အခန်း (၄၉၄)
Vol. 33 Ch. 494
သို့သော် ထိုလူ၏ အမူအရာက အလွန်ထူးဆန်းနေပြီး မည်သည့်စကားမှမဆိုဘဲ တိတ်ဆိတ်နေခဲ့သည်။
“ ဟေး… ပြောစရာရှိတာကို ဆက်ပြောလေ.. ဘာလို့ အသံတိတ်နေတာလဲ…”
သန့်စင်ခြင်းမျှော်စင်မှလူက သန့်စင်ခြင်းမျှော်စင်၌ ရွေးချယ်ခံတစ်ဦးဖြစ်ကာ ဤစုဝေးပွဲ၌ အဆင့်မြင့်မားသူဟု မှတ်ယူနိုင်၏။
သူက ဝိုင်ခွက်အား ပင့်မြှောက်ထားပြီး အနည်းငယ် ကြိမ်းမောင်းလိုက်သည်။
“ ဟားဟားဟား… နက်နဲခြင်းအင်ပါယာဂိုဏ်း တပည့်တစ်ယောက်မှမရခဲ့လို့ ဟောဒီညီအစ်ကို ပြောဖို့ခက်ခဲနေတာနဲ့တူတယ်… ဘာပဲပြောပြော နက်နဲခြင်း အင်ပါယာဂိုဏ်းက မြင့်မြတ်နယ်မြေတစ်ခု ဖြစ်နေပါပြီလေ… ဟားဟားဟား….”
အနီးအနားရှိ မဟာမူလကုန်းမြေမှ လူငယ် လက်တွင်းရှိ ဝိုင်ခွက်အား ပင့်မြှောက်ရင်း ၀င်ပြောလိုက်၏။ မြင့်မြတ်နယ်မြေဆိုသော နေရာတွင် သူ့လေသံကို မြှင့်လိုက်ခြင်းဖြင့် ပတ်၀န်းကျင်အား ပိုမို၍ ပွဲကျသွားစေခဲ့သည်။
သို့သော် ထိုစကားကြောင့် သတင်းလာပေးသူ အမူအရာ ပို၍ ထူးဆန်းလာခဲ့၏။
“ ဘာဖြစ်လို့လဲ…”
ယင်းကိုမြင်လျှင် မဟာမူလ ကုန်းမြေမှလူငယ် မေးခွန်းထုတ်လိုက်၏။ ထိုအခါ ပတ်၀န်းကျင်မှ အကြည့်များ သတင်းလာပေးသူထံ စုပြုံ ကျရောက်သွား၏။
သန့်စင်ခြင်းမျှော်စင်နှင့် မဟာမူလ ကုန်းမြေမှ လူငယ်နှစ်ယောက် အလွန်သိချင်လာကြသည်။
ရွှမ်ယီ တပည့်လက်ခံမည့် စံနှုန်းက အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့ကောင်းစွာ နားလည်ထားကြ၏။
မိမိကိုယ်မိမိ အလွန်ထူးချွန်သည်ဟု ယုံကြည်ချက်ရှိသူများပင် စမ်းကြည့်ရန် သတ္တိမရှိချေ။
မတော်တဆ သေဆုံးသွားပါက အလွန်နှမျောစရာဖြစ်သွားပေလိမ့်မည်။
သူတို့ (၂)ယောက် အလျင်စလို ထပ်မံမေးမြန်းလိုက်ကြ၏။
“ ဘာလဲ… ရွှမ်ယီက လိုအပ်ချက်ကို လျှော့ချပြီး တပည့်လက်ခံလိုက်ပြီလား…”
သတင်းလာပေးသူ ခေါင်းယမ်းပြလိုက်၏။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ကာ
“ မဟုတ်ဘူး… ကောင်မလေးတစ်ယောက် နက်နဲခြင်းအင်ပါယာဂိုဏ်းရဲ့ စမ်းသပ်ချက်ကို အောင်မြင်ပြီး ဂိုဏ်းထဲ ၀င်သွားပြီးလို့ သတင်းကြားခဲ့တယ်…”
ရှူး….
ပတ်၀န်းကျင်မှလူတိုင်း အသက်ပြင်းပြင်း ရှုလိုက်မိကြသည်။
အားလုံး မျက်နှာထက်၌ မယုံကြည်နိုင်မှုများ ရှိနေခဲ့၏။
“ လှည့်စားထားတာများလား…? သူမ မိသားစုထဲက အကြီးအကဲတွေကိုခေါ်သွားပြီး တိုက်ခိုက်ခဲ့တာလည်း ဖြစ်နိုင်တာပဲ…”
ပါရမီရှင်တစ်ဦးက ရှက်ရွံ့စွာ ပြောလိုက်သည်။
စကားဆုံးသည်နှင့် အပြက်ဘက်မှ ကျင့်ကြံသူတစ်ယောက် ထပ်မံ ၀င်ရောက်လာ၏။
“ မင်းတို့ ကြားပြီးကြပြီလား.. မဟာပျက်စီးခြင်းနယ်မြေ အနီးက နတ်ဆိုးမျိုးနွယ်တွေ ရုတ်ရုတ်သဲသဲဖြစ်နေကြတယ်… မကြာသေးခင်က နတ်ဆိုးနယ်မြေကို ဆေဘာတစ်လက်ကိုင်ထားတဲ့ မိန်းကလေးတစ်ယောက် ဖောက်၀င်ခဲ့တယ်ဆိုပဲ… မျိုးနွယ်စုခေါင်းဆောင်တွေ အသတ်ခံခဲ့ရပြီး သွေးတွေ ချောင်းလိုစီးသွားတယ်လို့ ပြောနေကြတယ်…”
ဘုန်း…
ပတ်၀န်းကျင်၌ ဗုံးတစ်လုံး ပေါက်ကွဲသွားသည့်အလားပင်။
လူတိုင်း ထိတ်လန့်သွားပြီး စကားတစ်ခွန်းမှ မပြောနိုင် ဖြစ်သွားခဲ့ရသည်။
အားလုံး တိတ်ဆိတ်နေစဉ် ရုတ်တရက် ကောင်းကင်ထက်မှ ရွှမ်ယီ၏ ထူးမခြားဟန်ရသော စကားသံက မဟာပျက်စီးခြင်းနယ်မြေ တစ်ခွင် မိုးခြိမ်းသံပမာ ပဲ့တင်ထပ်လျက် ထွက်ပေါ်လာခဲ့သည်။
“ ကျုပ်တို့ နက်နဲခြင်းအင်ပါယာဂိုဏ်း တပည့်တစ်ဦး လက်ခံလိုက်ပြီ ဖြစ်တယ်…”
“ တောင်တံခါးဖွင့်ထားတာ (၁)လ ပြည့်ပြီဖြစ်တဲ့အတွက် ဒီနေ့ တောင်တံခါး ပြန်ပိတ်လိုက်ပါပြီ… ဒီနေ့ကစပြီး (၇)ရက်ကြာရင် တောင်တံခါး ပြန်ဖွင့်ပါမယ်… ပြီးတော့ တောင်ပိုင်းကောင်းတံခါးရဲ့ စည်းမျဉ်းအရ အဲ့နေ့ကျရင် နက်နဲခြင်းအင်ပါယာဂိုဏ်း တည်ထောင်ခြင်းအထိမ်းအမှတ်အတွက် တောင်ပိုင်းနယ်မြေမှ သူရဲကောင်းတွေအားလုံးကို ဖိတ်ကြားလိုက်ပါတယ်…”
နက်နဲခြင်းအင်ပါယာဂိုဏ်း တည်ထောင်ခဲ့သော ကောင်းကင်ပြိုလဲခြင်း တောင်ကြီးက ပတ်၀န်းကျင် ကီလိုမီတာ (၁)သိန်း၀န်းကျင်၌ အမြင့်ဆုံးနှင့် အကြီးဆုံး နံပါတ်(၁) တောင်ကြီးဖြစ်၏။
အတိတ်တုံးက ဤနေရာ၌ မြင့်မြတ်နယ်မြေတစ်ခုဖြစ်သော ၀တ်ပြုခြင်းတာအိုဂိုဏ်း တည်ရှိခဲ့သည်ဟုလည်း ဆိုကြသည်။
ထိုဂိုဏ်းပျက်စီးသွားသည်မှာ အလွန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ကောင်းကင်ပြိုလဲခြင်းတောင်တန်းပေါ်မှ စိတ်ဝိညာဉ်သွေးကြောများလည်း ပျက်စီး ပြိုကွဲသွားခဲ့ချေပြီ။
အပြင်ပန်းကြည့်လျှင် တောင်ကြီးက ခမ်းနားနေဆဲဖြစ်သော်လည်း တောင်ပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအင်များကမူ သနားစရာကောင်းလောက်အောင် နည်းပါးလွန်းလှသည်။
ထို့အပြင် ဤနေရာက နတ်ဆိုးလူသား မျိုးနွယ်များနှင့် အလွန်နီးကပ်စွာ တည်ရှိနေ၏။
သို့သော် ကောင်းကင်ပြိုလဲခြင်းတောင်တန်းက ရွှမ်ယီ၏ လိုအပ်ချက်များနှင့် ကိုက်ညီလွန်းလှသည်။
အဆင့်မြင့် သုခဘုံ အသွင်ပြောင်းလဲခြင်းလက်ဆောင်ထုပ် -
တည်နေရာတစ်ခု ရွေးချယ်ပြီး သုခဘုံအဖြစ် ပြောင်းလဲပစ်နိုင်သည်
ထိုနေရာ၌ ဥပဒေသ စွမ်းအားများ ထင်ရှားစွာ ထွက်ပေါ်လာလိမ့်မည်
နတ်ဘုရားအရင်းအမြစ်မိုင်းတွင်း ဖြစ်ပေါ်နိုင်ခြေ (၁၀၀) ရာခိုင်နှုန်း
တာအိုအရင်းအမြစ်မိုင်းတွင်း ဖြစ်ပေါ်လာနိုင်ခြေ မြင့်မား
အဆင့်(၆) စိတ်ဝိညာဉ်ဆေးပင်များ မွေးဖွားလာနိုင်ခြေ (၁၀၀)ရာခိုင်နှူန်း
အဆင့်(၇) စိတ်ဝိညာဉ်ဆေးပင်များ မွေးဖွားလာနိုင်ခြေ မြင့်မား
အဆင့်(၈) စိတ်ဝိညာဉ်ဆေးပင် မွေးဖွားလာနိုင်ခြေ အနည်းငယ်ရှိ
အဆင့်မြင့် ကျင့်ကြံခြင်းနယ်မြေ - ကျင့်ကြံခြင်း အမြန်နှုန်း (၃၀၀)ရာခိုင်နှုန်း…။
ဤလက်ဆောင်ထုပ်ဖြင့်ဆိုပါက နက်နဲခြင်း အင်ပါယာဂိုဏ်း အခြေချရန် ရွေးချယ်ခဲ့သော နေရာ စုတ်ချာ ခေါင်ပါးလေ လူအများကို အံ့ဩစေနိုင်လေဖြစ်သည်။
ထိုအခါ ဂိုဏ်းဂုဏ်သတင်းအမှတ်များ တစ်ဟုန်ထိုး တိုးတက်သွားပေလိမ့်မည်။
ရွှမ်ယီ၏ အကြည့်များ လက်ဆောင်ထုပ်မှ ဖယ်ခွာပြီး ဂိုဏ်းသို့ မနေ့က ရောက်လာသော မိန်းကလေးထံ ကျရောက်သွားသည်။
ထိုမိန်းကလေးက သူမကိုယ်သူမ ဒေါင်ရွှမ်ဟု မိတ်ဆက်ခဲ့သည်။
ထိုအခါ ရွှမ်ယီ စိတ်ထဲသို့ မရေရာသော အတွေးတစ်ခု ၀င်ရောက်လာ၏။
သူမက ဂိုဏ်းရှိရာသို့ နတ်ဆိုးဘုရင် ဦးခေါင်း(၉)လုံး သယ်ဆောင်ကာ အရိုအသေပေးရန် ရောက်လာခဲ့သည်။
ထိုအချိန်တွင် ရင်းနှီးကျွမ်း၀င်သော ဓားအငွေ့အသက်တစ်ခုက ရွှမ်ယီ၏ အတွေးကို ပို၍ သေချာသွားစေ၏။
ထို့နောက် ဒေါင်ရွှမ် သူမနှင့်ပတ်သက်သော အထောက်အထားများကို ပြောပြပြီးနောက် ရွှမ်ယီ သက်ပြင်းချလိုက်မိသည်။
ယင်းက တိုက်ဆိုင်မှုဆိုတာထက် ပို၍ အံ့ဩဖွယ်ကောင်းလှ၏။
သူမက မြောက်ပိုင်းလွင်ပြင်၌ တစ်ချိန်တုံးက ကျော်ကြားခဲ့ဖူးသော ရူးသွပ်ခြင်းဓားဂိုဏ်း၏ နောက်ဆုံး မျိုးဆက်ဖြစ်သည်။
သူမအနေဖြင့် မြောက်ပိုင်းလွင်ပြင်၌ ရှိစဉ်အချိန်တုန်းက အသင်္ချေနဂါးမင်းဆက်မှ အကြီးအကဲများ နှင့် အရေးပါသူမျာကို လုပ်ကြံရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့၏။
သို့သော် အသင်္ချေနဂါးမင်းဆက်မှ လူများစွာတို့အား အအိပ်ပျက် အစားပျက်နှင့် လွန်စွာ စိတ်ဒုက္ခရောက်စေခဲ့သည်။
ဤသို့ဖြင့် အင်တိုက်အားတိုက် ရှာဖွေလာခဲ့ကြရာ သူမအနေဖြင့် ရွေးချယ်စရာမရှိတော့ဘဲ မြောက်ပိုင်းလွင်ပြင်မှ ထွက်ခွာလာခဲ့ရတော့၏။
အသင်္ချေနဂါးမင်းဆက်က အင်အားကြီးမားသည်မှန်သော်လည်း ၎င်းက မြောက်ပိုင်းလွင်ပြင်၌သာ။
တောင်ပိုင်းနယ်မြေတွင်မူ ဝဲပျံခြင်းနဂါးတောင်တန်း၌ ဌာနခွဲတစ်ခုသာရှိ၏။
ဒေါင်ရွှမ်က နောက်ဆုံးတာ၀န်အနေနှင့် ဝဲပျံခြင်းနဂါးတောင်တန်းအား ဖျက်ဆီးရန် ဆုံးဖြတ်ချက်ချခဲ့သည်။
သို့သော် သူမ တောင်ပိုင်းနယ်မြေသို့ ရောက်ချိန်တွင် ရွှမ်ယီ ဝဲပျံခြင်းနဂါးတောင်တန်းအား ဖျက်ဆီးနေချိန်နှင့် တိုက်ဆိုင်စွာ ကြုံတွေ့ခဲ့၏။
ဤသို့ဖြင့် ဒေါင်ရွှမ်တစ်ယောက် နက်နဲခြင်းအင်ပါယာဂိုဏ်းအပေါ် အလွန်ကျေးဇူးတင်သွားခဲ့သည်။
သို့သော် နက်နဲခြင်းအင်ပါယာဂိုဏ်းသို့ ရောက်လျှင် မမျှော်လင့်ထားစွာ ဂိုဏ်းချုပ်က ရူးသွပ်ခြင်းဓားဂိုဏ်းနှင့် မိတ်ဆွေ ဖြစ်နေခဲ့၏။
ရွှမ်ယီ၏ အကြည့်ကို ခံစားမိလျှင် ဒေါင်ရွှမ် ကြောက်လန့်ခြင်းမရှိဘဲ တည်ငြိမ်စွာ ပြန်လည် မော့ကြည့်လိုက်သည်။
ကြယ်များအလားတောက်ပနေသော မျက်လုံးတစ်စုံအတွင်း ကျေးဇူးတင်မှုများ ပြည့်နှက်နေ၏။
ရွှမ်ယီ ပြုံးလျက် အနည်းငယ်ခေါင်းညိတ်ကာ
“ ဒေါင်ရွှမ်.. အခု မင်းက ငါရဲ့ နက်နဲခြင်းအင်ယာဂိုဏ်းအောက်မှာ ရှိနေပြီ… ဘယ်လိုလဲ… မနေ့က ငါပြောတဲ့ ကိစ္စကို မင်း စဉ်းစားပြီးသွားပြီလား…”
သူက ဒေါသအိုးဆေဘာဘုရင်အား ရူးသွပ်ခြင်းဓားဂိုဏ်း အမွှေအနှစ် ပျောက်ဆုံးမသွားအောင် ကူညီပေးမည်ဟု ကတိပေးခဲ့ဖူး၏။
ထို့ကြောင့် ဒေါင်ရွှမ်နှင့် သူ့အကြား သိရန်လိုအပ်သည့် ကိစ္စများ ပြောပြီးချိန်တွင် သူမအား ရွေးချယ်စရာ(၂)ခု ပေးခဲ့သည်။
ပထမရွေးချယ်စရာက ရူးသွပ်ခြင်းဓားဂိုဏ်းအမွေအနှစ်ကို ဆက်ခံရန်ဖြစ်သည်။
ထို့အပြင် သူမက နက်နဲခြင်းအင်ပါယာဂိုဏ်း၀င်တစ်ယောက်အနေဖြင့် ဆက်ရှိနေမည်ဖြစ်၏။
သို့သော် သူမအနေဖြင့် ရူးသွပ်ခြင်းဓားဂိုဏ်း၏ ကျင့်စဉ်များ ၊ ပညာများကိုသာ လေ့ကျင့်နိုင်ပေလိမ့်မည်။
နောင်တစ်ချိန် သူမသာ လုံလောက်သော ကျင့်ကြံဆင့်သို့ ရောက်သွားပါက နက်နဲခြင်းအင်ပါယာဂိုဏ်းမှ ဂိုဏ်းခွဲတစ်ခုအနေဖြင့် ခွဲထွက်ပြီး ပြင်ပတွင် ရူးသွပ်ခြင်းဓားဂိုဏ်းကို တည်ထောင်နိုင်မည်ဖြစ်သည်။
ဒုတိယ ရွေးချယ်စရာက ဆေဘာကို ဓားအဖြစ်ပြောင်းလဲပြီး ခုနှစ်သွယ်သတ်ဖြတ်ခြင်း ဓားအစီအရင်ကို လေ့ကျင့်ရန်ဖြစ်သည်။
အကယ်၍ တခြားတစ်ယောက်သာဆိုလျှင် တုံ့ဆိုင်းခြင်းမရှိ ဒုတိယ အခြေအနေကို ရွေးချယ်ပေလိမ့်မည်။