← Chapters

အတွင်းဘက်နယ်မြေနှင့် အပြင်ဘက် စွန့်ပစ်ဒေသ

Vol. 6 Ch. 78

အတွင်းဘက်နယ်မြေနှင့် အပြင်ဘက် စွန့်ပစ်ဒေသ

Vol. 6 Ch. 78

'စွန့်ပစ်ဒေသမှာ ဘာတွေ ဖြစ်နေတာလဲ..'

ရွှယ့်ဝူရှင်းတစ်‌ယောက် အလွန်ပင် ပန်းဆင်းရဲစွာ ခံစားလိုက်ရသည်။ ဒီအချိန်၌ သူသည် စွန့်ပစ်ဒေသဆီသို့ အဓိပ္ပာယ်ကင်းမဲ့ကာ ရှည်ကြာသည့် ခရီးတစ်ခုကို ပြုလုပ်ခဲ့သည်ဟု  ခံစားလိုက်ရသည်။ သေခြင်းတရားကိုသာ ရင်ဆိုင်ခဲ့ရ၏။

လီရွှမ်က မြေပြင်ပေါ်ရှိ ရွှယ့်ဝူရှင်းကို ကြည့်သည်။ သူ၏ မျက်ခုံးများက အနည်းငယ် ကြုံ့သွား၏။

ဒီသိုင်းသမားက မည်သူ ဖြစ်သနည်း။ မုန့်ချုံကို အဘယ်ကြောင့် တိုက်ခိုက်ရသနည်း။ ဖြစ်နိုင်တာက မုန့်ချုံပြောခဲ့သလို သူသည် ဧကရာဇ်ဝူက ပို့လွှတ်လိုက်သည့်လူ ဖြစ်သည်လား။

ဧကရာဇ်ဝူမှ ပို့လွှတ်လိုက်သည့် သိုင်းသမားတစ်ယောက်သာ ဖြစ်ပါက ချီနိုင်ငံတွင်လည်း ထိုကဲ့သို့သော သိုင်းသမားများ ရှိသင့်ပါသည်။

မဟုတ်ပါက ဝူနိုင်ငံ၏ ကျူးကျော်လုယက်ခြင်းကို ခံရပြီးတာ ကြာပြီ ဖြစ်ပေလိမ့်မည်။ သို့ရာတွင် ရွှီယန်သည် ချီနိုင်ငံတွင် အလွန်ရှည်ကြာစွာ နေထိုင်ခဲ့ပြီး မည်သည့်သိုင်းသမားမှ ပေါ်လာခြင်း မရှိခဲ့ပေ။

'မဟုတ်ဘူး... ရွှီယန်လည်း သိုင်းသမား တစ်ယောက်နဲ့ အပြင်းအထန် တိုက်ပွဲ ဖြစ်ခဲ့တယ်။ ဖြစ်နိုင်တာက  ဧကရာဇ်ချီ နောက်ဆုံးမှာ လှုပ်ရှားမှုပြုလာပြီး သိုင်းသမားတစ်ယောက်ကို ဖိတ်ခေါ်ခဲ့တာ များလား..'

ဒီအချိန်အတွင်း တောက်လျှောက်တွင် ချီနိုင်ငံ၏ သိုင်းပညာခွန်အားမှည အလွန်နိမ့်ပါးပုံ ပေါ်၏။

အဖြစ်အပျက် လက္ခဏာရပ် များစွာတို့ကိုကြည့်ကာ စဉ်းစားပါက မည်သည့် သိုင်းသမားမှ မရှိသည့် ပုံရှိသည်။ မဟုတ်ပါက ရွှီယန်ကို အရူးတစ်ယောက်ဟု မည်သူကမှ လှောင်ရယ်မည် မဟုတ်ပေ။

သူတို့၏ အမြင်တွင် နေရာတိုင်း၌ စွမ်းအားကြီး ပုဂ္ဂိုလ်အား ရှာဖွေကာ စစ်မှန်သည့် သိုင်းပညာကို သင်ကြားလိုခြင်းမှာ အရူးထခြင်းသာ ဖြစ်သည်။

လီရွှမ်က မုန့်ချုံကို ရွှယ့်ဝူရှင်း၏ နောက်ခံနှင့် သိုင်းလောက၌ တစ်ဖက်လူ၏ ခွန်အား မည်သည့်အဆင့်၌ ရှိကြောင်းကို စစ်မေးခိုင်းတော့မည့် အချိန်၌ ရွှီယန်၏ ပြေးဝင်လာမှုကို တွေ့ရသည်။

သူ၏ မျက်ခုံးများက မြင့်တက်သွားပြီး အနည်းငယ်  နားလည်လာခဲ့၏။ ဖြစ်နိုင်တာက ဒီလူသည် ခုနက ရွှီယန်နှင့် တိုက်ခိုက်ခဲ့သည့်လူ ဖြစ်သည်လား။

ရွှယ့်ဝူရှင်း ပျံသန်းသွားသည့် နောက်မှ ရွှီယန်က တောက်လျှောက် လိုက်လာခဲ့သည်။ ယွင်ရှန်းမြို့ငယ်၏ အပြင်ဘက်မှ ရုတ်တရက် ရွှေရောင်နဂါးကြီး တစ်ကောင်၏ ထွက်ပေါ်လာမှုကို တွေ့ရပြီးနောက် အံ့သြစွာ တွေးမိ၏။

'ဖြစ်နိုင်တာက ဆရာလှုပ်ရှားမှု ပြုခဲ့တာလား..'

ရွှီယန်က ပြေးသွားလိုက်ပြီးနောက် အမှန်တကယ်ကို  မြေပြင်ပေါ်တွင် လဲကျနေသည့် ရွှယ့်ဝူရှင်းကို တွေ့လိုက်ရသည်။

ရွှေရောင်နဂါးကြီးက သူ့ကို တင်းကြပ်စွာ ရစ်ပတ်ချုပ်နှောင်ထား၏။

"ဆရာ.."

ရွှီယန်က လေးစားစွာ နှုတ်ဆက်သည်။

ထို့နောက် မုန့်ချုံ၏ လက်ပေါ်ရှိ ဒဏ်ရာကို တွေ့ရပြီး  အံ့သြသွား၏။

"ဂျူနီယာညီလေး ဒါက သူ့လက်ချက်လား.."

"ဟုတ်တယ် စီနီယာအစ်ကို.. ဆရာသာ ပြန်မလာရင် ကျွန်တော်သေပြီ.."

မုန့်ချုံက အကြောက်တရား အချို့ဖြင့် ပြော၏။

"ဒီလူက... ဧကရာဇ်ဝူ ကျွန်တော့်ကို သတ်ဖို့ လွှတ်လိုက်တာဖြစ်မယ်.."

မုန့်ချုံက အံကိုကြိတ်ကာ ဒေါသတကြီး ပြောသည်။

"အဲ့လိုတော့ မဟုတ်လောက်ဘူး.."

ရွှီယန်က ရပ်တန့်သွား၏။ မုန့်ချုံက နားလည်မှု လွဲနေပါသည်။

"မင်းသူနဲ့ တိုက်ခိုက်ခဲ့တယ် မှတ်လား။ ငါတို့ကို အဲ့အကြောင်း ပြောပြ.."

လီရွှမ်က ရွှီယန်ကိုကြည့်ကာ မေးသည်။

"ဟုတ်ကဲ့ပါ။ ဆရာ.."

ရွှီယန်က ခေါင်းငြိမ့်ပြီး အဖြစ်အပျက် အသေးစိတ်ကို ပြန်လည်ပြောပြ၏။

သူက မြို့တော်ဆီသို့ အလောင်းများ၏ အရင်းအမြစ်ကို စူးစမ်းရန်အတွက် သွားရောက်ခဲ့၏။ အစပိုင်းတွင် ဤသည်ကို ဒဏ္ဍာရီလာ လျောင်အလောင်းကောင်များ၏ လက်ချက်ဟု ထင်ထားခဲ့သည်။

သို့ရာတွင် မဟုတ်ကြောင်းကို တွေ့ရပြီးနောက် မြို့ငယ်ဆီသို့ ပြန်လာပြီး ဆရာဖြစ်သူထံ၌ မည်ကဲ့သို့သော မကောင်းဆိုးဝါးက လူသားများကို ထိခိုက်နေသနည်းဟု မေးမြန်းလိုခဲ့သည်။

သို့ပေမယ့် မိုင်၁၀၀အကွာရှိ စခန်းတစ်ခု၌.. စခန်းရှိအမှုထမ်းအားလုံးတို့ သတ်ဖြတ်ခြင်း ခံထားရကြောင်းကို တွေ့လိုက်ရသည်။

သူတို့၏ ခန္ဓာကိုယ်များ၌ သွေးများ ကင်းမဲ့နေ၏။ ပြီးနောက် ရွှယ့်ဝူရှင်း၏ တိုက်ခိုက်မှုကို ကြုံတွေ့ရကာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ နောက်ပိုင်းတွင် ရွှယ့်ဝူရှင်းက ရှုံးနိမ့်မည် ဆိုးသောကြောင့် ထွက်ပြေးခဲ့၏။

အဖြစ်အပျက်ကို ကြားရပြီးနောက် လီရွှမ်က အံ့သြသွားသည်။

ဤသည်မှာ နတ်ဆိုးကျင့်ကြံသူ တစ်ယောက်လေလား။ အခြားလူများ၏ သွေးကို စားသောက်ခြင်းမှာ နတ်ဆိုးကျင့်ကြံသူ မဟုတ်ပါက မည်သည် ဖြစ်နိုင်မည်နည်း။

ဒီနတ်ဆိုးကျင့်ကြံသူသည် မည်သည့်နေရာမှ လာခဲ့သနည်။ နောက်ဆုံးတွင် သူလည်း တစ်ဖက်လူ၏ အဘယ်ကြောင့် မုန့်ချုံအား တိုက်ခိုက်လာမှုကို  နားလည်လာခဲ့သည်။

မုန့်ချုံ၏ သန်မာအားကောင်းပြီး ကြွယ်ဝသည့် ချီနှင့်သွေးတွင် များပြားလှသည့်‌ သွေးအ‌ဆီအနှစ် စွမ်းအားတို့ ပါဝင်နေခြင်းအား တွေ့ရသောကြောင့် ဖြစ်ပေလိမ့်မည်။

ဤသည်က သူ၏ ဒဏ်ရာများကို ပြန်လည် ကောင်းမွန်အောင် ကူညီပေးနိုင်ပြီး ခွန်အားကို မြင့်တက်စေနိုင်၏။

သို့ပေမယ့် မုန့်ချုံ၏ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို အထင်သေးမိပြီး နှစ်ကြိမ်လုံးတွင် ဂရုမစိုက် လုပ်မိခဲ့သည်။

ဤသည်က ကံကောင်းခြင်းပင်။ မဟုတ်ပါက သူပြန်လာသည့် အချိန်တွင် မုန့်ချုံတစ်ယောက် သေဆုံးပြီးနှင့်ပြီ ဖြစ်မှာပါ။

"ပြော... မင်းဘယ်ကလာတာလဲ။ ဘာလုပ်ချင်တာလဲ.." လီရွှမ်က ရွှယ့်ဝူရှင်းကို ရစ်ပတ်ထားသည့် ရွှေရောင်နဂါးကို အနည်းငယ် လျော့ပေးလိုက်ပြီးနောက် စစ်မေးမှုကို စတင်လုပ်သည်။

ဤသည်မှာ သူ့အတွက် ဒီလောက၏ သိုင်းသမားများအကြောင်းကို သတင်းအချက်အလက် စုစည်းနိုင်မည့် ပြီးပြည့်စုံသည့် အခွင့်အရေးတစ်ခု ဖြစ်၏။

ဒီလောက၏ သိုင်းသမားများသည် မည်မျှသန်မာကြသနည်း။ သူ၏ လက်ရှိအဆင့်မှာရော မည်သည့်နေရာတွင် ရှိသနည်း.. ဟူ၍ ဖြစ်၏။

"မြန်မြန်လေးပြော.."

မုန့်ချုံက လက်သီးများကို ဆုပ်ကာ ရွှယ့်ဝူရှင်းကို စူးစိုက်စွာ ဒေါသတကြီး ကြည့်သည်။

"မှန်မှန်ပြောနော်.. မဟုတ်ရင် ငါမင်းကို သတ်ပစ်မယ်.."

ခုနက သူသည် သေဆုံးလုနီးပါး ဖြစ်ခဲ့၏။ ထို့ကြောင့် စိတ်ကို မလျော့နိုင်ဘဲ ရှိနေပါသည်။

ရွှယ့်ဝူရှင်း၏ နှလုံးသားက လေးလံစွာ ခံစားလိုက်ရသည်။ သူက လီရွှမ်ကို ကြည့်လိုက်ပြီးနောက် လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်တစ်ခုနှင့်  မည်သည့် စစ်ဘုရင်အဆင့်ထက် မဆို များစွာ သာလွန်သည့် နက်နဲသည့် ခွန်အားတို့ကို ခံစားလိုက်ရသည်။

သူ့အတွက် ထွက်ပြေးလွတ်မြောက်နိုင်မည့် မည်သည့်အခွင့်အရေးမှ မရှိပေ။ အသက်ကို ကယ်တင်နိုင်ရန် အခြားနည်းလမ်း တစ်ခုကိုသာ စဉ်းစားရပေလိမ့်မည်။

"စီနီယာ.. ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော် ရွှယ့်ဝူရှင်းက အတွင်းဘက်နယ်‌မြေကနေ လာတာပါ။ ရန်သူရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံရပြီး စွန့်ပစ်ဒေသကို ထွက်ပြေးလာခဲ့တာ.."

ရွှယ့်ဝူရှင်းက ဂရုတစိုက်ဖြင့် ပြော၏။

"အတွင်းဘက်နယ်မြေ... စွန့်ပစ်ဒေသ..."

လီရွှမ် နားလည်သွားသည်။

ချီနိုင်ငံနှင့် ဝူနိုင်ငံတို့သည် စွန့်ပစ်ဒေသတွင် တည်ရှိခြင်း ဖြစ်ပေလိမ့်မည်။ အဆုံးမဲ့တောင်များ၏ အလွန်တွင် အတွင်းဘက်နယ်မြေ ရှိမှာပါ။

အတွင်းဘက်နယ်မြေတွင် စစ်မှန်သည့် သိုင်းသမားများ ရှိ၏။ ရွှယ့်ဝူရှင်းက အတွင်းဘက်နယ်မြေရှိ  နတ်ဆိုးသိုင်းသမားတစ်ဦး ဖြစ်ပေလိမ့်မည်။ ဒဏ်ရာရရှိပြီး လိုက်လံသတ်ဖြတ်မှု ခံရခြင်းကြောင့် ဒီဘက်သို့ ထွက်ပြေးလွတ်မြောက် လာတာ ဖြစ်၏။

တစ်ဖက်လူ၏ ခွန်အားသည် အတွင်းဘက်နယ်မြေတွင် မည်ကဲ့သို့သော အဆင့် ရှိနေမည်နည်း။ အတွင်းဘက်နယ်မြေရှိ သိုင်းပညာ ကျင့်ကြံမှုပုံစံသည် မည်ကဲ့သို့ ရှိသနည်း။

ရွှယ့်ဝူရှင်းသည် အစစ်အမှန်ချီကို ပိုင်ဆိုင်ထားလင့်ကစား အရည်အသွေးက နိမ့်ပါးနေသည့်ပုံ ရှိသည်။

ဤသည်မှာ သူကျင့်ကြံသည့် ကျင့်စဉ်ကြောင့်လား။

သို့မဟုတ် သိုင်းပညာ စနစ်များအကြား ခြားနားမှုကြောင့်လား မသိပေ။

ထိုမေးခွန်းများကို တစ်သီးတစ်သန့် နေထိုင်သည့် စွမ်းအားကြီး ပုဂ္ဂိုလ်ကြီးတစ်ယောက် အနေနှင့် လီရွှမ်က ထုတ်ဖော် မေးမြန်းမည် မဟုတ်ပါ။

ဆရာသခင် တစ်ယောက်အနေနှင့် သူသည် ဒီလောကကြီး၏ အကြောင်းအရာများကို နားလည်သည့်အသွင် ရှိနေရပေမည်။ ပြောင်ပြောင်ရှင်းရှင်း မေးလိုက်ပါက ဤသည်မှာ သူ၏ ပုံရိပ်ကို သိုင်းလောကအကြောင်း နားမလည်သည့် လူတစ်ယောက်နှင့် တူမသွားစေပေဘူးလား။

ထို့အပြင် သူ့အနေနှင့် ထုတ်ဖော် မေးမြန်းနေရန်လည်း လိုအပ်ခြင်း မရှိပါ။ ရွှီယန်က စိတ်အားထက်သန်စွာဖြင့် မေးခွန်းများကို ဆက်တိုက်မေးခဲ့ပြီး ဖြစ်၏။

အတွင်းဘက်နယ်မြေက ဘယ်မှာလဲ။ ဖြစ်နိုင်တာက အဲ့ဒါက သိုင်းသမားတွေရှိတဲ့ နေရာတစ်ခုလား...

သူ၏ ဆရာဖြစ်သူသည် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်သည့် အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်ပြီး စစ်မှန်သည့် သိုင်းပညာလောက အကြောင်းကို ပြောကြားရန် ငြင်းဆန်နေလေ့ရှိသည်။ လုံလောက်စွာ သန်မာပါက ရှင်းလင်းလာမည်ဟုသာ  အမြဲတမ်း ဖြေကြားလေ့ရှိ၏။

ယခုအချိန်၌ သိုင်းလောကအကြောင်းကို ပိုမိုသိရှိနားလည်ရန်အတွက် အခွင့်အရေးက ရောက်လာခဲ့လေပြီ။

"အတွင်းဘက်နယ်မြေက ဘာလဲ။ အဲ့ဒါက စစ်မှန်တဲ့ သိုင်းပညာ လောကလား။ ဒီနေရာကိုရော ဘာလို့ စွန့်ပစ်ဒေသလို့ ခေါ်တာလဲ.."

ရွှီယန်က စိတ်အားထက်သန်စွာ မေးသည်။

ရွှယ့်ဝူရှင်း၏ မျက်လုံးများ၌ အံ့ဩမှုတို့ ဖြတ်သန်းသွားပြီး ရွှီယန်ကို မယုံကြည်နိုင်စွာ ကြည့်သည်။ တစ်ဖက်သည် အတွင်းဘက်နယ်မြေ အကြောင်းကို မသိပေဘူးလား။ စွန့်ပစ်ဒေသ အကြောင်းကို မသိပေဘူးလား။

သူက ခေါင်းကိုလှည့်ကာ လီရွှမ်ကို ကြည့်သည်။ ထိုလျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်ကြီးမှာတော့ ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ ထိုင်နေပြီး သူတို့ကို ဂရုမစိုက်သည့်ပုံ ရှိနေပါသည်။

"ဒါက စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်ပဲ.."

"အတွင်းဘက်နယ်မြေက စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်မယ်ထင်တယ်။ စွန့်ပစ်ဒေသမှာ လာပြီးတော့ တံခါးပိတ် နေထိုင်နေတာ.."

"သူရန်သူတွေဆီကနေ ပုန်းနေတာလား။ ဒါမှမဟုတ် အခြား အကြောင်းပြချက်များ ရှိသေးလား... တပည့်နှစ်ယောက်ကို လက်ခံခဲ့ပြီး အတွင်းဘက်နယ်မြေရဲ့ အကြောင်းကိုလည်း တစ်ခွန်းမှ မပြောခဲ့ဘူး။ အဲ့တော့..."

ရွှယ့်ဝူရှင်းက သူ၏ခန့်မှန်းချက်များကို ဆက်တိုက်စဉ်းစားသည်။

"အတွင်းဘက်နယ်မြေက တောင်တွေရဲ့ အလွန်မှာ ရှိပါတယ်.."

"ဒီနေရာကိုတော့  ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့လင်းကျီ ပျောက်ကွယ်သွားမှုနဲ့ စိတ်ဝိဉာဉ်စွမ်းအင်ရဲ့ အရမ်း ကြမ်းတမ်းမှုတို့ကြောင့် စွန့်ပစ်ဒေသလို့ ခေါ်ပါတယ်.."

"စိတ်ဝိဉာဉ်စွမ်းအင်ကို ခံစားနိုင်ခြင်း မရှိသလို  စုစည်းနိုင်ခြင်းလည်း မရှိဘူး။ ဒါ့ကြောင့် သိုင်းသမားတွေ မွေးဖွားလာဖို့ မဖြစ်နိုင်ဘူး..."

ထိုစကားကို ကြားရပြီးနောက် ရွှီယန်နှင့် မုန့်ချုံတို့၏ မျက်ခုံးများက ကြုံ့သွားသည်။

ဒီစွန့်ပစ်ဒေသတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီတို့ ပျောက်ကွယ်သွားပြီး သိုင်းပညာ မ ပေါက်ဖွားနိုင်ပေဘူးလား။ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

လီရွှမ်လည်းပဲ စိတ်ထဲ၌ အံ့သြစွာ ခံစားလိုက်ရသည်။

'ငါကတော့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စိတ်ဝိဉာဉ်စွမ်းအင်ကို ရှုသွင်းရှုထုတ် လုပ်နိုင်ပြီး ကျင့်ကြံနိုင်တယ်..'

'ဒါက ငါတီထွင်လိုက်တဲ့ သိုင်းပညာနဲ့ သက်ဆိုင်နေမယ်ထင်တယ်။ စိတ်ဝိဉာဉ်စွမ်းအင်ကို ညင်သာမှု မရှိပါလားလို့ ခံစားနေရတာ အံ့သြစရာ မရှိဘူးပဲ..'

သူသည် နောက်ဆုံးတွင် စိတ်ဝိဉာဉ်စွမ်းအင်၏ အဘယ်ကြောင့် ညင်သာမှု မရှိပုံကို နားလည်လာခဲ့သည်။

လက်စသတ်တော့ ဤသည်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီစွမ်းအင်တို့ ပျောက်ကွယ်သွားသောကြောင့် ဖြစ်၏။

'ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ တံတားက ဆက်သွယ်မှုပြုပေးထားလို့သာ ကျင့်ကြံနိုင်ခဲ့တာ ဖြစ်မယ်..'

လီရွှမ် နားလည်လာခဲ့၏။

"ဆက်ပြီး ပြော... မင်းသိတာတွေ အားလုံးကို ပြောပြ။ အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာတွေက ဘယ်လောက်စွမ်းအားကြီးလဲ။ မင်းက မူလအဆင့်မှာလား။ မင်းရဲ့အဆင့်က ဘာလဲ.."

ရွှီယန်က ဆက်လက်မေးမြန်းသည်။

"မူလအဆင့်.."

ရွှယ့်ဝူရှင်းဟာ အနည်းငယ် မှင်သက်သွား၏။ မူလအဆင့်သည် မည်ကဲ့သို့သော သိုင်းအဆင့် ဖြစ်သနည်း။

ဒီကောင်လေးက မူလအဆင့်မှာလား။

"သိုင်းပညာက အဆင့်၉ဆင့် ခွဲထားပါတယ်။ ပထမအဆင့်ကို ချိုးဖျက်ပြီးရင် သိုင်းသခင်အဆင့်ကို ရောက်ပါတယ်.."

"ကျွန်တော်က သိုင်းသခင်အဆင့်က သိုင်းသမားတစ်ယောက်ပါ။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စိတ်ဝိဉာဉ်စွမ်းအင်ကို အာရုံခံနိုင်ပြီး ခန္ဓာကိုယ်အတွင်းကို လမ်းညွှန်နိုင်ပါတယ်။ ပြီးရင် အဲ့ဒါကို အတွင်းအားချီအဖြစ် ပြောင်းလဲတယ်..."

ထိုစကားကို ကြားရပြီးနောက် ရွှီယန်နှင့် မုန့်ချုံတို့ နှစ်ယောက်လုံး ကြောင်တောင်သွားကြသည်။ အဆင့်၉ခုက ဘာဖြစ်သနည်း။

ပထမအဆင့်က မည်သည် ဖြစ်သနည်း။ သိုင်းသခင်အဆင့်နှင့် စစ်ဘုရင်အဆင့်တို့က မည်သည်တို့ ဖြစ်သနည်း။

တစ်ဖက်လူသည် လက်စသတ်တော့ သိုင်းသခင်တစ်ယောက် ဖြစ်လေသည်။ အတွင်းဘက်နယ်မြေတွင်  စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်မှာ စစ်ဘုရင်အဆင့်၌ ရှိ၏။

လီရွှမ်က တိတ်ဆိတ်စွာ နားထောင်နေပါသည်။ ရွှယ့်ဝူရှင်း၏ စကားအရ အဆင့်များအရာတွင် မူလအဆင့်သည် သိုင်းသခင်အဆင့်နှင့် နှိုင်းယှဉ်နိုင်၏။

သို့ပေမယ့် အတွင်းဘက်နယ်မြေရှိ သိုင်းသခင်များ၏ ခွန်အားက မူလအဆင့်ထက် များစွာ နိမ့်ပါးပါသည်။

သူ၏ လက်ရှိခွန်အားမှာတော့ စစ်ဘုရင်တစ်ယောက်နှင့် နှိုင်းယှဉ်နိုင်ပါသည်။ ဖြစ်နိုင်တာက ပိုမိုကာပင် သန်မာနိုင်၏။

ထိုကဲ့သို့ တွေးမိပြီးနောက် စိတ်သက်သာရာရစွာ ခံစားလိုက်ရသည်။ သူ၏လက်ရှိ ခွန်အားနှင့် ယ အတွင်းပိုင်းနယ်မြေတွင် ထိပ်တန်းအဆင့် ပုဂ္ဂိုလ်များအကြား၌ ဝင်ရောက်နိုင်လောက်ပါသည်။

ရွှီယန်လည်း မူလအဆင့်သို့ ချိုးဖျက်ရန်အတွက် အချိန်မကြာတော့လောက်ပါ။ ထိုအခါ သူ၏ အဆင့်သည် သေချာပေါက် စစ်ဘုရင်အဆင့်ထက် သာလွန်သွားမှာ ဖြစ်၏။။

"အခု ငါသိသမျှ အားလုံးကို ပြောပြီးပြီ.."

ရွှယ့်ဝူရှင်းက အားအင်ကုန်ခမ်းစွာဖြင့် သူသိသည့် အရာအားလုံးတို့ကို ပြောပြသည်။

စိတ်ရင်းဖြင့် ထပ်ပေါင်းပြော၏။

"ခုနက အဖြစ်အပျက်က ကျွန်တော် လိုက်လံပြီးတော့  သတ်ဖြတ်ခံနေရတဲ့ အချိန်မှာမို့လို့ အထိပ်တလန့် ဖြစ်သွားတာပါ.."

"ဒါကြောင့် စိတ်က တည်ငြိမ်နိုင်ခြင်း မရှိဘဲ လူတိုင်းကို သတ်ဖြတ်ချင်စိတ် ဖြစ်သွားတာ။ ဒါကြောင့်မို့လို့ စီနီယာက..."

ဒီအချိန်က သူ့အတွက် အသနားခံမှုပြုရန် အချိန်သို့ ရောက်ရှိပါပြီ။

သို့ရာတွင် လီရွှမ်က လက်ကိုအနည်းငယ် လှုပ်ရှားလိုက်၏။ ရွှေရောင် နဂါးက ရုတ်တရက် ကြောက်စရာကောင်းသည့် ဖိအားဖြင့် ပေါက်ကွဲထွက်သွားသည်။ "ဘုန်း.."

ရွှယ့်ဝူရှင်းသည် ရုတ်တရက် အပိုင်းပိုင်း ပေါက်ကွဲထွက်သွား၏။

ထို့နောက် ရွှေရောင် နဂါးကြီးတစ်ကောင်က လှည့်ပတ်ထွက်ခွာသွားပြီး မီးကဲ့သို့ ပူပြင်းသည့်  အငွေ့အသက်တစ်ခုကို ထုတ်လွှတ်ကာ အလောင်း၏ အစိတ်အပိုင်းများကို ပြာအဖြစ် နင်းချေပစ်လိုက်သည်။

လေညှင်းတစ်ခု၏ တိုက်ခတ်မှုနှင့် အတူ ပြာများအားလုံး အဝေးသို့ လွင့်စင်သွား၏။ မည်သည့် အရိပ်အယောင်မှ ကျန်ရစ်ခြင်း မရှိတော့ပေ။ အိတ်တစ်အိတ်နှင့် ဓားတစ်ချောင်းသာလျှင် မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

ရွှေရောင်နဂါးက ကောင်းကင်သို့ ထိုးတက်သွားပြီး ဓားနှင့်အိတ်တို့က လီရွှမ်၏ လက်ထဲသို့ ကျဆင်းလာခဲ့၏။

ရွှီယန်နှင့် မုန့်ချုံတို့ နှစ်ဦးလုံးမှာ မှင်သက်ကုန်ကြသည်။ ဒီနည်းအားဖြင့် လူတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်လား။

"ဆရာဒါက..."

ရွှီယန်က ကြောင်တောင်စွာ မေး၏။ လီရွှမ်က လေးနက်သည့် မျက်နှာဖြင့် မတ်တတ်ရပ်သည်။

ဒီအချိန်က သူ၏တပည့်များကို သင်ကြားပေးရန်အတွက် အချိန်သို့ ရောက်ပါပြီ။

"ငါ့တပည့်တို့ မှတ်ထားကြ။ ဘာနောက်ခံ အကြောင်းအရင်းမှ မသိဘဲနဲ့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရန်လိုမှုကို သယ်ဆောင်လာတဲ့ ဘယ်သူမဆိုကို သက်ညှာပေးလို့မရဘူး.."

"သူတို့ရဲ့ အရိုးကိုကြိတ်ပြီး ပြာကိုလွှင့်ပေးရမယ်။ ဝိဉာဉ်ကို ဖျက်ဆီးပြီး ဘယ်သူမှ သဲလွန်စ လိုက်လို့ မဖြစ်နိုင်အောင် အစဖျောက်ရမယ်.."

"အဲ့ဒါကပဲ မလိုအပ်တဲ့ အရှုပ်အထွေးတွေကို ရှောင်ရှားနိုင်လိမ့်မယ်။ ဥပမာအားဖြင့် လူငယ်တစ်ယောက်ကို သတ်တာက သူ့အဖိုးတွေ၊ သူ့အဖေတွေ ငါတို့ဆီကို ထပ်ပြီးတော့ လာနိုင်သလိုပဲ.."

"လူတစ်ယောက်ကို ထိလိုက်တာက သူ့နောက်ကဂိုဏ်းတစ်ခုလုံး အိမ်ကို တံခါးလာခေါက်တဲ့ ပုံစံမျိုးပဲ.."

"သူတို့ရဲ့အရိုးကို ကြိတ်ပြီးတော့ ပြာကိုလွင့်ပေးရမယ်။ ဝိဉာဉ်ကို သုတ်သင်ပြီးတော့ သဲလွန်စမကျန်အောင် လုပ်ရမယ်.."

"ငါတို့သတ်တယ် ဆိုတာကို ဘယ်သူ့မှသာ မသိဘူးဆိုရင် ဒီကိစ္စက ငါတို့နဲ့ ဘာမှမဆိုင်ဘူး.."

ရွှီယန်နှင့် မုန့်ချုံတို့က စိတ်အားထက်သန်စွာ နားထောင်ကြ၏။

ဤသည်မှာ သူတို့ ဆရာ၏ သိုင်းလောကအကြောင်း အတွေ့အကြုံများအား သင်ကြားပေးခြင်း ဖြစ်ပေသည်။

"အရိုးကို ကြိတ်ပြီးတော့ ပြာကိုလွင့်မယ်။ ဝိဉာဉ်ကို ဖျောက်ဖျက်ပေးရမယ်... ဘယ်သူမှသာ ငါလုပ်တာကို မသိရင် ဒီကိစ္စက ငါနဲ့ ဘာမှမသက်ဆိုင်ဘူး.."

ရွှီယန်က ကိုယ့်ကိုယ်ကို ရေရွတ်၏။

သူ့ကိုယ်သူ ဉာဏ်အလင်းပွင့်မှု တစ်ခုကို ရရှိလိုက်သည်ဟု ခံစားလိုက်ရတော့၏။

All Chapters