ဆရာက လမ်းစဉ်ကိုပဲ သင်ပေးတယ်။ သိုင်းပညာကို မဟုတ်ဘူး
Vol. 6 Ch. 82
အိတ်အတွင်းတွင် စာအုပ်ငယ်တစ်ခုနှင့် စိတ်ဝိဉာဉ်ပုံဆောင်ခဲနှစ်ခုတို့သာ ရှိပါသည်။ အခြား မည်သည်မှ မရှိပေ။
လီရွှမ်၏ မျက်နှာက စိတ်ပျက်သည့် အသွင်ဖြင့် ရှိနေ၏။ ရွှယ့်ဝူရှင်းက သူဆင်းရဲတယောက်ပင်။ သူက နှလုံးသားထဲတွင် ကျိန်ဆဲမိ၏။
'မိစ္ဆာကျင့်ကြံသူ တစ်ယောက်အနေနဲ့ သတ်ဖြတ်လုယက်တာက မင်းအတွက် ပုံမှန်ပဲ မဟုတ်ဘူးလား..'
'စွန့်ပစ်ဒေသဆီကို ထွက်ပြေးလာတော့မယ့် အချိန်မှာ အသုံးပြုနိုင်ဖို့အတွက် ရတနာ အချို့တောင် မလုခဲ့ဘူးလား..'
'မင်းက တကယ့်ကို အမှိုက်ကောင်ပဲ။ ပြာအဖြစ် ပြောင်းလဲသွားတာ တကယ့်ကို ထိုက်သင့်တယ်..'
သူက အိတ်ကိုကြည့်သည်။ ဤသည်မှာ သာမန်အိတ်တစ်အိတ်သာ ဖြစ်၏။ သိုလှောင်ရေးကဲ့သို့သော အိတ်မျိုး သေချာပေါက် မဟုတ်ပေ။ မည်သည့် စဉ်းစားမှုမှ ပြုမနေတော့ဘဲ ဘေးတွင်သာ ပစ်ထားလိုက်၏။
'အတွင်းဘက်နယ်မြေမှာ သိုလှောင်အိတ်လိုမျိုး ပစ္စည်းတွေများ ရှိလားမသိဘူး..'
သူက သက်ပြင်းချသည်။ လက်နက်ကိရိယာ ထုလုပ်ခြင်း ပါရမီနှင့် တပည့်တစ်ယောက်ကို ရှာကာ သန့်စင်ခြင်း နည်းလမ်း တစ်စုံလောက်ကို ဖန်တီးပေးပြီး လေ့လာခိုင်းရမည်လားဟု စဉ်းစားမိ၏။
သိုလှောင်လက်စွပ်ကဲ့သို့ ပစ္စည်းများကို ဖန်တီးနိုင်လာလောက်မလား...
'ဒါပေမယ့် လက်နက်ကိရိယာ သန့်စင်တဲ့ ကိစ္စလိုမျိုး အရာမျိုးကို ငါမှမသိတာ..'
'ညွှန်ကြားချက် အသစ်တစ်စုံကို ဖန်တီးဖို့ဆိုတာ တကယ့်ကို စိန်ခေါ်မှု ကြီးလောက်မှာ။ ဖြစ်နိုင်တာက အတွင်းပိုင်းနယ်မြေကိုသွားပြီး အဲ့ဒီ့က လက်နက်ကိရိယာ သန့်စင်ခြင်းအတတ် အချို့ကို ရှာရမယ့်ပုံပဲ။ ပြီးမှ အဲ့ဒါတွေနဲ့ ကိုးကားပြီး ပြီးပြည့်စုံတဲ့ လမ်းစဉ်တစ်ခုကို ဖန်တီးရမယ်..'
'အတွင်းဘက်နယ်မြေလို နေရာမျိုးမှာပဲ ဒီလိုမျိုးထူးကဲတဲ့ လက်နက်ကိရိယာ သန့်စင်သူတွေ ရှိနေလောက်တယ်မှတ်လား..'
လီရွှမ်၏ စိတ်ထဲတွင် ထိုအတွေးများက ရစ်ဝဲသွား၏။ သို့ပေမယ့် လက်နက်ကိရိယာ သန့်စင်ခြင်းမှာ ကိုယ်ကိုယ်တိုင် ပိုမိုသန်မာလာခြင်းလောက် အဓိက မကျပါ။
ထို့ကြောင့် အလျှင်မလိုပေ။
သူသည် ထိုကဲ့သို့သော ပါရမီရှင်တစ်ယောက်ကို နောက်ပိုင်းတွင် ရှာတွေ့နိုင်မည်လားဟု စောင့်စားကာ ကြည့်ရှု့ရဦးမည် ဖြစ်၏။
စိတ်ဝိဉာဉ် ပုံဆောင်ခဲများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သွေးနီရောင်စာအုပ်ကို ကြည့်၏။ လှန်လိုက်ပြီးနောက် သူ၏ မျက်လုံးထဲတွင် စကားလုံး လေးခုတို့ ပေါ်လာခဲ့သည်။
'သွေးနတ်ဆိုးကျမ်း..'
တစ်ချက်ကြည့်သည်နှင့် ဤသည်မှာ မိစ္ဆာကျင့်ကြံမှု အတတ်တစ်ခု ဖြစ်ကြောင်းကို သေချာပါသည်။
သို့ရာတွင် လီရွှမ် စိတ်မရှိပေ။ သူက ဒီအတတ်ပညာကို တစ်ခါတည်း သင်ယူမည် မဟုတ်ပါ။ အတွင်းဘက်နယ်မြေရှိ သိုင်းပညာများကို နားလည်သဘောပေါက်နိုင်ရန်အတွက် သဘောတရား အချို့လောက်ကိုသာ ဆွဲထုတ်ပြီး ကြည့်ရှု့လိုခြင်း ဖြစ်၏။
'ဒါက မပြီးပြည့်စုံတဲ့ ကျမ်းတစ်ခုလား..'
လီရွှမ်က အံ့ဩသွားသည်။ သွေးနတ်ဆိုးကျမ်းသည် ပြည့်စုံခြင်းမရှိဘဲ အစိတ်အပိုင်း အချို့တို့ ပျောက်ဆုံးနေပါသည်။
ဤသည်မှာ အပိုင်းအစ တစ်ခုသာ ဖြစ်၏။ သို့ပေမယ့် ပြီးပြည့်စုံခြင်း မရှိသော်ငြားလည်း ၎င်းသည် ရွှယ့်ဝူရှင်းကို သိုင်းသခင်အဆင့်သို့ ရောက်ရှိနိုင်စေဆဲ ဖြစ်သည်။
စစ်ဘုရင်အဆင့်သို့ပင် ချိုးဖျက်နိုင်လောက်၏။
ထို့ကြောင့် ပြီးပြည့်စုံသည့် သွေးနတ်ဆိုးကျမ်းသာ ဆိုပါက စစ်ဘုရင် အထက်ရှိ အဆင့်များအထိ ကျင့်ကြံနိုင်မည်လား မသိပေ။
လီရွှမ်က သွေးနတ်ဆိုးကျမ်းကို ဖတ်ရှုရင်းမှ ဤသည်မှာ အမှန်တကယ်ကို သွေးအဆီအနှစ်အား စုပ်ယူခြင်းနှင့် သန့်စင်ခြင်း နည်းလမ်းများကို ဖော်ကျူးထားသည့် မိစ္ဆာကျင့်စဉ် တစ်ခုဖြစ်ကြောင်းကို တွေ့လိုက်ရသည်။
ဤသည်မှာ ၎င်း၏ ကိုယ့်ကိုယ်ကို မြှင့်တင်မှု နည်းလမ်းဖြစ်သည်။ သွေးအဆီအနှစ်တို့ ပိုမိုသန့်စင်ကာ ကြွယ်ဝလေလေ ပိုမိုများပြားသည့် အာဟာရဓာတ်တို့ ရရှိနိုင်လေဖြစ်သည်။
ထို့ကြောင့် ရွှယ့်ဝူရှင်းက မုန့်ချုံကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပေလိမ့်မည်။ ထိုအထဲတွင် သွေးနတ်ဆိုးကျမ်းအတွက် အထူးလျှို့ဝှက် သိုင်းပညာတစ်ခုလည်း ပါဝင်၏။
ဤသည်မှာ သွေးစုပ်တစ္ဆေမျှင် ဖြစ်သည်။ သွေးအဆီအနှစ်ကို စုပ်ယူရန် အသုံးပြုနိုင်၏။
'သူ့မှာလည်း ကိုယ်ပိုင် အထူးလက္ခဏာရပ်တွေ ရှိတာပဲ..'
လီရွှမ်က ဖတ်ရှုရင်းနှင့် အံ့သြလာခဲ့သည်။ သွေးနတ်ဆိုးကျမ်းက သူ့ကို ဉာဏ်အလင်းပွင့်မှု အချို့အား ထောက်ပံ့လာခဲ့၏။
ဥပမာအားဖြင့် သွေးအဆီအနှစ်ကို ဝါးမြိုခြင်းအတတ်နှင့် သွေးစုပ်ခြင်း တစ္ဆေမျှင်များ ဖြစ်သည်။
သူသည် သွေးအဆီအနှစ်အား စုပ်ယူသည့် ကျင့်စဉ်တစ်ခုကို ဖန်တီးမည်တော့ မဟုတ်ပါ။ သို့ပေမယ့် ၎င်းကို ကိုးကားမှုပြုကာ ပိုမိုနက်နဲပြီး ဖြောင့်မှန်မှုရှိသည့် ကျင့်စဉ်ကို ဖန်တီးနိုင်၏။
'သိုင်းပညာ စနစ်အသစ် တစ်ခုကတော့ တဖြည်းဖြည်းနဲ့ ပုံပေါ်လာခဲ့ပြီ..'
သွေးနတ်ဆိုးကျမ်းကို ဖတ်ရှု့ပြီးနောက် လီရွှမ်တွင် အတွေးသစ်အချို့ ရရှိလာခဲ့၏။ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာအပြင် သိုင်းပညာကျင့်ကြံမှု စနစ်တစ်ခုလည်း ရှိလာခဲ့သည်။
သို့ပေမယ့် ဤသည်က ပြည့်စုံခြင်း မရှိသေးဘဲ စိတ်ကူးတစ်ခုအသွင်သာ ဖြစ်နေသေး၏။ ထို့အပြင် ကျင့်ကြံခိုင်းရန်အတွက် သင့်တော်သည့် လူတစ်ယောက်အား လိုအပ်ပါသေးသည်။
'သွေးနတ်ဆိုးကျမ်းက အတွင်းပိုင်းနယ်မြေမှာ စွမ်းအားကြီး မိစ္ဆာကျင့်ကြံခြင်း အတတ် တစ်ခုလို့ ယူဆလို့ရတယ်..'
'ရွှယ့်ဝူရှင်းက သိုင်းသခင်တွေ အကြားမှာ အားနည်းသူတစ်ယောက် မဟုတ်ဘူး... ဒါပေမယ့် သွေးနတ်ဆိုးကျမ်းက အမှောင်နဲ့ ဆိုးယုတ်ခြင်း စွမ်းအင်ကို ကျင့်ကြံပြီး ပူပြင်းတဲ့ သွေးနဲ့ချီရဲ့ ဖိနှိပ်ခြင်းကို ခံရတယ်..'
သွေးနှင့်ချီက မီးကဲ့သို့နီရဲသည့် အခြေအနေတွင်ရှိပြီး သွေးနတ်ဆိုးကျမ်း၏ နက်မှောင်ကာ မကောင်းဆိုးဝါးဆန်သည့် စွမ်းအင်ကို ဖိနှိပ်နိုင်စွမ်း ရှိပါသည်။
အဆင့်တူတွင် တိုက်ခိုက်ကြပါက သွေးနတ်ဆိုးကျမ်းအား ကျင့်ကြံထားသည့် သိုင်းပညာရှင်က ဆက်တိုက်ဖိနှိပ်ခံရမှာ ဖြစ်သည်။
'ဒါပေမယ့်... ချီနဲ့သွေးကလည်း သူတို့အတွက် တကယ့်ကို ဆွဲဆောင်မှု ကြီးမားတယ်..'
ရွှယ့်ဝူရှင်းက အဘယ်ကြောင့် မုန့်ချုံ၏ သွေးအဆီအနှစ်အတွက် အလွန်တပ်မက် နေရသနည်း။ အဘယ်ကြောင့် ရွှီယန်၏ သွေးအဆီအနှစ် အတွက် အလွန် တပ်မက်နေရသနည်း။ ဤသည်မှာ ထိုအကြောင်းပြချက် ကြောင့်သာ ဖြစ်ပေလိမ့်မည်။
ချီနှင့်သွေးအဆင့် သိုင်းသမားများတွင် ပိုမိုကြွယ်ဝကာ သန့်စင်သည့် သွေးအဆီအနှစ်ရှိပြီး အတွင်းဘက်နယ်မြေရှိ သိုင်းသမားများထက်ပင် များစွာ သာလွန်ပါသည်။
သူတို့သည် သွေးနတ်ဆိုးကျမ်းအား ကျင့်ကြံသူများအတွက် ကြီးမားသည့် အာဟာရ ဆေးလုံးများ ဖြစ်၏။
သွေးနတ်ဆိုးကျမ်းကို ဖတ်ရှု့အပြီးတွင် လီရွှမ်က အချက်အလက်များကို လုံးဝ မှတ်သားလိုက်၏။ စကားလုံး တစ်လုံးကိုမှ ကျန်ရစ်ခဲ့ခြင်း မရှိစေပေ။
သူ၏ စိတ်ထဲတွင် အတွေးတစ်ချက် ပျံသန်းသွားပြီး သွေးနတ်ဆိုးစာအုပ်က ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွား၏။
သူက ဒီမိစ္ဆာကျင့်ကြံမှု အတတ်တစ်ခုကို သေချာပေါက် ချန်ရစ်ထားမည် မဟုတ်ပေ။ တစ်နေ့တွင် သတိမထားမိဘဲ မေ့လျော့သွားခြင်း သို့မဟုတ် ချန်ထားရစ်ခဲ့ခြင်း တို့ကို ပြုမိပါက တစ်ယောက်ယောက်က ကောက်ယူပြီးသည့် အချိန်တွင် နောက်ထပ် မိစ္ဆာကျင့်ကြံသူ တစ်ယောက်ကို မွေးထုတ်လိုက်သည်နှင့် မတူပေဘူးလား။
စွန့်ပစ်ဒေသတွင် သိုင်းသမားများကို ထုတ်လုပ်ရန်မှာ မဖြစ်နိုင်ပေမယ့် သွေးနတ်ဆိုးကျမ်းက လူတယောက်ကို သွေးအဆီအနှစ်အား စုပ်ယူပြီး စွမ်းအားများအား ဆက်တိုက်မြှင့်တင်မှု ရစေနိုင်သည်။
စွန့်ပစ်ဒေသတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီ အလွန်အားနည်းလှသဖြင့် အကန့်အသတ်ကို ချိုးဖျက်ရန် မဖြစ်နိုင်ပေ။
သို့ပေမယ့် လူတစ်ယောက်၏ ခွန်အားကို အတွင်းဘက်နယ်မြေရှိ အဆင့်၅ သို့မဟုတ် အဆင့်၆အဆင့် သိုင်းသမားများအထိ ဖြစ်လာစေရန် ခွင့်ပြုပေးနိုင်၏။
ဤသည်က စွန့်ပစ်ဒေသကို ပြဿနာများ သယ်ဆောင်လာမည်မှာ အသေအချာပင်။ မှတ်သားထားပြီးနောက် ဖျက်ဆီးလိုက်ခြင်းက စိုးရိမ်စရာ မလိုဘဲ ပိုမိုစိတ်ချလက်ချ နေနိုင်၏။
ယွင်ရှန်းမြို့ငယ်၏ အပြင်ဘက်ရှိ တောအတွင်းတွင် လီရွှမ်က လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ အဝေးရှိ ကောင်းကင်သို့ မော့ကြည့်သည်။
ရွှီယန်က သူ၏နောက်တွင် လေးစားစွာ ရပ်နေ၏။ လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည်။
"ငါတပည့်.. မင်းမှတ်ထားရမှာက ဆရာတစ်ယောက်အနေနဲ့ ငါက လမ်းစဉ်ကိုပဲ သင်ပေးမှာ.. သိုင်းပညာကို မဟုတ်ဘူး... အဲ့ဒါကြောင့်မိုလို့ ငါမင်းကို သင်ပေးတာက ဓားရဲ့လမ်းစဉ်ပဲ။ ဓားသိုင်းပညာ မဟုတ်ဘူး..."
လီရွှမ်က သစ်ကိုင်းနှစ်ခုကို အသာချိုးကာ လေးနက်စွာပြောသည်။
"ငါအမြဲတမ်း မင်းကို ပြောခဲ့သလိုပဲ။ ကျင့်ကြံခြင်းဆိုတာ နားလည်သဘောပေါက်မှုနဲ့ အစစ်အမှန် အဓိပ္ပါယ်ကို လေ့လာခြင်းပဲ။ အဲ့ဒါက ဓားတာအိုပဲ။ သေသေချာချာ ကြည့်ထား.."
"ဟုတ်ကဲ့ပါ ဆရာ.."
ရွှီယန်သည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေ၏။
လီရွှမ်က လက်ထဲရှိ သစ်ကိုင်းကို ဝှေ့ရမ်းကာ အစစ်အမှန်ချီက ထွက်ပေါ်လာခဲ့သည်။ ကြီးမားသည့် သစ်ပင်ကြီးပေါ်တွင် အပေါက်တစ်ခု တစ်ခါတည်း ဖြစ်သွားစေခဲ့၏။
ရွှီယန်၏ မျက်လုံးများက အံ့သြစွာ ပြူးကျယ်သွားသည်။
"ဆရာ့ရဲ့ ဓားပညာက... မဟုတ်ဘူး.. ဆရာ့ရဲ့ ဓားတာအိုက အရမ်းကို စွမ်းအားကြီးလွန်းတယ်။ သစ်ကိုင်းခြောက် တစ်ခုကိုကိုင်ပြီး အသာလေး လွှဲရမ်းလိုက်တာတောင် ရွှယ့်ဝူရှင်းရဲ့ ဓားချက်က စွမ်းအားထက် ပိုကြီးတဲ့ ဓားစွမ်းအားကို ထုတ်လွှတ်နိုင်တယ်.."
လက်ထဲရှိ သစ်ကိုင်း၏ အရသာကို ခံစားကြည့်ပြီးနောက် လီရွှမ်က ပတ်ဝန်းကျင်တွင် ဟိုဟိုဒီဒီ ခုတ်လွှဲမှုများလုပ်၏။
သူ၏ မူလ အစစ်အမှန်ချီက သစ်ကိုင်းအပေါ်တွင် ရစ်ပတ်နေပြီး ၎င်းကို အလွန် ကြမ်းကြုတ်သွားစေသည်။
တကယ်တော့ သူက ကျပန်း လျှောက်ခုတ်နေခြင်းသာ ဖြစ်၏။ သူ၏ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် သန်မာလှသည့် မူလ အစစ်အမှန်ချီကြောင့်သာ ယခုကဲ့သို့ စွမ်းအားကြီးမားကာ ပြင်းထန်ကြမ်းကြုတ်သည့် အရှိန်အဝါမျိုးကို ထုတ်ဖော်ပြသနိုင်ခြင်း ဖြစ်သည်။
သို့ပေမယ့် ဤသည်ကို လုံးဝ လျှောက်ခုတ်နေသည်ဟုလည်း ပြောနိုင်ခြင်း မရှိပါ။ သူ၏ ခုတ်ပိုင်းမှု၊ ဓားထိုးမှု၊ ကာမှု၊ တွက်မှု အစရှိသည်တို့ကို သေသပ်စွာ သရုပ်ပြထား၏။
ခဏတာ ဓားချက်အချို့အား လျှောက်ခုတ်ပြီးနောက် လီရွှမ်က သစ်ကိုင်းကိုချကာ နက်ရှိုင်းသည့် အသံတစ်ခုဖြင့် မေးသည်။
"ငါတပည့်.. မင်းအားလုံးကို မှတ်မိလား.."