← Chapters

ရွှီယန်၏ ဓားတာအိုအား နားလည်သဘောပေါက်လာခြင်းနှင့် သန့်စင်သော ဓားနှလုံးသားအား ရရှိခြင်း

Vol. 6 Ch. 84

ရွှီယန်၏ ဓားတာအိုအား နားလည်သဘောပေါက်လာခြင်းနှင့် သန့်စင်သော ဓားနှလုံးသားအား ရရှိခြင်း

Vol. 6 Ch. 84

တောထဲတွင် ရွှီယန် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့၏။ သူက သစ်ပင်များ၏ အလယ်တွင် ရပ်ကာ ပတ်ဝန်းကျင်ကို ကြည့်သည်။

နေရာတိုင်းတွင် ဓားရာများ ရှိနေပြီး သစ်ပင်များထဲတွင် အပေါက်များစွာတို့ ပေါက်နေကြသည်။

သေသပ်စွာ ဖြတ်တောက်ခြင်း ခံထားရသည့် သစ်ပင်များက မြေပြင်ပေါ်တွင် လဲကျနေပြီး အစိတ်အပိုင်းများစွာတို့အဖြစ် အပိုင်းခံထားရ၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ဓားသိုင်းပညာနှင့်‌ ဓားကွက်များ၏ သဲလွန်စတို့ကို ရေးတေးတေး တွေ့မြင်နိုင်ပါသည်။

ရွှီယန်သည် ပိုမိုစူးစမ်းလေလေ ပိုမိုနားလည်သဘောပေါက် လာလေလေ ဖြစ်လာ၏။ သို့ပေမယ့် ပြီးပြည့်စုံစွာ နားလည်သဘောပေါက်နိုင်ခြင်း မရှိသေးပေ။

သူ၏ စိတ်ထဲတွင် ဆရာပြသပေးခဲ့သည့် ဓားကွက်များက ရှုပ်ထွေးစွာ ပေါ်လာနေ၏။ ထိုအရာအားလုံးကိုသာ မေ့ပျောက်သွားပါက...

'မဟုတ်ဘူး..'

ထိုကဲ့သို့ မေ့ပျောက်ခြင်း မဟုတ်ပေ။ သူမေ့ပျောက်ရန် လိုအပ်သည်ကား ဓားကွက်များ၏ အစီအစဉ်နှင့် မည်သည့် ဓားကွက်က မည်သည့် သရုပ်ပြမှုနှင့် ဆက်စပ်နေသည် ဟူသည်တို့ ဖြစ်၏။

သူ၏ စိတ်ထဲရှိ ရှုပ်ထွေးသည့် ဓားကွက်များနှင့် ပတ်ဝန်းကျင်ရှိ သဲလွန်စများက တစ်ခုနှင့်တစ်ခု အဖြေတိုက်နေသကဲ့သို့ ရှိသည်။

ရုတ်တရက် ဓားကွက် တစ်ကွက်နှင့် မြေပြင်ပေါ်ရှိ ဓားအမှတ်အသားတစ်ခုတို့ ထပ်တူညီသွားကြ၏။

'ဒီဓားအမှတ်အသားက ဒီဓားကွက်နဲ့ ဖြစ်ပေါ်လာခဲ့တာပဲ..'

ရွှီယန်က ကိုယ့်ကိုယ်ကို ရေရွတ်၏။

'အဓိက အချက်က သန့်စင်တဲ့ ဓားနှလုံးသားပဲ။ ပထမဆုံး သန့်စင်တဲ့ ဓားနှလုံးသားရှိလာပြီး ဓားကွက်တွေနဲ့ ဓားသိုင်းရဲ့ ကန့်သတ်မှုကို ထိန်းချုပ်မခံရ‌အောင် လုပ်ရမယ်။ အဲ့ဒါဆိုရင် ရှင်းလင်းလာပြီ...'

ရွှီယန်တစ်ယောက် ဉာဏ်အလင်းအချို့ ရရှိလာသည်ဟု ခံစားရ၏။ သို့ပေမယ့် သူသည် သန့်စင်ကြည်လင်သော ဓားနှလုံးသားအား ရရှိရန်အတွက် အဝေးကြီး လိုအပ်နေပါသေးသည်။

ထိုအချိန်၌ သူသည် တောင်ရွာငယ်လေးဆီသို့ ပြန်လည်ရောက်ရှိသွားသည့်ပုံ ပေါ်၏။ ပထမဆုံး သိုင်းပညာကို စတင်ကျင့်ကြံစဉ်က မြင်ကွင်းတို့ ပေါ်လာခဲ့သည်။

သူသည် ထိုအချိန်က မည်သည်ကိုမှ နားမလည်ခဲ့ပေ။ သို့ပေမယ့် ဉာဏ်လင်းအချို့ ရရှိလာခဲ့၏။

'ဓားကွက်တွေကို မေ့ရမယ်။ ဓားသိုင်းတွေကို မေ့ရမယ်... အသွင်သဏ္ဍာန်ရဲ့ ကန့်သတ်ခြင်းကို မခံရစေနဲ့... ပထမဆုံး လုပ်ရမှာက ငါ့ရဲ့ ဓားနှလုံးသားကို သန့်စင်နေစေဖို့ပဲ..'

'ပြီးတော့ ဒီပထမ ခြေလှမ်းအတွက် ငါ့ဆရာ ပြသခဲ့တဲ့ ဓားကွက်တွေကို လုံးဝ မေ့ပျောက်သွားအောင် ကြိုးစားရမယ်..'

'မဟုတ်ဘူး.. မေ့ပျောက်ခြင်းဆိုတာ အမှန်တကယ် မေ့ပျောက်သွားတာကို မဆိုလိုဘူး။ အသွင်သဏ္ဍာန်ကို မေ့ပျောက်ပြီး ငါ့ကိုယ်ငါ ဓားသိုင်းပညာရဲ့ ဖွဲ့စည်းပုံထဲက လွတ်မြောက်နိုင်ခြင်းကို ပြောတာ...'

'ဒါဆိုရင်.. ပြီးရင် ငါလုပ်ဖို့လိုတာက ဓားသိုင်းရဲ့ သဲလွန်စတွေကို တစ်ခုပြီးတစ်ခု ထုတ်ဖော်ပြီး အဖြေရှာဖို့ပဲ..'

'ပြီးရင် ဖွဲ့စည်းပုံကို မေ့ရမယ်။ ဓားကွက်တွေနဲ့ ဓားသိုင်းကို စိတ်ရှိသလို ရွေးချယ်ပြီး နောက်ဆုံးမှာ ငါ့ရဲ့ကိုယ်ပိုင် ဓားသိုင်းပညာကို ဖွဲ့စည်းရမယ်..'

'ဒါက ပထမဆုံး ခြေလှမ်းပဲ။ ဒီခြေလှမ်းကို ပြီးမြောက်ပြီးရင် ငါသန့်စင်သော ဓားနှလုံးသားနဲ့ မဝေးတော့လောက်ဘူး..'

ရွှီယန်သည် ဉာဏ်လင်းပွင့်မှုတစ်ခု ရရှိလာသည်ဟု ခံစားရ၏။ ဓားသိုင်းပညာအား မည်ကဲ့သို့ လေ့လာပြီး သန့်စင်သည့် ဓားနှလုံးသား အဆင့်သို့ မည်ကဲ့သို့ ခြေချရမည့်အား နားလည်သဘောပေါက်လာခဲ့သည်။

သူက သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ခုန်တက်လိုက်၏။ ကိုင်းပေါ်တွင် ထိုင်ကာ အောက်ရှိ ဓားအမှတ်သားများကို ကြည့်သည်။

တိတ်ဆိတ်စွာဖြင့် သူ၏စိတ်ထဲရှိ ဓားကွက်များနှင့် တိုက်ကြည့်ကာ တစ်ခုနှင့်တစ်ခု အဖြေရှာ၏။

'ဒီဓားအမှတ်သားက ရှေ့တစ်ချက်ကို ကာထားတယ်။ အဲ့ဒါကြောင့် ဒီဓားချက်က မမြင်နိုင်လုနီးပါး ဖြစ်နေတယ်။ ငါဘယ်လို အတည်ပြုရမလဲ...'

'ငါဘာလို့ ဓားသိုင်းနဲ့ အရမ်းကို စွဲလမ်းနေရတာလဲ..'

'ဓားအမှတ်အသားက ဖုံးလွှမ်းသွားပေမယ့် အခြေခံက ကျန်နေသေးတယ်... ဒါက ဒီဓားကွက် ဖြစ်မယ်..'

မှောင်စပျိုးသည့်အချိန်မှ ရွှီယန် ယွင်ရှန်းမြို့ငယ်ဆီသို့ ပြန်ခဲ့၏။ သို့ပေမယ့် သူ၏ စိတ်ထဲတွင် ဓားကွက်နှင့် ဓားသိုင်းများဖြင့် ပြည့်နှက်နေပါသည်။

တပည့်ဖြစ်သူ၏ ပြန်လာမှုကို တွေ့ရပြီးနောက် လီရွှမ်က မည်သည့်စကားကိုမှ မဆိုဘဲ တိတ်တဆိတ် စူးစမ်း၏။

သူ၏တပည့်ကို ကိုယ်ပိုင် လွတ်လွတ်လပ်လပ် အဖြေရှာခွင့် ပြုထားပါသည်။ အများကြီး ပြောခြင်းက ပိုမိုရှုပ်ထွေးမှုကို ဖြစ်ပေါ်စေနိုင်၏။

လီရွှမ်သည် ရွာငယ်ဆီ၌ ရွှီယန်၏ ကျင့်ကြံမှုများကို အမှတ်ရလာခဲ့သည်။ ဒီတစ်ကြိမ်မှာလည်း ရွှီယန်အတွက် ရွာငယ်မှာတုန်းက ကဲ့သို့ပင် ဉာဏ်လင်းပွင့်မှုကို ရှာဖွေနေခြင်း ဖြစ်စဉ်ဖြစ်၏။

ရွှီယန်အနေနှင့်လည်း ခံစားနိုင်မည်ဟု လီရွှမ် ယုံကြည်ပါသည်။ သူဖန်တီးလိုက်သည့် ဓားသိုင်းပညာသည် ပထမဆုံးအကြိမ် စတင်ဖန်တီးခဲ့သည့် ကျင့်စဉ်ထက် များစွာ ပိုမို ပြီးပြည့်စုံ၏။

သူသည် ဓားကွက်များကိုပင် ကိုယ်တိုင် သရုပ်ပြခဲ့သေးသည်။

'သန့်စင်တဲ့ ဓားနှလုံးသားက ဓားတာအိုရဲ့ အခြေခံပဲ။ ငါ့ရဲ့ ဓားလမ်းစဉ်က စတင်မှတ်မှာ ပါရမီ လိုအပ်ချက် အများကြီး ပိုလိုအပ်သွားတယ်..'

'အဲ့ဒါကြောင့် ဓားတာအို လမ်းစဉ်ပေါ်မှာ ခြေချနိုင်တာနဲ့ စွမ်းအားက အများကြီး ပိုပြီးသန်မာလာမှာ..'

'ဒါက ဖွဲ့စည်းပုံ တစ်ခုပဲ။ အဲ့ဒီ့ထဲကို ဘာဓားကွက်ဖြစ်ဖြစ် ဘာဓားသိုင်းဖြစ်ဖြစ် ထည့်လိုက်လို့ ရတယ်..'

'ရွှီယန်သာ အတွင်းဘက်နယ်မြေကို သွားပြီးရင် သူဘာဓားသိုင်းပညာကိုပဲ သင်ယူသင်ယူ အဲ့ဒါတွေကို ဒီဖွဲ့စည်းပုံထဲကို ထည့်ပြီး သူ့ရဲ့ကိုယ်ပိုင် ဖြစ်လာအောင် ပြုလုပ်လို့ရတယ်..'

'အဲ့ဒီ့အပြင် အဲ့ဒါက ဆင့်ကဲပြောင်းလဲလာပြီး ဓားသိုင်းအသစ်တစ်ခုကို ဖွဲ့စည်းလာမှာ..'

ဤသည်များမှာ လီရွှမ်၏ အတွေးများ ဖြစ်ကြ၏။ ရွှီယန်က ဓားတာအိုကို ကျင့်ကြံပြီး မုန့်ချုံကတော့ ခြားနားသည့် ပါရမီနှင့် ခွန်အားဗလကြီးမားလှရာ ဓားမော့ကို အသုံးပြုရန် ပိုမိုသင့်တော်မှာပါ။

လီရွှမ်သည် မုန့်ချုံကို သင်ကြားမှု ပေးနိုင်မည့် ဓားမော့တာအို သင်ခန်းစာများအား ပြင်ဆင်ရန် ဆုံးဖြတ်လိုက်၏။

'ရွှီယန်က ငါ့ရဲ့ ဓားကွက်တွေကို တစ်ချက်ကြည့်တာနဲ့ မှတ်သားနိုင်တယ်။ သူ့ရဲ့မှတ်ဉာဏ်က တကယ့်ကို ထူးကဲတယ်..'

'အဲ့ဒါက သန့်စင်တဲ့ ဓားနှလုံးသားအတွက် အခြေခံတစ်ခု ဖြစ်လာစေတယ်။ အဲ့ဒီ့အခြေခံနဲ့ သူ့ရဲ့ လေ့လာနိုင်စွမ်းက ပိုပြီးတော့ လွယ်ကူမှာ..'

လီရွှမ်သည် စဉ်းစားရင်းက ရွှီယန်၏ မှတ်ဉာဏ်အပေါ် နှလုံးသားထဲတွင် သက်ပြင်းချမိ၏။ ရွှီယန်က တစ်ကြိမ်ပြသလိုက်သည်နှင့် အရာအားလုံးကို မှတ်မိနိုင်စွမ်း ရှိပါသည်။

ထို့အပြင် လီရွှမ်၏ သရုပ်ပြမှုက နှေးကွေးခြင်း လုံးဝ မရှိပေ။ ကျန်ရှိသည့် အချိန်များတွင် ရွှီယန်သည် နေ့စဉ်နေ့တိုင်း ဓားတာအိုကို လေ့လာပြီး သန့်စင်သည့် ဓားနှလုံးသားကို ရရှိရန် ကြိုးစားသည်။

သူက မနက်စောစောတိုင်းတွင် တောအုပ်ဆီသို့ လေ့ကျင့်ရန် သွားရောက်၏။ မှောင်စပျိုးမှသာ ပြန်လာလေသည်။

ရွှယ့်ဝူရှင်း၏ အဖြစ်အပျက်က လှုံဆော်လိုက်သဖြင့် မုန့်ချုံ၏ ကျင့်ကြံမှုလည်း ပိုမိုကာပင် ဝီရိယကောင်းလာခဲ့သည်။

သူ၏ ရွှေအရိုးကို သန့်စင်ခြင်း ဖြစ်စဉ်က ပိုမိုအရှိန်မြင့်လာခဲ့၏။ ရှီအာမှာလည်း အရေပြား သန့်စင်ခြင်းအား ပြီးဆုံးကာ သူ၏ တိုးတက်မှုက မဆိုးလှပေ။

ချီနိုင်ငံတွင် မည်သည့်ပြောင်းလဲမှုမှ မရှိသေးပေ။ မြို့တော်တွင် ချီဘုရင် ကောရုန်ရှန်က အမတ်ကြီးများအားလုံး၏ ထိပ်ဆုံးတွင် ရှိနေဆဲ ရှိ၏။

တတိယမင်းသားက သူ့ကိုနေ့စဉ်နေ့တိုင်း အရိုအသေပေးသည်။ အိမ်ရှေ့စံမင်းသားက စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်၏ ညွှန်ကြားမှုကို ရှာဖွေရန် ထွက်ခွာသွားပြီးဖြစ်၏။

အခြား အမတ်ကြီးများနှင့် သူတို့၏ မျိုးဆက်များအကြားရှိ စွမ်းအားကြီး ပုဂ္ဂိုလ်အား ရှာဖွေသည့် အရေးမှာလည်း အရှိန်လျော့သွားခြင်း လုံးဝမရှိပေ။

စစ်မက်အမတ်ကြီးနှင့် သူ၏အဖွဲ့တို့ သေဆုံးခဲ့ပြီး အလောင်းခြောက်များ၏ အဖြစ်အပျက်ကို မည်သူကြောင့် ဖြစ်သည် ဆိုသည်အား မသိရပေမယ့် ရွှီယန်က မည်သည့် အဖြေကိုမှ မပေးရာ မည်သူမှ မေးမြန်းရဲခြင်း မရှိပေ။

လူတိုင်းက အမည်မသိ မကောင်းဆိုးဝါး တစ်ကောင်နှင့် ကြုံတွေ့ခဲ့ခြင်း ဖြစ်မည်ဟု ခန့်မှန်းကြ၏။

ထို့ကြောင့် သူတို့သည် သိလိုစိတ်ကြီးမားစွာဖြင့် အဆုံးမဲ့တောင်များအတွင်းသို့ သွားရောက်လျှင်တောင် အတွင်းထဲသို့ အရမ်းကြီး ဝင်ရဲခြင်း မရှိပေ။

အဆုံးမဲ့တောင်များတွင် မရေမတွက်နိုင်သည့် တောင်ထွတ်များရှိ၏။ တောင်ထွတ် တစ်ခုချင်းစီ တိုင်းကို လိုက်လံရှာဖွေပါက လိုအပ်မည့် အချိန်မှာ အဆုံးသတ်မည် မဟုတ်ပေ။

အဖွဲ့များက တောင်များကို ဖြတ်သန်းခဲ့ကြ၏။ အများစုတို့သည် စစ်ဘက်အမတ်ကြီး၏ သူတို့အဖွဲ့ ရှာဖွေခဲ့သည့် လားရာအား အလိုလို ရှောင်ရှားသွားကြသည်။

ထိုနေရာက အလွန်အန္တရာယ် များလှ၏။

….....

တစ်လတာ ကုန်လွန်သွားခဲ့သည်။ မုန့်ချုံ၏ ရွှေအရိုးသည် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်လုနီးပါပြီ။

သူသည် ဆက်လက် တိုးတက်နိုင်ခြင်း မရှိတော့မည့် အတားအဆီးတစ်ခုအား ကြုံတွေ့ရတော့မှာပါ။ ရှီအာလည်း အရေပြားသန့်စင်ခြင်းအား ပြီးမြောက်ခဲ့၏။

သူ၏ သိုင်းလောကရှိ ထိပ်တန်းသိုင်းသမား ခွန်အားအား ပိုင်ဆိုင်ထားလင့်ကစား အရေပြား သန့်စင်ခြင်းအား ပြီးမြောက်ရန်အတွက် ယခုကဲ့သို့ ရှည်လျားလှသည့် အချိန်ကို ယူခဲ့ရလေသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ ပါရမီသည် ရွှီယန်နှင့် မုန့်ချုံတို့လောက် မကောင်းမွန်ကြောင်းကို တွေ့မြင်နိုင်၏။

ထို့အပြင် လီရွှမ်သည် ရှီအာ၏ အရေပြားသန့်စင်ပြီးနောက် ရရှိလာသည့် သွေးနှင့်ချီစွမ်းအားက ရွှီယန်နှင့် မုန့်ချုံတို့ တုန်းကလောက် သန်မာခြင်း မရှိကြောင်းကို တွေ့လိုက်ရသည်။

All Chapters