← Chapters

အခန်း (၃၁၀)

Vol. 23 Ch. 310

အခန်း (၃၁၀)

Vol. 23 Ch. 310

ထိပ်ပြောင်သည် ယဲ့ကျွင်းလင် ဖြစ်နေသည်ကို မြင်သောအခါ ချန်ရှောင်းတစ်ယောက် လုံးဝပြိုလဲကျသွားတော့၏။ သူ့ရင်ဘတ်သူ ဖိညှစ်လိုက်ကာ ပါးစပ်မှ ပေါက်တတ်ကရအော်သံများထွက်လာသည်။ ထို့နောက် ပါးစပ်ကို ဖွင့်ကာ သွေးတစ်ပွက်ကြီး အန်ထုတ်ပြီး ဒေါသဖြင့် တုန်ရီလို့လာသည်။

င့ါကို သတ်ပစ်လိုက်တာကမှ ပိုပြီးသက်သာလိမ့်ဦးမယ်!!

ချန်ရှောင်း၏ မျက်နှာကြွက်သားများ တုန်ယင်နေပြီး နှလုံးသားကို ဓားဖြင့်အမွှန်းခံရသကဲ့သို့ နာကျင်နေသည်။

“ဘာလို့ အားလုံးထဲက မင်းပဲ ဖြစ်နေရတာလဲ…”

ချန်ရှောင်းသည် ဤအမွေအနှစ်ကို ယဲ့ကျွင်းလင်မှလွဲ၍ ဘယ်သူရရ သည်းခံနိုင်သည်။

ဒီလူကတော့ သူ့အဖေကို သတ်ခဲ့သော လူသတ်သမားပင်။

ယခုတော့ တစ်ဖက်ရန်သူသည် သူ့ခေါင်းကိုနင်းကာ သူ့အတွက်ဖြစ်တည်လာသော မသေမျိုးကံကြမ္မာကို ဖြတ်ဝင်လုယူသည်။ ပုံရိပ်ယောင်ကမ္ဘာတွင် သေခါနီး တောင်းပန်တိုးလျိုးခဲ့သည့် သူ့ပုံရိပ်သူ ပြန်သတိရမိသော် ရှက်ရွံ့စိတ်ဖြင့် ရင်တစ်ခုလုံး တင်းကျပ်လာတော့၏။ ဆယ်ယူစရာ ဂုဏ်သိက္ခာပင် မကျန်ရှိတော့။

“အား…” ချန်ရှောင်း ကောင်းကင်သို့မော့လျက် အော်ဟစ်လိုက်သည်။

အလင်းတန်းများဖြင့် လွှမ်းခြုံခံထားရသော ဆံဖြူလူငယ်ကို မြင်လိုက်ရသောအခါ အကြီးအကဲလျို၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ ထို့နောက် မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိ၏။ “သူလား? မဖြစ်နိုင်တာ။ ဒီကောင်လေး ကံအရမ်းကောင်းတာပဲ"

ရုတ်တရက် အကြီးအကဲလျိုသည် တစ်ခုခုကို စဉ်းစားလိုက်ပြီး တစ်ဖက်လူကို လှည့ ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး နှုတ်ခမ်းများမှ အေးစက်စက် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ “အဟက်၊ ယဲ့ကျွင်းလင်၊ မင်းဘဝရဲ့ အခမ်းနားဆုံး အချိန်ကို ကောင်းကောင်းကြီးခံစားလိုက်ပါ၊ ဘာလို့လဲဆိုတော့ မင်း ဒီကမ္ဘာကနေ မကြာခင် ပျောက်ကွယ်သွားရတော့မှာလေ!”

မကြာမီတွင် မသေမျိုးအလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ယွင်ရှန်းကျွန်း၏ အမွေအနှစ်လွှဲပြောင်းခြင်း အခမ်းအနား ပြီးဆုံးသွားသည်။

ယဲ့ကျွင်းလင်သည် ယွင်ရှန်းကျွန်းပေါ်တွင် ရပ်နေသည်။ သူ၏ ဆံပင်များက လေနှင့်အတူ လွင့်မျောနေပြီး မျက်လုံးများမှ ထွက်ပေါ်နေသော အလင်းတန်းမှာ မသေမျိုးတစ်ပါးကဲ့သို့ ထင်မှတ်ရ၏။ တစ်ကိုယ်လုံးရှိ အရှိန်အဝါမှာ သူမတူစွာ မြင့်မြတ်သည်။

“ဒီ အခမ်းအနားက တော်တော်အားရစရာပဲ”

“မဆိုးဘူး၊ ငါ သဘောကျတယ်”

ယဲ့ကျွင်းလင် ချီးကျူးပြောဆိုပြီး သူ၏ အသိစိတ်ကို စူးစမ်းလိုက်ရာ သူ့စိတ်သည် ဤယွင်ရှန်းကျွန်းနှင့် အဆက်အသွယ်တစ်ခု တည်ဆောက်ထားလျက်ရှိသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်၏။

သို့သော် ယွင်ရှန်းကျွန်း၏ လုပ်ဆောင်ချက်များနှင့် အသုံးပြုပုံများကို နောက်ပိုင်းမှ ဖြည်းဖြည်းချင်း စူးစမ်းရမည်သာ။

နောက်ဆုံးတွင် ၎င်းသည် ထိပ်ဆုံးတစ်နေရာက စွမ်းအားရှင်ပုဂ္ဂိုလ်တစ်ဦး နေထိုင်ခဲ့ဖူးသော နေရာဖြစ်သောကြောင့် အသုံးပြုပုံများက ရှုပ်ထွေးခက်ခဲကာ လွယ်လွယ်ကောက်ချက်ချခန့်မှန်းနိုင်သော နေရာတစ်ခုမဟုတ်ပေ။

“အကြီးအဲကဲယဲ့၊ ဂုဏ်ယူပါတယ်!” လူတိုင်းက မနာလိုအားကျစွာဖြင့် လက်ယှက်ကာ အရိုအသေပြုလိုက်ကြသည်။

“ဟားဟား၊ ဆရာသခင် အမွေအနှစ်ကို ရရှိသွားပြီ!” လီဝူကျယ် အလွန် ပျော်ရွှင်နေပြီး တိတ်တခိုး သက်ပြင်းချလိုက်မိသည်။ တော်သေးလို့ သူ့သိမ်းငှက်ကို ဖျက်ဆီးခဲ့သော ထိုလူမိုက်ကောင်မဟုတ်ခဲ့ပေ။

“တကယ်ကြီးသူပဲ” ဟုန်ချန်ယဲ့သည် အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး နှလုံးသားတစ်ခုလုံးလည်း ခါးသီးသွားရ၏။

ပျင်းရိပြီး တစ်နေကုန်လှဲအိပ်‌နေတဲ့လူကိုမှ ကောင်းကင်ဘုံက ဘာလို့ဒီလောက် မျက်စိကျနေတာပါလိမ့်?

ပြီးတော့ ငါဒီလောက် ကြိုးစားလုပ်ဆောင်နေတာတွေကိုကျ ဒီတိုင်းပဲ လျစ်လျူရှုနေရသလား?

ကောင်းကင်ဘုံက ဇွဲလုံ့လနဲ့ အားထုတ်မှုကို ဆုချတာဆို?

ပင်ပန်းလိုက်တာ။

ယဲ့ကျွင်းလင် ခပ်ဖျော့ဖျော့တစ်ချက် ပြုံးလိုက်သည်။ အမှန်တော့ ယွင်ရှန်းကျွန်း၏အမွေအနှစ်ကို သူတစ်ခါမှ တန်ဖိုးမထားခဲ့ပါဘဲ စမ်းသပ်ပွဲများကို ဂိမ်းကစားသလိုသာ ကစားခဲ့ခြင်းဖြစ်၏။ သို့သော် အမွေအနှစ်ကို ဆက်ခံရရှိပြီး လူပေါင်းများစွာက ဂုဏ်ပြုစကားဆိုနေကြချိန်တွင် သင့်လျော်တာလေးတစ်ခုခုတော့ ပြန်ပြောသင့်သည်သာ။

“အားလုံး ပင်ပန်းခဲ့ပါပြီ” ယဲ့ကျွင်းလင်သည် လူအုပ်ကြီးကို ကြည့်ကာ လေးနက်သော အမူအရာဖြင့် ပြန်လည်အရိုအသေပြုလာသည်။

“အကြီးအဲကဲယဲ့၊ ခင်ဗျားက ပထမနှစ်ဆင့်မှာလည်း မသေမျိုးကောင်းချီးကို ရရှိခဲ့ပြီး နောက်ဆုံးအဆင့်အထိ ခိုင်ခိုင်မာမာ ဦးဆောင်နိုင်ခဲ့တာပဲ။ ကျွန်တော် တကယ် မနာလိုမိပါတယ်” ရွှယ်ဝူဟန် ရိုးသားစွာ ချီးကျူးစကားဆိုလိုက်သည်။

တစ်ဖက်လူ၏ လက်ရှိ အလားအလာနှင့် နှိုင်းယှဉ်လျှင် သူသည် ဘာကောင်မှမဟုတ်သေးပေ။ ကံကောင်းထောက်မစွာဖြင့် မသေမျိုးအဆင့်ထိ တက်လှမ်းနိုင်ခဲ့သော်ငြား တစ်ဖက်လူက နောက်ပိုင်းတွင် သူ့ကိုသေချာပေါက် ကျော်တက်သွားနိုင်မည်ဖြစ်၏။

သို့သော် သေချာစဉ်းစားကြည့်လျှင် ဤလူ၏ အရည်အချင်းက အမှန်တကယ် စစ်မှန်သည်။ ရိုးရှင်းသော မြက်ပင်ဥပမာဖြင့်ပင် သူ့ကို ဉာဏ်အလင်း ပေးပြီး မသေမျိုးအဆင့်သို့ တက်လှမ်းနိုင်အောင် ကူညီပေးခဲ့သည်။ ထိုတစ်ချက်ဖြင့်ပင် တစ်ဖက်လူသည် သူ့အမြင်တွင် ပြိုင်ဘက်ကင်းအရည်အချင်းပိုင်ရှင်ပင်။

ထိုစကားကို ကြားသောအခါ ယဲ့ကျွင်းလင် သည် အဖြူရောင် ဝတ်ရုံဝတ်ထားသူကို ကြည့်လိုက်ပြီး လေးနက်စွာ တုံ့ပြန်လာ၏။ “ခင်ဗျားလည်း မဆိုးပါဘူး။ အနည်းဆုံးတော့ ဒီသုံးဆင့်လုံးမှာ.... ဝင်ပြိုင်ခဲ့တာပဲလေ"

ရွှယ်ဝူဟန် နှုတ်ခမ်းတစ်ချက်တွန့်သွားသည်။ တစ်ဖက်လူမှာ ထိုချီးကျူးစကားကိုပြောဖို့ အတော်‌လေးညှစ်ထုတ်ယူလိုက်ရဟန်ပင်။

အကြီးအဲကဲယဲ့၊ ခင်ဗျား မချီးကျူးတတ်ရင်လည်း ကိုယ့်ကိုယ်ကို အရမ်းတွန်းအားမပေးပါနဲ့…

အထူးအချိန်အခါ ဖြစ်သောကြောင့် ရွှယ်ဝူဟန်သည် အတော်လေးခက်ခက်ခဲခဲ ပြန်ပြုံးပြလိုက်ရ၏။ “ဟုတ်ပါတယ်၊ အကြီးအကဲယဲ့ပြောတာ မှန်တယ်!”

လူတိုင်းသည် ယဲ့ကျွင်းလင် အမွေအနှစ် ရရှိခြင်းကို ဂုဏ်ပြုနေစဉ် နက်ရှိုင်းသော တောင်တန်းဝန်းကျင် တစ်နေရာတွင် ရပ်နေသော လျိုဟွမ်းရှုသည် မုတ်ဆိတ်မွေးကို ဖွဖွသပ်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

“လူငယ်လေး၊ ငါ့တာဝန် ပြီးဆုံးသွားပြီ။ ကံဆုံရင် ငါ့ရဲ့ မူလခန္ဓာနဲ့ ပြန်တွေ့ကြဖို့ မျှော်လင့်ပါတယ်။ နှုတ်ဆက်ပါတယ်”

ထိုသို့ပြောပြီး သူ့ပုံရိပ်မှာ ယွင်ရှန်းကျွန်းအတွင်း မတည်ရှိခဲ့သကဲ့သို့ ပျောက်ကွယ်သွားတော့လေ၏။

မူလကိုယ်က ချန်ထားရစ်ခဲ့သော ဝိညာဥ်စိတ်တစ်ပိုင်းတစ်စအဖြစ် ကျွန်းသခင်အသစ်ကို အောင်မြင်စွာ ရွေးချယ်ပြီးနောက် လုပ်ငန်းစဉ်အတိုင်း ပျောက်ကွယ်သွားသည်မှာ ပုံမှန်သာပင်။

တာဝန်ပြီးဆုံးသွားပြီ ဖြစ်၏။

မသေမျိုးဘုံတွင်။

ခမ်းနားထည်ဝါသော မသေမျိုးတောင်ပေါ်တွင် တည်ရှိပါသည့် ထူးခြားထင်ရှားလှသော နန်းတော်တစ်ခု။

အပြာရင့်ရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ကာ ဆံပင်ကို တာအိုပုံစံထုံးဖွဲ့ထားသော ကျင့်ကြံသူတစ်ဦးသည် သုံးဖက်မြင်မြေပုံတစ်ခုအား ကြည့်ရှုလေ့လာလျက်ရှိ၏။ မြေပုံပေါ်မှ ဆက်တိုက်ချဥ်းကပ်လာသော ထူထပ်သိပ်သည်းသည့် အနီရောင်အစက်များကိုမြင်သော် သူ့မျက်နှာမှာ တင်းမာသည်ထက် တင်းမာလာသည်။

သူ့ဘေးတွင် စွမ်းအားကြီးပုဂ္ဂိုလ်များစွာ ရပ်နေသည်။ ၎င်းတို့အားလုံးသည် မသေမျိုးဘုံတွင် ဂုဏ်သိက္ခာ မြင့်မားသော စွမ်းအားရှင်များ ဖြစ်ကြ၏။ သူတို့အားလုံးသည် မြေပုံပေါ်တွင် ပြသထားသော မြင်ကွင်းကို လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေကြသည်။

ထိုအနီရောင်အစက်များက ပြင်ပရန်သူများဖြစ်သော ဂြိုဟ်သားမဟာမိတ်တပ်များကို ကိုယ်စားပြုသည်။

“ဟူး၊ ကြယ်တာရာ ကာကွယ်ရေးလိုင်း ထပ်ခါတလဲလဲ ကျဆုံးခဲ့ရပြီ၊ ရန်သူကတော့ အင်အားမလျော့သေးဘဲ မသေမျိုးဘုံကို ဆက်တိုက် ချဉ်းကပ်လာနေတယ်။ ဒီတိုင်းသာဆက်သွားနေရင် မသေမျိုးဘုံ ဘယ်အချိန်ထိ ဆက်တည်မြဲနေနိုင်ဦးမလဲ?” မသေမျိုးအရှင်တစ်ပါးက သက်ပြင်းချလိုက်သည်။

လျိုဟွမ်းရှု တစ်ခုခုပြန်ပြောရန် ပြင်ဆင်နေစဉ် ဝိညာဉ်နိုးကြားမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ထို့နောက် နေရာတွင် သစ်သားတုံးကဲ့သို့ ရပ်တန့်သွားပြီး ဝိညာဥ်ခန္ဓာမှာ ပြန်လည်ပေးပို့လာသော အချက်အလက်များအား စစ်ဆေးကြည့်ရှုနေလိုက်သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် လျိုဟွမ်းရှု၏ မျက်လုံးများ ပြန်လည် ကြည်လင်လာသည်။ ထို့နောက် သူသည် ခေါင်းကို အနောက်သို့မော့ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ လက်ခုပ်လက်ဝါးများပင်တီးလျက်။ “ဟားဟားဟား… ကောင်းလိုက်တာ! အရမ်း ကောင်းတယ်!!”

မသေမျိုးအရှင်များ : “???”

သူတို့အားလုံး အချင်းချင်း လှည့်ကြည့်လိုက်ကြသည်။ ဒီအဘိုးကြီး ဖိအားတွေများလွန်းလို့များ ရူးသွပ်သွားလေသလား?

All Chapters