အခန်း (၄၉၃)
Vol. 33 Ch. 493
ရှုဖန်က သတင်းလာပို့သော နတ်ဆိုးဘုရင်အား စိုက်ကြည့်ရင်း အေးစက်စွာဖြင့်
“ ဒီ စိတ်ဝိညာဉ်ကျောက်စိမ်းက တစ်ခုတည်းသော မူရင်းပဲ ဖြစ်ရမယ်…”
သတင်းလာပို့သော နတ်ဆိုးဘုရင် အလျင်စလို ခေါင်းညိတ်လိုက်ပြီး
“ ဟုတ်ပါတယ်… ဒီစိတ်ဝိညာဉ်ကျောက်စိမ်းကို နတ်ဆိုးအင်ပါယာရှုလီကု အလောင်းကနေ ကျွန်တော် ရှာတွေ့ခဲ့တာပါ… အဲဒီ အသစ်တည်ထောင်လိုက်တဲ့ လူသားဂိုဏ်းက နတ်ဆိုးအင်ပါယာ ရှုလီကုရဲ့အလောင်းကို လုံးဝစိတ်မဝင်စားဘူးထင်တယ်… ဒီအတိုင်း ပစ်ထားခဲ့ကြပါတယ်…”
ထိုစကားကို ကြားလျှင် ရှုဖန်၏ မျက်နှာထက်၌ ထူးဆန်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူက လက်ခုပ်တီးလိုက်ပြီး
“ ကောင်းတယ်… မင်း သိပ်တော်တယ်… လာဦး…”
စကားဆုံးသည်နှင့် တော်ဝင်ရွက်ဖျင်တဲထဲမှ နတ်ဆိုးအင်ပါယာတစ်ယောက် ထွက်လာပြီး ၎င်း၏ လက်သည်းအား ဝှေ့ယမ်းလိုက်သည်။
ရွှပ်…
သတင်းလာပို့သော နတ်ဆိုးဘုရင် အလွန်ထိတ်လန့်သွားပြီး ပြူးကျယ်သော မျက်လုံးများနှင့် တစ်စုံတစ်ခုပြောရန် ပြင်လိုက်သော်လည်း လည်ချောင်းအတွင်းမှ မည်သည့်စကားမျှ ထွက်ပေါ်မလာတော့ချေ။
မြေပြင်ထက်သို့ ဘုန်းကနဲ ပစ်လဲကျသွားတော့၏။
ရှုဖန်က ထိုနတ်ဆိုးဘုရင်၏ အလောင်းအား ရွံရှာစွာ တစ်ချက်စိုက်ကြည့်လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။
သူက နှင်းဝံပုလွေမျိုးနွယ်စုမှ လူငယ်သခင်လေးတစ်ဦး ဖြစ်သော်လည်း နှစ်ပေါင်းများစွာ ကြာလာပြီးနောက် သူ၏ညီငယ်က သူ့ထက်သာလွန်သယောင် ဖြစ်နေခဲ့ချေပြီ။
ရှုလီကုကလည်း ညီဖြစ်သူ ရှုယွမ်နှင့် ပို၍နီးကပ်သော ဆက်ဆံရေး ရှိ၏။
ယခုအချိန်တွင် အမှန်တကယ် စိုးရိမ်နေရမည့်လူက ရှုယွမ် ဖြစ်သင့်သည်။
“ ငါ့ညီ... လာမယ့် မင်းရဲ့ ကြေကွဲဝမ်းနည်းစရာတွေကို ငါအရမ်း မျှော်လင့်နေပြီ…”
….
မဟာပျက်စီးခြင်းနယ်မြေအဆုံးတွင် နက်နဲခြင်းအင်ပါယာဂိုဏ်း တည်ထောင်လိုက်သော သတင်းက တောင်ပိုင်းနယ်မြေတစ်ခွင်လုံးသို့ တောမီးအလား ပျံ့နှံ့သွားခဲ့သည်။
ထိုသတင်းက နတ်ဆိုးမျိုးနွယ်စုများဘက်တွင်လည်း လှုပ်ခတ်မှုတစ်ခု ဖြစ်သွားခဲ့၏။
လူသားများဘက်တွင်မူ ပို၍ ဆွေးနွေးစရာ သတင်းခေါင်းစဉ်တစ်ခု ဖြစ်နေခဲ့သည်။
“ နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ်ကတော့ တကယ်ကို မျှော်လင့်ထားတဲ့အတိုင်းပါပဲလား… သတ္တိရှိချက်ကတော့ ရှေ့တန်းနေရာမှာတောင်မှ ဂိုဏ်းကို တည်ထောင်ရဲတယ်…”
လူငယ်မျိုးဆက်မှ ကျင့်ကြံသူအများအပြား ရွှမ်ယီအား အလွန်သဘောတွေ့ နှစ်ခြိုက်နေခဲ့ကြသည်။
သို့သော် ရွှမ်ယီ ဂိုဏ်းတည်ထောင်လိုက်သော နေရာက ယင်ယန်စွမ်းအင်များ ရောယှက်ကာ ရှုပ်ထွေးနေပြီး ကျင့်ကြံရန် အဆင်မပြေသော နေရာတစ်ခုဖြစ်ကာ ထိုနေရာ၌ ကျင့်ကြံသူ အနည်းငယ်မျှသာ ရှိ၏။
“ မဟာပျက်စီးခြင်းနယ်မြေရဲ့အဆုံး… အဲ့နေရာမှာ စိတ်ဝိညာဉ်စွမ်းအင်က သနားစရာကောင်းလောက်အောက် နည်းလွန်းတယ်… အဲ့လိုနေရာမှာ ဂိုဏ်းတည်ဆောက်တယ်ဆိုတော့ တော်တော် မိုက်မဲတာပဲ….”
“ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ကိုယ့်အတွက် မစဉ်းစားရင်တောင် တပည့်တွေအတွက်တော့ စဉ်းစားပေးသင့်တယ်မဟုတ်ဘူးလား…”
သို့သော် ထို့ကဲ့သို့ဝေဖန်မှုများက အလွယ်တကူ တိမ်မြုပ်သွားခဲ့သည်။
မည့်သို့ပင်ဖြစ်စေကာမူ ထိုနေရာက တောင်ပိုင်းနယ်မြေရှိ လူသားများနှင့် နတ်ဆိုးများအကြား တိုက်ပွဲများဖြစ်ပွားရာ အဓိကနေရာဖြစ်၏။
ထိုနေရာတွင် ဂိုဏ်းတည်ထောင်ခြင်းက လူသားများအတွက် အလွန်ချီးကျူးဖွယ်ကိစ္စဖြစ်ပေသည်။
အရှေ့ပိုင်းတိုက်ကြီး၌ ရေးထိုးထားခြင်းမရှိသော စည်းမျဉ်းတစ်ခုရှိ၏။ ၎င်းက ဂိုဏ်းတစ်ခု စတင်တည်ထောင်သည်နှင့် တစ်လတိတိ ဂိုဏ်းတံခါးဖွင့်လှစ်ကာ တပည့်လက်ခံရမည် ဟူ၍ ဖြစ်သည်။
သို့ရာတွင် နက်နဲခြင်း အင်ပါယာဂိုဏ်း ၀င်ခွင့်အတွက် ရွှမ်ယီ ချမှတ်လိုက်သော စံနှုန်းများကြောင့် တောင်ပိုင်းနယ်မြေ ထပ်မံ၍ လှုပ်ခါသွားရ၏။
ထိုစံနှုန်းကြောင့် တောင်ပိုင်းနယ်မြေ၏ လေထုပင် ပြောင်းလဲသွားခဲ့သည်။
“ ဟ နောက်နေတာလား… နက်နဲခြင်း အင်ပါယာဂိုဏ်းကို၀င်ဖို့ နတ်ဆိုးမျိုးနွယ်စု ခေါင်းဆောင်တစ်ယောက်ကို သတ်ရမယ်ပေါ့…”
“ နက်နဲခြင်း အင်ပါယာဂိုဏ်းက တပည့်မလိုချင်တော့တာများလား…”
နက်နဲခြင်း အင်ပါယာဂိုဏ်းနှင့်ပတ်သက်ပြီး အထင်ကောင်းအမြင်ကောင်း ရှိသူများပင် ထိုသတင်းကြောင့် ခေါင်းယမ်းမိလိုက်ကြ၏။
“ ရွှမ်ယီက ဂိုဏ်းတစ်ခုကို ဦးဆောင်ဖို့ ငယ်လွန်းသေးတယ်… တပည့်လက်ခံတာကို ဘယ်လိုလုပ် ဟာသတစ်ခုလို သဘောထားနေရတာလဲ…”
“ ဒါကြီးက စမ်းသပ်မှုမဟုတ်တော့ဘူး… ဂိုဏ်းထဲ၀င်ချင်တဲ့ လူငယ်တွေကို သေလမ်းပို့လိုက်တာနဲ့ အတူတူပဲ…”
( Note- နတ်ဆိုးမျိုးနွယ်စုခေါင်းဆောင်ဆိုတာ ထိပ်တန်းမျိုးနွယ်စုကြီး (၃၆)ခု မဟုတ်ဘူးနော် ၊ မျိုးနွယ်စု အသေးလေးတွေက ခေါင်းဆောင်တွေကို ဆိုလိုချင်တာ )
နတ်ဆိုးများနှင့် လူသားများကို တူညီသော စံနှုန်းများနှင့် တိုင်းတာ၍မရပေ။
သန်မာလှသော နတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော နတ်ဆိုးများအနေဖြင့် လူသားများနှင့် တိုက်ခိုက်ပါက အဆင့်ကျော် တိုက်ခိုက်နိုင်စွမ်းရှိကြသည်။
နတ်ဆိုးမျိုးနွယ်စုကြီး (၃၆)ခုအား ဘေးဖယ်ထားဦးတော့ ၊ ၎င်းတို့လက်အောက်မှ မျိုးနွယ်စုလေးများပင်လျှင် ထိုသို့ စွမ်းရည်မျိုးရှိ၏။
ထိုမျိုးနွယ်စု ငယ်လေးများမှ ခေါင်းဆောင်များအနေဖြင့် အနည်းဆုံး ကောင်းကင်ဘုရင်အဆင့်သို့ ရောက်နေကြချေပြီ။
တိုက်ခိုက်နိုင်စွမ်းခြင်းယှဉ်မည်ဆိုပါက လူသား အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူများပင် အနည်းဆုံး အသေးစားနတ်တန်ခိုးတစ်ခု မပိုင်ထားပါက နောက်သို့ ဆုတ်ခွာရပေလိမ့်မည်။
ယခုမှ တက်သစ်စ လူငယ်ပါရမီရှင်များအနေဖြင့် ၎င်းတို့ ကျင့်ကြံမှုအခြေခံက မည်မျှ မြင့်မားဦး မည်နည်း။
လူသားဘုရင် အဆင့်လောက်သို့ရောက်နေလျှင်ပင် တော်တော်လေး ကောင်းမွန်နေပြီဟု ယူဆနိုင်သည်။
ကောင်းကင်ဘုရင်အဆင့်၌လည်း သိပ်ပြီးများများစားစားမရှိချေ။
အင်ပါယာတစ်၀က်အဆင့် နှင့် အင်ပါယာအဆင့်သို့ ရောက်ရှိသူများအတွက်မူ အနည်းဆုံး နှစ်တစ်သန်းကျော် အခြေခံအုတ်မြစ်ရှိသော မြင့်မြတ်နယ်မြေများနှင့် မင်းဆက်များပင် ၎င်းတို့အား ရရှိရန် တိုက်ပွဲ၀င်ကြပေလိမ့်မည်။
ထိုသို့ ပါရမီရှင်များအား ရှာတွေ့သည်နှင့် လျှို့ဝှက်ပြီး စနစ်တကျ ပျိုးထောင်သွားကြမည်ဖြစ်၏။
နက်နဲခြင်း အင်ပါယာဂိုဏ်းက သန်မာသည်ဆိုတာ မှန်သော်လည်း ၎င်းတို့ထံတွင် ပြောပလောက်သော အခြေခံအုတ်မြစ်မရှိပေ။
ထို့အပြင် ရွှမ်ယီ ရွေးချယ်ခဲ့သော တောင်တံခါးဟုခေါ်သည့် တောင်ကြီးက မဟာပျက်စီးခြင်းနယ်မြေအဆုံး၌ ရှိကာ မဖြစ်ထွန်းသော တောင်ကြီးတစ်လုံးဖြစ်သည်။
အလွန်ပါရမီကောင်းမွန်သော တပည့်များအတွက် အဆင့်မြင့်အင်အားစုကြီးများနှင့် ယှဉ်ပြိုင်ရန် သူက ဘာကိုအသုံးပြုမည်နည်း။
“ ငါ့အမြင်အရဆိုရင် ရွှမ်ယီက သူ့အရှက်ကို ကာကွယ်ဖို့အတွက် ဒီစံနှုန်းကို ထုတ်ခဲ့တာပဲဖြစ်မယ်…”
ဤသည်မှာ အတန်ငယ်ကြီးမားသော ပါရမီရှင် စုဝေးပွဲတစ်ခုဖြစ်သည်။
သန့်စင်ခြင်းမျှော်စင်မှ ကျင့်ကြံသူက ဝိုင်ခွက်အားပင့်မြှောက်လိုက်ပြီး ၎င်း၏ မျက်နှာနှင့် စကားသံထဲ၌ လှောင်ပြောင်မှုများ ပြည့်နှက်နေခဲ့သည်။
“ နက်နဲခြင်းအင်ပါယာဂိုဏ်းမှာ လူနည်းနည်းလေးပဲရှိပြီး ၊ အခြေခံအုတ်မြစ်လည်း ဘာမှမရှိဘူး… ဒီလိုစံနှုန်းမျိုး မရှိရင်တောင် တပည့်နည်းနည်း ရဖို့ အရမ်းခက်လိမ့်မယ်… ဒါကြောင့် တပည့်မရရင် အရှက်မရအောင်အတွက် ရွှမ်ယီက ဒီလို စံနှုန်းမျိုး သတ်မှတ်ခဲ့တာပဲ…”
စကားဆုံးသည်နှင့် မိမိစကားအပေါ် သဘောကျစွာဖြင့် သန့်စင်ခြင်းမျှော်စင်မှကျင့်ကြံသူ အားရပါးရ ရယ်မောလိုက်၏။
ထိုစကားသံက ပတ်၀န်းကျင်မှ ပါရမီရှင်များ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ၎င်းတို့ထဲတွင် ရွှမ်ယီအား လေးစားသူများလည်းရှိလေရာ သန့်စင်ခြင်းမျှော်စင်မှ ကျင့်ကြံသူအပေါ်သို့ အေးစက်သော အကြည့်တစ်ချို့လည်း ရောက်လာခဲ့သည်။
သို့သော် ရွှမ်ယီဘက်မှ ကာကွယ်ပြီး မည်သည့်စကားမှ မဆိုနိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ရွှမ်ယီ သတ်မှတ်ခဲ့သော စံနှုန်းများက အမှန်တကယ်ကို အလွန်မြင့်မားသောကြောင့်ဖြစ်၏။
သူတို့လည်း လုံး၀ နားမလည်နိုင်ဖြစ်နေခဲ့ရသည်။
ရွှမ်ယီအကြောင်း ပြောဆို ရယ်မောနေကြစဉ် သူတို့စုဝေးပွဲသို့ နက်နဲခြင်းအင်ပါယာဂိုဏ်း တောင်တံခါး ပိတ်လိုက်သောသတင်း ရောက်လာ၏။
“ ဟားဟားဟား… နက်နဲခြင်း အင်ပါယာဂိုဏ်း တောင်တံခါး ပိတ်လိုက်ပြီတဲ့လား…? ဒီအတောအတွင်း တပည့် ဘယ်နှစ်ယောက်လက်ခံခဲ့လဲ သိချင်မိသား…”
ထိုသတင်းရောက်လာပြီးနောက် ရွှမ်ယီနှင့်ပတ်သက်ပြီး ဝေဖန်ခဲ့သော နှစ်ယောက်၏ အပြုံးများ ပိုမိုကျယ်ပြန့်လာခဲ့သည်။
သန့်စင်ခြင်းမျှော်စင်မှ လူက ဝိုင်ခွက်ကိုမြှောက်လိုက်ပြီး သတင်းလာပေးသူအား ဆက်မေးလိုက်သည်။