အခန်း (၄၈၇)
Vol. 33 Ch. 487
အံ့ဩမှင်သက်နေခဲ့ကြသော ပတ်ဝန်းကျင်မှ ကျင့်ကြံသူများအားလုံး သတိပြန်ဝင်လာကြသည်။
သို့သော် မည်သူကမျှ တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်၏ ဆုံးဖြတ်ချက်က မသင့်တော်ဟု ပြောဆိုခြင်းမရှိချေ။
အဘယ်ကြောင့်ဆိုသော် ရွှမ်ယီက သူ၏ခွန်အားနှင့် ပါရမီကို သက်သေပြခဲ့ပြီးသား ဖြစ်သောကြောင့်ပင်။
စိတ်ဝိညာဉ်ဒြပ်စင် (၇၂)ခုအထိ ဖွဲ့စည်းထားသူတစ်ယောက် အင်ပါယာအဆင့်သို့ ရောက်သွားသည်နှင့် အနာဂတ်တွင် ၎င်းမည်မျှအထိ လျှောက်လှမ်းနိုင်မည်ကို မည်သူမှ မခန့်မှန်းနိုင်ကြချေ။
ထို့ကြောင့် တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်အနေဖြင့် ၎င်းအား ကာကွယ်ရန် ထိုက်တန်ပေသည်။
သို့သော် ရွှမ်ယီ၏ ဆုံးဖြတ်ချက်က လူတိုင်း မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။
ရွှမ်ယီက တောင်ပိုင်းကောင်းကင်တံခါးဘက်သို့ လှမ်းကြည့်လိုက်ပြီး ခေါင်းအား ညင်သာစွာ ယမ်းလိုက်၏။
မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေသော်လည်း မျက်ဝန်းများကမူ အေးစက်နေခဲ့သည်။
“ တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ကျေးဇူးအများကြီးတင်ပါတယ်… ဒါပေမဲ့ ကျုပ်တို့ နက်နဲခြင်းအင်ပါယာဂိုဏ်းနဲ့ အသင်္ချေနဂါးမင်းဆက်ကြားမှာ မပြေငြိမ်းနိုင်တဲ့ ရန်ကြွေး ရှိနေပါတယ်… ဒါကြောင့်မို့လို့ အသင်္ချေနဂါးမင်းဆက်နဲ့ ရန်ငြိုးတွေအားလုံးကို ဖြေရှင်းပြီးကာမှ တောင်ပိုင်းကောင်းကင်တံခါးကို ဝင်ပါမယ်… အဲဒီအချိန်ကျရင်လည်း နောက်မကျလောက်သေးပါဘူး…”
ဝိုး…..!
ရွှမ်ယီ၏ စကားအား ကြားလျှင် ပတ်ဝန်းကျင်မှ လူတိုင်း တစ်ဖန်တုန်လှုပ်သွားကြပြန်သည်။
“ ဒါ… ဒါက မောက်မာလွန်းတယ် မဟုတ်ဘူးလား… သူက မြင့်မြတ်နယ်မြေတစ်ခုကို ဘယ်လိုထင်နေတာများလဲ…”
ရွှမ်ယီအပေါ် အထင်ကောင်း အမြင်ကောင်းရှိသူများပင် ရွှမ်ယီပြောလိုက်သော စကားကြောင့် မနေနိုင်ဘဲ မျက်မှောင်ကြုတ်သွားခဲ့ကြ၏။
တောင်ပိုင်းကောင်းကင်တံခါး၌ ရှိနေသော အသင်္ချေနဂါးမင်းဆက်ဆိုသည်မှာ ဌာနခွဲလေးတစ်ခုမျှသာ။
အသင်္ချေနဂါးမင်းဆက်ဌာနချုပ်တွင် အကာအကွယ်များစွာ ရှိမည်မှာ မလွဲဧကန်ပင်။
၎င်းတို့ အနေဖြင့် တချို့သော မြင့်မြတ်နယ်မြေများထက် နိမ့်ကျကောင်း နိမ့်ကျနိုင်သော်လည်း ၎င်းတို့က မြင့်မြတ်နယ်မြေအဆင့် အင်အားစုတစ်ခု ဖြစ်သည်။
မြင့်မြတ်ပလ္လင်အဆင့် မဆိုထားနှင့် အန္တိမအင်ပါယာတစ်ယောက်ပင် ၎င်းအား ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။
တောင်ပိုင်းနယ်မြေရှိ အသင်္ချေနဂါးမင်းဆက် ဌာနခွဲများအနေဖြင့် ရဲ့ချင်းစုန်၏ တိုက်ခိုက်မှုကို ခုခံနိုင်မည် မဟုတ်ကြောင်း သေချာသော်လည်း ၎င်းတို့အနေဖြင့် အစွမ်းကုန်ကာကွယ်ကာ အသင်္ချေနဂါးမင်းဆက်ထံမှ စစ်ကူများအား ခေါ်ယူနိုင်သည်။
ရွှမ်ယီထံတွင် ဝှက်ဖဲများ ရှိနေသေးသလော?
အဆင့်မြင့်ကျင့်ကြံသူများအားလုံး ခေါင်းယမ်းလိုက်ကြ၏။
ထိုအချိန်တွင် သန့်စင်ခြင်းမျှော်စင်မှ အင်ပါယာက လှောင်ပြုံးလိုက်ပြီး
“ မိုက်မဲလိုက်တဲ့ကောင်... ဒဏ္ဍာရီလာစံချိန်တွေကို ချိုးပစ်နိုင်တာနဲ့ သူ့ကိုယ်သူ တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းပြီ ထင်နေတာလား… တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်က ဒီလောက်ထိ ဦးနှောက်မရှိတဲ့ကောင်ကို ဘာကြောင့် အရေးတယူရှိနေရတာလဲ နားမလည်နိုင်တော့ဘူး…”
သူက ရွှမ်ယီအား လှောင်ပြောင်ရန်အတွက် အသံကို အနည်းငယ်မျှ မလျှော့ဘဲ ကျယ်လောင်စွာ ပြောလိုက်ခြင်းဖြစ်သည်။
ရွှမ်ယီ ထိုလူအား တစ်ချက်ကြည့်လိုက်၏။
အကြည့်များက ၎င်းအပေါ်တွင် တစ်ခဏမျှ ရစ်ဝဲနေခဲ့ပြီးနောက် အသာအယာ ခေါင်းညိတ်ပြလိုက်၏။
“ ဟုတ်သားပဲ... ခင်ဗျားတို့ သန့်စင်ခြင်းမျှော်စင်ကိုလည်း ဂရုစိုက်ပေးရဦးမယ်ဆိုတာ ကျုပ် မေ့နေခဲ့တယ်…”
“အာ…”
ရွှမ်ယီ၏ စကားအား ကြားလျှင် သန့်စင်ခြင်းမျှော်စင်မှအင်ပါယာ မည်သည့်စကားမှ ဆက်မပြောနိုင်အောင် ဖြစ်သွားခဲ့ရသည်။
တစ်ဖက်တွင် မဟာမူလကုန်းမြေမှ အင်ပါယာလည်း သန့်စင်ခြင်းမျှော်စင်မှ အင်ပါယာကဲ့သို့ လှောင်ပြောင်ရန် ပြင်လိုက်သော်လည်း ရွှမ်ယီ၏ တုံ့ပြန်မှုကြောင့် လည်ချောင်းဝသို့ရောက်နေသော စကားများအား ပြန်လည်မျိုချလိုက်ရ၏။
သူတို့ အခြေအနေများက အသင်္ချေနဂါးမင်းဆက်ထက် များစွာသာလွန်သည် မဟုတ်ချေ။
ရဲ့ချင်းစုန်ရှေ့တွင် သူတို့၏ ဌာနခွဲများအနေဖြင့် ကာကွယ်နိုင်မည်မထင်ပေ။
သူတို့သာ ရဲ့ချင်းစုန်နှင့် ရင်ဆိုင်ရမည်ဆိုပါက ဌာနခွဲအား တံခါးပိတ်ထားပြီး အစွမ်းကုန် ခုခံရပေလိမ့်မည်။
ထို့အပြင် ဌာနချုပ်မှစစ်ကူများ ရောက်လာသည့်အချိန်တွင် သူတို့အနေဖြင့် အသက်ရှင်ကျန်ရစ်ရန်လည်း မသေချာပေ။
ထို့ကြောင့် မည်သည့်စကားမှ မဆိုရဲတော့ချေ။
သို့သော် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ အမြင်တွင် မြင့်မြတ်နယ်မြေတစ်ခုအား စကားအနည်းငယ်ဖြင့် တုန်လှုပ်စေနိုင်စွမ်းရှိသော ရွှမ်ယီ၏ ဂုဏ်သတင်းက ထပ်မံ၍ မြင့်တက်သွားခဲ့ပြန်သည်။
တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်ကမူ ယခုအချိန်အထိ ရွှမ်ယီ၏ ငြင်းပယ်ခြင်းအား နားမလည်နိုင်သေးချေ။
အစပိုင်းတွင် အနည်းငယ် မှင်တက်နေခဲ့ပြီး ယခုမှ ပြန်လည်၍ သတိဝင်လာ၏။
ဤသို့ဖြင့် တောင်ပိုင်းကောင်းကင်တံခါးအတွင်းပိုင်းမှနေ၍ အိုမင်းသောစကားသံ ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။
ထိုစကားသံက အလွန်တည်ငြိမ်နေခဲ့ပြီး ဒေါသအငွေ့အသက် အနည်းငယ်မျှ မပါဝင်ချေ။
“ ကောင်းပြီလေ… ဒါဆိုရင် နောက်မှ ထပ်ပြီးဆွေးနွေးကြတာပေါ့…”
ရွှမ်ယီက တောင်ပိုင်းကောင်းကင်တံခါး ရှိရာဘက်သို့ အနည်းငယ်ဦးညွှတ်ပြီး အရိုအသေပေးလိုက်သည်။
ထို့နောက် တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်၏ စကားသံ ထပ်မံ၍ ထွက်ပေါ်မလာတော့ပေ။
ရွှမ်ယီ၏ အကြည့်များက အဝေးတစ်နေရာရှိ တောင်ပိုင်းနယ်မြေမှ အသင်္ချေနဂါးမင်းဆက် ဂိုဏ်းခွဲရှိရာ ဌာနခွဲရှိရာသို့ ကျရောက်သွားခဲ့သည်။
တိမ်နဂါးအင်ပါယာနှင့်အတူ ရောက်ရှိလာခဲ့သော အသင်္ချေနဂါးမင်းဆက်မှ စစ်သည်သုံးသောင်းတို့က ရုန်းရင်းဆန်ခတ်မှုများအား အခွင့်ကောင်းယူကာ ကျန်ရှိသော အင်ပါယာအဆင့်ကျင့်ကြံသူများ ဦးဆောင်မှုဖြင့် ထွက်ပြေးသွားခဲ့ကြသည်။
ရွှမ်ယီ အသာအယာ ပြုံးလိုက်၏။
“ မင်းတို့ တကယ်ပဲ လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား…”
“ ရဲ့ချင်းစုန်…”
ရွှမ်ယီ တိုးညင်းစွာ ပြောလိုက်သည်။
ထိုအခါ နောက်ဘက်တွင် ရပ်နေသော ရဲ့ချင်းစုန်က တစ်စုံတစ်ခုအား နားလည်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
ရဲ့ချင်းစုန်၏ လက်ထဲ၌ အစိမ်းရောင်ထင်းရှူးကိုင်း ပေါ်လာပြီး ၎င်းအား ကောင်းကင်ထက်သို့ မြှောက်လိုက်ကာ ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု ဖန်တီးလိုက်သည်။
ထိုအက်ကွဲကြောင်း၏ အဆုံးသတ်ကမူ တောင်ပိုင်းနယ်မြေရှိ အသင်္ချေနဂါးမင်းဆက်ဌာနခွဲ၌ ဖြစ်သည်။
တောင်ပိုင်းကောင်းကင်တံခါးအနီးရှိ ကျင့်ကြံသူများအားလုံး ကောင်းကင်ထက်မှ လေဟာနယ်အက်ကွဲကြောင်းကြီးအား မြင်လျှင် အံ့ဩသွားကြ၏။
ရွှမ်ယီ ဘာလုပ်ဖို့ ကြိုးစားနေသနည်း…?
ရဲ့ချင်းစုန် တစ်ယောက်တည်းအားဖြင့် အသင်္ချေနဂါးမင်းဆက်၏ ဌာနခွဲတည်ရှိရာ ဝဲပျံခြင်းနဂါးတောင်တန်းအား ဖြိုချနိုင်မည်ဟု သူက အမှန်တကယ် ထင်နေသလော…?
ရွှမ်ယီကမူ ပတ်ဝန်းကျင်မှ လူများအားလုံးကို လျစ်လျူရှုထားခဲ့၏။
ထို့နောက် မဆိုင်းမတွဘဲ လေဟာနယ်အက်ကြောင်းအတွင်းသို့ ဖြည်းညင်းစွာ ဝင်သွားလေသည်။
လီလန်နှင့် ရဲ့ချင်းစုန်တို့လည်း အနီးကပ် လိုက်ပါသွားကြ၏။
ထိုအချိန်တွင် လီလန်၏ လှပသော မျက်နှာလေးထက်၌ ထိတ်လန့်မှုတစ်ခုက ဖုံးကွယ်မထားနိုင်ဘဲ ဖြစ်ပေါ်နေခဲ့သည်။
လေဟာနယ်လိုဏ်ခေါင်းထဲတွင် ရွှမ်ယီက သူမအား ကြည့်ကာ အသာအယာပြုံးလိုက်ပြီး
“ ငါ့တပည့်…. မင်း တိုက်ခိုက်စရာ မလိုပါဘူး… တိုက်ပွဲကို စောင့်ကြည့်နေဖို့ပဲ လိုအပ်တယ်…”
ထိုအဆင့်တိုက်ပွဲများကို အနီးကပ်ကြည့်ရှုနိုင်ခြင်းက လီလန်၏ အနာဂတ်လေ့ကျင့်မှုအတွက် အလွန်အကျိုးများလှသည်။
သို့သော် ရွှမ်ယီ၏စကားအား ကြားလျှင် လီလန်၏မျက်နှာထက်၌ မကျေနပ်မှုအရိပ်အယောင်တချို့ ဖြစ်ပေါ်လာသည်။
သူမက လက်သီးအား ညင်သာစွာ ဆုပ်လိုက်ပြီး
“ ဆရာ စိတ်မပူပါနဲ့… ကျွန်မ လုံးဝ မကြောက်ဘူး… ဂိုဏ်းအတွက် အကူအညီ ပေးနိုင်ပါတယ်…”
ထိုစကားအား ကြားလျှင် ရွှမ်ယီ မရယ်ဘဲ မနေနိုင်တော့ချေ။
သူက လီလန်၏လုံခြုံရေးအား ရှေးရှုပြီး တိုက်ပွဲအား ကြည့်ရှုရန်သာ ခွင့်ပြုခဲ့သည်။
လီလန်မဆိုထားနှင့် လာမည့်တိုက်ပွဲများ၌ သူကိုယ်တိုင်ပင် လှုပ်ရှားရန် မလိုလောက်ချေ။
တခြားသူများက ရဲ့ချင်းစုန်မှာ ဆန်းကြယ်ပလ္လင်အဆင့် အင်ပါယာတစ်ယောက်ဖြစ်ကြောင်း မသိကြချေ။
ရဲ့ချင်းစုန်အနေဖြင့် အဆင့်မြင့်သူတော်စင်လက်နက်ဖြစ်သော အစိမ်းရောင်ထင်းရှူးကိုင်းကို အသုံးပြုလိုက်ပါက အန္တိမအင်ပါယာအဆင့်တစ်ယောက်ကိုပင် အနိုင်ယူနိုင်စွမ်းရှိသည်။
သို့သော် ရဲ့ချင်းစုန်အား ထာဝရဆင့်ခေါ်ခွင့်ရရှိပြီးနောက် စနစ်ထံမှ ရဲ့ချင်းစုန်၏ အစစ်အမှန်တိုက်ခိုက်နိုင်စွမ်းကို ရွှမ်ယီ သိခဲ့ရသည်။
အစိမ်းရောင်ထင်းရှူးကိုင်းဆိုသည်မှာ ရဲ့ချင်းစုန် ပိုင်ဆိုင်ထားသော ဝှက်ဖဲများစွာထဲမှ တစ်ခုသာဖြစ်၏။
ရဲ့ချင်းစုန်၏ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသောအချက်မှာ ယခင်သူနေထိုင်ခဲ့သည့် ကမ္ဘာမှ ပါလာသော ပညာရပ်များဖြစ်သည်။