အခန်း (၄၈၆)
Vol. 33 Ch. 486
ထိုအခါ တောင်ပိုင်းကောင်းကင်တံခါးရှိ သန့်စင်ခြင်းမျှော်စင်မှ ခေါင်းဆောင်ဖြစ်သူက တစ်စုံတစ်ခုပြောရန်ပြင်လိုက်စဉ် ရုတ်တရက် ကောင်းကင်ထက်ရှိ ရွှမ်ယီ၏ ခန္ဓာကိုယ်မှ မိုးခြိမ်းသံတစ်ခု ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။
ရွှမ်ယီ၏ မြင့်တက်နေသော အရှိန်အဝါများ နောက်ဆုံးတွင် ကန့်သတ်ချက်သို့ရောက်သွားခဲ့ပြီး တစ်လက်လက်တောက်ပနေသော ရွှေရောင်ကြယ်တစ်ပွင့် စိတ်ဝိညာဉ်ပင်လယ်အတွင်းမှ ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။
၎င်းက ဖြစ်တည်စဲ အခြေအနေတွင် ရှိနေပြီး အမွှေးတိုင်တစ်ချောင်းကုန်စာလောက် ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များအား စုစည်းလိုက်၏။
ထို့နောက် (၇၂) ခုမြောက် စိတ်ဝိညာဉ်ဒြပ်စင်က ပြီးပြည့်စုံသွားကာ ယခင် စိတ်ဝိညာဉ်ဒြပ်စင်များဖြင့် ပေါင်းစပ်ပြီးနောက် ရွှမ်ယီ၏ အရှိန်အဝါများ တည်ငြိမ်သွားတော့သည်။
ရွှမ်ယီ ကောင်းကင်ထက်၌ လက်သီးအား တင်းကြပ်စွာ ဆုပ်လိုက်ပြီး ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်တော့မည့်မတတ် ထွက်ပေါ်နေသည့် စွမ်းအားများကို ခံစားကြည့်လိုက်၏။
ထို့နောက် ရှားရှားပါးပါးဖြစ်ပေါ်ခဲသော အပြုံးတစ်ခု မျက်နှာထက်၌ ဖြစ်ပေါ်လာခဲ့သည်။
အကယ်၍ သူသာ ယခုအချိန်တွင် တိမ်နဂါးအင်ပါယာဖြင့် ထပ်မံတိုက်ခိုက်ရဦးမည်ဆိုပါက ၎င်းထံ၌ မိုးပြာစစ်ရထား ရှိနေသည့်တိုင်အောင် တစ်ချက်တည်းဖြင့် ရိုက်သတ်ရန် ယုံကြည်ချက်ရှိနေခဲ့သည်။
ထိုအချိန်တွင် အိုမင်းသော်လည်း ခွန်အားပြည့်ဝသော အသံတစ်ခု တောင်ပိုင်းကောင်းကင်တံခါး အတွင်းပိုင်းမှ ထွက်ပေါ်လာခဲ့၏။
ထို အသံနှင့်အတူ ရွှေရောင်ပန်းချီကားတစ်ချပ်ကလည်း တိုက်ပွဲမြေပြင်နေရာသို့ ကောင်းကင်ထက်မှ လွင့်ပျံလာခဲ့သည်။
“ တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်… ဒီတိုက်ပွဲက တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်ကိုတောင် စိတ်ဝင်စားသွားစေတာပဲ…”
“ အဲ့ဒီ ပန်းချီကား… အဲ့တာ မြင့်မြတ်ခြင်းမြေပုံ မဟုတ်ဘူးလား… တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်က နက်နဲခြင်းအင်ပါယာဂိုဏ်းကို တောင်ပိုင်းကောင်းကင်တံခါးဆီ ဝင်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပြီထင်တယ်…”
တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်ဆိုသူမှာ တောင်ပိုင်းကောင်ကင်တံခါးမှ ထိပ်တန်းကျင့်ကြံသူတစ်ဦးဖြစ်ပြီး လူသားစစ်တပ်ကြီး၏ အကြီးအကဲလည်းဖြစ်သည်။
သူ၏ ကျင့်ကြံမှုက လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက အန္တိမအင်ပါယာအဆင့် (သတ္တမ အတိဒုက္ခ)သို့ ရောက်နေခဲ့ပြီးဖြစ်သည်။
ယခုတွင် နှစ်ထောင်ပေါင်းများစွာ ကုန်ဆုံးခဲ့ပြီးဖြစ်ကာ နတ်ဆိုးမျိုးနွယ်များနှင့် အဆက်မပြတ်တိုက်ပွဲများအတွင်း သူ့ ကျင့်ကြံမှုက ဆက်လက်၍ မြင့်တက်လာခဲ့၏။
လက်ရှိအချိန်တွင် သူ၏ ကျင့်ကြံမှုက ယခင်ထက်များစွာမြင့်တက်လာခဲ့ပြီး တာအိုအရှင်သခင်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။
သို့သော် တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ် ရုတ်တရက်ဝင်ပြောလိုက်သည့် ကိစ္စနှင့်ယှဉ်ပါက လူတိုင်း၏ အာရုံက သူပို့လွှတ်လိုက်သော မြင့်မြတ်ခြင်းမြေပုံထံသို့သာ ကျရောက်နေ၏။
၎င်းက မြင့်မြတ်ခြင်းမြေပုံဆိုသော အမည်အတိုင်းပင် တောင်ပိုင်းကောင်းကင်တံခါး၌ ပါဝင်သော အရှေ့ပိုင်းတိုက်ကြီးရှိ မြင့်မြတ်မြေများအား ဖေါ်ပြထားခြင်းဖြစ်သည်။
မြင့်မြတ်ခြင်းမြေပုံ၌ ပုံဖော်ခံထားရခြင်းမရှိသေးသော်လည်း စိတ်ဝိညာဉ်ချီစွမ်းအင်များ ပြည့်နှက်နေသော နေရာတစ်ချို့ ရှိနေသေး၏။
ထိုနေရာများက တောင်ပိုင်းကောင်းကင်တံခါးနှင့် မပူးပေါင်းရသေးသော မြင့်မြတ်နယ်မြေများ ၊ မြင့်မြတ်မင်းဆက်များအတွက် ချန်ထားခြင်းဖြစ်သည်။
နက်နဲခြင်းအင်ပါယာဂိုဏ်းက လောလောဆယ်တွင် တောင်ပိုင်းကောင်းကင်တံခါးနှင့် ပူးပေါင်းရခြင်းမရှိသေးသော်လည်း အဖြေက ရှင်းနေချေပြီ။
အထူးသဖြင့် ရဲ့ချင်းစုန်၏ စွမ်းအားနှင့် ပတ်သက်သည်။ နက်နဲခြင်းအင်ပါယာဂိုဏ်းက ကျန်မြင့်မြတ်ခြင်းနယ်မြေများအား စိန်ခေါ်ရန် အရည်အချင်းပြည့်မှီနေပြီဖြစ်၏။
သို့သော် တောင်ပိုင်းကောင်းကင် ဗိုလ်ချုပ်က နက်နဲခြင်းအင်ပါယာဂိုဏ်း၏ ခွန်အားအပေါ်မြင့်မားစွာ မျှော်လင့်ထားပြီး ချက်ချင်းတိုက်ရိုက် ဖိတ်ခေါ်လိမ့်မည်ဟု မည်သူမှ မျှော်လင့်ထားခဲ့မိခြင်းမရှိချေ။
…
အမှန်တွင် မြင့်မြတ်နယ်မြေတစ်ခု၏ အလုံးစုံခွန်အားက အန္တိမအင်ပါယာအဆင့် (သို့မဟုတ်) တာအိုအရှင်သခင်အဆင့် တစ်ယောက်တည်းပေါ်၌ မူတည်နေခြင်း မဟုတ်ပေ။
နှစ်ပေါင်းများစွာ စုဆောင်းခဲ့သော အရင်းအမြစ်များ ၊ အကြီးအကဲများ ၊ တပည့်များ စသည်တို့က မြင့်မြတ်နယ်မြေတစ်ခု၏ အဓိကအစိတ်အပိုင်းများ ဖြစ်ကြသည်။
ယခုတွင် နက်နဲခြင်းအင်ပါယာဂိုဏ်း၏ စွမ်းအားများက မြင့်မြတ်နယ်မြေတစ်ခုနှင့် အပေါ်ယံ တူညီနေပြီဖြစ်သော်လည်း ၎င်းတို့ထံ၌ ရွှမ်ယီနှင့် ရဲ့ချင်းစုန်တို့ နှစ်ယောက်တည်းသာ ရှိသေးသည်။
ဂိုဏ်း၏ အခြေခံအုတ်မြစ်နှင့် တပည့်များအရေအတွက်က အလွန်နည်းပါးသေးသည်ဖြစ်ရာ အစစ်အမှန်မြင့်မြတ်နယ်မြေတစ်ခုနှင့် ယှဉ်နိုင်စွမ်းရှိအုံးမည် မဟုတ်ပေ။
သို့သော် တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်၏ စိတ်ကူးက သာမန်လူများနှင့် ကွဲပြားခြားနားနေခဲ့သည်။
“ နက်နဲခြင်းအင်ပါယာဂိုဏ်းကို တောင်ပိုင်းကောင်းကင်တံခါးရဲ့ (၃၇)ခုမြောက် မြင့်မြတ်နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီ… ပျက်စီးခြင်းနယ်မြေမှာ ဂိုဏ်းတည်ထောင်လို့ရတဲ့နေရာ (၇၉)ခုရှိတယ်… နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ် စိတ်ကြိုက်နေရာတစ်ခု ရွေးလိုက်ပါ…”
အိုမင်းသော စကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်၏ စကားသံက ကျယ်လောင်ခြင်း မရှိလှသော်လည်း နတ်စွမ်းရည်တစ်ခု အသုံးပြုကာ ပြောလိုက်ခြင်း ဖြစ်ဟန်တူသည်။
ထိုစကားသံက တောင်ပိုင်းနယ်မြေတစ်ခုလုံးသို့ မိုးခြိမ်းသံအလား လေထုထဲမှနေ၍ ပျံ့နှံ့သွားခဲ့၏။
တောင်ပိုင်းကောင်းကင်တံခါးရှိ မြင့်မြတ်ပလ္လင်အဆင့် ကျင့်ကြံသူတစ်ယောက် မျက်ဝန်းထဲ၌ အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး
“ တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်က ရွှမ်ယီကို ကာကွယ်ဖို့ ကြိုးစားနေတာပဲ…”
၎င်းက အမှန်ပင်။
ယခုတစ်ကြိမ်တွင် နက်နဲခြင်းအင်ပါယာဂိုဏ်းနှင့် အသင်္ချေနဂါးမင်းဆက်တို့ တိုက်ပွဲကြီးတစ်ခု ဆင်နွှဲခဲ့ကြ၏။
အကြမ်းဖျင်း ကြည့်လိုက်မည်ဆိုပါက အသင်္ချေနဂါးမင်းဆက်အနေဖြင့် ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ဟန်တူသည်။
သို့သော် အသင်္ချေနဂါးမင်းဆက်မှ ဆန်းကြယ်ပလ္လင်အဆင့် ကျင့်ကြံသူတစ်ယောက်တည်းကိုသာ ဦးဆောင်ပြီး စေလွှတ်လိုက်ခြင်းအား မေ့ထား၍ မရချေ။
ထို့အပြင် မိုးပြာနဂါးစစ်ရထားက အလွန်အဖိုးတန်သည်မှန်သော်လည်း ၎င်းက သူတော်စင်အဆင့်သို့ မရောက်သေးပေ။
ထို့ကြောင့် ၎င်းတို့က အသင်္ချေနဂါးမင်းဆက်၏ အထွဋ်အထိပ်ခွန်အားကို ကိုယ်စားပြုရန် ဝေးကွာနေသေးသည်။
သို့သော် ဤသတင်းသာ မြောက်ပိုင်းလွင်ပြင်သို့ ရောက်ရှိသွားပါက သေးငယ်သော မကျေနပ်မှုများကိုပင် လက်စားချေရန် ကြိုးစားတတ်သော အသင်္ချေနဂါးမင်းဆက်အနေဖြင့် နက်နဲခြင်းအင်ပါယာဂိုဏ်းအား တိုက်ခိုက်ရန် အကောင်းဆုံး ကြိုးစားပေတော့မည်။
အထူးသဖြင့် တောင်ပိုင်းကောင်းကင်တံခါးရှိ တိုက်ပွဲ၌ ရရှိခဲ့သော အရှက်တရားအား ပြန်လည်ဆေးကြောရန် ဖြစ်သည်။
နက်နဲခြင်းအင်ပါယာဂိုဏ်းက အင်အားကောင်းသည် မှန်သော်လည်း ၎င်းတို့ တိုးတက်လာသည့်အချိန်က အလွန်တိုတောင်းလှသေးပြီး ၎င်းတို့ အခြေခံအုတ်မြစ်ကလည်း လုံလောက်မှု မရှိသေးချေ။
ဤသို့ဖြင့် အသင်္ချေနဂါးမင်းဆက်သာ အလုံးအရင်းတိုက်ခိုက်လာပါက ၎င်းတို့အား ရဲ့ချင်းစုန်တစ်ယောက်တည်း ထိန်းထားနိုင်မည် မဟုတ်ချေ။
သူတော်စင်အဆင့် လက်နက်ရှိနေလျှင်ပင် ဘာမှကွာခြားသွားမည် မထင်ပေ။
အဘယ်ကြောင့်ဆိုသော် အသင်္ချေနဂါးမင်းဆက်ထံတွင်လည်း သူတော်စင်လက်နက်များ ပိုင်ဆိုင်ထားသောကြောင့်ပင်။
အသင်္ချေနဂါးမင်းဆက် ခေါင်းဆောင်က တာအိုအရှင်သခင်အဆင့်သို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း ကောလဟာလများ ထွက်ပေါ်နေခဲ့ပြီး အကယ်၍ ၎င်းသာ သူတော်စင်အဆင့်လက်နက်အား ယူဆောင်ပြီး ရောက်ရှိလာပါက နက်နဲခြင်းအင်ပါယာဂိုဏ်း ခုခံနိုင်လိမ့်မည် မဟုတ်ဟု လူတိုင်း ထင်နေခဲ့ကြသည်။
သို့သော် နက်နဲခြင်းအင်ပါယာဂိုဏ်းသာ တောင်ပိုင်းကောင်းကင်တံခါးသို့ ပူးပေါင်းသွားပါက အဖြေက ကွဲပြားခြားနားသွားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် နက်နဲခြင်းအင်ပါယာဂိုဏ်း တောင်ပိုင်းကောင်းကင်တံခါးသို့ ဝင်ရောက်ပြီးသည်နှင့် ၎င်းတို့နှင့် အသင်္ချေနဂါးမင်းဆက်အကြား မည်မျှပြင်းထန်သော ရန်ငြိုးများ ရှိနေစေကာမူ တောင်ပိုင်းကောင်းကင်တံခါး၌ မဟာမိတ်များဖြစ်သွားကြချေပြီ။
တစ်ဖက်နှင့်တစ်ဖက် သွေးချောင်းစီး သတ်ဖြတ်၍ ရတော့မည်မဟုတ်ပေ။
အကယ်၍ မလိုက်နာပါက တောင်ပိုင်းကောင်းကင်တံခါး၏ စွမ်းအားကို စိန်ခေါ်လိုက်ခြင်း ဖြစ်သွားပေလိမ့်မည်။
ဤသို့ဖြင့် အသင်္ချေနဂါးမင်းဆက်အနေဖြင့် နက်နဲခြင်းအင်ပါယာဂိုဏ်းအား အလုံးအရင်းတိုက်ခိုက်၍ ရတော့မည်မဟုတ်ပေ။