အခန်း (၄၈၉)
Vol. 33 Ch. 489
ထို့နောက် ရဲ့ချင်းစုန်၏ ဧရာမလက်ညိုးကြီးအား မြင်လိုက်ပြီး သူတို့အားလုံး အလွန်တုန်လှုပ်သွားခဲ့ကြ၏။
ဝဲပျံခြင်းနဂါးတောင်တန်းမှ အကာအကွယ်အစီအရင်က ရဲ့ချင်းစုန်၏ ဧရာမလက်ညိုးကြီးရှေ့၌ စက္ကူတစ်စပမာ ဖြစ်နေခဲ့သည်။
၎င်းအား လုံးဝ တားဆီးနိုင်ခဲ့ခြင်း မရှိချေ။
မောက်မာသော အစောင့်ကမူ ထိုလက်ညိုးကြီးအောက်၌ ပြာအဖြစ်ပြောင်းလဲသွားခဲ့၏။
“ ငါ မကောင်းတဲ့ခံစားချက် ရနေတယ်… ဝဲပျံခြင်းနဂါးတောင်တန်းက တကယ်ပဲ ပျက်စီးသွားတော့မှာလား… မကြာခင် သမိုင်းတွင်မယ့် ဖြစ်ရပ်ကြီးတစ်ခုကို မြင်ရတော့မယ်ထင်တယ်…”
ထိုစကားအား ကြားလျှင် အနီးပတ်ဝန်းကျင်မှ ကျင့်ကြံသူတစ်ချို့ မနေနိုင်ပဲ ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
ဝဲပျံခြင်းနဂါး တောင်တန်းပေါ်တွင်မူ လူများ ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့ချေပြီ။
လူတိုင်း ကောင်းကင်ထက်သို့ အံ့အားသင့်စွာ မော့ကြည့်နေကြ၏။
မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း သူတို့ ရှင်းရှင်းလင်းလင်း မသိကြချေ။
တိမ်နဂါးအင်ပါယာနှင့် အတူပါသွားသော လူများသာ ကြောက်လန့်တကြားရေရွတ်လိုက်ကြ၏။
“ အဲ့တာ ရွှမ်ယီပဲ… ပြီးတော့ သူ့ရဲ့ တာအိုကာကွယ်သူ… အဲလူက တိမ်နဂါးအင်ပါယာကို သတ်ပြီး မိုးပြာနဂါးစစ်ရထားကို ဖျက်ဆီးခဲ့တာ…”
“ ဟမ်… “
ထိုစကားအား ကြားလျှင် အင်ပါယာယွဲ့ အံ့အားသင့်သွား၏။
သို့သော် တုန်လှုပ်သွားခြင်းတော့ မဟုတ်ချေ။ ထိုအစားဝမ်းသာသွားခြင်းဖြစ်၏။
ရက်စက်လိုဟန်ရသော အပြုံးတစ်ခု မျက်နှာထက်၌ ဖြစ်ပေါ်လာခဲ့သည်။
“ ကောင်းတယ်… အရမ်းကောင်းတယ်… အစကတော့ ငါ့တူ အတွက် လက်စားမချေနိုင်မှာကို စိုးရိမ်နေခဲ့တာ… ဒါပေမယ့် နက်နဲခြင်းအင်ပါယာဂိုဏ်းက ငါ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားဘူး…”
နက်နဲခြင်းအင်ပါယာဂိုဏ်း ရောက်လာသည့်အပေါ် ယွဲ့လုံ အလွန်အံ့ဩသွားခဲ့သည်။ သို့သော် ကြောက်ရွံ့ခြင်းအလျဥ်းမရှိချေ။
အစောပိုင်းတွင် ဖြစ်ပေါ်လာသော ကာကွယ်ရေးအစီအရင်က ပြင်ပကျူးကျော်မှုကို အာရုံခံမိသဖြင့် အလိုအလျောက်နိုးထလာခြင်းသာ ဖြစ်သည်။
တစ်စုံတစ်ယောက် ဦးဆောင်ကာ ထိန်းချုပ်နေသော အကာအကွယ်အစီအရင်နှင့် အလိုအလျောက်ထွက်ပေါ်လာသော အကာအကွယ်အစီအရင်ကြား ခြားနားချက်မှာ အလွန်ကြီးမားလွန်းလှ၏။
ဤသို့ဖြင့် ယွဲ့လုံ ကောင်းကင်ထက်သို့ ချက်ချင်းပျံတက်လိုက်ပြီး ဝဲပျံခြင်းနဂါးတောင်တန်းရှိ အဓိက ခန်းမရှိရာသို့ အမြန်ပြေးသွားလိုက်၏။
ယွဲ့လုံရောက်သည်နှင့် ခန်းမအတွင်းတွင် ရွှေရောင်နဂါးပုံစံများဖြင့် ဖွဲ့စည်းထားသော အင်မော်တယ်စင်မြင့်တစ်ခု ဖြစ်ပေါ်လာသည်။
ထို့နောက် ၎င်းပေါ်တက်ပြီး အကာအကွယ်အစီအရင်နှင့် ပေါင်းစပ်လိုက်၏။
တစ်ခဏအကြာတွင် ဝဲပျံခြင်းနဂါးတောင်တန်းမှနေ၍ ကောင်းကင် (၉) ပါးမှ ဆင်းသက်လာသော နဂါးဟိန်းသံကဲ့သို့ ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
မိုင်ပေါင်းများစွာ ရှည်လျားသော ဧရာမ ရွှေရောင်နဂါးကြီးတစ်ကောင်က ဝဲပျံခြင်းနဂါးတောင်ထိပ်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး တောင်တစ်ခုလုံးအား ခန္ဓာကိုယ်ဖြင့် ရစ်ပတ်လိုက်၏။
ထို့နောက် ၎င်းမျက်လုံးဖွင့်လိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ စွမ်းအင်လှိုင်းလုံးကြီး ရိုက်ခတ်သွားလေသည်။
“ ဝဲပျံခြင်းနဂါးတောင်တန်းက တပည့်တွေအားလုံး အမိန့်နာခံပါ… ချက်ချင်း အစီအရင်နဲ့ ပေါင်းစပ်ကြ…”
ယွဲ့လုံ၏ စကားသံက မိုးခြိမ်းသံပမာ ထွက်ပေါ်လာခဲ့ပြီး ဝဲပျံခြင်းနဂါးတောင်တန်းမှ လူတိုင်းကို သတိဝင်လာစေခဲ့သည်။
တစ်ယောက်ပြီးတစ်ယောက် ဝဲပျံခြင်းနဂါး တောင်တန်းအထက်မှ သက်ဆိုင်ရာ အဆောင်အဦးများသို့ ပြေးဝင်သွားကြ၏။
ထို့နောက်တွင် စိတ်ဝိညာဉ်စွမ်းအင် အလင်းတန်းပေါင်းများစွာ ဖြစ်ပေါ်လာခဲ့ပြီး ရွှေနဂါးကြီးအား ထောက်ပံ့လိုက်သည်။
အစပိုင်းတွင် အနည်းငယ်ဝေဝေဝါးဝါးဖြစ်နေသေးသော ရွှေနဂါးကြီးက တစ်ဖြည်းဖြည်းအစစ်အမှန်နှင့် တူလာခဲ့သည်။
အသက်မဲ့နေသော နဂါးမျက်လုံးများပင် အသက်ဓာတ်များ ပြည့်နှက်လာ၏။
“ သတ်…”
ဝဲပျံခြင်းနဂါးတောင်တန်းပေါ်မှ တစ်ပြိုင်နက်တည်း ကြွေးကြော်သံထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ကိုပင် တုန်ခါသွားစေ၏။
ယွဲ့လုံ၏ ဦးဆောင်မှုနှင့်အတူ ကျင့်ကြံသူပေါင်းများစွာတို့ စွမ်းအားပေါင်းစပ်လိုက်သောအခါ အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ထိုမြင်ကွင်းက ပွဲကြည့်ရန်ရောက်လာသူတိုင်းအား ထိတ်လန့်သွားစေ၏။
ရွှေရောင်နဂါးကြီး၏ စွမ်းအားက ကောင်းကင်ထက်သို့ ထိုးဖောက်တက်သွားကာ ကောင်းကင်ကြီးတစ်ခုလုံးကိုပင် တုန်ခါသွားစေခဲ့သည်။
ဝဲပျံခြင်းနဂါးတောင်တန်း အထက်မှ ကောင်းကင် ပြိုကျတော့မည့်အလား ထင်မှတ်ရသည်။
“ ဒီ… ဒီ အရှိန်အဝါ… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”
ရွှေနဂါးကြီးထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါများက ပွဲကြည့်ရန်ရောက်လာသည့်လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
ထိုသို့ ဖြစ်ရခြင်းမှာ ရွှေနဂါးကြီး၏ ပင်မနေရာ၌ ရှိနေသော ယွဲ့လုံကြောင့်ဖြစ်၏။
ထိုနေရာမှ နေ၍ အလွန်တောက်ပသော အလင်းတန်းကြီးတစ်ခု ကောင်းကင်သို့ ထိုးတက်နေသည်။
ထိုနေရာတွင် ယွဲ့လုံနှင့်အတူ သူ၏ ထဝရနတ်ဘုရားစင်မြင့်က ဝဲပျံနေခဲ့ပြီး အင်ပါယာအဆင့် မိုးကြိုးကပ်ဘေးအား အတုယူကာ ပြုလုပ်ထားသော နတ်ရုန်းများဖြင့် တောက်ပနေခဲ့သည်။
ထို ထဝရနတ်ဘုရားစင်မြင့်ပေါ်တွင် လူတိုင်းမျှော်မှန်းထားသကဲ့သို့ နတ်ဘုရားအမှတ်အသား (၅) ခုရှိမနေပဲ (၆) ခု ရှိနေ၏။
အင်ပါယာအဆင့်သို့ ရောက်ပြီးချိန်တွင် မိုးကြိုးကပ်ဘေးတစ်ခု ကျော်ဖြတ်ပြီးတိုင်း နတ်စွမ်းရည်များကို အားကောင်းစေမည့် နတ်ဘုရားအမှတ်အသားတစ်ခုစီ ထာဝရနတ်ဘုရားစင်မြင့်၌ ဖြစ်ပေါ်လာလေ့ရှိသည်။
ထို့ကြောင့် နတ်ဘုရားအမှတ်အသား (၆) ခုက ယွဲ့လုံက ဆန်းကျယ်ပလ္လင်အဆင့် ကျင့်ကြံသူမဟုတ်ပဲ မြင့်မြတ်ပလ္လင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်း ဖော်ပြနေခဲ့သည်။
“ ဟား… ဟား… ဟား…. နက်နဲခြင်းအင်ပါယာဂိုဏ်းက ကောင်လေး… တကယ်လို့ မင်းသာ ရောက်မလာဘူးဆိုရင် ငါတော်တော်လေး ခေါင်းကိုက်နေရမှာ… မင်းနဲ့ မင်းဘေးနားက သရဲအိုကြီးကို သတ်ဖို့အတွက် ငါ့အကိုဆီက သူတော်စင်လက်နက်တစ်ခု တောင်းယူနေရဦးမယ်… မင်းတို့ကိုယ်တိုင် အသေခံဖို့ ရောက်လာလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားဘူး…”
ဝဲပျံခြင်းနဂါး တောင်တန်းပေါ်မှ အစီအရင်ကြီး၏ ပံ့ပိုးမှုနှင့်အတူ ယွဲ့လုံ၏ ကျင့်ကြံမှု အရှိန်အဝါက အစောပိုင်း မြင့်မြတ်ပလ္လင်အဆင့်ကို ကျော်လွန်ပြီး မြင့်မြတ်ပလ္လင် အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။
သူက အန္တိမအင်ပါယာ အဆင့်နှင့် ခြေတစ်လှမ်းမျှသာ ဝေးကွာတော့၏။ ယဲ့ချင်းစုန်ထံ၌ အစိမ်းရောင် ထင်းရှူးကိုင်းအား ပိုင်ဆိုင်ထားလျှင်ပင် သူ့အား ယှဉ်နိုင်မည်မထင်ပေ။
ထိုမြင်ကွင်းအား မြင်လျှင် မြင့်မြတ်ခြင်းမူလ လေလံစံအိမ်မှ အပြေးအလွှားရောက်လာခဲ့သော လီရွှမ် မျက်နှာပျက်သွားခဲ့သည်။
“ မကောင်းတော့ဘူး… ဂိုဏ်းချုပ်ရွှမ်ယီက အရမ်းလောလွန်းတာပဲ…”
လီရွှမ် မှင်သက်သွားပြီး ငြီးတွားမိလိုက်သော်လည်း သူ့မျက်ဝန်းထဲ၌ ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ပေါ်လာခဲ့သည်။
လွန်ခဲ့သော နှစ်များအတွင်း မြင့်မြတ်ခြင်းမူလ လေလံစံအိမ် အတွင်းပိုင်းအာဏာပြိုင်ပွဲများတွင် သူရှုံးနိမ့်ခဲ့သော်လည်း သူက အရေးပါသော နေရာတစ်ခု၌ ရှိနေဆဲပင်။
တောင်ပိုင်းနယ်မြေရှိ မြင့်မြတ်ခြင်းမူလ လေလံစံအိမ် ဌာနခွဲအား နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့ပြီးနောက် လီရွှမ်တစ်ယောက် အတော်အသင့် ကြွယ်ဝသော ပစ္စည်းဥစ္စာများ စုဆောင်းမိခဲ့သည်။
၎င်းတို့ဖြင့် အသေးစား နတ်တန်ခိုးစွမ်းရည်တစ်ခုကိုပင် ဝယ်ယူနိုင်ခဲ့၏။
၎င်းအတွက် မြင့်မားသော တန်ကြေးတစ်ခုအား ပေးဆပ်ခဲ့ရသော်လည်း တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သည့် နတ်တန်ခိုးစွမ်းအားတော့ မဟုတ်ခဲ့ပေ။
သို့သော် လူအနည်းစုအား ကီလိုမီတာ တစ်သိန်းကျော်အကွာသို့ ချက်ချင်းနေရာကူးပြောင်း ပေးနိုင်စွမ်းရှိပြီး မည်သည့်ကန့်သတ်ချက်ကိုမဆို လျစ်လျူရှုနိုင်စွမ်းရှိ၏။
လီရွှမ် ချက်ချင်းလှုပ်ရှားပြီး ရွှမ်ယီတို့အဖွဲ့အား အဝေးသို့ ပို့လိုက်ကာ နောက်မှဖြစ်လာသော ပြဿနာများအား နောက်မှရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူ မလှုပ်ရှားရသေးမီ ဆန်းကြယ်ပလ္လင်အဆင့် အင်ပါယာနှစ်ယောက် ရုတ်တရက် သူ့အနား ရောက်ရှိလာ၏။
၎င်းတို့ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါများက လီရွှမ်ထက် အနည်းငယ်မျှ နိမ့်ကျခြင်း မရှိချေ။
၎င်းတို့က သူ့ကို တိုက်ရိုက်မတိုက်ခိုက်ခဲ့ကြသော်လည်း အရှိန်အဝါများဖြင့် ချုပ်နှောင်ထားခဲ့ကြသည်။
ဤသို့ဖြင့် လီရွှမ်၏ လှုပ်ရှားမှုများ တစ်ဒင်္ဂ နှေးကွေးသွားခဲ့ပြီး အချိန်မီဆောင်ရွက်နိုင်ခြင်း မရှိတော့ပေ။
“ မင်းတို့…”
လီရွှမ် ရောက်လာသူနှစ်ယောက်အား မျက်ထောင့်နီကြီးများဖြင့် စိုက်ကြည့်လိုက်၏။
၎င်းတို့နှစ်ယောက်က သန့်စင်ခြင်းမျှော်စင်နှင့် မဟာမူလကုန်းမြေမှဖြစ်ကြောင်း သူပြောနိုင်စွမ်းရှိသည်။