ငါလည်း မသေမျိုးဖြစ်ချင်တယ်
Vol. 23 Ch. 315
အားကောင်းသော မသေမျိုးအရှင်ရှေ့တွင် ဘုရင်တန့်ယိုမှာ ခုခံခြင်းသည် အချည်းနှီးဖြစ်ကြောင်း သိရှိသဖြင့် သူသည် ဦးညွှတ်အရိုအသေပြုကာ အသက်ရှင်ရန် အခွင့်အရေးကို ညှိနှိုင်းဖို့ကြိုးစားခဲ့သည်။
ယဲ့ကျွင်းလင်က ဆိုလိုရင်းကို ဖုံးကွယ်မနေဘဲ လက်ကိုဆန့်ထုတ်ပေးလိုက်သည်။
“မသေမျိုးအရှင်၊ လိုချင်ရင် ယူလိုက်ပါ။” ဘုရင်တန့်ယိုသည် ရှေးဟောင်းမီးခွက်ကို လက်နှစ်ဖက်ဖြင့် နှိမ့်ချစွာ ဆက်သပေးလိုက်သည်။
“ဒီပစ္စည်းကို မရဏချောက်နက် မှော်ရတနာလို့ ခေါ်တာလား?” ယဲ့ကျွင်းလင်သည် သူ၏ လက်ထဲရှိ ရှေးဟောင်းမီးခွက်ကို စိတ်ဝင်တစား ကလိနေသည်။ ရှေးဟောင်းမီးခွက်၏ မျက်နှာပြင်တွင် မှိန်ဖျော့သော အက်ကွဲကြောင်းများ ရှိနေပြီး နောက်တစ်ခေါက်ထပ်သုံးလို့ မရနိုင်တော့ကြောင်း ဖော်ပြနေခြင်းပင်။
သို့သော် ထိုအရာမှ မသေမျိုးစွမ်းအားကို ထုတ်လွှတ်လိုက်ချိန်၌ စစ်မှန်သော မသေမျိုးအရှင်တစ်ပါးကိုယ်တိုင် ပဉ္စမအဆင့်ကောင်းကင်ဘုံမှ ဆင်းသက်တိုက်ခိုက်လာသကဲ့သို့ပင်!
“အကြီးအကဲယဲ့၊ မရဏချောက်နက်မှာ ဒီလောက်ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးလက်နက်မျိုး ရှိနေလိမ့်မယ်လို့ ကျွန်တော်ထင်မထားခဲ့ဘူး။” ရွှယ်ဝူဟန်သည် ဓားကိုကိုင်ကာ ရှေ့တက်လာပြီး ကြောက်စိတ်မကုန်သေးဟန်ဖြင့် အလေးအနက်ပြောလိုက်သည်။
ဤပစ္စည်းမှ ထုတ်လွှတ်လိုက်သော မီးလျှံနဂါးကိုးကောင်သည်ကို သူ၏ စွမ်းအားအပြည့်ဖြင့်ပင် ယှဉ်တိုက်နိုင်စွမ်း မရှိခဲ့ပေ။ အကြီးအကဲယဲ့သာ ဝင်ရောက်တိုက်ခိုက်ခြင်းမရှိခဲ့ပါက သူသည် ယခုအချိန် ပြာကျပြီးလောက်လေပြီ။
တကယ်တော့ ရွှယ်ဝူဟန်၏ ခွန်အားသည် မသေမျိုးအရှင်တစ်ပါးအနေဖြင့် အလွန် အစွမ်းထက်နေပြီဖြစ်၏။ သို့သော် တက်ရောက်ပြီးခါစအချိန်တွင် စစ်မှန်သော မသေမျိုးအရှင် ပထမအဆင့်ကောင်းကင်ဘုံ၌သာ ရှိသေးသောကြောင့် ဤ မရဏချောက်နက် မှော်ရတနာကို အနိုင်မရခြင်း ဖြစ်သည်။
အဆင့်ငယ်တစ်ခုစီတိုင်းတွင် သယ်ဆောင်လာသော ကွာဟချက်သည် အတော်အတန် ကြီးမားသည်ပင်။ ရွှယ်ဝူဟန်ကဲ့သို့ မကြာသေးမီကမှ ချိုးဖျက်ထားသော ဓားမသေမျိုးအရှင် တစ်ဦးအနေဖြင့် ကောင်းကင်လေးဆင့်စာရှိသော စွမ်းအားကွာဟချက်ကို တွန်းလှန်ခုခံဖို့ရာ မဖြစ်နိုင်ပေ။
သာမန် စစ်မှန်သော မသေမျိုးအရှင် ပထမကောင်းကင်အဆင့်တစ်ဦးဆိုလျှင် ဒေါသအမျက်ထွက်နေသော မီးလျှံနဂါးကိုးကောင်ကို တစ်ချက်ပင် ခံတိုက်နိုင်လိုက်မည်မဟုတ်ပေ!
“ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ပြင်ပပစ္စည်းအကူအညီယူရုံနဲ့ မသေမျိုးအရှင်တစ်ပါးရဲ့ စွမ်းအားအထိ ထုတ်လွှတ်နိုင်စေဖို့ဆိုတာက ဒဏ္ဍာရီလာမှော်ရတနာတွေတောင် လွယ်လွယ်နဲ့မလုပ်နိုင်တဲ့ကိစ္စ မဟုတ်လားဗျာ" ရွှယ်ဝူဟန် ရေရွတ်လိုက်သည်။
“မှန်တယ်။”
ယဲ့ကျွင်းလင် ခေါင်းညိတ်လိုက်သည်။ “ဒီပစ္စည်းကို ဖန်တီးတဲ့သူမှာ အတွေးအခေါ်အသစ်အဆန်းတွေ အများကြီး ရှိနေတယ်"
၎င်းသည် တစ်ကြိမ်သုံး ပစ္စည်းတစ်ခု ဖြစ်သော်လည်း ထိရောက်မှုကိုသိပြီး ပို၍တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်လာပါက လွန်စွာကြောက်မက်ဖွယ်ကောင်းလိမ့်မည်။
“မင်း ဒီမရဏချောက်နက် မှော်ရတနာကို သံတမန်က ပေးအပ်ခဲ့တာလို့ ပြောလိုက်သေးတယ်နော်။ မင်း ပြောတဲ့ သံတမန်ဆိုတာ ဘယ်သူလဲ ငါအရမ်း သိချင်မိတယ်။” စကားပြောနေရင်း ယဲ့ကျွင်းလင်သည် လက်ထဲရှိရှေးဟောင်းမီးခွက်ကို ဂျွတ်ခနဲအမှုန့်ချေပစ်လိုက်ကာ ဘုရင်တန့်ယိုအား အကြည့်တစ်မျိုးဖြင့် စိုက်ကြည့်လာသည်။
ဘုရင်တန့်ယို၏ ခေါင်းသည် ထိတ်လန့်မှုဖြင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မမြင်ရသော စွမ်းအားတစ်ခုဖြင့် ဖျစ်ညှစ်ထားသကဲ့သို့ ခံစားရပြီး ထိုသူ၏အကြည့်အောက်တွင် အလွန်အမင်း မသက်မသာဖြစ်လာရ၏။
မသေမျိုးအရှင်တစ်ပါး၏ အရှိန်အဝါဖိအားပင်။
“မသေမျိုးအရှင်၊ ကျွန်တော် မကောင်းဆိုးဝါးစိတ် ပူးကပ်ခံရလို့ လူယုတ်မာတွေရဲ့ စကားကို နားထောင်မိတာပါ။ ကျေးဇူးပြုပြီး သနားညှာတာစိတ်လေးနဲ့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော် ပြန်ရောက်ရင် သူတို့နဲ့ ကိစ္စတွေအကုန် ရှင်းလင်းအောင်ပြောဆိုပြီး မရဏချောက်နက် သတ္တဝါတွေကို လက်နက်ချခိုင်းပါ့မယ်!” ဘုရင်တန့်ယိုက နာကျင်မှုအပြည့်ဖြင့် ကတိပေးလာ၏။
“ဟမ့်၊ မင်းတို့ မရဏချောက်နက်က အရှေ့တိုင်းစီရင်စုကို ရုတ်တရတ်ကြီး ကြီးမားတဲ့ကျူးကျော်မှု တစ်ဖန်စတင်ခဲ့တယ်။ ဒီနောက်ကွယ်မှာ ရည်ရွယ်ချက်တစ်ခုတော့ ရှိကိုရှိရမယ်! မင်း ထုတ်မပြောရင် မင်းကို အသက်ရှင်လျက် ပြန်မလွှတ်ဘူး!” ရွှယ်ဝူဟန်၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေပြီး စကားသံက ပြတ်သားလှ၏။
“မဟုတ်ရပါဘူး၊ မသေမျိုးအရှင်၊ အရှင် အတွေးလွန်နေတာပါ။ ငါတို့ မရဏချောက်နက်က ကျူးကျော်နယ်ချဲ့ချင်ရုံ ရည်ရွယ်ချက်တစ်ခုပဲရှိတာပါ။” ဘုရင်တန့်ယိုက ခေါင်းငုံ့လျက်အံကြိတ်ကာ ဖြေလိုက်သည်။
“ဟဲဟဲ၊ မင်းတို့ ကြယ်တံခါးအတွက် လုပ်နေတာ မဟုတ်လား?” ယဲ့ကျွင်းလင်က ပိုင်နိုင်တိကျစွာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဘုရင်တန့်ယိုသည် ဓာတ်လိုက်သကဲ့သို့ တောင့်ခနဲဖြစ်သွားသည်။ သူ ရုတ်တရက် ခေါင်းကို မော့ကြည့်လိုက်ပြီး မယုံကြည်နိုင်သော အမူအရာဖြင့် အလန့်တကြားမေးလာ၏။ “မင်း၊ မင်း ငါတို့ရဲ့ ကြယ်တံခါး စီမံကိန်းအကြောင်း သိနေတာလား?!”
“ကြယ်တံခါး?” ရွှယ်ဝူဟန် မျက်ခုံးများကို ပင့်လိုက်သည်။ ထိုစကားလုံးကို သူပထမဆုံး ကြားဖူးခြင်းသာပင်။
ယဲ့ကျွင်းလင် တစ်ချက်ပြုံးလိုက်သည်။ “မင်းတို့ မရဏချောက်နက်က လွန်ခဲ့တဲ့ နှစ်နှစ်ကစလို့ စစ်တပ်တွေကို အားကုန်ဖြန့်ပြီး မြောက်ပိုင်းနဲ့ တောင်ပိုင်းကို တိုက်ခိုက်ခဲ့တယ်။ အပေါ်ယံအားဖြင့် နယ်မြေ ချဲ့ထွင်ဖို့နဲ့ သယံဇာတ အရင်းအမြစ်တွေကို မက်မောလို့လို့ ထင်စရာရှိပေမယ့် တကယ်တမ်းကျ ကြယ်တံခါးရှိတဲ့ ဒေသတွေကို သိမ်းပိုက်ဖို့နဲ့ ကြယ်တံခါး အရေအတွက်ကို လက်ဝယ်ထိန်းချုပ်ဖို့ပဲလေ!”
“ကြယ်တံခါးတွေဆိုတာ ခွင်းလွင်အပြင်ဘက်မှာရှိတဲ့ အမျိုးစုံသော ဘုံနယ်ပယ်တွေကို ချိတ်ဆက်ထားပေးတဲ့ လမ်းကြောင်းတစ်ခုပဲ။ ကြယ်တံခါးတွေ ပွင့်တာနဲ့ ပြင်ပဒေသက မဟာမိတ်တပ်ဖွဲ့တွေဟာ ငါ့တို့ခွင်းလွင်နယ်မြေရဲ့ အရှေ့တိုင်းစီရင်စုကို တိုက်ရိုက်ချီတက်ပြီး သိမ်းပိုက်နိုင်လိမ့်မယ်။ မင်းပြောတဲ့ သံတမန်ဆိုတာလည်း ပြင်ပအင်အားစုတွေထဲက လူတစ်ယောက်ပဲဖြစ်ရမယ်!”
“ဘယ်လိုလဲ? ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုက တော်တော်လေး နီးစပ်တယ် မဟုတ်လား?” ယဲ့ကျွင်းလင် လက်ဖျောက်တစ်ချက်တီးရင်း ဆိုလိုက်သည်။
ရွှယ်ဝူဟန်မှာတော့ ပါးစပ်အဟောင်းသားဖြစ်လျက်။ ဒါဆို မရဏချောက်နက်စစ်တပ်ရဲ့ အရှေ့တိုင်းစီရင်စု သိမ်းပိုက်ရေးစီမံကိန်း နောက်ကွယ်မှာ ဒီလို ကမ္ဘာနဲ့ချီတဲ့ လျှို့ဝှက်ကြံစည်မှုကြီး ရှိနေခဲ့တာပဲ။
ဘုရင်တန့်ယို ခဏတာ တိတ်ဆိတ်သွားသည်။ ထို့နောက် ဖုံးကွယ်ခြင်းကို ရပ်တန့်ဖို့ဆုံးဖြတ်လိုက်ပြီး ယဲ့ကျွင်းလင်၏ မျက်လုံးများကို တိုက်ရိုက်မော့ကြည့်ကာ အလေးအနက် ပြောလာသည်။ “ခင်ဗျား အရှေ့တိုင်းစီရင်စုမှာ အင်အားကြီးတယ်ဆိုတာ ကျွန်တော် ဝန်ခံပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ ပြင်ပဒေသ စွမ်းအားရှင်တွေနဲ့ နှိုင်းယှဉ်ရင် ခင်ဗျားကိုယ်တိုင်လည်း ဘာကောင်မှမဟုတ်သေးပါဘူး။ မသေမျိုးအရှင်ဆိုတဲ့ နာမည်တွေတူတိုင်း အမျိုးအစားတွေ မတူညီကြဘူး"
“ပြင်ပဒေသက မဟာမိတ်တပ်ဖွဲ့တွေရဲ့ သတ်ဖြတ်တာခံရမယ့်အစား သူတို့နဲ့ ပူးပေါင်းပြီး လုံခြုံစိတ်ချရတဲ့ အနာဂတ်တစ်ခုကို ကြိုတင်တည်ဆောက်ထားတာ ပိုမကောင်းပေဘူးလား။ ဒီ့ထက်ပိုပြီး ကြီးထွားတိုးတက်ဖို့က ဆက်ရှင်သန်နိုင်နေဦးမှ ရမယ်လေ"
“မသေမျိုးအရှင်၊ ဉာဏ်ရှိသူဟာ အခြေအနေမှန်ကို ဝေဖန်ဆန်းစစ်နိုင်ပါတယ်။”
ရွှယ်ဝူဟန် ဒေါသထွက်သွားသည်။ သူသည် ဓားကို မြှောက်ပြီး ထိုနတ်ဆိုးသတ္တဝါကို ချိန်ရွယ်ကာ ခြိမ်းခြောက်လိုက်၏။ “မင်း ဆိုးယုတ်တဲ့သတ္တဝါ၊ အကြီးအကဲယဲ့ကို ဘာတွေ လျှောက်ပြောနေတာလဲ? ခွင်းလွင်နယ်မြေဟာ ငါတို့ရဲ့အိမ်ပဲ။ တခြားကမ္ဘာက ဂြိုလ်သားမျိုးနွယ်တွေ မဆင်မခြင် ခြေချလို့ရမယ့် နေရာမျိုးမဟုတ်ဘူး! ခုခံတိုက်ခိုက်မယ့်အစား လက်နက်ချဖို့အရင်စဥ်းစားနေကတည်းက ခွင်းလွင်နယ်သားဖြစ်ဖို့ မထိုက်တန်ဘူး!”
“ကျွန်တော်လည်း အမှန်အတိုင်း ပြောနေတာပဲ။ ဘဝကို ပြောင်းလဲဖို့ အခွင့်အရေးဆိုတာ မကြာခဏ ရောက်မလာတတ်ဘူးနော်။” ဘုရင်တန့်ယိုသည် ကြောက်စိတ်ကိုထိန်းချုပ်ကာ ပြန်လည်ငြင်းခုံလာ၏။
“မင်းက နောက်ကွယ်က အရှင်သခင်ကိုယ်စား ငါ့ကို သွေးဆောင်ဖို့ ကြိုးစားနေတာလား?”
“စိတ်ဝင်စားစရာပဲ။”
ယဲ့ကျွင်းလင် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။ မျက်လုံးများပါ တဖျတ်ဖျတ်တောက်ပလာလျက်။
“အကြီးအကဲယဲ့” ရွှယ်ဝူဟန်၏ နှလုံးသား တင်းကျပ်သွားသည်။ ဤစွမ်းအားကြီးပုဂ္ဂိုလ်မျိုးက ရန်သူ့ဘက်ပါသွားလို့ မဖြစ်ပေ။
“မသေမျိုးအရှင်၊ ခင်ဗျားသာ ရည်ရွယ်ချက်ရှိရင် ကျွန်တော်ကြားကနေ သတင်းစကား ပေးပို့နိုင်ပါတယ်!” ဘုရင်တန့်ယိုက ဟန်ဆောင်အပြုံးတစ်ခုကို ဇွတ်အတင်းညှစ်ထုတ်လိုက်သည်။
“ကောင်းပြီ၊ ဒါဆို မင်းရဲ့အရှင်သခင်ဆီ သတင်းစကား ပေးပို့ချေ”
“အဟမ်း အဟမ်း၊” ယဲ့ကျွင်းလင် လည်ချောင်းရှင်းကာ လွန်စွာလေးနက်သော မျက်နှာအမူအရာဖြင့် ကပ်ပြောလိုက်သည်။