အဲ့ကောင်ဘာကောင်လဲ
Vol. 23 Ch. 311
“အကြီးအကဲလျို၊ နည်းနည်းလောက် အနားယူလိုက်ပါဦးလား?" လူငယ်မသေမျိုးအရှင်တစ်ဦးက ထူးဆန်းနေဟန်မျက်နှာဖြင့် ဝင်ပြောလာသည်။
“ဟုတ်ပါတယ် အကြီးအကဲ။ စိတ်ဓာတ်ခိုင်မာမှုကို မပြိုလဲပါစေနဲ့။ ခင်ဗျားက ကျွန်တော်တို့မသေမျိုးဘုံရဲ့ တစ်ဦးတည်းသော အစီအရင် မဟာအကြီးအကဲပါ” လျိုဟွမ်းရှု၏ ရုတ်တရက် ထူးဆန်းသော တုံ့ပြန်မှုကြောင့် လူတိုင်းစိုးရိမ်စိတ်ဝင်ကာ အားပေးလာကြ၏။
“အမ်”
လျိုဟွမ်းရှုသည် ယခုမှ သူစိတ်မထိန်းလိုက်နိုင်မှန်း သတိထားမိကာ လျင်မြန်စွာ လေးနက်သော အမူအရာသို့ ပြန်လည်ပြုပြင်လိုက်ပြီး ချောင်းတဟန့်ဟန့်ဖြင့် ဆိုလာသည်။ “တောင်းပန်ပါတယ်၊ ခုနက ကျွန်တော် အပျော်လွန်သွားလို့ပါ။ ကဲ အခု တန်ပြန်တိုက်ခိုက်မယ့် အစီအစဥ်တွေအကြောင်း ဆက်ဆွေးနွေးကြတာပေါ့"
“နေပါဦး၊ အကြီးအကဲလျို၊ ဘာသတင်းတွေကြားလို့များ အပျော်လွန်သွားရတာလဲ? ပြောပြပါဦး၊ ကျွန်တော်တို့လည်း ပျော်ရအောင်” လူငယ်မသေမျိုးအရှင်က သိချင်စိတ်ဖြင့် စူးစမ်းလိုက်သည်။
“ဟုတ်ပါ့ဗျာ။ အကြီးအကဲလျိုတောင် ဒီလောက်ပျော်သွားပုံထောက်ရင် ဒါက သတင်းကောင်းတစ်ခု ဖြစ်ရမယ်!” အခြားသူများလည်း စိတ်ဝင်စားလာသည်။
မရဏမဟာမိတ်တပ်များ စတင် တိုက်ခိုက်ချိန်မှစ၍ မသေမျိုးဘုံ၏ အခြေအနေသည် ပိုမို ဆိုးရွားလာကာ အစီအရင်မဟာအကြီးအကဲလည်း ဤမျှစိတ်လွတ်လက်လွတ် မရယ်မောရသည်မှာ ကြာမြင့်လေပြီဖြစ်၏။ ထိုအဘိုးကြီး ဒီလောက်ပျော်နေသည့်ကိစ္စကို လူတိုင်းစိတ်ဝင်စားကြမည်မှာ ပုံမှန်ပင်။
လျိုဟွမ်းရှုသည် ရင်ကိုကော့ ခေါင်းကိုမော့လျက် အောင်ပွဲပန်းဆင်သောအပြုံးဖြင့် ပြောပြလိုက်သည်။ “အားလုံးပဲ၊ ကျုပ် ခွင်းလွင်နယ်မြေမှာထားခဲ့တဲ့ ယွင်းရှန်းကျွန်းအမွေအနှစ်ကို ကျွန်းသခင်အသစ်ဆီ အပ်နှံချီးမြှင့်ပြီးသွားပါပြီ!”
“ဝိုး—!!!”
လူတိုင်းသည် ချက်ချင်းပင် မယုံနိုင်စွာ ဝိုးခနဲအော်ဟစ်လိုက်ကြသည်။ ရန်သူ့တပ်ကြီး မသေမျိုးဘုံထံ ရုတ်ချည်းလာရောက်တိုက်ခိုက်လျှင်ပင် သူတို့ဤမျှ အံ့သြလောက်မည်မဟုတ်။
အကြောင်းပြချက်က ရိုးရှင်းပါသည်-။ ဤပုဂ္ဂိုလ်၏ အမွေအနှစ်ကို ရရှိရန်ဆိုသည်မှာ မသေမျိုးအရှင် အဆင့် အမွေအနှစ်များအားလုံးထဲတွင် အခက်ခဲဆုံး ဖြစ်သည်ကို လူတိုင်း သိထားကြသောကြောင့်ပင်။
သူတို့အားလုံး မသေမျိုးဘုံကို အတူတကွတည်ဆောက်ပြီး ထာဝရ နေထိုင်ရန် ပြင်ဆင်နေချိန်တွင် ခွင်းလွင်နယ်မြေ တစ်နေ့နေ့တွင် ပြန်လည်သက်ဝင်တိုးတက်လာမည့် အရေးကို ကြိုမြင်မိခဲ့ကြ၏။ ထို့ကြောင့် သူတို့သည် ခွင်းလွင်မှမထွက်ခွာခင် တစ်ဦးလျှင် အမွေအနှစ်တစ်ခုစီ ထားခဲ့ရန် သဘောတူခဲ့ကြသည်။ ၎င်းအမွေအနှစ်များသည် ခွင်းလွင်နယ်မြေ ပြန်လည် အသက်ဝင်လာသည့် အဆင့်တွင် တစ်ခုပြီးတစ်ခု ဆက်တိုက် ပေါ်ထွက်လာမည်ဖြစ်ပြီး အနာဂတ်၏ဦးစီးဦးဆောင်သူ သူရဲကောင်းများနှင့် ပါရမီရှင်များကို အားဖြည့်မြှင့်တင်ပေးမည်ဖြစ်ကာ ခွင်းလွင်နယ်မြေ၏ နယ်ခံအင်အားကို တိုးတက်စေဖို့ ရည်ရွယ်သည်။
လျိုဟွမ်းရှုအကြောင်းကို အတွင်းကျကျ နားလည်သောသူများက ထိုသူ၏ သူမတူအောင်ထူးခြားသော အတွေးအခေါ်များအကြောင်း သိထားကြသည်ပင်။ မသေမျိုးဘုံ တည်ဆောက်ရန် အစီအစဉ်ကို သူက စတင်အဆိုပြုခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က မရဏမဟာမိတ်တပ်များကို တိုက်ရိုက် အနိုင်ယူရန် သေမင်းမြစ်ကြောင်းအား အတင်းအကျပ် လမ်းကြောင်းပြောင်းလဲပေးခဲ့သူ အထင်ကရစွမ်းအားရှင်တစ်ပါးလည်း ဖြစ်၏။
ထိုသို့ ထင်ပေါ်ကျော်ကြားကာ စွမ်းအားထက်သူ၏ အမွေအနှစ်သည် ဆက်ခံရန် အခက်ခဲဆုံး ဖြစ်ပြီး စမ်းသပ်မှုများအတွက် စံနှုန်းများသည်လည်း သူများတကာထက် အမြင့်ဆုံး ဖြစ်နေမည်မှာ သေချာသည်။
ထို့ကြောင့် လျိုဟွမ်းရှုကိုယ်တိုင် သေချာ ပြင်ဆင်ထားသော စမ်းသပ်မှု သုံးခုကို ရင်ဆိုင်ရသောအခါ လူတိုင်းက ထောင်ချောက်ထဲသို့ ဘုမသိဘမသိ ကျရောက်ရှာရမည့် လူငယ်များအတွက် ကြိုတင် နာရေးစကား ပြောသင့်သည်ဟုပင် ရယ်ပွဲဖွဲ့ခဲ့ကြသေး၏။
မမျှော်လင့်ဘဲ ခွင်းလွင်နယ်မြေ ပြန်လည် အသက်ဝင်ပြီး မကြာမီတွင် ထိုသူ၏အမွေအနှစ်ကို အရယူနိုင်သော ကျွန်းသခင်တစ်ပါး ပေါ်ထွက်လာခဲ့လေပြီ။
အံ့မခန်းဖြစ်ရပ်တစ်ခုဟု ဆိုလျှင်ပင် လွန်ရာမကျ!
လူငယ်မသေမျိုးအရှင်က မေးစေ့ကိုပွတ်သပ်လျက် ရယ်သွမ်းသွေးလိုက်သည်။ “ဟီးဟီး၊ ငါ့ကောင်တော့ အတော်လေးလူးလှိမ့်ကြိုးစားလိုက်ရမှာပဲ"
အခြားသူများလည်း ခေါင်းညိတ်ပြီး ထိုစကားကို လိုက်လံသဘောတူခဲ့ကြသည်။
လူမဆန်စွာ ထူးဆန်းသော စမ်းသပ်မှု သုံးခုတွင် ရှင်သန်ရန်ဆိုသည်မှာ ကြုံခဲ့ဖူးသူများသာ ကိုယ်ချင်းစာနိုင်မည့် ဒုက္ခမျိုးပင်။
“ရိုးရိုးသားသား ပြောရရင် အကြီးအကဲလျို ချမှတ်ထားတဲ့ စမ်းသပ်မှုတွေဟာ ပုံမှန်မဟုတ်ပေမယ့် ကြီးမားတဲ့ ခံနိုင်ရည်နဲ့ ဉာဏ်ပညာရှိတဲ့ ဆက်ခံသူတွေကို စစ်ထုတ်ယူနိုင်တယ်”
“မှန်တယ်၊ မှန်တယ်၊ ငါလည်း အဲဒီလို ထင်တယ်!”
…
“ဟူး၊ ခင်ဗျားတို့ အားလုံး နားလည်မှုလွဲနေပါပြီ” လျိုဟွမ်းရှု ခါးခါးသီးသီး ပြုံးလိုက်သည်။
သူသည် ချန်ရစ်ခဲ့သော ဝိညာဥ်ကိုယ်ပွားထံမှ သတင်းအချက်အလက် အားလုံးကို လက်ခံရရှိခဲ့၏။ ယဲ့ကျွင်းလင်၏ စမ်းသပ်မှုများ ရှင်းလင်းဖြတ်ကျော်သည့် လုပ်ငန်းစဉ်တစ်ခုလုံးကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသလို၊ သူတို့၏ မျက်နှာချင်းဆိုင် စကားပြောဆိုမှုကိုလည်း ပြန်လည်မြင်တွေ့ခဲ့ရသည်။ ရလဒ်အနေဖြင့် ယခုအချိန်ထိ ရင်တုန်ပန်းတုန်ဖြစ်နေရဆဲပင်။
ဘုရားဘုရား! ဒါကမှ တုနှိုင်းမမီတောင် ထူးခြားတဲ့ ပါရမီရှင်ကြီးပါပဲ !
ပညာတွေလည်း ရပါတယ်။
“အယ်? အကြီးအကဲ ဘာကိုဆိုလိုတာလဲ?” လူငယ် မသေမျိုးအရှင်က မျက်ခုံးပင့်ကာ မေးလိုက်သည်။
“ဒီလူရဲ့ ကံတရားက ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်လောက်အောင် အားကောင်းနေတယ်၊ ငါ့ဘဝမှာ မြင်ဖူးသမျှထဲ ကံအကောင်းဆုံးလူပါပဲ။ ချမှတ်ထားတဲ့ စမ်းသပ်မှုသုံးခုကို သူ အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့တယ်။ ပြီးတော့ သူရဲ့ စိတ်စွမ်းအင် ပါရမီက…” လျိုဟွမ်းရှု၏ အမူအရာ ရှုပ်ထွေးသွားသည်။ ထို့နောက် စိတ်အေးအေးထားနေဟန်ဖြင့် စကားလုံးအနည်းငယ်ကို ဖြည်းဖြည်းချင်းပြောလာ၏။
“ငါ့ထက် ပိုသန်မာတယ်!”
ထိုစကားဆုံးသည်နှင့်။
နေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီး အသံတစ်သံမှ မကြားရတော့ပေ။
လူငယ် မသေမျိုးအရှင်သည် ခဏတာ အံ့အားသင့်သွားပြီးနောက် ဝါးလုံးကွဲ ရယ်မောလိုက်သည်။ မျက်လုံးထောင့်များတွင်ပင် မျက်ရည်ဝဲတက်လာသည်အထိ။
အခြား မသေမျိုးအရှင်များလည်း အားရပါးရ ရယ်မောကြသည်။ အချို့က ဗိုက်ကိုဖိလျက် ခါးကိုင်းရယ်မောနေကြကာ အချို့ကတော့ လက်ပိုက်လျက်သာ ဟန်မပျက်ရယ်မောကြ၏။ မည်သို့ပင်ဆိုစေ လေထုတစ်ခုလုံး ပျော်ရွှင်ခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်သွားခဲ့သည်ပင်။
“အကြီးအကဲလျို၊ ခင်ဗျားက ဟာသပြောတာ တော်လိုက်တာ! ဒီလို စိတ်လေးစရာ အခြေအနေကြီးမှာတောင် ကျွန်တော်တို့ကို ရယ်အောင်လုပ်ပေးဖို့ ဆန္ဒရှိသေးတယ်၊ ခင်ဗျားဟာ တကယ်ကိုပဲ!" နဂါးခေါင်းနှင့် လူကိုယ်ရှိသော မသေမျိုးအရှင်တစ်ပါးက လက်မထောင်ပြလိုက်သည်။
“ဟား၊ ဒီအဘိုးကြီး ဒီလောက်အားရပါးရမရယ်ရတာ ကြာလှရောပေါ့။ ကျေးဇူးတင်ပါတယ်၊ အကြီးအကဲလျိုရာ။ ခင်ဗျားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်” တုတ်ကောက်ကို မှီရပ်နေသော အခြား မုတ်ဆိတ်ဖြူ လူအိုတစ်ဦးက မျက်လုံးထောင့်မှမျက်ရည်များကို သုတ်ရင်း ကျေးဇူးတင်စကားပြောလာသည်။
လျိုဟွမ်းရှု : “…”
လျိုဟွမ်းရှု ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။ “ကံမကောင်းစွာနဲ့ အဲ့စကားက အမှန်ပါပဲ။ ငါ နောက်ပြောင်နေတာ မဟုတ်ဘူး”
ရယ်သံများ ရုတ်တရက် ရပ်တန့်သွားသည်။
လူတိုင်းသည် အချင်းချင်း ကြည့်လိုက်ကြသည်။ အကြီးအကျယ် တုန်လှုပ်သွားကြဟန်ပင်။
ဒါ၊ ဒါက တကယ် အမှန်တရားလား!?
“စိတ်စွမ်းအင် ပါရမီက ခင်ဗျားထက် ပိုသန်မာတာလား? ဘယ်လောက် ပိုသန်မာတာလဲ? နည်းနည်းလေးပဲ ထင်တယ်နော!” လူငယ် မသေမျိုးအရှင်က စိုးရိမ်တကြီး မေးလိုက်သည်။
“အေးကွာ၊ အများကြီး ပိုသန်မာတာ။ ငါတောင် အောက်ကျသွားတယ်လို့ ခံစားရတယ်” လျိုဟွမ်းရှုက ခါးခါးသီးသီး ပြောလိုက်သည်။
“ဟင်!” ထိုအဖြေကိုကြားသော် သူတို့အားလုံး ပင့်သက်ရှိုက်လိုက်မိ၏။
ဤပုဂ္ဂိုလ်၏ စိတ်စွမ်းအင် ပါရမီသည် တစ်ခေတ်တစ်ခါက ပြိုင်ဘက်ကင်းဒဏ္ဍာရီတစ်ပုဒ် ဖြစ်ခဲ့သည်ပင်။ သို့သော် ယခုတော့ နောက်ပိုင်းမျိုးဆက် လူငယ်တစ်ဦးထံမှ ချိုးဖျက်ခြင်း ခံလိုက်ရလေသလော။
“ခင်ဗျား မသေမျိုးအဆင့် မရောက်ခင် စိတ်စွမ်းအင်က အဆင့်သုံးဆယ်မှာ ရှိခဲ့တယ်လို့ ကျွန်တော်မှတ်မိတယ်။ အဲဒီ လူငယ်က ခင်ဗျားထက် ပိုသန်မာတယ်ဆိုရင် အဆင့်သုံးဆယ့်ငါးလား? ဒါမှမဟုတ် အဆင့်လေးဆယ်လား?” တစ်ယောက်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“အဟမ်း အဟမ်း”
လျိုဟွမ်းရှု လက်ညှိုးတစ်ချောင်းသာ ထောင်ပြလိုက်သည်။ ထို့နောက် စိတ်ရှုပ်ထွေးနေဟန်အမူအရာဖြင့် ပြောလာ၏။
"အဆင့်တစ်ရာ"
အားလုံး: “!!!”
အဆင့်တစ်ရာ?
ဒါက မသေမျိုးအရှင်ဘုရင်နဲ့ နှိုင်းယှဥ်နိုင်တဲ့အဆင့်ကြီးလေ။
“အသေအချာကို အဆင့်တစ်ရာပဲ။ သူရဲ့ ကျင့်ကြံဆင့်က ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ပဲရှိသေးတယ်။ ဒါပေမယ့် သူရဲ့ အသိစိတ်ပင်လယ်မှာ ပါဝင်တဲ့ စိတ်စွမ်းအင်က အဆင့်တစ်ရာအပြည့်ပဲတဲ့။ ကျုပ်ဝိညာဥ်ကိုယ်ပွားကိုယ်တိုင် ရေတွက်ခဲ့တာ!” လျိုဟွမ်းရှု ခါးခါးသီးသီး ပြုံးပြီး ပြောလိုက်သည်။
လူတိုင်းသည် ဆွံ့အတိတ်ဆိတ်ကာ ဉာဏ်မမီသော ကျောင်းသင်ခန်းစာတစ်ခုကို နားထောင်နေသကဲ့သို့ အူလည်လည်ဖြစ်နေကြသည်။
ပြောသူသည် အစီအရင် မဟာအကြီးအကဲကိုယ်တိုင်သာ မဟုတ်ပါက ထိုစကားကိုပြောရဲသူအား နတ်ဆိုးလမ်းစဥ်လိုက်၍ အချင်းချင်းကြား သွေးထိုးလိုသူဟုသတ်မှတ်ကာ နေရာတွင်ပင် ဒေါသတကြီး ဝိုင်းသတ်ပစ်ကြလိမ့်မည်ပင်။
“ဒီတိုင်းဆို မျှော်လင့်ချက်ရှိနေပြီ၊ ခွင်းလွင်နယ်မြေ ပြန်လည်ခေါင်းထောင်ဖို့ မျှော်လင့်ချက် ရှိနေပြီ! အဲဒီလူငယ်ရဲ့ စိတ်စွမ်းအင်ပါရမီက အလွန်ကြောက်စရာကောင်းပါကလား။ ခင်ဗျားနည်းစနစ်တွေနဲ့သာကောင်းကောင်းသင်ပြပေးလိုက်ရင် ချက်ချင်းပဲ ကောင်းကင်ဘုံ အစီအရင် ဆရာသခင်အဆင့်ကနေ စတင်နိုင်လိမ့်မယ်! ခင်ဗျားရဲ့ စိတ်မြန်တတ်တဲ့ စရိုက်နဲ့ဆိုရင် ဒီလိုအရေးကြီးနေတဲ့အချိန်မှာ သိသမျှအရာအားလုံး သူ့ကိုသင်ကြားပေးခဲ့တယ်မလား?!”
လူငယ် မသေမျိုးအရှင်က တောက်ပနေသောမျက်လုံးများဖြင့် စိတ်လှုပ်ရှားစွာ မေးလိုက်သည်၊
“အဲ့သလိုပဲဖြစ်မှာပေါ့!” လူတိုင်းက လက်ခုပ်လက်ဝါးတီးလျက် ပြုံးရွှင်စွာထောက်ခံလာကြကာ နွေဦးလေပြေတဖြူးဖြူးဝယ် အပန်းဖြေခရီးထွက်လိုက်ရသကဲ့သို့ စိတ်လက်ကြည်လင်နေကြသည်။
လျိုဟွမ်းရှု : “ပြဿနာက ကျုပ် ဘာမှ မသင်ပေးခဲ့လိုက်ဘူး”
“ဟမ်?!!!”
စိမ်းသက်သော အကြည့်အချို့ သူ့အပေါ်သို့ ချက်ချင်း စုစည်းလာသည်။ ရန်လိုစိတ်အငွေ့အသက်ပါဝင်ပြီး လူကို ချက်ချင်းထထိုးကြတော့မည့်အလား။
“အိမ်း၊ ကောင်းပြီ၊ ရှင်းပြတာကို အရင်နားထောင်ကြပါဦး။ ကျုပ်ဘာမှ မသင်ပေးခဲ့ရတဲ့ အကြောင်းရင်းက သူကငြင်းလိုက်လို့…” လျိုဟွမ်းရှု၏ အသံသည် ပို၍ပို၍ တိုးညင်းလာကာ စိတ်ထဲမှ မကျေမနပ်မှုများလည်း တိုးပွားလာ၏။
“ခင်ဗျားက ခွင်းလွင်နယ်မြေမှာ အတော်ဆုံး အစီအရင်ဆရာသခင် ဖြစ်ရုံတင်မက တစ်ဦးတည်းသော အစီအရင် မဟာအကြီးအကဲ ဖြစ်ကြောင်းကိုရော ပြောပြလိုက်သေးလား?!” လူငယ် မသေမျိုးအရှင် က တအံ့တသြ မေးလိုက်သည်။
“ကျုပ် အတိအလင်းကို ပြောပြခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ သဘောထားက အရမ်း ခိုင်မာတယ်။ နောက်ဆုံး ဒူးထောက်ပြီး တောင်းပန်တော့မတတ် ပြောခဲ့တာတောင် စိတ်တစ်ချက်မယိုင်ခဲ့ဘူးလေ!”
လျိုဟွမ်းရှုသည် အပြစ်ကင်းစင်သောမျက်နှာဖြင့် ပုခုံးတစ်ချက်တွန့်ပြလိုက်သည်။
“အဲ့လိုလူလည်း ရှိသေးတယ်ပေါ့…”
မသေမျိုးအဆင့် စွမ်းအားရှင်များ ဟန်မဆောင်နိုင်လောက်အောင် အံ့အားသင့်နေကြသည်။
ဂုဏ်သိက္ခာကြီးမြင့်သော အစီအရင် မဟာအကြီးအကဲတစ်ဦးက အစီအရင် နည်းစနစ်များ သင်ကြားပေးရန် တက်ကြွစွာ ကမ်းလှမ်းလာသော်လည်း တစ်ဖက်လူက တပည့်ခံရန် ပြင်းထန်စွာ ငြင်းပယ်ခဲ့သည်။ ထိုကိစ္စဟာ မသေမျိုးဘုံတွင် ပျံ့နှံ့သွားခဲ့ပါက အင်မတိအင်မတန်ထူးဆန်းသော သတင်းထူးကြီးတစ်ပုဒ်သာ ဖြစ်ပေလိမ့်မည်။
နတ်မင်းကြီးက ရွှေလင်ဗန်းနဲ့ ထမင်းဆီဆမ်းကို ခခယယ ဇွန်းလေးနဲ့ လိုက်ခွံ့ကျွေးနေတာတောင်မှ မစားချင်လွန်းလို့ ဇွန်းကိုလွှင့်ပစ်ရုံမက နတ်မင်းကြီးကိုပါ နှစ်ချက်သုံးချက်လောက်ပိတ်ရိုက်ပြီး “ထွက်သွား!” လို့ အော်ဟစ်နှင်ထုတ်လိုက်သလိုပဲ။
“ဟူး၊ ဘာပဲဖြစ်ဖြစ် ယွင်ရှန်းကျွန်းက သူ့အပိုင်ပါပဲ။ အဲဒီ ကလေး ဘာအရှုပ်တွေပဲ လိုက်လုပ်နေပါစေ၊ သူ့ရဲ့ အဲ့ဒီ ထူးခြားလှတဲ့ ကံတရားနဲ့ဆိုရင် ကောင်းကင်ဘုံကတောင် သူ့ဘက်မှာရှိနေမှာပဲ၊ ဒါကြောင့် စိုးရိမ်စရာ မလိုဘူး” လျိုဟွမ်းရှုက ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် မျက်နှာကိုလက်ဝါးဖြင့်ပွတ်သပ်ကာ ပြောလာသည်။
“ကံမကောင်းတာက ခွင်းလွင်နယ်မြေရဲ့ မသေမျိုးဘုံတက်လှမ်းခြင်း လမ်းကြောင်းကို ရန်သူက မကြာသေးခင်က ဖျက်ဆီးခဲ့တယ်။ အဲ့လမ်းကြောင်း ပြန်မပြင်ဆင်ရသေးခင် မသေမျိုးဘုံမှာရှိနေတဲ့ ကျွန်တော်တို့ ခွင်းလွင်ကို ဆင်းသက်လို့ မရသေးဘူး။ မဟုတ်ရင် ကျွန်တော်ကိုယ်တိုင် သွားကြည့်မိမှာသေချာတယ်။ အကြီးအကဲလျိုကိုတောင် ဒီလောက်စိတ်ဒုက္ခပေးနိုင်တဲ့လူ” လူငယ် မသေမျိုးအရှင်က စိတ်ဝင်စားစွာ ပြောလိုက်သည်။
“ပြောရရင် ခွင်းလွင်နယ်မြေ မသေမျိုးဘုံတက်လှမ်းခြင်းလမ်းကြောင်းကို ဖျက်ဆီးတာက မသေမျိုးဘုံကို ဆင်းသက်ကူညီလို့မရနိုင်အောင် တားဆီးထားတာပဲ။ ခွင်းလွင်နယ်မြေ ကူကယ်ရာမဲ့နေချိန်မှာ သူတို့တိုက်စစ်ကို ကောင်းကောင်းထိရောက်အောင် လုပ်ချင်နေကြတာပဲ” နဂါးခေါင်းနှင့် လူကိုယ်ရှိသော မသေမျိုးအရှင်က လေးနက်စွာ ပြောလိုက်သည်။
“ဟုတ်ပါတယ်၊ အရင်ကတော့ ကျုပ်လည်း အရမ်းစိုးရိမ်ခဲ့သေးတယ်၊ ဒါပေမယ့် အခုတော့…” လျိုဟွမ်းရှု ခပ်ညစ်ညစ်အပြုံးတစ်ခုအား ပြသလိုက်သည်။
“သူတို့ လုပ်ချင် လုပ်စမ်းပလေ့စေ!”