အခန်း (၄၉၅)
Vol. 33 Ch. 495
ယင်းက ချဲ့ကားပြောခြင်းမဟုတ်ချေ။
ရူးသွပ်ခြင်းဓားဂိုဏ်း အမွေအနှစ်က ကောင်းမွန်သည် မှန်သော်လည်း ယခင် ရူးသွပ်ခြင်းဓားဂိုဏ်းချုပ် အသက်ရှိစဉ်တုံးကပင် အမြင့်ဆုံးအနေဖြင့် အဆင့်(၄) ဆေဘာရည်ရွယ်ချက်သို့သာ ရောက်ခဲ့၏။
သို့သော် ရွှမ်ယီအတွက်မူ မည်သို့နည်း…?
သူ၏ ဓားရည်ရွယ်ချက် မည်မျှ မြင့်မားသည်ဟူသော ကိစ္စက အရှေ့ပိုင်းတိုက်ကြီး၌ ပဟေဠိတစ်ခုပမာ ဖြစ်နေခဲ့သည်။
အင်ပါယာအဆင့်ကျင့်ကြံသူများ မဆိုထားနှင့် တာအိုအရှင်သခင်အဆင့်ကျင့်ကြံသူများပင် ရွှမ်ယီ၏ ဓားရည်ရွယ်ချက် မည်မျှအစွမ်းထက်ကြောင်း အတိအကျ မသိနိုင်ကြပေ။
သို့သော် ဒေါင်ရွှမ်ကမူ အောက်သို့ခေါင်းငုံ့သွားခဲ့ပြီး အချိန်အတန်ကြာ တိတ်ဆိတ်သွား၏။
သူမ ခေါင်းပြန်မော့လာချိန်တွင် မျက်၀န်းများက အတန်ငယ် ရီဝေနေခဲ့သော်လည်း ချက်ချင်း ထိုနေရာတွင် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု အစားထိုး၀င်ရောက်လာခဲ့သည်။
“ ဟောဒီ တပည့်က လက်စားချေပေးမှုအတွက် ဆရာ့ကို ကျေးဇူးအများကြီးတင်ပါတယ်… ဒါပေမယ့် တပည့် နဲ့ ရူးသွပ်ခြင်းဓားဂိုဏ်းအကြားက ဆက်နွယ်မှုက အလွန်ခိုင်မာနေခဲ့ပါပြီ… အဲ့တာကြောင့် တပည့်အနေနဲ့ ရူးသွပ်ခြင်းဓားဂိုဏ်းရဲ့ အမွေအနှစ်ကို မပစ်ပယ်ဝံ့ပါဘူး… ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ဆရာ….”
“ ကောင်းပြီလေ… မင်းဆုံးဖြတ်ချက် အတိုင်းပဲပေါ့…”
ရွှမ်ယီ အနည်းငယ် ခေါင်းညိတ်လိုက်၏။
ဒေါင်ရွှမ်က သူမ၏ ရည်ရွယ်ချက်များကို အတတ်နိုင်ဆုံး ဖုံးကွယ်ရန် ကြိုးစားခဲ့သော်လည်း ရွှမ်ယီ၏ အမြင်အာရုံအောက်မှ မည်ကဲ့သို့ ဖုံးကွယ်နိုင်မည်နည်း။
ကြိုးစားဖုံးကွယ်ခဲ့သော်လည်း ရွှမ်ယီအား ငြင်းပယ်လိုက်သည့် သဘောသက်ရောက်နေဆဲပင်။
သူမအမြင်တွင် ရွှမ်ယီ မည်မျှသဘောကောင်းနေစေကာမူ သူမ ငြင်းပယ်ခဲ့မှုကြောင့် အနာဂါတ်တွင် ဂိုဏ်းမှ ထွက်ခွာခွင့်ပြုခြင်းက အဆုံးအစွန်သော စေတနာပြမှုဖြစ်နေချေပြီ။
ရူးသွပ်ခြင်းဓားဂိုဏ်းအား ဂိုဏ်းခွဲတစ်ခုအဖြစ် ပြန်လည် တည်ဆောက်ခြင်းအတွက်မူ သူမ သိပ်ပြီး မျှော်လင့်မထားပေ။
သို့သော် ရွှမ်ယီလက်ထဲမှ ဓားပုံရိပ်ငယ်လေးအား မြင်လိုက်လျှင် တာအိုနှလုံးသားကြံ့ခိုင်သည်ဟု ခံယူထားသော သူမပင် တုန်လှုပ်သွားခဲ့ရ၏။
ရွှမ်ယီ၏ လက်ထဲတွင် နတ်အသိစွမ်းအားများ လှိုင်းထနေပြီး ပတ်၀န်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များလည်း စုစည်းလာကာ ဆေဘာနှလုံးသားတစ်ခု ဖွဲ့စည်းလာသည်။
ထို ဆေဘာနှလုံးသားတွင် သွေးများ စွန်းထင်းနေပြီး မျက်နှာပြင်တစ်လျှောက် အက်ကြောင်းများ ဖုံးလွှမ်းနေကာ အနည်းငယ် စုတ်ပြတ်ပုံ ပေါ်နေ၏။
သို့သော် အသွားတစ်လျှောက် စူးရှထက်မြိသော စွမ်းအားများ ပြည့်နှက်နေပြီး စိုက်ကြည့်မိသူတိုင်းအား မျက်စိအောင့်သွားစေနိုင်စွမ်းရှိသည်။
ဒေါင်ရွှမ်အား အဓိက ထိတ်လန့်သွားစေသည်မှာ ၎င်း၌ စွန်းထင်းနေသော သွေးများဖြစ်၏။
သာမန်အတိုင်းကြည့်လျှင် ၎င်းတို့အား အစီအစဉ်မကျ ဖြတ်ကတတ်ဆန်း ပြုလုပ်ထားပုံ ပေါ်သော်လည်း သေချာကြည့်လျှင် ၎င်းအတွင်း၌ ပါ၀င်သည့် မရေမတွက်နိုင်သော နက်နဲမှုများကို ခံစားနိုင်သည်။
၎င်းအား မြင်လိုက်သည်နှင့် ဒွန်ရွှမ် ရင်းနှီးကျွမ်း၀င်နေသလို ခံစားမိလိုက်၏။
ရွှမ်ယီက ဆေဘာနှလုံးသားအား သူမလက်အတွင်းသို့ ထည့်ပေးလိုက်ချိန်မှ သူမ အတွေးများ ပစ္စုပ္ပန်သို့ ပြန်ရောက်လာခဲ့သည်။
သူမ မျက်၀န်းထဲ၌ လေးစားမှုနှင့် ကျေးဇူးတင်မှုများ ပြည့်နှက်လာကာ
“ ဆရာ…..”
ဒွန်ရွှမ် နှလုံးသားထဲတွင် ရွှမ်ယီက အလွန်အရေးပါသော နေရာတစ်ခု ပိုင်စိုးသွားခဲ့ချေပြီ။
ဤ ဆေဘာနှလုံးသားက ပုံရိပ်ယောင်တစ်ခုပမာ ဖြစ်နေသော်လည်း ၎င်းအတွင်း ရူးသွပ်ခြင်းဓားဂိုဏ်း အမွေအနှစ် ပါ၀င်နေသည်။ ထို့အပြင် ၎င်းအား ရွှမ်ယီက ထပ်မံသန့်စင်ထားသေး၏။
၎င်းက ယခင် ရူးသွပ်ခြင်းဓားဂိုဏ်းချုပ် ကျင့်ကြံခဲ့စဉ်ကထက် အဆင့်မြင့်နေချေပြီ။
သူမ ပါရမီဖြင့်ဆိုပါက အနာဂါတ်ကျလျှင် ရူးသွပ်ခြင်းဓားဂိုဏ်းချုပ် ရောက်ခဲ့သော ကျင့်ကြံမှု နှင့် ဆေဘာရည်ရွယ်ချက်ထက် ကျော်လွန်သွားပေလိမ့်မည်။
“ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ…”
ငယ်ရွယ်နုပျိုသော မိန်းကလေး ကြောက်ရွံ့မှု တစ်စက်မှ မရှိဘဲ ရွှမ်ယီအား ကြည့်လိုက်သည်။
သူမ၏ ကြယ်ရောင်မျက်၀န်းများအတွင်း လေးစား ရိုသေမှုများ ပြည့်နှက်နေပြီး ဦးညွှတ်အရိုအသေပေးလိုက်၏။
ရွှမ်ယီ အသာအယာ ပြုံးလိုက်ပြီး လီလန်ကို ခေါ်လျက် ဒေါင်ရွှမ်အနားယူရန် စီစဉ်ခိုင်းလိုက်သည်။
ဒေါင်ရွှမ် စိတ်ပူနေသောကိစ္စကမူ ရွှမ်ယီ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့သော အရာပင်။
ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် အမွေအနှစ်များ ချန်ထားနေရန် အနည်းငယ်မျှ စိတ်မ၀င်စားချေ။
နက်နဲခြင်းအင်ပါယာဂိုဏ်း တည်ထောင်ခဲ့ရခြင်းမှာလည်း စနစ်မှ ပေးအပ်သော တာ၀န်များ ပြီးမြောက်ရန်အတွက်သာ ဖြစ်၏။
ပညာရပ်များ အမွေဆက်ခံခြင်းနှင့် နှိုင်းယှဉ်ပါက တပည့်များ၏ အမူအကျင့်များကို ပို၍ ဂရုစိုက်သည်။
ဒေါင်ရွှမ် ရူးသွပ်ခြင်းဓားဂိုဏ်းအမွေအနှစ်ကို ရွေးချယ်ခဲ့ခြင်းက ရွှမ်ယီအား သူမနှင့်ပတ်သက်ပြီး ပိုမို နှစ်ခြိုက်သွားစေခဲ့၏။
“ ဒီကောင်မလေးရဲ့ ပါရမီက လီလန်အောက် လုံး၀ မလျော့ဘူး…”
ရွှမ်ယီ နံဘေး၌ ရပ်နေသော ရဲ့ချင်းစုန် ရုတ်တရက် ၀င်ပြောလိုက်သည်။
ထိုအခါ ရဲ့ချင်းစုန်အား ရွှမ်ယီ အံ့ဩတကြီး လှည့်ကြည့်လိုက်မိ၏။
ဒေါင်ရွှမ်၏ ပါရမီက အမှန်တကယ်လည်း မဆိုးလှပေ။ လီလန်ထက်ပင် အနည်းငယ် သာလွန်နေသေး၏။
သူမထံတွင် ကောင်းကင်ဘုံဆေဘာ အင်ပါယာခန္ဓာကို ပိုင်ဆိုင်ထားသည့်အပြင် ဆေဘာရည်ရွယ်ချက် အဆင့်(၂)သို့ ရောက်နေခဲ့ချေပြီ။ ကျင့်ကြံမှုကလည်း နှောင်းပိုင်း ကောင်းကင်ဘုရင်အဆင့်သို့ ရောက်နေပြီဖြစ်၏။
ထို့အပြင် သူမ၏ ဆေဘာရည်ရွယ်ချက်က အဆင့်(၂) ၌သာ ရှိနေသေးသော်လည်း အစွမ်းကုန် တိုက်ခိုက်မည်ဆိုပါက ကောင်းကင်ဘုံဆေဘာ အင်ပါယာခန္ဓာကိုယ်၏ ထောက်ပံ့မှုဖြင့် ဆေဘာရည်ရွယ်ချက် အဆင့်(၃)နှင့် ညီမျှသော တိုက်ခိုက်နိုင်စွမ်းရှိသည်။
၎င်းတို့က အသင်္ချေနဂါးမင်းဆက်မှ အကြီးအကဲများကို ဒေါင်ရွှမ် လုပ်ကြံရဲစေခဲ့သော ဝှက်ဖဲများဖြစ်၏။
လုပ်ကြံမှုများ ကျရှုံးခဲ့သည်တိုင် အမြဲတစေ ထွက်ပြေးလွတ်မြောက်ခဲ့သည်။
ရဲ့ချင်းစုန်ကိုယ်တိုင် ဒေါင်ရွှမ်၏ ပါရမီအပေါ် အသိအမှတ်ပြု ပြောဆိုခဲ့ခြင်းက ရွှမ်ယီအား အလွန် အံ့အားသင့်သွားစေခဲ့သည်။
ထာ၀ရဆင့်ခေါ်ခွင့်ရခဲ့သော ရဲ့ချင်းစုန်ဖြစ်စေ ၊ ပင်းယုဖြစ်စေ သာမန်လူများကဲ့သို့ ခံစားချက်များ ၊ အတွေးခေါ်များရှိကြ၏။
သို့သော် ထိုအဘိုးကြီးအား ဆင့်ခေါ်ပြီးကတည်းက ယခုအချိန်အထိ ၎င်းက မည်သည့်စကားမှ မဆိုဘဲ သူ့အမိန့်များအတိုင်းသာ ဆောင်ရွက်ခဲ့သည်။
သာမန်အားဖြင့်ဆိုလျှင် လောကီရေးရာ ကိစ္စများကို လျစ်လျူရှုထားပြီး တစ်ယောက်တည်း တံခါးပိတ် ကျင့်ကြံနေတတ်၏။
ဤသို့ဖြင့် ဒေါင်ရွှမ်နှင့် ပတ်သက်သော မှတ်ချက်အတွက် ရွှမ်ယီ အလွန်စိတ်၀င်စားနေခဲ့သည်။
“ စီနီယာချင်းစုန့်လည်း ဒေါင်ရွှမ်ရဲ့ ပါရမီကို သတိပြုမိတယ်ပေါ့… ဒါနဲ့ သူမကို တပည့်အဖြစ် လက်ခံဖို့ စိတ်၀င်စားလား…”
ဤကိစ္စနှင့်ပတ်သက်ပြီး စနစ်အား သူမေးခဲ့ပြီးပြီဖြစ်၏။
နက်နဲခြင်း အင်ပါယာဂိုဏ်း နာမည်အောက်၌ရှိသော တပည့်များအားလုံး သူ့တပည့်များ စာရင်းထဲ ရောက်လာကြပေလိမ့်မည်။ ဂိုဏ်းထဲမှ အခြားတစ်ယောက်အား ဆရာတင်လည်း ကိစ္စမရှိချေ။
ထို့ကြောင့် ရဲ့ချင်းစုန်သာ ဆန္ဒရှိပါက ရွှမ်ယီ အနေဖြင့် မကန့်ကွက်ရုံသာမက ပြင်းပြင်းထန်ထန် ထောက်ခံပေလိမ့်မည်။
သို့သော် ရဲ့ချင်းစုန် မျက်နှာထက်၌ ရှားရှားပါးပါး ကူကယ်ရာ မဲ့ဟန်တစ်ခု ဖြစ်ပေါ်လာလေသည်။
သူက ခေါင်းယမ်းလိုက်ပြီး
“ ဂိုဏ်ချုပ် မသိသေးဘူးပဲ… ကျုပ်ရဲ့ ကျင့်စဉ်က နည်းနည်းထူးဆန်းတယ်… ကောင်းကင်ဘုရင်အဆင့်မှာ လေ့ကျင့်နိုင်တာမှန်ပေမယ့် ရုပ်ခန္ဓာလိုအပ်ချက် ကြီးမားလွန်းတယ်… ဒေါင်ရွှမ်ရဲ့ ပါရမီ အရမ်းကောင်းပေမယ့် သူမနဲ့ မသင့်တော်ဘူး….”
“ ရုပ်ခန္ဓာလိုအပ်ချက်လား…?”
ရွှမ်ယီ တစ်ခဏမျှ ငေးငိုင်သွားသော်လည်း အရှေ့ပိုင်းတိုက်ကြီးသို့ ရောက်ရောက်ချင်း ပထမဆုံး ရခဲ့သော တပည့်ဖြစ်သူ ဝေ့ယွမ်အား သတိရသွားလေသည်။
သူမထံတွင် အင်မော်တယ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားပြီး ကျင့်စဉ်များ ၊ နတ်တန်ခိုးစွမ်းရည်များ လေ့ကျင့်ရာ၌ အတားအဆီး လုံး၀ မရှိပေ။
အချိန်အလုံအလောက်ရှိနေသ၍ အားလုံး အောင်မြင်သွားပေလိမ့်မည်။
သို့သော် ထိုစကားများအား ပြောပြရန် ရွှမ်ယီ အလျင်မလိုသေးပေ။ လက်ရှိအချိန်တွင် အရေးကြီးဆုံးသော အရာမှာ နက်နဲခြင်း အင်ပါယာဂိုဏ်း ဖွင့်ပွဲအခမ်းအနားဖြစ်ပေသည်။