အခန်း (၄၉၂)
Vol. 33 Ch. 492
မီးတောက်များထွက်ပေါ်လာသည်နှင့် ထိုနေရာအား စောင့်ကြပ်နေသော နတ်ဆိုး ခန္ဓာကိုယ် တစ်ချက် တုန်ခါသွား၏။
“ နတ်ဆိုးနယ်မြေ နယ်နိမိတ်ကို ဘယ်ကောင် တိုက်ခိုက်ရဲတာလဲကွ…”
အင်ပါယာအဆင့် နတ်ဆိုးတစ်ယောက် အေးစက်စွာ အော်ဟစ်လျက် ရွှမ်ယီ ရှိကာသို့ တစ်ဟုန်ထိုး ပြေး၀င်သွားလေသည်။
“ ရဲ့ချင်းစုန်… သူ့ကို သတ်လိုက်…”
ရွှမ်ယီ၏ ထူးမခြားနားသော စကားသံ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် လူသားနှင့်နတ်ဆိုးအကြား စစ်ပွဲများ၌ လူသားမျိုးနွယ်ကျင့်ကြံသူများစွာကို သတ်ဖြတ်ခဲ့သည့် ကျော်ကြားသော နတ်ဆိုးအင်ပါယာ၏ခန္ဓာကိုယ် အပိုင်းပိုင်း ဖြစ်သွားခဲ့လေသည်။
ထိုနတ်ဆိုးအင်ပါယာ သေဆုံးသွားသည်နှင့် ရွှမ်ယီ ခြေတစ်လှမ်းဖြင့် ကောင်းကင်ပေါ်သို့ ခုန်တက်သွားခဲ့၏။
“ ကျုပ်က နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ်ပဲ… ဒီနေ့ကစပြီး နက်နဲခြင်းအင်ပါယာဂိုဏ်းကို ဒီနေရာမှာ တည်ထောင်မယ်...”
ရွှမ်ယီ၏စကားသံက စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ထောက်ပံ့မှုနှင့်အတူ ကောင်းကင်တစ်ခွင်လုံးသို့ မိုးခြိမ်းသံအလား ပျံ့နှံ့သွားခဲ့သည်။
ထိုအချိန်တွင် တောင်ပိုင်းနယ်မြေတစ်ခုလုံး တုန်လှုပ်ချောက်ချားသွား၏။
နက်နဲခြင်းအင်ပါယာဂိုဏ်းမှ အဖွဲ့ဝင်တိုင်းက အင်ပါယာအဆင့်ကျင့်ကြံသူများချည်းပဲပေလော…?
ထို့အပြင် ရွှမ်ယီ၏ စကားသံအရဆိုလျှင် နက်နဲခြင်းအင်ပါယာဂိုဏ်း တည်ဆောက်လိုက်ရာ နေရာက မဟာပျက်စီးနယ်မြေ၏ အဆုံးတွင်ရှိကြောင်း သိနိုင်သည်။
ထိုနေရာတွင် စိတ်ဝိညာဉ်စွမ်းအင်အလင်းတိုင်လုံးကြီးတစ်ခုက နဂါးကြီးတစ်ကောင်အလား ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး တိမ်များအား ကီလိုမီတာထောင်ပေါင်းများစွာသို့တိုင်အောင် ပြန့်ကျဲသွားစေခဲ့သည်။
မဟာပျက်စီးခြင်းနယ်မြေတစ်ခုလုံးသို့ ပြင်းထန်သော ဖိအားကြီးတစ်ခု ကျရောက်လာ၏။ လူသားများသာမက နတ်ဆိုးများပင် ထိုဖိအားကို အာရုံခံမိခဲ့ကြသည်။
“ ဘယ်ကလာတဲ့ လူသားကျင့်ကြံသူတွေလဲကွ… ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့နှင်းဝံပုလွေမျိုးနွယ်စုရဲ့ နယ်မြေမှာ ဂိုဏ်းတည်ထောင်ဝံ့တာလဲ...”
တောင်ပိုင်းနယ်မြေတွင် နတ်ဆိုးမျိုးနွယ်စု (၃၆)ခုက မဟာမိတ်များအဖြစ် တည်ရှိနေခဲ့သော်လည်း လူသားများနှင့် တိုက်ခိုက်သည့်အချိန်မှ ၎င်းတို့အချင်းချင်း ပူးပေါင်းလေ့ရှိကြသည်။
သာမန်အားဖြင့်ဆိုလျှင် ၎င်းတို့က မိမိတို့ဘာသာ သီးခြားလှုပ်ရှားလေ့ရှိကြပြီး လူသားမျိုးနွယ်ဘက်မှ မြင့်မြတ်နယ်မြေများ၊ ဂိုဏ်းများ၊ မင်းဆက်များနှင့် မခြားပေ။
နှင်းဝံပုလွေမျိုးနွယ်စုဆိုသည်မှာ မဟာပျက်စီးခြင်းနယ်မြေနှင့် အနီးဆုံးတွင် တည်ရှိသော နတ်ဆိုးမျိုးနွယ်စုတစ်ခုဖြစ်၏။
၎င်းတို့က မဟာပျက်စီးခြင်းနယ်မြေ၏ အဆုံးပိုင်းနေရာကို ကန့်သတ်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားခဲ့ကြသည်။
“ အဲဒီနေရာကို ရှုလီကုဆိုတဲ့ကောင် စောင့်ကြပ်နေတာ မဟုတ်ဘူးလား… လူသားတွေက ဘယ်လိုလုပ်ပြီး ဂိုဏ်းတစ်ခုလာတည်ထောင်ရတာလဲ...”
နှင်းဝံပုလွေမျိုးနွယ်စုအတွင်းရှိ တော်၀င်ရွက်ဖျင်တဲကြီးတစ်ခုမှ အေးစက်သော စကားသံ ထွက်ပေါ်လာခဲ့သည်။ ထိုစကားသံအရဆိုလျှင် ပြောလိုက်သူက ငယ်ရွယ်သေးဟန်ရပြီး စကားသံထဲ၌ မကျေနပ်မှုများလည်း ပြည့်နှက်နေ၏။
စကားပြောလိုက်သူက နှင်းဝံပုလွေမျိုးနွယ်စုမှ လူငယ်သခင်လေးဖြစ်ပြီး သူ့ရှေ့မှောက်တွင် နှင်းဝံပုလွေမျိုးနွယ်စုမှ ကျင့်ကြံသူများ အထိတ်တလန့်ဖြင့် ခေါင်းငုံ့ကာ ရပ်နေကြလေသည်။
လက်ရှိအချိန်တွင် သူတို့သခင်လေး တစ်ခုခုအထင်လွဲသွားမည်ကို စိုးရိမ်နေခဲ့ကြ၏။
သို့သော် သူတို့နှလုံးသားထဲ၌ သံသယများလည်း ပြည့်နှက်နေခဲ့သည်။
အစောပိုင်းက ထွက်ပေါ်လာခဲ့သော အလင်းတိုင်လုံးမှ အရှိန်အဝါများအား ကြည့်လျှင် ၎င်း၏ပိုင်ရှင်က အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ရမည်။
သို့သော် ၎င်းအတွင်း၌ ပါဝင်သော မောက်မာမှုများအား သူတို့အတိုင်းသား ခံစားမိခဲ့ကြ၏။
ရှုလီကု အဘယ်ကြောင့် မတုံ့ပြန်ခဲ့ရသနည်း။
သို့သော် ရှုလီကု သေဆုံးသွားပြီဟု မည်သူမှ တွေးတောမိခြင်း မရှိချေ။
နတ်ဆိုးမျိုးနွယ်စု (၃၆)ခုအနက် သူတို့နှင်းဝံပုလွေမျိုးနွယ်စုက မဟာပျက်စီးခြင်းနယ်မြေ၏ အဆုံးဘက်နေရာတွင် နှစ်ပေါင်းတစ်သန်းကြာ ခြေကုပ်ယူ နေထိုင်ခဲ့ကြ၏။
သူတို့က လူသားမျိုးနွယ်အား ဤနေရာမှ ရှေ့သို့တစ်လှမ်းမျှ မတိုးနိုင်စေရုံမျှမက ၎င်းတို့အား နောက်သို့ပင် ကီလိုမီတာတစ်သိန်း ပြန်ဆုတ်သွားစေနိုင်ခဲ့သည်။
အကယ်၍ သူတို့နှင်းဝံပုလွေမျိုးနွယ်စုအား နောက်ထပ်နှစ်ပေါင်းသောင်းနှင့်ချီ အချိန်ပေးပါက ကီလိုမီတာသန်းနှင့်ချီ ကျယ်ပြန့်သော မဟာပျက်စီးခြင်းနယ်မြေ၏ ကြားနေဇုံက ကီလိုမီတာသောင်းနှင့်ချီ၍ ထပ်မံကျုံ့သွားနိုင်သည်။
ရှုလီကုအနေဖြင့်လည်း လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းအတွင်း လူသားမျိုးနွယ်နှင့် တိုက်ပွဲများ၌ များစွာအကျိုးပြုခဲ့ဖူးသည်။
သူက ကောင်းကင်ဘုံပလ္လင်အဆင့် (စတုတ္ထအတိဒုက္ခအဆင့်) လူသားကျင့်ကြံသူနှစ်ယောက်ကိုပင် သတ်ဖြတ်ခဲ့ဖူး၏။
ရှုလီကု၏ ကျင့်ကြံမှုအခြေအနေက စတုတ္ထအတိဒုက္ခအဆင့်၌ ရှိပြီး ၎င်း၏ အလွန်သန်မာလှသော နတ်ဆိုးခန္ဓာကိုယ်နှင့်ဆိုပါက ဆန်းကြယ်ပလ္လင်အဆင့် လူသားကျင့်ကြံသူတစ်ယောက်ကိုပင် နောက်ပြန်ဆုတ်သွားစေနိုင်စွမ်းရှိသည်။
သူ့ရှေ့မှ လက်အောက်ငယ်သားများအားလုံး တိတ်ဆိတ်နေသည်ကို မြင်လျှင် နှင်းဝံပုလွေမျိုးနွယ်စု၏ သခင်လေးဆိုသူ မျက်နှာပို၍မည်းမှောင်လာလေသည်။
သူက အခြေအနေအား စုံစမ်းရန်အတွက် လက်အောက်ငယ်သားများအား စေလွှတ်ရန် ပြင်နေစဉ် သူတို့ရှိရာ တဲအတွင်းသို့ နတ်ဆိုးဘုရင်တစ်ယောက် ရုပ်ပျက်ဆင်းပျက် အမူအရာဖြင့် ပြေးဝင်လာ၏။
“ သခင်လေး... ဆိုးရွားတာ တစ်ခုခု ဖြစ်သွားပြီ…”
သတင်းလာပို့သူ၏မျက်နှာက အလွန်ဖြူလျော့နေပြီး တစ္ဆေသရဲတစ်ကောင်အား မြင်တွေ့လာသည့်အလားပင်။
နှင်းဝံပုလွေမျိုးနွယ်မှ သခင်လေးဆိုသူ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး
“ ဘာဖြစ်တာလဲ… ရှင်းရှင်းပြောစမ်း… ထပ်ပြီး အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေဦးမယ်ဆိုရင် မင်းကို တစ်ခါတည်း သတ်ပစ်မယ်…”
ထိုအခါမှ သတင်းလာပို့သော နတ်ဆိုးဘုရင် မိမိအနေဖြင့် အလွန်စိတ်တည်ငြိမ်မှု ပျောက်ဆုံးနေကြောင်း ပြန်လည်သတိဝင်လာခဲ့၏။
သို့သော် သူသိခဲ့ရသော သတင်းကလည်း အလွန်ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။
ချက်ချင်းတောင်းပန်သည့်သဘောဖြင့် မြေပြင်ထက်သို့ ဒူးထောက်ချလိုက်ပြီး စိတ်ဝိညာဉ်ကျောက်စိမ်းတစ်ခုအား ကမ်းပေးလိုက်သည်။
ထိုကဲ့သို့ စိတ်ဝိညာဉ်ကျောက်စိမ်းများကို နတ်ဆိုးများအနေဖြင့် ထုတ်လုပ်နိုင်ခြင်းမရှိပေ။
၎င်းတို့က လူသားမျိုးနွယ်စုထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး နတ်ဆိုးများက အလွန်အလေးထားကြ၏။
နတ်ဆိုးအင်ပါယာများသာ ထိုကဲ့သို့ ပစ္စည်းတစ်ခု ပိုင်ဆိုင်နိုင်စွမ်းရှိသည်။
“ ရဲ့ချင်းစုန်…သတ်လိုက်တော့…”
စိတ်ဝိညာဉ်ကျောက်စိမ်း အပိုင်းပိုင်းကွဲသွားခဲ့သည်။
၎င်း၌ မှတ်တမ်းတင်ထားသော နောက်ဆုံးမြင်ကွင်းမှာ ရှုလီကု၏ ပြူးကျယ်နေသော မျက်လုံးများနှင့် အပိုင်းပိုင်းကွဲသွားသော ခန္ဓာကိုယ်ဖြစ်ပေသည်။
ရှုလီကုအား မည်သူ သတ်လိုက်သနည်း…?
စိတ်ဝိညာဉ်ကျောက်စိမ်းပင်လျှင် ၎င်းအား ပြည့်စုံစွာ မှတ်တမ်းတင်ထားနိုင်ခဲ့ခြင်း မရှိချေ။
အဖြစ်အပျက်များက အလွန်လျင်မြန်လွန်းလှ၏။
တော်ဝင်ရွက်ဖျင်တဲတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အစပိုင်းတွင် အလွန်နက်မှောင်ကာ ဒေါသထွက်နေသော နှင်းဝံပုလွေမျိုးနွယ်စုသခင်လေး၏ မျက်နှာက စိတ်ဝိညာဉ်ကျောက်စိမ်းအတွင်းမှ ပုံရိပ်ကို မြင်လိုက်ပြီးနောက် အနည်းငယ် ဖြူဖျော့သွား၏။
သူ့ နှလုံးသားထဲတွင် ပြောမပြတတ်လောက်အောင် တုန်လှုပ်နေပြီး ကျေးဇူးတင်မှုများ ပြည့်နှက်လာခဲ့သည်။
ကံကောင်းထောက်မစွာနှင့် ထိုနေရာသို့ သတင်းစုံစမ်းရန် မသွားရသေးခြင်း ဖြစ်ပေသည်။
သို့မဟုတ်ပါက သူ့အနေဖြင့် လွတ်မြောက်နိုင်ခဲ့လျှင်တောင် သူ၏တပ်ဖွဲ့ကမူ ကြီးမားသော ဆုံးရှုံးမှုများ ခံစားရမည်မှာ မလွဲဧကန်ပင်။
“ သခင်လေး... ဒါက...”
ရှုဖန် မည်သည့်စကားမှမဆိုဘဲ ငြိမ်သက်နေသည်ကို မြင်လျှင် သတင်းလာပို့သော နတ်ဆိုးဘုရင် မနေနိုင်တော့ဘဲ တိုးညင်းစွာ မေးလိုက်၏။
ရှုလီကုဆိုသည်မှာ ရှုဖန်၏လက်အောက်မှ လူမဟုတ်သော်လည်း လက်ရှိနှင်းဝံပုလွေအင်ပါယာ၏ သားတော်သုံးဦးအနက်မှ တစ်ဦး၏ လက်အောက်ခံဖြစ်ပေသည်။
နတ်ဆိုးအင်ပါယာများထဲမှတစ်ယောက်က ဤအတိုင်းသေဆုံးသွားခဲ့၏။
ရှုဖန် မည်သို့အကြောင်းပြချက် ပေးစေကာမူ အဆင်ပြေမည် မဟုတ်ချေ။