ရွှီယန်၏ ဓားတာအိုအား နားလည်သဘောပေါက်လာခြင်းနှင့် သန့်စင်သောဓားနှလုံးသားအား ရရှိခြင်း(၂)
Vol. 6 Ch. 85
အရေပြားသန့်စင်ခြင်း ပြီးမြောက်မှုက တူညီပေမယ့် အရေပြားအလွှာပေါ်ရှိ ခွန်အား ခြားနားချက်မှာ အလွန်ကြီးမားလှသည်။
'အရေပြားသန့်စင်ခြင်း အဆင့်မှာလည်း အဆင့်တွေကွဲပြားတယ်။ အရေပြား သန့်စင်ခြင်းကို ပြီးမြောက်ထားတဲ့ လူတိုင်းက တူညီမနေဘူး..'
ဤသည်မှာ သိုင်းပညာအပေါ် ပါရမီ ခြားနားချက်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်၏။
အရေပြား သန့်စင်မှုအပြီးတွင် ရှီအာ၏ ခွန်အားက တိုးမြင့်လာခဲ့၏။ လီရွှမ်က သူ့ကို အရိုးသန့်စင်ခြင်း နည်းလမ်းအား သင်ကြားပေးသည်။
ရွှီယန်၏ စကားအရ သူ၏ ဖခင်မှာလည်း အရိုးသန့်စင်ခြင်းအား စတင်နေပြီး ဖြစ်ကာ မိခင်ဖြစ်သူမှာ အရေပြားသန့်စင်ခြင်းအား ပြီးမြောက်ခဲ့လေပြီ။
ဤသည်က သူ့ကို သိုင်းပညာ ပါရမီအကြား အခြားနားချက်အား နားလည်လာစေ၏။ ကျင့်ကြံမှုမှ ရရှိလာသည့် အကျိုးကျေးဇူးများက ခြားနားနေပါသည်။
ဆေးဆရာဖန်လည်း အရိုးသန့်စင်ခြင်း အဆင့်သို့ ဝင်ရောက်ခဲ့ပြီး ဖြစ်၏။ ကျန်ရှိသည့် လူယုံ အစောင့်များမှာတော့ အနည်းငယ်က အရိုးသန့်စင်ခြင်း အဆင့်သို့ ဝင်ရောက်ကာ ကျန်သူများမှာ အရေပြား သန့်စင်ခြင်းအဆင့်အား ပြီးမြောက်ခဲ့ကြသည်။
ထိုအရာ အားလုံးတို့မှာ ဆေးဆရာဖန်၏ ကျင့်ကြံခြင်း၌ ကူညီရန်အတွက် အာဟာရဆေးအချို့ကို ပြုလုပ်ခဲ့မှုကြောင့် ဖြစ်သည်။
သို့ရာတွင် ကောရုန်ရှန်က အသက်အိုမင်းနေပြီး ဖြစ်ကာ ချီနှင့်သွေး၏ ဆုတ်ယုတ်မှု အခြေအနေသို့ ရောက်ရှိနေရာ ကျင့်ကြံခြင်း၏ အကောင်းဆုံး အချိန်ကို လွဲချော်သွားခဲ့သည်။
အဖိုးတန်ဆေးပင်များ အများအပြားကို မှီခိုထားလျှင်တောင် အရေပြား သန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်ရုံရှိ၏။
ကောယွင်ကိုင်တွင် ပိုမိုကောင်းမွန်သည့် ပါရမီရှိသည်။ သူသည် အရေပြား သန့်စင်ခြင်းအား ပြီးမြောက်ကာ အရိုးသန့်စင်ခြင်းကို စတင်တော့မည် ဖြစ်၏။
သူ၏ ဝမ်းကွဲနှစ်ယောက်တွင် တစ်ယောက်က အရေပြားသန့်စင်ခြင်းအား ပြီးမြောက်ပြီး အခြားတစ်ယောက်က အရိုးသန့်စင်ခြင်းအား စတင်နေလေပြီ။
'သိုင်းပညာ လမ်းစဉ်ရဲ့ စတင်ခြင်းအဆင့်ကို ဝင်ရောက်နိုင်ဖို့က အဝေးကြီး လိုကြသေးတယ်။ အချိန်တိုအတွင်းမှာ တန်ပြန် အကျိုးပြုမှုတွေ ရနိုင်မလား ဆိုတာကို အတည်ပြုဖို့က မဖြစ်နိုင်ဘူး..'
လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ ဒီလူများအကြားတွင် သိုင်းပညာ၏ စတင်ခြင်းအဆင့်၌ ရပ်တန့်သွားမည့် လူအချို့ ရှိနေလောက်မှာပါ။
ဆေးဆရာဖန်က ဖန်တီးလိုက်သည့် ချီနှင့်သွေး အားဖြည့်ခြင်း ဆေးများ၏ ကျင့်ကြံခြင်းကို ကူညီရာ၌ အလွန်အသုံးဝင်ကြောင်းကိုလည်း သတိထားမိလိုက်သည်။
'ငါတို့တွေ ဆေးလုံးအချို့ကို ဖန်တီးသင့်လား။ ဒါပေမယ့် ဆေးလုံးတွေက ဘယ်လို သန့်စင်ရတာလဲ။ ငါမှ နားမလည်တာ..'
လီရွှမ်က အတွေးနက်သွား၏။
'ကောင်းကင်မိခင်ဂိုဏ်းက ကလေးမလေးက ဆေးပညာမှာ ပါရမီ ထူးကဲတယ်တဲ့။ ဖြစ်နိုင်တာက သူမကနေ စတင်ပြီး ဉာဏ်လင်းအချို့ ရရှိနိုင်မလား ဆိုတာကို ကြည့်ရမယ်..'
လီရွှမ်က ကောင်းကင်မိခင်ဂိုဏ်းမှ ကောင်းကင်မိခင်ကလေးမလေးကို တွေးမိ၏။ သူမ၏ ဖြောင့်ဖျခြင်းကို ခံရသည့် လူဆိုးလူမိုက်လူများသည် မကောင်းမှုတို့ကို ထပ်မံလုပ်ခြင်း မရှိကြတော့ပေ။ ဤသည်မှာ အမှန်တကယ်ကို နည်းလမ်းကောင်းတစ်ခု ဖြစ်လောက်မှာပါ။
နောက်ဆုံးအကြိမ်တုန်းက သူက ရှီအာကို ကောင်းကင်မိခင်ဂိုဏ်းမှ ကလေးမလေးအား လာခိုင်းရန် အကြောင်းကြားခိုင်းပြီး ဖြစ်၏။ သို့ပေမယ့် သူမသည် ဝူနိုင်ငံတွင်သာ ရှိနေသေးပြီး ချီနိုင်ငံသို့ မရောက်လာသေးပေ။
'အလျှင်မလိုပါဘူး..'
'မုန့်ချုံက စတင်ခြင်း အဆင့်ကိုတောင် မဝင်ရောက်သေးဘူး။ တတိယတပည့် လက်ခံဖို့က စဉ်းစားမှုတွေ အများကြီး လုပ်ရဦးမယ်..'
လီရွှမ်က ထိုကိစ္စကို ဒီအချိန်အတွင်း ဘေးချိတ်ထားလိုက်သည်။
မနေ့က ရွှီယန် ထွက်ခွာသွားပြီးနောက် ညအချိန်တွင် ပြန်မလာခဲ့ပေ။ ကြည့်ရတာ တိုးတက်မှုအချို့ ရှိခဲ့သည့်ပုံ ရှိသည်။ ယခုအချိန်၌ ဓားဆန္ဒအား နားလည်သဘောပေါက် ရန်အတွက် နီးကပ်နေလောက်ပါပြီ။
လီရွှမ်တစ်ယောက် မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။
ယွင်ရှန်းမြို့ငယ်၏ အပြင်ဘက်ရှိ တောင်စောင်းတစ်ခုပေါ်တွင် ရွှီယန်က တင်ပျဥ်ခွေ ထိုင်နေပြီး ကောင်းကင်ပေါ်ရှိ ညနေခင်း၏ နေဝင်ချိန် တောက်ပပုံကို တိတ်ဆိတ်စွာ ကြည့်နေပါသည်။
သူသည် တောထဲရှိ ဓားအမှတ်အသားများကို ဆက်လက်ကြည့်ရှု့ခြင်း မရှိတော့ပါ။ အဲ့ဒီ့အစား အားလုံးတို့ကို ဖျက်ပစ်လိုက်ပြီ ဖြစ်၏။
ဒီအချိန်၌ ညနေခင်း၏ တောက်ပသည့် ကောင်းကင်ကို ကြည့်နေပြီး သူ၏စိတ်က ကြည်လင်နေပါသည်။
စိတ်ထဲတွင် ဓားကွက်များက ဆက်တိုက် ဖြစ်ပေါ်လာနေ၏။ ဆရာ သင်ကြားပေးခဲ့သည့် ဓားသိုင်းများကိုတော့ လုံးဝမေ့ပျောက်သွားပြီး ဖြစ်သည်။
ယခုအချိန်၌ သူ၏စိတ်ထဲတွင် ဓားပညာ အသစ်တစ်ခု စတင် ပုံပေါ်လာတော့မည် ဖြစ်၏။
သူ၏ စိတ်အခြေအနေက ပိုမိုပိုမိုကာ ရှင်းလင်းလာနေပြီး ဓားသိုင်းအားလုံး၊ ဓားကွက်အားလုံးတို့ကို နားလည်သဘောပေါက်လာသည့်ပုံ ရှိသည်။
အခိုက်အတန့်တစ်ခုတွင် စိတ်ထဲ၌ အလင်းရောင်တစ်ခု လက်သွားသည့်နှယ် ရှိ၏။ ပုံပေါ်လာနေသည့် ဓားပညာက နောက်ဆုံးတွင် ပြီးမြောက်ခဲ့လေပြီ။
ထိုအချိန်တွင် သူသည် လျှို့ဝှက်ဆန်းကြယ်သည့် အခြေအနေတစ်ခုသို့ ဝင်ရောက်သွား၏။ နှလုံးသားက အံ့သြစရာ ကောင်းလောက်အောင် ရှင်းလင်းနေ၏။
'ဝှင် ဝှင်..'
သူ၏ ဒူးခေါင်းပေါ်ရှိ ရတနာဓားက ဒီအချိန်၌ စတင် တုန်ခါလာခဲ့သည်။ ၎င်းက ဓားအိမ်မှထွက်ရန် တာဆူလာခဲ့၏။
ဓားနှလုံးသားက ကြည်လင်တယ်...
ရွှီယန်သည် ဓားနှလုံးသားကို ရှင်းလင်းစွာ နားလည်လာခဲ့၏။ ဓားနှလုံးသား၏ ဉာဏ်အလင်းကို နားလည်လိုက်သည့် အခိုက်အတန့်တွင် ဓားလမ်းကြောင်း၏ လမ်းစဉ်က ပွင့်လှစ်သွားပြီး ဖြစ်၏။
သူ၏စိတ်ထဲတွင် ဓားပညာ တစ်ခုနှင့် ဓားတာအို၏ အငွေ့အသက်တို့ ရှိနေပြီး ဖြစ်သည်။ သူသည် ကိုယ့်ကိုယ်ကို ဓားသိုင်းကွက်များထဲမှ လုံးဝ ချိုးဖျက်ခဲ့ပြီးဖြစ်၏။
ရလဒ်အနေနှင့် နဂါးနိုင်လက်ဝါးသိုင်း ပင်လျှင် အတွေးအမြင်သစ်တို့ ရရှိလာပြီး တိုးတက်လာခဲ့သည်။ နဂါးနိုင်လက်ဝါးသိုင်း ဒုတိယအဆင့်က အသေးစား ကျွမ်းကျင်မှုသို့ ရောက်ရှိသွားခဲ့၏။
ရွှီယန်၏ မျက်လုံးများက ပွင့်လာခဲ့သည်။ ဒူးခေါင်းပေါ်ရှိ ဓားကို လက်ဖြင့် ညွှန်လိုက်ပြီးနောက် ဓားက အသံတစ်ခုနှင့်အတူ ဓားအိမ်ထဲမှ ထွက်လာခဲ့သည်။
'ကလန်..'
သူက ဓားရိုးကို လက်ဖြင့်ကိုင်ကာ လက်ကိုမြှောက်ပြီး ရှေ့သို့ ခုတ်ပိုင်းချလိုက်၏။ ဓားအလင်းက ရှည်လျားသည့် သက်တန့်တစ်ခုအလား လေထဲ၌ ပျံသန်းသွားပြီး ပေ၁၀၀အကွာ၌ သက်ဆင်းသွားသည်။
ဓားအလင်း ကျဆင်းရာ နေရာ၌ မည်သည့်အသံမှ ထွက်ပေါ်လာခြင်း မရှိပေ။ အနီးကပ် လျှောက်သွားကာ ကြည့်ပါက သူ့အနေနှင့် မြေပြင်ပေါ်တွင် သေးငယ်သည့် ကွဲကြောင်းတစ်ခုကို မြင်ရမှာ ဖြစ်၏။
၎င်းသည် ၁၀ပေကျော်လောက် ရှည်လျားပြီး အနက်မှာတော့ တွေ့မြင်နိုင်ခြင်း မရှိဘဲ ဖြစ်နေပါသည်။
'ဒီနေ့မှာ ငါရွှီယန် ဓားသိုင်းပညာမှာ ဉာဏ်လင်းပွင့်မှု တစ်ခုကို ရရှိလာခဲ့ပြီ။ နောက်ဆုံးတော့ ဓားတာအိုရဲ့လမ်းစဉ်ကို ဝင်ရောက်နိုင်ခဲ့ပြီ။ ဒါကို သန့်စင်သောဓားလို့ အမည်တွင်မယ်..'
ရွှီယန်က ဓားသွားကို လက်နှစ်ချောင်းဖြင့် အသာသပ်ကာ ပြောသည်။
သန့်စင်သောဓား...
ဤသည်မှာ သူ၏ ပထမဆုံး ဓားချက်ဖြစ်ပြီး ဓားတာအို၏ လမ်းစဉ်သို့ ခြေချနိုင်ခဲ့သည့် သက်သေတစ်ခုလည်းဖြစ်သည်။
'ငါ့ရဲ့ ဓားနှလုံးသားက သန့်စင်ပြီး ဓားတာအိုရဲ့ လမ်းစဉ်ပေါ်ကို ဝင်ရောက်နိုင်ခဲ့ပြီ။ ပြီးရင် ချီနဲ့သွေးကို ပြီးပြည့်စုံအောင် ပြုလုပ်ပြီး မူလအဆင့်ကို ချိုးဖျက်ရမယ်..'
ရွှီယန်က စိတ်လှုပ်ရှားနေပုံ ပေါ်၏။ သူသာ ဓားလမ်းစဉ်အပေါ် ရှင်းလင်းသည့် နားလည်သဘောပေါက်မှုတစ်ခုရှိပြီး ဓားတာအို လမ်းကြောင်းပေါ်၌ ခြေချနိုင်ခဲ့ပါက ရွှယ့်ဝူရှင်းသည် ဘယ်လိုလုပ်ပြီး သူ၏ပြိုင်ဘက် ဖြစ်နိုင်မည်နည်း။
'အတွင်းဘက်နယ်မြေ..'
သူက အဆုံးမဲ့တောင်များဘက်သို့ ခေါင်းလှည့်ကြည့်သည်။ နှလုံးသားက စိတ်လှုပ်ရှားမှုဖြင့် ခုန်ပေါက်လာခဲ့၏။
အတွင်းပိုင်းနယ်မြေတွင် သိုင်းပညာရှင်များ ရှိပါသည်။ သူသည် စစ်မှန်သည့် သိုင်းပညာကို မျှော်လင့်တောင့်တနေခဲ့တာ ကြာပြီဖြစ်၏။
ယခုအချိန်၌ ထိုလောကဆီသို့ စွန့်စားသွားလာလိုစိတ်တို့ တစ်ဖွားဖွား ပေါ်လာခဲ့သည်။
'နည်းနည်းလောက် စောင့်လိုက်ဦး။ မူလအဆင့်ကို ရောက်ပြီးရင် ငါအတွင်းဘက်နယ်မြေကို လာခဲ့မယ်..'
သူ့မိဘများ၏ ခွန်အားမှာ အရမ်းကြီး မြင့်မားမှု မရှိသေးပေ။ သူလည်း မူလအဆင့်သို့ ချိုးဖျက်ခြင်း မရှိသေးပေ။ ထို့ကြောင့် နှလုံးသားထဲရှိ တောင်းတမှုတို့ကို ဖိနှိပ်ထားရန်သာ တတ်နိုင်၏။
ခြံဝန်းငယ် အတွင်းတွင် လီရွှမ်က ကုလားထိုင်ပေါ်တွင် အသာထိုင်နေ၏။ သို့ပေမယ့် သူ၏ စိတ်ထဲတွင် ဖန်တီးထားခဲ့သည့် သိုင်းပညာများကို စီရီနေပါသည်။
အထူးသဖြင့် နောက်ဆက်တွဲ သိုင်းကျင့်စဉ်များကို မည်ကဲ့သို့ ဖန်တီးကာ ဖွံ့ဖြိုးရန် ဖြစ်၏။ သူသည် မူလအဆင့်ပြီးနောက် လာမည့် နောက်တစ်ဆင့်၏ နာမည်ကို ဆုံးဖြတ်ပြီးဖြစ်သည်။ ကျင့်ကြံမှု၏ လားရာကိုလည်း ဆုံးဖြတ်ပြီးဖြစ်၏။
သို့ပေမယ့် အနာဂတ်၏ သိုင်းအဆင့်များနှင့် ကျင့်စဉ်များ အတွက်လည်း အကြမ်းဖျင်း တွက်ချက်မှုများ ပြုလုပ်ရပါသည်။
'ငါ့ရဲ့သိုင်းပညာက အစပိုင်းမှာ ဒီလောကရဲ့ သိုင်းပညာလမ်းစဉ်ထက် ပိုပြီးတော့ သန်မာတယ်။ ဒါကြောင့်မလို့ နောင်မှာလည်း ပိုပိုပြီးတော့ သန်မာလာရမယ်..'
'သိုင်းအဆင့်တွေက ကောင်းမွန်စွာ ဆက်နွယ်နေပြီး သီအိုရီတွေ အကြားမှာ ကွာဟချက် မရှိရဘူး။ အဲ့ဒါမှပဲ နားလည်သဘောပေါက်မှု ရလာနိုင်မှာ..'
ဒီရက်များအတွင်းရှိ အကြိမ်ကြိမ် တွေးတောမှုနှင့် စဉ်းစားချင့်ချိန်မှု အပြီးတွင် လီရွှမ်သည် သူ၏ နောက်ဆက်တွဲ သိုင်းကျင့်စဉ် လားရာအတွက် အခြေခံအားဖြင့် အဖြေအချို့ ရရှိလာပြီး ဖြစ်သည်။
သို့ရာတွင် သူ့အနေနှင့် ခြေတစ်လှမ်းချင်းဆီ ဆက်လက်လှမ်းရန် လိုအပ်သေး၏။ အောင်မြင်စွာ ကျင့်ကြံနိုင်ပြီး အကျိုးအာနိသင်တို့ သေချာမှသာလျှင် နောက်ထပ်တစ်ဆင့်အား ဆက်လက် ပြည့်စုံအောင် ပြုလုပ်မည် ဖြစ်သည်။
'မုန့်ချုံရဲ့ ရွှေအရိုးတွေက ပြီးပြည့်စုံသွားပြီ။ ဒါပေမယ့် အဲ့ဒီမှာ ရပ်တန့်နေပြီး ဗာဂျရာ စိန်အရိုးကို မသန့်စင်နိုင်ဘူး ဖြစ်နေတယ်..'
'အခုအချိန်က ဒုတိယတပည့်ကို.. ဗာဂျရာ စိန်အရိုးကို အောင်အောင်မြင်မြင် သန့်စင်နိုင်စေဖို့အတွက် ကြိုးစားကူညီပေးရမယ့် အချိန်ပဲ..'
လီရွှမ်က ကျင့်ကြံခြင်းတွင် နှစ်မြုပ်ထားဆဲ ရှိသည့် မုန့်ချုံကို ခေါင်းလှည့်ကြည့်သည်။ ဗာဂျရာ စိန်အရိုးသာ ပြီးမြောက်ပါက ချီနှင့်သွေးအဆင့်အား ချိုးဖျက်နိုင်မှာ ဖြစ်၏။
ဘာပဲဖြစ်ဖြစ် မုန့်ချုံက အရေပြား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါတို့ကို ပေါင်းစပ် ကျင့်ကြံခြင်း ဖြစ်သည်။
ရုတ်တရက် ရွှေရောင်အလင်းတစ်ခု ပေါ်လာခဲ့၏။
'သင်၏တပည့် ရွှီယန်သည် ဓားနှလုံးသားတွင် နားလည်သဘောပေါက်မှု ရလာပြီး ဓားလမ်းစဉ်၏ လမ်းကြောင်းပေါ်သို့ ခြေချနိုင်ခဲ့သည်။ သင်၏ ဓားနှလုံးသားသည် ဉာဏ်အလင်းပွင့်လာပြီး ဓားလမ်းစဉ်က ပြီးပြည့်စုံသွားသည်..'
ထိုအချိန်၌ လီရွှမ်သည် သူ၏ ဓားနှလုံးသားတို့ ကြည်လင်လာပြီး ဓားကွက်အားလုံးအပေါ် နားလည်လာသည်ဟု ခံစားရသည်။ သူ၏ ဓားတာအိုအပေါ် နားလည်သဘောပေါက်မှုတို့ ဆက်လက် ထွက်ပေါ်လာ၏။
ဓားလမ်းစဉ်က ပြီးမြောက်ခဲ့လေပြီ။ သို့ပေမယ့် ဤသည်ကို ဓားတာအို၏ အခြေခံအား ပြီးမြောက်သွားခြင်းဟုသာ ယူဆနိုင်၏။
လီရွှမ်ကဝမ်းသာသွားသည်။
'ငါ့တပည့်က ဓားနတ်ဘုရား ဖြစ်လာဖို့ ပါရမီရှိတယ်။ ငါထင်တာမမှားဘူး..'
'ကောင်းတယ် ရွှီယန်..'
ထင်ထားသည့်အတိုင်းပင် တစ်ဖက်လူသည် ဓားနှလုံးသားကို နားလည်သဘောပေါက်မှု ရလာပြီး ဓားလမ်းစဉ် အပေါ်၌ ခြေချနိုင်ခဲ့သည်။
အနာဂတ်၏ ဓားတာအို တိုးတက်မှုသည် သူကိုယ်တိုင်၏ အပေါ်တွင်သာ မူတည်၏။ သို့ရာတွင် ရွှီယန်သာ အတွင်းဘက်နယ်မြေသို့ သွားရောက်ပြီးပါက ဓားတာအို အရာ၌ တိုးတက်မှု မရှိမည်ကို စိုးရိမ်စရာ မလိုဟု လီရွှမ် ယုံကြည်သည်။
တပည့်ဖြစ်သူ၏ ဓားလမ်းစဉ် မြင့်မားလာသည်နှင့်အမျှ သူ၏ ဓားလမ်းစဉ်လည်း ပိုမိုကာ မြင့်မားလာမည်ဖြစ်၏။
'ဓားနှလုံးသားကို နားလည်သဘောပေါက်ပြီးတဲ့ နောက်မှာ ဓားလမ်းစဉ်အပေါ် နားလည်သဘောပေါက်မှု တွေကိုလည်း ဆက်ပြီးတော့ လက်ဆင့်ကမ်းပေးရမယ်။ သူအမြန်ဆုံး ဓားဆန္ဒကို နားလည်သဘောပေါက်လာဖို့ ငါမျှော်လင့်တယ်..'
လီရွှမ်က ကြီးစွာသော ဝမ်းမြောက်မှုတို့ဖြင့် စဉ်းစား၏။
"သင်၏တပည့် ရွှီယန်သည် နဂါးနိုင်လက်ဝါးသိုင်း၏ ဒုတိယအဆင့်တွင် အသေးစား အောင်မြင်မှုအား ရရှိခဲ့သည်။ သင်၏ နဂါးနိုင်လက်ဝါးသိုင်း ဒုတိယအဆင့်သည် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားသည်.."
နောက်ထပ် အကျိုးအမြတ်က ရလာခဲ့၏။ နဂါးနိုင်လက်ဝါးသိုင်း၏ ဒုတိယအဆင့်က ပြီးပြည့်စုံသွားလေသည်။
ဓားနှလုံးသားအပေါ် နားလည်သဘောပေါက်မှု ရလာပြီးနောက် ရွှီယန်၏ နဂါးနိုင်လက်ဝါးသိုင်းအပေါ် နားလည်သဘောပေါက်မှုလည်း တိုးတက်လာခဲ့သည်။ ဤသည်မှာ မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်၏။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ရွှီယန်၏ ပါရမီနှင့် နားလည်သဘောပေါက်မှုတို့သည် ဓားနှလုံးသားအပေါ် နားလည်သဘောပေါက်မှုနှင့် အတူ မြင့်တက်လာကြောင်းအား တွေ့မြင်နိုင်၏။
လီရွှမ်က သူ၏ လက်ချောင်းကို မြှောက်လိုက်ပြီးနောက် ဓားရှည်တစ်ခု ပေါ်လာခဲ့သည်။ လက်ချောင်းကို ဝှေ့ရမ်းလိုက်ပြီးနောက် ဓားချီက လေထဲသို့ ပျံသန်းသွား၏။
၎င်းသည် တိတ်ဆိတ်စွာ ရှိနေပြီး မည်သည့် ထက်မြသည့် သဲလွန်စကိုမှ ရှာတွေ့နိုင်ခြင်း မရှိပေ။ ကောင်းကင်တွင် ဓားရှည်တစ်ခု လှည့်လည်လာခဲ့၏။
'ငါဖန်တီးလိုက်တဲ့ ဓားလမ်းစဉ်က တကယ့်ကို စွမ်းအားကြီးတာပဲ..'
လီရွှမ်က စိတ်လှုပ်ရှားသွား၏။
'ဒါက အတွင်းဘက်နယ်မြေက ဓားသိုင်းတွေထက် အများကြီး ပိုပြီး သန်မာလောက်တယ် မှတ်လား..'
အတွင်းဘက်နယ်မြေရှိ သိုင်းပညာလောက၏ ဓားသိုင်းပညာများကို မည်မျှ သန်မာသနည်းဟူ၍ မသိနိုင်သေးပေ။
သို့ရာတွင် ၎င်းတို့သည် စွမ်းအားကြီးမားသည့် ဓားသိုင်းအဆင့်တွင်သာ ရှိနေသေးပြီး ဓားတာအိုအဆင့်သို့ မရောက်ရှိသေးကြောင်းကို အကြမ်းဖျင်း တွက်ချက်နိုင်ပါသည်။ ထို့ကြောင့် သူဖန်တီးလိုက်သည့် ဓားတာအိုကို ယှဉ်နိုင်မည် မဟုတ်ပါ။
အတွင်းဘက်နယ်မြေရှိ သိုင်းသမားများ၏ ဓားသိုင်းများမှာ ဓားနှလုံးသားအား ဉာဏ်အလင်းပွင့်ထားသည့် လူများ၏ မျက်လုံးထဲတွင် တစ်ချက်ကြည့်သည်နှင့် အားနည်းချက်နှင့် အစစ်အမှန်ပုံရိပ်တို့ကို ဖောက်ထွင်းမြင်နိုင်မှာ ဖြစ်သည်။ မိမိအတွက် အလွယ်တကူ တန်ပြန် အသုံးပြုနိုင်၏။
'ငါ့ရဲ့ လက်ရှိခွန်အားနဲ့ စစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက် ဆိုရင်တောင် ဓားချက်တစ်ချက်နဲ့ အနိုင်ယူနိုင်လောက်တယ်..'
လီရွှမ်က လက်ချောင်းကို ဝှေ့ရမ်းလိုက်ပြီးနောက် ဓားချီက လေထဲတွင် ပျောက်ကွယ်သွား၏။ သူ၏ ခွန်အားတို့ ကြီးစွာ မြင့်တက်လာခဲ့ ပြန်လေပြီ။
အတွင်းဘက်နယ်မြေရှိ စစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက်ပင်လျှင် ယခုအချိန်၌ သူ၏ပြိုင်ဖက် မဟုတ်လောက်တော့ပေ။ ထို့ကြောင့် ပိုမိုလုံခြုံစွာ ခံစားလာရ၏။
အတွင်းဘက်နယ်မြေမှ သူ့ကို အန္တရာယ်ပေးနိုင်သည့် သိုင်းသမားများ ရောက်ရှိလာမည်ကို စိုးရိမ်စရာမလိုတော့ပါ။
"ဆရာ.. ကျွန်တော်ပြန်လာပြီ.."
ရွှီယန်က စိတ်လှုပ်ရှားစွာဖြင့် ပြန်လာ၏။
"ကောင်းတယ်.."
လီရွှမ်က ကြည့်ကာ စိတ်သက်သာရာ ရသွားပြီး ပြော၏။
"ငါ့တပည့်က ဓားနတ်ဘုရားတစ်ပါးရဲ့ ပါရမီရှိတယ်။ ဆရာကို တကယ့်ကို စိတ်မပျက်စေခဲ့ဘူး.."
ထိုစကားကို ကြားရပြီးနောက် ရွှီယန်၏ စိတ်အခြေအနေက ချက်ချင်းပင် မြင့်မားသွား၏။ လူတစ်ကိုယ်လုံးပြောင်းလဲလာသည်ဟု ခံစားရသည်။
'ဆရာပြောတာ ငါက ဓားနတ်ဘုရား ဖြစ်လာဖို့ ပါရမီပါတယ်တဲ့..'
သူက ရင်ဘက်ကိုပုတ်ကာ ဖြေကြား၏။
"ဆရာ.. ကျွန်တော် သေချာပေါက် ဆရာ့ရဲ့ ဓားတာအိုကို ဆက်ခံနိုင်မှာပါ။ ဆရာ့ကို စိတ်မပျက်စေရဘူး။ ကျွန်တော် ဓားနတ်ဘုရားတစ်ပါး ဖြစ်လာစေရမယ်.."
"ကောင်းတယ်။ ဒီလို ရည်ရွယ်ချက်မျိုးနဲ့ မင်းလုပ်နိုင်မယ်လို့ ငါယုံကြည်တယ်.."
လီရွှမ်က ဝမ်းသာသွား၏။
သူ၏တပည့်သာ နောင်တွင် အမှန်တကယ် ဓားနတ်ဘုရားတစ်ပါး ဖြစ်လာပါက ဆရာဖြစ်သည့် သူသည် ဓားတာအိုများ၏ ဘိုးဘေးဟူသည့် ဘွဲ့အမည်ကို ခံယူပြီးဖြစ်မှာ ဖြစ်ပေလိမ့်မည်။