အခန်း (၄၈၂)
Vol. 33 Ch. 482
ဤအခြေအနေသို့ ရောက်နေပြီဖြစ်သည့်တိုင်အောင် ရွှမ်ယီက ထွက်မပြေးသေးဘဲ ယခင်နေရာ၌ တည်ငြိမ်စွာရပ်နေခဲ့၏။
၎င်းက တိမ်နဂါးအင်ပါယာ၏ မျှော်လင့်ချက်ထက် ကျော်လွန်နေခဲ့သည်။
ရွှမ်ယီ၏ ကြယ်ရောင်တောက်နေသော မျက်ဝန်းများထဲမှ သူ့ထံသို့ ဦးတည်လာနေသည့် သနားစိတ်ကို ခံစားမိလိုက်၏။
၎င်းက တိမ်နဂါးအင်ပါယာအား စိတ်မသက်မသာဖြစ်သွားစေခဲ့သည်။
တစ်ဖက်တွင်မူ ရွှမ်ယီ ခေါင်းယမ်းလိုက်ပြီး ခုနစ်သွယ်သတ်ဖြတ်ခြင်းဓားအစီအရင်အား ပြန်လည်ရုပ်သိမ်းလိုက်၏။
မဟာဟင်းလင်းပြင်တာအိုနယ်မြေ၏ ထောက်ပံ့မှုဖြင့် အထွတ်အထိပ် အဆင့်(၈) ဓားရည်ရွယ်ချက်စွမ်းအားမှ ဖြစ်ပေါ်လာသော ခုနစ်သွယ်သတ်ဖြတ်ခြင်းဓားအစီအရင်က အမှန်တကယ် အစွမ်းထက်လှသည်။
၎င်း၏ သတ်ဖြတ်ခြင်းစွမ်းအားက အလွန်ထူးခြား၏။
သို့သော် ကံမကောင်းစွာနှင့် သူတော်စင်တစ်ဝက်အဆင့်လက်နက်အား ဖျက်ဆီးရန်မူ မလုံလောက်သေးပေ။
ယခုအချိန်တွင် ရွှမ်ယီက မဟာဟင်းလင်းပြင်တာအိုနယ်မြေအား နောက်တစ်ကြိမ် ထပ်မံအသုံးပြုနိုင်ခြင်းမရှိတော့ချေ။
သို့တိုင်အောင် သူ၏ ယခင်တိုက်ခိုက်ခဲ့မှုကြောင့် နက်နဲခြင်းအင်ပါယာဂိုဏ်း ဂုဏ်သတင်းက အမှတ် (၄၈၀)အထိ တိုးသွားခဲ့သည်။
သို့သော် ကံမကောင်းစွာနှင့် သူ၏တာဝန်ပြီးဆုံးရန် အမှတ် (၂၀) လိုနေသေး၏။
ကြည့်ရသည်မှာ ရဲ့ရှင်းစုန်အား ခေါ်ထုတ်ရတော့မည့်ဟန်တူသည်။
ရွှမ်ယီ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် တိမ်နဂါးအင်ပါယာအား ပြန်လည်စိုက်ကြည့်လိုက်၏။
ရွှမ်ယီ၏အကြည့်များ ကျရောက်လာသည်နှင့် တိမ်နဂါးအင်ပါယာ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည့်အလား ခံစားလိုက်ရသည်။
သို့သော် ထိုခံစားချက်အား ဘေးဖယ်ထားလိုက်ပြီး အံကြိတ်ကာ အပြင်းအထန် တိုက်ခိုက်လိုက်၏။
“ ခွေးကောင်လေး… မင်းထပ်ပြီးလှည့်စားလို့ မရတော့ဘူး… ဒီတစ်ကြိမ်တော့ သေပြီပဲ...”
တိမ်နဂါးအင်ပါယာ၏ စကားသံက မိုးခြိမ်းသံအလား ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ ပေါက်ကွဲပျံ့နှံ့သွားခဲ့သည်။
ဘုန်း…
တိမ်နဂါးအင်ပါယာ၏ စွမ်းအားများ ထိပ်ဆုံးအထိ မြင့်တက်လာခဲ့ပြီး မိုးပြာနဂါးစစ်ရထားကလည်း ကောင်းကင်ကိုးပါးမှ ကျဆင်းလာသည့် အလင်းတန်းတစ်ခုအလား ထပ်မံပြောင်းလဲသွားပြန်၏။
၎င်းက ရွှမ်ယီရှိနေရာသို့ ဦးတည်ဝင်ရောက်သွားလေသည်။
သို့သော် ရွှမ်ယီကမူ ရှေ့သို့ အနည်းငယ်လက်ညှိုးညွှန်လိုက်ပြီး
“ ရဲ့ရှင်းစုန်… အဲဒီလူကို သတ်လိုက်တော့...”
ထူးမခြားနားဟန်ရသော စကားသံတစ်ခု ထွက်ပေါ်လာ၏။
ထို့နောက် ရုတ်တရက် တိုက်ပွဲမြေပြင်အား ဗဟိုပြုပြီး ပတ်ဝန်းကျင်ကီလိုမီတာတစ်သိန်းမှ ကောင်းကင်ကြီး မှောင်မိုက်သွားသည့်အလား ခံစားလိုက်ကြရသည်။
လူတိုင်း အနည်းငယ်မျှ မလှုပ်ရှားဝံ့ဘဲ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြ၏။
ထိုအချိန်တွင် မူလက ကြည်လင်နေခဲ့သော ကောင်းကင်ကြီးတွင် တစ်ခုနှင့်တစ်ခု ယှက်နွယ်နေသော သစ်ကိုင်းများ ရုတ်တရက်ဖြစ်ပေါ်လာ၏။
ထိုသစ်ကိုင်းများအထက်တွင် နတ်ဘုရားရုန်းများ အရိပ်များပမာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေခဲ့သည်။
ထိုသစ်ပင်ကြီးက ကီလိုမီတာတစ်သိန်းတိုင်အောင် ပျံ့နှံ့သွား၏။
ထို့အပြင် အစိမ်းရောင်ထင်းရှူးကိုင်းတစ်ခုအား ကိုင်ဆောင်ထားသော အဘိုးအိုတစ်ဦး ရွှမ်ယီ၏ရှေ့၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
သူ၏အမူအရာက ဘာမှထူးမခြားဟန်ဖြင့် တည်ငြိမ်နေခဲ့ပြီး မျက်ဝန်းများက အလွန်နက်ရှိုင်းလှ၏။
ထိုမျက်ဝန်းများထဲတွင် ကောင်းကင်နှင့်မြေပြင်မှ ဥပဒေသများအားလုံး ရှင်းလင်းစွာ ထင်ဟပ်နေသည့်အလား ဖြစ်နေခဲ့ပြီး မရေမတွက်နိုင်သော သေခြင်းရှင်ခြင်းများအား မြင်တွေ့ဖူးသည့်အလားဖြစ်နေကာ ထိုနက်ရှိုင်းလှသော မျက်ဝန်းများအောက်၌ မည်သည့်လျှို့ဝှက်ချက်မှ ဖုံးကွယ်ထား၍ မရဟန်တူသည်။
ထို့အပြင် လက်ထဲ၌ကိုင်ထားသော အစိမ်းရောင်ထင်းရှူးကိုင်းက လမ်းလျှောက်ရင်း တောင်ပေါ်မှ အလွယ်တကူချိုးယူလာသည့် သစ်ကိုင်းတစ်ခုပမာဖြစ်နေသော်လည်း ၎င်းမှ ထွက်ပေါ်နေသည့် စွမ်းအားများကမူ အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။
မိုးပြာနဂါးစစ်ရထားပင်လျှင် ၎င်းနှင့်ယှဉ်ပါက အလွန်နိမ့်ကျနေသေးဟန်ရသည်။
“ အဲဒါ ဘယ်သူကြီးလဲ...”
ယခုအချိန်တွင် တိုက်ပွဲအား ကြည့်ရှုနေသော လူအုပ်ကြီး အလွန်တုန်လှုပ်နေခဲ့ကြ၏။
ထိုလူများထဲတွင် အင်ပါယာအဆင့်ကျင့်ကြံသူများ ရှားပါးခြင်းမရှိသော်လည်း ထိုအဘိုးအို ထွက်ပေါ်လာသည်နှင့် မသိစိတ်အရ အနည်းငယ်မျှ မလှုပ်ရှားရဲတော့သလို ခံစားမိလိုက်ကြသည်။
အထူးသဖြင့် ထိုအဘိုးအိုက လက်ထဲမှ အစိမ်းရောင်ထင်းရှူးကိုင်းအား မြှောက်လိုက်သောအချိန်တွင် နှလုံးသားထဲ၌ အရိုအသေပေးချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လာခဲ့၏။
ကီလိုမီတာတစ်သိန်းတိုင်အောင် ပျံ့နှံ့သွားခဲ့သော ထင်ရှူးကိုင်းကြီးများက အစိမ်းရောင်တိမ်ပင်လယ်ကြီးတစ်ခုအလား ထင်မှတ်ရသည်။
ရွှမ်ယီက လေထဲ၌ လက်နောက်ပစ်ကာ ရပ်နေခဲ့ပြီး မည်သည့်အရာကိုမှ ဂရုမစိုက်ဟန်ဖြင့်
“ သွားတော့...”
ထိုအခါ ထင်ရှူးအဘိုးအိုက သူ၏လက်အတွင်းမှ ထင်ရှူးကိုင်းအား အသာအယာ ဝှေ့ယမ်းလိုက်၏။
ထို့နောက် အစိမ်းရောင်ထင်ရှူးကိုင်းထိပ်ဖျားမှနေ၍ အလွန်သေးငယ်သော အလင်းတန်းတစ်ခု ညင်သာစွာ ပြေးထွက်သွားခဲ့သည်။
၎င်းအား ကျင့်ကြံသူတိုင်းက အလွယ်တကူ ဖျက်ဆီးနိုင်သည့်ပုံစံဖြစ်နေသော်လည်း မိုးပြာနဂါးစစ်ရထားနှင့် တိုက်မိသွားချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားခဲ့သည်။
ပတ်ဝန်းကျင် ကီလိုမီတာတစ်သိန်းလုံး သေမင်းနယ်မြေကြီးတစ်ခုအလား တိတ်ဆိတ်သွား၏။
လူတိုင်း မိမိတို့နားထဲတွင် အက်ကွဲသံသဲ့သဲ့ကိုသာ ကြားနေခဲ့ရသည်။
ထို့နောက် ကောင်းကင်ထက်၌ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။
ကမ္ဘာပျက်ကပ်ဘေးကြီးကြားထဲသို့ ရောက်သွားသည့်အလားပင်။
တိမ်နဂါးအင်ပါယာ၏ ထိတ်လန့်နေသော မျက်ဝန်းများအောက်၌ အသင်္ချေနဂါးမင်းဆက်မှ ကံကြမ္မာစွမ်းအားများကို နှစ်ပေါင်းသန်းနှင့်ချီ ဝါးမျိုခဲ့သည့် သူတော်စင်တစ်ဝက်အဆင့်ရတနာက ထင်ရှူးအဘိုးအို၏ အသာအယာ တိုက်ခိုက်လိုက်မှုဖြင့် တစ်စစီအက်ကွဲသွားခဲ့သည်။
နောက်ဆုံးတွင် ၎င်းက လုံးဝကြေမွသွားခဲ့ပြီး စိတ်ဝိညာဉ်အပိုင်းအစလေးများအဖြစ် ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့၏။
နောက်ဆုံးတွင် ထင်ရှူးအဘိုးအို စကား စပြောလိုက်သည်။
“ သူတော်စင်တစ်ဝက်အဆင့်လက်နက်လား… အဲဒါလောက်နဲ့များ ဘယ်လိုတောင် မောက်မာနေရတာလဲ...”
သူ၏စကားသံက ကျယ်လောင်ခြင်း မရှိသည့်တိုင် လူတိုင်း၏နားထဲ၌ မိုးခြိမ်းသံအလား ထင်မှတ်ရသည်။
သူတော်စင်တစ်ဝက်အဆင့် လက်နက်လောက်တဲ့လား…
ယင်းက မည်ကဲ့သို့ ခေါင်းစဉ်မျိုးနည်း။
မိုးပြာနဂါးစစ်ရထားက မည်မျှအထိ ဆိုးရွားနေစေကာမူ ၎င်းက သူတော်စင်တစ်ဝက်အဆင့်လက်နက်တစ်ခု ဖြစ်နေဆဲပင်။
ထို့အပြင် နောက်ထပ်နှစ်ပေါင်းတစ်သောင်းလောက် အသင်္ချေနဂါးမင်းဆက်၏ ကံကြမ္မာစွမ်းအားများကို ဆက်လက်ဝါးမျိုပြီးပါက အန္တိမကံကြမ္မာရတနာဖြစ်သို့ ပြောင်းလဲသွားနိုင်ခြေရှိသည်။
သို့သော် ရုတ်တရက်ထွက်ပေါ်လာခဲ့သည့် အလွန်လျှို့ဝှက်ဆန်းကြယ်လှသော အဘိုးအို၏မျက်လုံးထဲတွင် ၎င်းက ဘာမှမဟုတ်သည့် ရတနာလေးတစ်ခုအလားပင်။
ထိုစကားအား ကြားလိုက်ရသူတိုင်း နှလုံးခုန်သံများ မြန်ဆန်သွားခဲ့၏။
သို့သော် တစ်ဖက်တွင် တောင်ပိုင်းကောင်းကင်တံခါးမှ မြင့်မြတ်နယ်မြေဌာနခွဲများရှိ အစွမ်းထက်ကျင့်ကြံသူများကမူ ထင်ရှူးအဘိုးအို၏ခွန်အားကို ကောင်းစွာနားလည်ကြသည်။
၎င်းတို့မျက်နှာများ ဖြူဖျော့သွားပြီး နှလုံးသားထဲ၌ အလွန်ထိတ်လန့်တုန်လှုပ်သွားကြ၏။
အထူးသဖြင့် ရဲ့ရှင်းစုန်၏လက်ထဲ၌ ကိုင်ထားသော အစိမ်းရောင်ထင်ရှူးကိုင်းကို ကြည့်နေသော သူတို့မျက်ဝန်းများက တဆတ်ဆတ်တုန်ခါနေခဲ့သည်။
သာမန်ကျင့်ကြံသူများက ၎င်းနှင့်ပတ်သက်ပြီး ဘာမှသိနိုင်ခြင်းမရှိသော်လည်း သူတို့ကမူ ရှင်းရှင်းလင်းလင်းသိကြ၏။
ထိုအစိမ်းရောင်ထင်ရှူးကိုင်းမှ ထွက်ပေါ်နေသည့် အရှိန်အဝါက သာမန်သူတော်စင်လက်နက်များထက် ကျော်လွန်နေခဲ့သည်။
“ အဲဒါ ပြိုင်ဘက်ကင်း ထိပ်တန်းသူတော်စင်လက်နက်ပဲ…”
အဆင့်မြင့် အင်ပါယာများ အားလုံး အံ့အားသင့်သွားကြ၏။ ထိုထင်ရှူးအဘိုးအို၏ ကျင့်ကဲ့ခြင်းအဆင့်က အလွန်မြင့်မားခြင်းမရှိကြောင်း သူတို့ မြင်နိုင်ကြသည်။
၎င်းထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါက ပထမအတိဒုက္ခအဆင့် ပြီးပြည့်စုံခြင်း၌သာ ရှိသေး၏။
သို့သော် သူလေ့ကျင့်ထားခဲ့သော ကျင့်စဉ်က တော်တော်လေး အစွမ်းထက်ဟန်ရသည်။
သူ့ထံမှ ထွက်ပေါ်နေသည့် စွမ်းအင်အတက်အကျများက ဆန်းကြယ်ပလ္လင်အဆင့်ကိုပင် ကျော်လွန်နေခဲ့ချေပြီ။
အဓိက ကြောက်စရာအကောင်းဆုံးသောအရာမှာ သူ၏ လက်ထဲ၌ ကိုင်ထားသော အစိမ်းရောင် ထင်းရှူးကိုင်း ဖြစ်၏။
၎င်းက သူတော်စင်အဆင့် လက်နက်ဖြင့်ပြီး အဆင့် (၈) လက်နက်များအကြားတွင်ပင် ထိပ်တန်း၌ ရှိနိုင်သည်။
မဟာ ဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များပင်လျှင် ၎င်းအား တွေ့မြင်ပါက အလွန်မက်မောမိလိမ့်မည်ဖြစ်ပြီး မြင့်မြတ်နယ်မြေတစ်ခု၌ ပိုင်ဆိုင်ထားသော ရတနာ အားလုံးပေါင်းနှင့် တန်ဖိုးထက် မနိမ့်ကျလောက်ပေ။
ယခုအချိန်တွင် တိမ်နဂါးအင်ပါယာ အလွန်အံ့အားသင့်နေခဲ့သည်။ သူ့ မျက်စိရှေ့၌ ဖြစ်ပျက်နေသော အရာများအား မယုံကြည်နိုင် ဖြစ်နေ၏။
မိုးပြာနဂါးစစ်ရထားက ထိုဆန်းကြယ်သော အဘိုးအို၏ တိုက်ခိုက်မှုအောက်တွင် အနည်းငယ်မျှ မခုခံနိုင်ဘဲ တစ်စစီ ဖြစ်သွားခဲ့ရသည်။
“ ခင်... ခင်ဗျား ဘယ်သူလဲ...”
တိမ်နဂါးအင်ပါယာ၏ စကားသံများက တုန်ယင်နေခဲ့သည်။