို လေ့လာရင်း နှမြောတသဖြစ်နေမိသည်၊

ဤနေရာရှိ သတ္တဝါတိုင်းကို 【စည်းမျဉ်းများ】 ဖြင့် ဖုံးလွှမ်းကန့်သတ်ထားသည်။ ဖြတ်သန်းသွားလာသည့် မည်သည့်တိရိစ္ဆာန်မဆို ကြောက်မက်ဖွယ် မျိုးရင်းသွေးဆက်များ ပါရှိသော်လည်း လက်လွတ်စပယ် မရမ်းကားရဲပေ။

ခွင်းလွင်နယ်မြေတွင် တစ်ချိန်က လေနှင့်မိုးကို ချုပ်ကိုင်စိုးမိုးနိုင်ခဲ့သော ဤအင်အားကြီးမားသည့် ရှေးဟောင်းသတ္တဝါအုပ်စုသည် ယခုအခါ ဤကျွန်းပေါ်တွင် ကျွန်းသခင်၏ အမိန့်အတိုင်း လိုက်နာကျင့်သုံးနေထိုင်ရလေ၏။

“ဟိုမှာ ခြံဝင်းတစ်ခုပါလား?” ဟုန်ချန်ယဲ့သည် သူ၏ ဖီးနစ်မျက်လုံးများကို မှေးစင်းလိုက်ကာ စိတ်ထဲ အတွေးတစ်ခုဝင်လာသည်။

ဒါက ကျွန်းသခင်ဟောင်းရဲ့ နေအိမ်များဖြစ်နိုင်မလား?

ထိုအတွေးဖြင့် ဟုန်ချန်ယဲ့ စိတ်လှုပ်ရှားသွားကာ ပြင်းထန်သော မျှော်လင့်ချက်များဖြင့် ပြည့်နှက်လို့လာသည်။ ထိုအတိုင်းသာဆိုလျှင် ဤခြံဝင်းသည် ရိုးရှင်းလိမ့်မည်မဟုတ်ပေ။ ထိုနေရာမှ ထိုက်တန်သော အကျိုးအမြတ်များ ရရှိနိုင်ပါက သူ၏ မသေမျိုးလမ်းကြောင်းအတွက် များစွာ အထောက်အကူပြုမည်ဖြစ်သည်။

ရင်တခုန်ခုန်ဖြင့် ဟုန်ချန်ယဲ့သည် ခြံဝင်းတံခါးဆီသို့ စမ်းတဝါးဝါး ရောက်ရှိလာပြီး သစ်သားတံခါးအား တကျွီကျွီတွန်းဖွင့်လိုက်သည်၊

သူသည် ဂရုတစိုက် အတွင်းသို့ လျှောက်ဝင်လာရင်း စိတ်လှုပ်ရှားစွာ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။

ဤခြံဝင်းသည် ဘာမှမထူးခြားပေ။

သို့သော် တံခါးဖွင့်ပြီးနောက် ဟုန်ချန်ယဲ့သည် ရုတ်တရက် ထူးဆန်းသော ခံစားချက်တစ်ခု ရရှိလိုက်သည်။ ကြာမြင့်စွာ တံဆိပ်ခတ်နှိပ်ထားသော နေရာတစ်ခု ပွင့်ဟသွားသကဲ့သို့၊ ရပ်တန့်နေသော အချိန်ယန္တရား တစ်ဖန်လည်ပတ်လာသကဲ့သို့။

မြင်တွေ့ရသည်မှာ ရေကန်တစ်ခု၊ မြက်ပင်များဖုံးလွှမ်းနေသော ရွံ့အိုးတစ်လုံး၊ မိုးမခပင်တစ်ပင်၊ ရေတွင်းတစ်တွင်း၊ ကြက်ခြံတစ်ခု၊ နှင့် မြင်းဇောင်းဘေးတွင် ချည်ထားသော မြည်းငယ်လေး တစ်ကောင်ပင်။

“ကတော် ကတော် ကတော်~!”

ကြက်ခြံအတွင်းမှ ကြက်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အတော်လေး စိတ်လှုပ်ရှားနေကြဟန်ရှိ၏။

ရေကန်ထဲတွင် ရွှေငါးတစ်ဒါဇင်ခန့် ကူးခတ်နေကြပြီး လူရိပ်လူယောင်မြင်သော် ရေပြင်ပေါ်သို့ ပေါလောပေါ်ကာ ပူဖောင်းများ မှုတ်ထုတ်နေကြသည်။ ၎င်းတို့၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး ခြံဝင်းထဲသို့ မည်သူဝင်လာသည်ကို သိလိုစိတ် ပြင်းပြနေပုံရ၏။

“ဟီးဟော် ဟီးဟော် ဟီးဟော်!” မြည်းငယ်လေးသည်လည်း ခေါင်းတလှုပ်လှုပ်ဖြင့်‌ အော်ဟစ်လာသည်။

“ပါးစပ်ပိတ်စမ်း၊ မြည်းစုတ်!” ဟုန်ချန်ယဲ့ နားညည်းစွာဖြင့် နဖူးမှ သွေးကြောများပင် ထောင်ထလာသည်။

ခြံဝန်းကို ဂရုတစိုက် လေ့လာပြီးနောက် ဟုန်ချန်ယဲ့ များစွာစိတ်ပျက်သွားရတော့၏။

ဤခြံဝင်းသည် အလွန်ရိုးရှင်းလှပြီး ဘာအခွင့်အလမ်းကြီးမှ ရှိမနေခဲ့။

“ချီးတဲ့မှ၊ ငါ အလကား မျှော်လင့်နေခဲ့တာပဲ!”

ကျောက်စားပွဲပေါ်တင်ထားသော ပုံပျက်ညစ်ထေးနေသည့် ရွံ့အိုးကို ကြည့်ရင်း ဟုန်ချန်ယဲ့ စိတ်ပျက်အားငယ်စွာ မြေပေါ်ပစ်ချလိုက်သည်။

ဘန်း

ရွံ့အိုးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး အရှိန်ဖြင့် မြေဆီလွှာများ ဖိတ်စင်ကာ ကျောက်စိမ်းရောင် အညှောင့်လေးများလည်း တွဲပါလာသည်။

ချက်ချင်းပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့၏။

ကြက်တွန်သံများ ရပ်တန့်သွားပြီး မြည်းလည်း အော်သံရပ်ကာ ငါးများလည်း ပူဖောင်းမှုတ်ခြင်း ရပ်တန့်သွားသည်။

ထိုတိတ်ဆိတ်မှုမှာ အတော်လေးထူးဆန်းနေလျက်။

ဟုန်ချန်ယဲ့ ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။ “ဟမ့်၊ နောက်ဆုံးတော့ တိတ်ဆိတ်သွားပြီ။”

သူ လက်ထဲက ဖုန်များကို သုတ်ခါလိုက်ကာ ထွက်ခွာတော့မည့်အချိန်တွင် ရွံ့အိုးသည် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုဖြင့် ပေါက်ကွဲထွက်လာလေသည်။ တိတိကျကျ ပြောရလျှင် ရွံ့အိုးထဲတွင် စိုက်ပျိုးထားသော မြက်ခင်းများမှ ပေါက်ကွဲထွက်လာခြင်းပင်။

မူလက အလွန်ရိုးရှင်းသော မြက်အိုးတစ်အိုးသည် အရွက်များအားလုံး တစ်ပြိုင်နက်တည်း တရွှီရွှီမြည်ကာ ကောင်းကင်ကိုပင် မီးတင်ရှို့တော့မည့်အလား ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ မသေမျိုးအရှင်တစ်ပါးပင် ထိတွေ့မိပါက ဝိညာဥ်ပါမကျန် ပြာကျသွားလောက်ပေမည်။

“ဒီ… ဒီဟာက ဒဏ္ဍာရီလာ…”

“မသေမျိုးမီးလောင်မြက်လား?!”

ဟုန်ချန်ယဲ့၏ နှလုံးသား ပြင်းထန်စွာ တုန်ယင်သွားပြီး အံ့အားသင့်စွာ အော်ဟစ်လိုက်မိ၏။

ရှေးဟောင်းကျမ်းစာများတွင် မသေမျိုးအရှင်များကိုပင် မီးရှို့သတ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးမြက်ပင်တစ်မျိုးရှိကြောင်း သူဖတ်ဖူးသည်။ အစပိုင်းတွင် ဟုန်ချန်ယဲ့သည် အဓိပ္ပာယ်မဲ့လှချည့်ဟု တွေးထင်ခဲ့မိ၏။ မည်သည့်မြက်မျိုးက မသေမျိုးများကိုပင် သတ်နိုင်သည်အထိ စွမ်းအားကြီးလောက်မည်နည်း။ သို့သော် ယခုအခါတွင် စာအုပ်ထဲတွင် ဖော်ပြထားသည်မှာ သာမန်ကာလျှံကာမျှသာ ဖြစ်ပုံရသည်။ မသေမျိုးမီးလောင်မြက် တစ်ပင်တည်းတွင်ပင် မသေမျိုးအရှင်တစ်ပါးကို မီးရှို့သတ်နိုင်စွမ်းရှိလောက်ကာ ယခု ထိုရွှံ့အိုးမှာ မြက်များအပြည့် ဖုံးလွှမ်းနေသည်ပင်။

“ကတော် ကတော် ကတော်!”

ခြံစည်းရိုးအတွင်းမှ ကြက်သံများ ရုတ်တရက် ပြင်းထန်ကျယ်လောင်ပြီး ရန်လိုလာသည်။

ကြက်ဖနှင့် ကြက်မ ဒါဇင်ကျော်ခန့်သည် တောင်ပံများခတ်၍ ပျံသန်းထွက်လာပြီး ဟုန်ချန်ယဲ့ကို မေးခွန်းထုတ်နေသည့်အလား ‌ဒေါသတကြီး စူးစိုက်ကြည့်လာကြ၏။

ဘုန်း!

ဟုန်ချန်ယဲ့ ခေါင်းတစ်ခုလုံး ပေါက်ကွဲမတတ်ဖြစ်သွားသည်။ အကြောင်းမှာ သူ၏အမြင်တွင် ပျံသန်းထွက်လာသည်မှာ ကြက်ဖနှင့် ကြက်မများမဟုတ်ဘဲ ဖီးနစ်ငှက်အထီးများနှင့် အမများဖြစ်ပြီး ၎င်းတို့၏တောင်ပံများကို ဖြန့်ကျက်လိုက်သော် သောင်းသောင်းဖြဖြ အရောင်အသွေးစုံလင်သော ကောင်းချီးအလင်းတန်းများ ထုတ်လွှတ်နေကာ စွမ်းအားအဟုန်မှာ မြင့်မြတ်သန့်စင်လှ၏။

“ဖီးနစ်တွေ၊ ဒါတွေအားလုံး ဖီးနစ်ငှက်တွေပဲ!” ဟုန်ချန်ယဲ့၏ မျက်နှာ ကြောက်လန့်တကြား ဖြူဖျော့သွားပြီး ပါးပြင်နုနုလေးများပေါ် ချွေးစက်တို့ အသီးလိုက်စီးဆင်းသွားကြသည်။

ထိုအချိန်တွင် သူ တစ်ခုခုကို သတိပြုမိပြီး ရေကန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ရေပြင်ပေါ်တွင် ရွှေရောင်ငါးများစွာ ပေါလောပေါ်လာပြီး ရွှေရောင် တောက်ပသော နဂါးများအဖြစ် ပြောင်းလဲသွားခဲ့သည်ပင်။ ၎င်းတို့သည် ပါးစပ်များကို ဖွင့်ဟ၍ ခံ့ညားသော နဂါးဟောက်သံများ ထုတ်လွှတ်လိုက်ကာ ပတ်ဝန်းကျင်တစ်ခုလုံးကို နဂါးတို့၏ အရှိန်အဝါဖြင့် ပြည့်နှက်သွားစေ၏။

“ဒါတွေက နဂါးတွေပဲ! ပြီးတော့ ရှေးဟောင်းသွေးဆက် ခြေငါးချောင်းနဂါးတွေ!” ဟုန်ချန်ယဲ့ သေမတတ် ကြောက်လန့်သွားတော့သည်။

“ဟီးဟော်!!”

မြည်းအော်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပြန်သည်။

ဟုန်ချန်ယဲ့ မသိစိတ်ဖြင့် လှည့်ကြည့်လိုက်ရာ မျက်လုံးများ ပို၍ပင် ပြူးကျယ်လာရပြန်၏။

သူ မြင်လိုက်ရသည်မှာ မြင်းဇောင်းဘေးတွင် ချည်နှောင်ထားသော မြည်းငယ်လေးသည် ကြိုးကို ဖြတ်တောက်ကာ ဖြည်းဖြည်းချင်း သူ့ဆီသို့ လျှောက်လာနေခြင်းဖြစ်ပြီး လမ်းခုလတ်တွင် ပုံစံက ရုတ်တရတ် ပြောင်းလဲသွားပြီး ၎င်း၏ကိုယ်ခန္ဓာသည် ပေသန်းပေါင်းများစွာ မြင့်တက်သွားကာ ချီအငွေ့အသက်များကိုလည်း ထူထဲစွာထုတ်လွှတ်နေသည်။ ၎င်း၏မျက်လုံးများသည် နေနှင့်လကို ချိတ်ဆွဲထားသကဲ့သို့‌ တောက်ပနေကာ ပါးစပ်တစ်ခါဟလိုက်လျှင် တစ်ကမ္ဘာလုံးအား မျိုချ‌တော့မတတ် ကြီးမားကျယ်ပြောလှ၏။

“အား၊ မလာနဲ့ အား အား အား!”

ဟုန်ချန်ယဲ့သည် မသေမျိုးအရှင်ဟောင်းတစ်ဖြစ်လဲ နတ်ဆိုးဂိုဏ်းချုပ်ဟောင်းတစ်ဦးဖြစ်ကာ ကြီးမားသော လောကဓံမုန်တိုင်းမျိုးစုံကို တွေ့ကြုံခဲ့ရသော်လည်း သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သော အရာများဖြင့် အဆက်မပြတ် ကြုံတွေ့ရချိန်၌ ကြောက်လန့်တကြား ပြိုလဲသွားရတော့သည်။

ထိုအခိုက်အတန့်တွင်။

ချောမောသော လူငယ်တစ်ဦး ခြံဝင်းထဲသို့ ဝင်ရောက်လာသည်။

ခြံဝင်းအတွင်းရှိ မြင်ကွင်းများကို မြင်လိုက်ရချိန်၌ ယဲ့ကျွင်းလင် မယုံနိုင်စွာ ဆွံ့အသွားတော့၏။

သူ့အမြင်တွင် တစ်ချိန်က ထည်ဝါခန့်ညားသော မာနကြီးကြီး တပည့်ကျော်နတ်ဆိုးဂိုဏ်းချုပ် သည် ယခုအခါ သာမန်ကြက်အုပ်နှင့် မြည်းငယ်လေးတစ်ကောင်ကြောင့် ခြံ‌ထောင့်တစ်နေရာသို့ ကျုံ့နေအောင်ကပ်ထားရကာ သူ၏မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေလျက် တုန်ပင်တုန်ရီနေသေးတော့၏။

တော်တော်ရယ်စရာကောင်းသည့် ရှားပါးမြင်ကွင်းပင်။

“ဒီ ပုန်ကန်တတ်တဲ့တပည့်က ဘယ်တုန်းက ဒီလောက် ကြောက်တတ်သွားရတာလဲ?” ယဲ့ကျွင်းလင် မေးစေ့ကို ပွတ်သပ်ရင်း အလွန်အံ့ဩစွာ ရေရွတ်လိုက်သည်။

စာစဉ်ပြီး၏

All Chapters