← Chapters

တိုက်ပွဲ စတင်

Vol. 23 Ch. 312

တိုက်ပွဲ စတင်

Vol. 23 Ch. 312

ခွင်းလွင်နယ်မြေ

အရှေ့ပိုင်းစီရင်စု၊ ဟွမ်ကျိုးပြည်နယ်။

ကောင်းကင်တွင် ပျံဝဲနေသော ဧရာမ ကျွန်းကြီးတစ်ကျွန်းသည် မသေမျိုးချီအငွေ့အသက်များကို ဆက်တိုက် ထုတ်လွှတ်နေသည်။ ၎င်းတွင် ကမ္ဘာ့အံ့ဖွယ်ရာဟု ဆိုနိုင်သည့် ကျင့်ကြံမှုအရင်းအမြစ် များ ပါဝင်နေပြီး ပုံမှန်အားဖြင့် ကျင့်ကြံသူများစွာကို မနေနိုင်မထိုင်နိုင် လောဘတက်စေကာ တိုက်ခိုက်လုယူလိုစိတ် ဝင်စေသော်ငြား ယခုအချိန်တွင်မူ မနာလိုစိတ်ပြင်းပြင်းဖြင့် ကြည့်ရှုနေကြရုံသာ တတ်နိုင်ကြ၏။

ဤ ယွင်ရှန်းကျွန်းကို ဆံဖြူလူသတ်နတ်ဘုရားက ပိုင်ဆိုင်ကြောင်း လူတိုင်းသိထားကြသည်ပင်။ ထိုသူ၏အပိုင်နယ်မြေကို လုယူအပိုင်သိမ်းရန် ကြိုးစားမိပါက ယဲ့ကျွင်းလင်ကို သွားရောက်စိန်ခေါ်ခြင်းသာဖြစ်ပြီး နောက်ဆက်တွဲကံကြမ္မာကို ကြိုတင်စိတ်ကူးကြည့်နိုင်ပေသည်။

သူတို့အထဲတွင် လျှို့ဝှက်အကြံအစည်ရှိသူအချို့က ယွင်ရှန်းကျွန်းကို လူအများအကျိုးအတွက် ဖွင့်လှစ်ပေးရန် ကြွေးကြော်တောင်းဆိုဖို့ ကြိုးစားခဲ့ကြသော်လည်း ထိုစကားများသည် လည်ချောင်းတွင်တစ်ကာ ရှေ့ဆက်တိုးနိုင်စွမ်း မရှိတော့ပါချေ။

အကြောင်းရင်းက ရိုးရှင်းသည်။ သေဘေးကို ကြောက်သောကြောင့်ပင်။

ကျွန်းသခင်သည် လူသတ်နတ်ဘုရားဟု လူသိများသော ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှု တစ်ခု ဖြစ်သည်သာမက မသေမျိုးအဆင့် မှော်လက်နက်တစ်ခုဟု သံသယဖြစ်ဖွယ်ရှိသော ဓားတစ်လက်ကိုလည်း သယ်ဆောင်ထားသေး၏။

ဓားမသေမျိုး ရွှယ်ဝူဟန် ကဲ့သို့သော စွမ်းအားကြီးပုဂ္ဂိုလ် တစ်ဦးပင် သူ့ကို လေးစားရိုသေရသည်။ ဤမျှ အင်အားကြီးနေသောအချိန်တွင် သူ့ကို မည်သူက အတင့်ရဲလို့ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူရဲမည်နည်း။

ထို့ကြောင့် သူတို့ရှေ့မှောက်တွင် သွေးဆောင်ဖျားယောင်းနေသော ထိုမှော်ရတနာကျွန်းကြီးအား မြင်လိုက်ရချိန်တိုင်း ကျင့်ကြံသူ အများစုသည် မကောင်းကြံအပြည့်ဖြင့် မျက်လုံးများတွင် လောဘအရိပ်အယောင်များ တောက်ပလာတတ်ကြသော်ငြား အပေါ်ယံတွင်တော့ ပြုံးရွှင်ချိုသာစွာဖြင့်ပင် ကောင်းကောင်းသရုပ်ဆောင်ထားနိုင်ကြလေသည်။

အချင်းချင်း လွန်စွာသဟဇာတဖြစ်ပြီး လေထုသည် အံ့သြစရာကောင်းလောက်အောင် သင့်မြတ်နေသလို ထင်ရ၏။

ဟုန်ချန်ယဲ့က လက်ပိုက်လျက် အတွေးထဲနစ်နေသည်။ စူးရှခမ်းနားသော ဖီးနစ်မျက်လုံးများဖြင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကို ဖြည်းဖြည်းချင်း လိုက်ကြည့်နေပြီး လူအများ၏ အပေါ်ယံသကာရည်ဆမ်း အမူအရာများကိုမြင်သော် နှုတ်ခမ်းထက် မဲ့ပြုံးတစ်ချက်ပေါ်လွင်လာသည်။

“အဟက်"

နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူတစ်ဦးအဖြစ် ထိုသကာရည်ဆမ်းမျက်နှာဖုံးများနှင့် သူလွန်စွာရင်းနှီးပါသည်။

“ဘာကို ရယ်နေတာလဲ?” လီဝူကျယ်က မေးလိုက်သည်။

“ဒီအရှင်က ဟန်ဆောင်တတ်တဲ့ လူ့သဘာဝကို ရယ်နေတာ။”

ဟုန်ချန်ယဲ့ မျက်လုံးများကို အနည်းငယ်မှေးကျဥ်းလိုက်သည်။ သူ၏ နက်ရှိုင်းသော မျက်လုံးများထဲတွင် အလင်းရောင်တစ်ချက်လက်သွားကာ နတ်ဆိုးလမ်းစဥ်ထက် စတင်လျှောက်လှမ်းစဥ် ငယ်ဘဝချိန်ခါ ရုန်းကန်ကြိုးစားခဲ့ရမှုများကို ပြန်လည်မြင်ယောင်ရင်း စိတ်မပါလက်မပါအသံဖြင့် ခပ်လှောင်လှောင် တရားချလာ၏။

“မင်း အားနည်းနေတဲ့အခါ မကောင်းမှုတွေပြည့်နှက်နေတဲ့ ကမ္ဘာကြီးတဲ့ မျက်နှာအစစ်အမှန်ကို မြင်တွေ့ရလိမ့်မယ်။ လူတိုင်းက မင်းကို နင်းချေနိုင်တာနဲ့ နင်းချေပစ်ကြလိမ့်မယ်။ ဒါပေမယ့် မင်း မယုံနိုင်လောက်အောင် သန်မာလာတဲ့အခါကျရင်လည်း အကြင်နာမေတ္တာတွေနဲ့ ပြည့်နေတဲ့ကမ္ဘာကြီးကိုပဲ မြင်ရလိမ့်မပေါ့။ လူတိုင်းက မင်းကို အပြုံးတွေနဲ့ နှုတ်ဆက်ကြပြီး စကားလုံးတွေကအစ ချိုသာယဥ်ကျေးနေတာမျိုးလေ။”

“အခုလည်း အဲ့လိုပဲ၊ အပြင်လောက က ကျင့်ကြံသူတွေအားလုံး ယွင်ရှန်းကျွန်းရဲ့ အဖိုးတန် ကျင့်ကြံမှု အရင်းအမြစ်တွေကို အသည်းအသန် လုယူခံစားချင်ကြတယ်။ ဒါပေမယ့် ဆရာသခင်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ခွန်အားကြောင့် သူတို့ဟာ မကောင်းတဲ့အကြံအစည်မှန်သမျှကို သူတို့ရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထာပြီး ဂုဏ်ပြုစကားကို တက်တက်ကြွကြွ ပြောဆိုနေနိုင်ကြတုန်းပဲလေ"

“ကျစ်၊ လူ့သဘာဝဆိုတာကြီးကလည်း လူယောင်ဆောင်ထားတဲ့ သားရဲကောင်နဲ့မခြားပါဘူး"

တစ်ဖက်လူ၏ စကားများကိုကြားသော်။

ကြယ်ပွင့်များဝန်းရံခစားနေသော လမင်းသော်တာကဲ့သို့ လူအများကြားတွင် တောက်ပလင်းလက်နေသည့် ဆရာသခင်အား လီဝူကျယ် တစ်ချက်ကြည့်မိလိုက်သည်။ ထို့နောက် ဂုဏ်ပြုချီးမြှောက်ရန် ရောက်ရှိလာသော ကျင့်ကြံသူအားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ လီဝူကျယ် ခဏတာ နှုတ်ဆိတ်သွားရ၏။

သဟဇာတရှိလှသော အပေါ်ယံမျက်နှာပြင်အောက်ဝယ် ယွင်ရှန်းကျွန်း၏ မှော်ရတနာများအား သိမ်းပိုက်လုယူလိုသည့် လောဘစိတ်ကို လူပေါင်းမည်မျှလောက် ဝှက်သိမ်းထားကြမည်မှန်း သူမတွေးတတ်ပါချေ။

ရုတ်တရတ် အတွေးတစ်ခုပေါ်ကာ လီဝူကျယ် လေးနက်သော အမူအရာဖြင့် ပြန်ပြောလိုက်သည်။ “အစ်ကိုကြီးရဲ့ လူ့သဘာဝအပေါ် အမြင်ကို ကျွန်တော်သဘောတူပါတယ်။ ဒါပေမယ့် ဘယ်သူက ပိုကောင်းတဲ့ ဘဝကို မရချင်ပဲရှိမှာလဲ? ဒါ့အပြင် ကျွန်တော်တို့ဟာ ကျင့်ကြံသူ တွေပါ။ ပိုမို သန်မာလာဖို့ အမြဲ စိတ်အားထက်သန်နေကြတာပဲလေ။ မသေမျိုးတစ်ပါးအဖြစ် တက်ရောက်နိုင်မယ့် အခွင့်အလမ်းမျိုးကို မျက်မြင်ကိုယ်တွေ့ ကြုံရတဲ့အခါ လောဘစိတ်ဝင်မိတာက ပုံမှန်ပါပဲ။ ပြီးတော့ ဆရာသခင်ရဲ့ ခွန်အားကြောင့် သူတို့ မသိမ်းပိုက်ရဲတာကလည်း ပုံမှန်ပဲ။ ဒါကို ‌ဉာဏ်ပညာသုံးကာ ဘေးဥပါဒ်‌ရှောင်ရှားခြင်းလို့ ခေါ်ဆိုနိုင်တယ်။ မိမိကိုယ်ကို ကာကွယ်လိုစိတ်ကလည်း လူ့သဘာဝတစ်ခုပဲလေ"

ဟုန်ချန်ယဲ့က မကျေမနပ် နှာမှုတ်လိုက်သည်။ “ဒါဆို လူသားတွေရဲ့သစ္စာမဲ့မှုကိုရော မင်းဘယ်လိုရှင်းပြမလဲ"

လီဝူကျယ် ခဏရပ်ပြီး စဥ်းစားကာ လေးနက်သော အသံဖြင့် ပြန်ပြောလိုက်သည်။ “ကျွန်တော် ကျင့်ကြံမှု လမ်းကြောင်းပေါ် စတင်တက်လှမ်းခဲ့စဥ်အခါက အရှေ့ပိုင်းစီရင်စုရဲ့ တာအိုပြည်နယ်များစွာကို လှည့်လည်ခရီးသွားခဲ့တယ်။ အဲ့ဒီတုန်းက အရာအားလုံးကို မြင်တွေ့ခဲ့ရတယ်။ အားကြီးတဲ့သူက အားနည်းတဲ့သူကို အနိုင်ကျင့်တာ၊ အပြစ်မဲ့တဲ့ သာမန်လူတွေကို မဆင်မခြင် သတ်ဖြတ်ထိခိုက်စေတာတွေကို မြင်ခဲ့ရတယ်။ ဒါပေမယ့် အားနည်းတဲ့သူကလည်း အားနည်းတယ်ဆိုတဲ့အချက်ကို အခွင့်အရေးတစ်ခုအနေနဲ့သုံးပြီး အကျိုးအမြတ်မတန်တဆ တောင်းဆိုတာ၊ အားနည်းသူအချင်းချင်း ဖိနှိပ်တာတွေကိုလည်း မြင်တွေ့ခဲ့ရတာပဲ"

“လူ့သဘာဝက ရှုပ်ထွေးပြီး အပြောင်းအလဲမြန်တယ်။ ဒါပေမယ့် ကောင်းတဲ့အချက်တွေလည်း ရှိသေးတာပါပဲ။ တစ်ခါတစ်ရံ အားကြီးတဲ့သူတွေက အားနည်းတဲ့သူတွေကို အနိုင်ကျင့်ချင်ကြတာ မဟုတ်ဘူး။ သူတို့ ပိုသန်မာလာတဲ့အခါ အမှောင်လွှမ်းတဲ့ ထောင့်နေရာတွေဆီ အလင်းရောင် ထိုးဖောက်ဝင်ရောက်ဖို့ ကူညီပေးချင်ကြတယ်။ အားနည်းသူတွေကို နွေးထွေးမှုပေးချင်ကြတယ်။ အားနည်းတဲ့သူတွေကလည်း ကျေးဇူးတရားကို ခံစားရတဲ့အခါ ကျေးဇူးတင်မိကြလိမ့်မယ်။ အနာဂတ်မှာ သူတို့ ပိုသန်မာလာတဲ့အခါ ရှေ့ဆောင်လမ်းပြသူတွေရဲ့ အမူအကျင့်အတိုင်း အတုယူပြီး ကောင်းမွန်တဲ့အလုပ်တွေကိုပဲ လုပ်ဆောင်ကြလိမ့်မယ်"

“တော်ပြီ၊ တော်ပြီ၊ တော်ပြီ!”

ဟုန်ချန်ယဲ့ စိတ်မရှည်စွာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ “မင်းရဲ့ စကားကြီးစကားကျယ်တွေကို နားထောင်ရတာ ငါပင်ပန်းနေပြီ။ ဘာပဲဖြစ်ဖြစ် ဒီအရှင် ပိုသန်မာလာတာကတော့ အားနည်းတဲ့သူတွေကို ကာကွယ်ဖို့ မဟုတ်ဘူး၊ ငါ့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို လိုသလိုထိန်းချုပ်ဖို့၊ ငါ နေချင်သလို နေနိုင်ဖို့၊ ငါ မကြိုက်တဲ့သူတွေကို သတ်ပစ်ဖို့!”

“ဒါကြောင့်…”

ဤသို့ပြောပြီး စကားခဏရပ်ကာ လီဝူကျယ်က သူ့ဘက်ချာခနဲလှည့်လာသည်။ ထို့နောက် ဟုန်ချန်ယဲ့ ၏ မျက်လုံးများကို တိုက်ရိုက်စိုက်ကြည့်ပြီး သံနေသံထားဖြင့် ပြောလာသည်။ "ငါတို့က မတူညီတာပေါ့~~”

ဟုန်ချန်ယဲ့ : “???”

ပုံမှန်အတိုင်းပဲပြောပါ။ အဲ့လေသံကြီး ဘယ်ကနေတတ်လာတာလဲ?

“အဟမ်း အဟမ်း၊ ဒီစကားကို ဆရာသခင်ဆီကနေ သင်ယူခဲ့တာ။” လီဝူကျယ်သည် ချောင်းတဟန့်ဟန့်ဖြင့် ရင်ဘတ်ကိုပင် ဂုဏ်ယူစွာ ကော့ပြလိုက်သေးသည်။

ကျွန်တော် သင်ယူခဲ့တာတွေကို လက်တွေ့အသုံးချလိုက်ပြီ ဆရာ။ ဆရာ့တပည့် ဘယ်‌လောက် ဉာဏ်ကောင်းလိုက်သလဲ။

ထိုပုံစံကိုမြင်သော် ဟုန်ချန်ယဲ့ ဆွံ့အသွားရသည်။ ပြန်လည်ချေပပြောဆိုဖို့ရာပင် ပင်ပန်းလှလေပြီ။

စောက်ပိုတွေ။

ရုတ်တရက်။

ဟုန်ချန်ယဲ့ တစ်ခုခုကို ခံစားလိုက်ရပြီး မျက်နှာပျက်ယွင်းသွားသည်။ "မကောင်းတော့ဘူး၊ တစ်ခုခု ဖြစ်နေတယ်!”

ဒုန်း

သာယာကောင်းမွန်နေသော လေထုအလယ်သို့ ဒုန်းခနဲအသံကြီးတစ်ချက်ပေါ်လာကာ လေဟာနယ်ကွဲအက်သွားပြီး စိမ်းပြာရောင်အလင်းတန်းတစ်သွယ်ကို ထုတ်လွှတ်လာသည်။

ခမ်းနားသော ဘုရင်ဝတ်ရုံဖြင့် သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အာကာသ ကွဲကြောင်းမှတစ်ဆင့် ထွက်ပေါ်လာပြီး လူအများ၏ တုန်လှုပ်နေသော အကြည့်များကြားတွင် ယဲ့ကျွင်းလင်ထံသို့ တရှိန်ထိုးပြေးသွားလိုက်၏။

သူ၏ စိမ်းပြာရောင်ဆံပင်ကို မရေမတွက်နိုင်သော ကျစ်ဆံမြီးချောင်းများအဖြစ် ကျစ်ထားသည်။ ထိုကျစ်ဆံမြီးများမှာ လေထဲတွင် လွင့်မျောနေပြီး တောက်ပသော စိန်ပုံသဏ္ဍာန် အကြေးခွံတစ်ခုဖြင့် သူ့နဖူးကို အလှဆင်ထားသည်။ ထို့နောက် ဒေါသတကြီး လိမ်နေသောမျက်နှာကြီးဖြင့် အော်ဟစ်လာ၏။ “ယဲ့ကျွင်းလင်၊ ငါက မရဏချောက်နက်ရဲ့ အသန်မာဆုံး ဘုရင်တန့်ယို ပဲ! ဒီနေ့ ငါမင်းရဲ့ အသက်ကို ယူဖို့ လာခဲ့တာ! သေစမ်း!”

All Chapters