အခန်း (၃၁၃)
Vol. 23 Ch. 313
ဘုရင်တန့်ယိုသည် လေဟာနယ်အတွင်း၌ အချိန်ကြာမြင့်စွာ ပုန်းအောင်းနေပြီး တိုက်ခိုက်ရန် အခွင့်ကောင်းကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။ ယခုအခါ ယဲ့ကျွင်းလင်တစ်ယောက် ကျွန်းသခင်နေရာကို ဆက်ခံပြီး အောင်မြင်မှုကို ခံစားနေသည်အား မြင်သော် စိတ်အတွင်းမှ သတ်ဖြတ်လိုစိတ်အား ထိန်းမထားနိုင်တော့ဘဲ အရာအားလုံးကို ဥပေက္ခာပြုကာ လူကိုသတ်ဖို့သာ ရှေ့တန်းတင်လိုက်တော့သည်။
ရုတ်တရတ်ဖြစ်ပေါ်လာသော တိုက်ခိုက်မှုကြောင့် အခြေအနေအားလုံး ရုန်းရင်းဆန်ခတ်ဖြစ်ကာ ကျင့်ကြံသူအများ ဒေါသတရှူးရှူးထွက်သွားကြ၏။
မရဏချောက်နက်ရဲ့ ဘုရင်က ဒီနေရာအထိပေါ်လာပြီး အကြီးအကဲယဲ့ကို ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ရဲသတဲ့လား?
ဘယ်လောက်တောင် မောက်မာပြီး အတင့်ရဲလိုက်သလဲ!
အများနဲ့တစ်ယောက် အရိုးတောင်မကျန်တဲ့အထိ စိစိညက်ညက်အချေခံလိုက်ရမှာကို မကြောက်ဘူးလား?
“ဟေး၊ အတင့်ရဲလှချည်လား! ဒီ မသေမျိုးအရှင် ရှိနေတာတောင် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူရဲသလား?!”
ရွှယ်ဝူဟန် လုံးဝ ဒေါသထွက်နေသည်။ သာမန် ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံသူတစ်ဦးက မသေမျိုးအရှင်တစ်ပါး၏မျက်မှောက်တွင် ဤမျှရိုင်းစိုင်းရဲလေသလား? ဓားမသေမျိုးအရှင်တစ်ယောက်လုံးလုံးကို ဥပေက္ခာပြုရဲသည်အထိ သူ့အရှိန်အဝါက ထိုမျှမှေးမှိန်နေခဲ့လေသလား?
ဝုန်း!
ချက်ချင်းပင် ရွှယ်ဝူဟန်သည် စစ်မှန်သော မသေမျိုးအရှင် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်း တိုးပွားနေသော မသေမျိုးအဆင့်စွမ်းအားသည် လက်ထဲရှိ ဓားရှည်ထဲသို့ စီးဝင်သွားကာ ဓားကိုယ်ထည်သည် ကောင်းကင်ထက်မှ နေမင်းကဲ့သို့ ခမ်းနားကြီးကျယ်မှုတစ်မျိုးအား ထုတ်လွှတ်လိုက်၏၊
“သေစမ်း!”
နှင်းကဲ့သို့ ဖြူဆွတ်သော ဓားချီစွမ်းအင်က ရေလှိုင်းကဲ့သို့ ပျံ့နှံ့သွားသည်။ ကောင်းကင်ကို ဖြတ်ထုတ်နိုင်သည်အထိ အားကောင်းကာ ဓားသွားခတ်သံမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်၏။ မြင်ကွင်းကား ရှုမငြီးဖွယ်ပင်။
“ဟားဟား၊ အကြီးအကဲရွှယ်လို ဓားမသေမျိုးအရှင်ကိုယ်တိုင် ထွက်တိုက်မှတော့ မရဏချောက်နက်ဘုရင် ကံဆိုးပြီပေါ့ကွာ!”
“အဲ့ကောင် လွတ်များနေတာလား? ဒီလိုအချိန်မှ ကွက်တိလာတိုက်ရတယ်လို့။ ငါတို့တစ်ယောက်တံတွေးတစ်ချက်စီ ဝိုင်းထွေးရင်တောင် ဒင်း ရေမွန်းသေသွားလိမ့်ဦးမယ်!”
“မရဏချောက်နက်ကတော့ အင်အားမကျန်တော့ဘူးထင်ပါတယ်။ ဘုရင်ကိုင်တိုင်တောင် စစ်ထွက်တိုက်နေရတယ်လို့။ ကျွတ် ကျွတ်"
...
လူတိုင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးပြောဆိုနေကြသည်။ သူတို့၏ လေသံများတွင် လှောင်ပြောင်မှုများစွာ ပါဝင်ပြီး ဘုရင်တန့်ယို၏ သေလမ်းရှာသောအပြုအမူအား ရယ်ပွဲဖွဲ့လို့မဆုံးနိုင်ကြတော့။
ထိုအချိန်တွင်။
ဘုရင်တန့်ယိုသည် အလျင်စလိုမနိုင်စွာ မည်းနက်သော ရှေးဟောင်းမီးခွက်တစ်ခုကို ထုတ်ယူလိုက်သည်။ ရှေးဟောင်းမီးခွက်ပေါ်တွင် ခရမ်းရင့်ရောင် မီးတောက်များ တဖျတ်ဖျတ် တောက်လောင်နေပြီး ကြီးမားသော ဖိနှိပ်အား ပါဝင်၏။
“မင်း ဓားမသေမျိုးအရှင်ဖြစ်လည်း ဒီဘုရင်ရဲ့ ပြင်ဆင်မှုကို တွန်းလှန်နိုင်မှာမဟုတ်ဘူး! ဖွင့်!”
မှော်စွမ်းအင်အား ထိုးသွင်းလိုက်သောအခါ ရှေးဟောင်းမီးခွက်ပေါ်ရှိ တံဆိပ်ပြေကျသွားကာ ခရမ်းရင့်ရောင် မီးတောက်များ ရုတ်တရက် တိုးပွားလာပြီး ကြောက်မက်ဖွယ် နတ်ဆိုးနဂါး ကိုးကောင်အဖြစ် ပြောင်းလဲသွားကြသည်။ သူတို့သည် ကျယ်လောင်စွာ အော်ဟစ်ကြွေးကြော်လျက် တစ်ပြိုင်နက်တည်း ခုန်ထွက်လာကြတော့၏။
“ဝေါင်း!”
နတ်ဆိုးနဂါး ကိုးကောင်သည် သူတို့၏ ခန္ဓာကိုယ်များကို လိမ်ပတ်လိုက်ပြီး ရူးသွပ်စွာ လည်ပတ်ပျံသန်းလာကြ၏။ တစ်ကိုယ်လုံးတွင် လောင်ကျွမ်းနေသော ကြောက်မက်ဖွယ် ခရမ်းရင့်ရောင် မီးတောက်များကို အသုံးပြုကာ ရန်သူမှ ပစ်လွှတ်လာသည့် ဓားချီဓာတ်လှိုင်းအား ဖိညှပ်ဖျက်ဆီးပစ်ခဲ့ကြသည်။
သူ၏ ကိုယ်ပိုင်ချီစွမ်းအင်ထက် ပိုမို သန်မာသော မသေမျိုးအဆင့် အရှိန်အဝါကို ခံစားလိုက်ရသောအခါ ရွှယ်ဝူဟန် မျက်နှာပျက်သွားပြီး မယုံနိုင်စွာ ရေရွတ်မိသည်။ “ဒါ၊ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ?!”
“ဒါက သံတမန်တွေ ဒီဘုရင်ကို ပေးအပ်ခဲ့တဲ့ အမြင့်မြတ်ဆုံး မရဏချောက်နက် မှော်ရတနာပဲ! မင်း ဒီဘုရင်ကို တားချင်ရင်တော့ အသက်ကိုအရင်ပေးလိုက်ပေါ့!” ရှေးဟောင်းမီးခွက်၏ ကြီးမားသော စွမ်းအားကို မြင်သောအခါ ဘုရင်တန့်ယို၏ ယုံကြည်မှု ချက်ချင်းတိုးမြင့်လာကာ ရန်သူအား လှောင်ပြောင်လိုက်သည်။
“အိုး ဘုရားရေ၊ အကြီးအကဲရွှယ်တောင် လန့်သွားပါလား…” လေဟာနယ်ထက်တွင် ဖြစ်ပျက်နေသော တိုက်ပွဲကို မော့ကြည့်လိုက်သောအခါ ကျင့်ကြံသူအများ အံ့အားသင့်သွားကြရသည်။ ရေခဲကန်ထဲ ပစ်ချခံလိုက်ရသလို အအေးဓာတ်က အရိုးများအထိ စိမ့်တက်သွားလေတော့၏။
ထိုမရဏချောက်နက်ဘုရင်သည် ဤသို့ အရေးကြီသည့်အချိန်မှ ပြဿနာလာရှာရဲသည်မှာ အံ့သြစရာမဟုတ်တော့။ ထိုသူတွင် မသေမျိုးအရှင်နှင့် ရင်ဘောင်တန်းနိုင်လောက်သည့် အကူလက်နက်တစ်ခု ပါရှိနေသောကြောင့်ပင်။
“ငါ ဒီမှာ ရှိနေသရွေ့ မင်းအကြံအစည် အောင်မြင်မှာမဟုတ်ဘူး!” ရွှယ်ဝူဟန် အံတင်းတင်းကြိတ်လိုက်သည်။ အဖြူရောင်ဝတ်ရုံစက လေနှင့်အတူ လွင့်မျောနေကာ လက်ထဲရှိ ဓားရှည်ကား အံ့သြဖွယ်ကောင်းသော တောက်ပမှုကို ထုတ်လွှတ်နေ၏။ သူ အားကောင်းသော ဓားချက်တစ်ချက်ကို ထပ်မံထုတ်လွှတ်လိုက်သည်။
ချက်ချင်းပင် အေးခဲသော ဓားစိတ်ဆန္ဒသည် လည်ပတ်နေသော နှင်းအမှုန်များအဖြစ် ပြောင်းလဲသွားပြီး နှင်းတစ်ပွင့်စီတိုင်းက အဆုံးမဲ့သော ဓားစိတ်ဆန္ဒကို စုစည်းလို့ထားသည်။ ၎င်း၏စွမ်းအားသည် မိုင်ထောင်ချီသော နယ်မြေတစ်လွှားကို အေးခဲစေနိုင်ပြီး ကြွေကျသက်ဆင်းသည့် တောင်တန်းကျောက်သားတိုင်းအား ခွဲထုတ်ဖျက်ချေနိုင်သည်အထိ ပြင်းထန်၏။
“ဝေါင်း!”
နတ်ဆိုးနဂါး ကိုးကောင်၏ တိုက်ခိုက်မှု ပိတ်ဆို့ခံလိုက်ရသည်။ အေးခဲသော နှင်းချီဓာတ်သည် သူတို့၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားကား ဖုံးလွှမ်နေသော ခရမ်းရင့်ရောင်မီးတောက်များအား အေးခဲစေတော့မတတ် ဖိအားပေးလာ၏။
“ဟမ်?” ဘုရင်တန့်ယို ရင်နည်းနည်းတုန်သွားသည်။ ဤ မရဏချောက်နက် မှော်ရတနာသည် ဤပုဂ္ဂိုလ်နှင့် မယှဥ်နိုင်တော့ပေဘူးလား?
သို့သော် သူအတွေးလွန်သွားခြင်းသာဖြစ်၏။
နတ်ဆိုးနဂါး ကိုးကောင်သည် အမြင့်ဆုံးသော စွမ်းအား ဖြင့် ကောင်းကင်ထက်ထိုးတက်၍ လှည့်ပတ်ပျံသန်းကာ ကြောက်မက်ဖွယ် ခရမ်းရင့်ရောင်မီးတောက်များကို ထပ်မံထုတ်လွှတ်လာပြီး ခန္ဓာကိုယ်ပေါ် ကပ်ကျန်နေသော အဖြူရောင်နှင်းခဲများအား အငွေ့ပျံအောင် တိုက်ထုတ်လိုက်နိုင်သည်။
ထို့နောက် နတ်ဆိုးနဂါး ကိုးကောင်သည် ကြမ်းတမ်းရက်စက်သော သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်ကာ ရွှယ်ဝူဟန်ဆီသို့ ဦးတည်ချီတက်သွားကြသည်။ သူတို့၏ ကြီးမားသော ခန္ဓာကိုယ်များနှင့် နှိုင်းယှဉ်လျှင် ရွှယ်ဝူဟန်မှာ ပုရွက်ဆိတ်ငယ်လေး တစ်ကောင်အလား။
အရှေ့တည့်တည့်မှ နီးကပ်လာသော မီးအပူပြင်းပြင်းကို ခံစားမိချိန်၌ ရွှယ်ဝူဟန်ထိတ်ခနဲဖြစ်သွားရသည်။ သေမင်းနှင့် နီးကပ်လာသော အကြောက်တရားက သူ၏ နှလုံးသားကို ဖုံးလွှမ်းသွား၏။
မသေမျိုးအဆင့်သို့ တက်ရောက်ချိုးဖျက်ပြီးစမှာပင် သေဆုံးရတော့မည်လား?
သေခြင်းတရားနှင့် နဖူးချင်းတိုက် မိတ်ဆက်ရတော့မည့်အချိန်တွင် ရင်းနှီးသော အသံတစ်ခု ရုတ်တရက် သူ့နားထဲတွင် ပေါ်ထွက်လာသည်။ “ခွင့်ပြုပါဦး၊ အဲ့ဒါငါ့ဟာ!”
ရွှစ်~
ဆံဖြူလူငယ်၏ ပုံရိပ်က သူ့ဘေးမှ ကပ်ဖြတ်သွားသည်။ ထိုသူသည် နတ်ဆိုးနဂါးကိုးကောင်ထံ ကြောက်ရွံ့စိတ်နတ္ထိဖြင့် တိုက်ရိုက်ဦးတည်သွားနေခြင်းပင်။
“အကြီးအကဲယဲ့!” ရွှယ်ဝူဟန်သည် အံ့အားသင့်သွားပြီးမှ သတိဝင်ကာ တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
သူ၏ အမြင်တွင် နတ်ဆိုးနဂါးကိုးကောင်ဆီသို့ တစ်ဦးတည်း ထိုးတက်ရင်ဆိုင်တော့မည့် ယဲ့ကျွင်းလင်၏ ကျောပြင်သည် မယုံနိုင်လောက်အောင် ကြေကွဲဖွယ်ကောင်းပြီး သူရဲကောင်းဆန်စွာ မိမိကိုယ်ကို စွန့်လွှတ်တော့မည့် ကျင့်ကြံသူတစ်ဦး၏ ရင်နင့်ဖွယ်ဇာတ်သိမ်းအား ဖော်ပြနေသကဲ့သို့။
သူသည်ပင် အနိုင်မယူနိုင်ခဲ့သော တိုက်ပွဲတွင် ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူတစ်ဦးမှာ တစ်ချက်ပင်ခံနိုင်လိမ့်မည်မဟုတ်ပေ။