ရွှီယန်၏ အဆင့်ချိုးဖျက်မှု၊ မုန့်ချုံ၏ စတင်ခြင်းအဆင့်သို့ ရောက်ရှိမှု(၂)
Vol. 6 Ch. 87
"ဘုန်း.."
ချီနှင့်သွေးက ထပ်မံ တိုးမြင့်လာခဲ့ပြန်၏။ မုန့်ချုံကို ဖုံးလွှမ်းသွားသည်။ ခဏတာ တောင့်ခံပြီးနောက် မုန့်ချုံ နောက်ဆုံးတွင် ခံနိုင်ရည် မရှိတော့ပေ။
သူသည် လေးလံစွာ မောဟိုက်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ အရေပြားများ နီရဲနေ၏။ ကြွက်သားများက တုန်ခါနေကာ အရိုးများပင်လျှင် အသံသဲ့သဲ့ကို ထုတ်လွှတ်နေပါသည်။
ခန္ဓာကိုယ်ကို သန့်စင်ရန်၊ ပါရမီကို တူးဖော်ရန်နှင့် အတားအဆီးကို ချိုးဖျက်ရန်တို့မှာ တစ်ကြိမ် နှစ်ကြိမ်လုပ်ရုံနှင့် အောင်မြင်နိုင်သည့် အရာမျိုး မဟုတ်ပေ။
"ဂျူနီယာညီလေး.. ဒီနေ့တော့ ဒီမှာပဲ အဆုံးသတ်ရအောင်။ ငါတို့တွေ မနက်ဖြန်ကျရင် ဆက်ပြီးလုပ်ကြမယ်.."
ရွှီယန်က သူ၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။
"ကောင်းပါပြီ.. ကျေးဇူးတင်ပါတယ် စီနီယာအကို.."
နှစ်ယောက်စလုံး ခြံဝန်းဆီသို့ ပြန်ခဲ့ကြ၏။
လီရွှမ်က မုန့်ချုံကိုကြည့်ကာ တိတ်တဆိတ် ခေါင်းငြိမ့်သည်။ မုန့်ချုံ၏ အတားအဆီးသည် ချိုးဖျက်သွားခြင်း မရှိသေးပေမယ့် ဗာဂျရာစိန်အရိုး သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိရန်အတွက် တိုးတက်မှုအချို့ ရှိလာပြီး အတားအဆီးက အနည်းငယ် ပြေလျော့သွားခဲ့သည်။
ကျန်ရှိသည့် နေ့များတွင် မုန့်ချုံသည် ရွှီယန်၏ ချီနှင့်သွေးဖြင့် တိုက်ခိုက်မှုအောက်တွင် ခန္ဓာကိုယ်ကို ဆက်လက် သန့်စင်၏။ သို့ရာတွင် အတားအဆီးကို ချိုးဖြတ်ရန်အတွက် အနည်းငယ် ကွာဝေးနေပါသေးသည်။
ခဏတာ တွေးတောမှု ပြုပြီးနောက် လီရွှမ်က ဒီအတိုင်းဆက်လက် သန့်စင်နေပါက အတားအဆီးကို ချိုးဖျက်ရန် အခွင့်အရေး ရှိပေမယ့် ဤသည်မှာ အချိန်များစွာ ရှည်ကြာမှာဟု ခံစားရ၏။
နောက်ထပ်တစ်ကြိမ် ထပ်မံ ဖိအားပေး လှုံ့ဆော်ပြီးနောက် မုန့်ချုံ၏ အတားအဆီးက အနည်းငယ် ထပ်မံပြေလျော့လာ၏။ သို့ပေမယ့် ပြီးပြည့်စုံသည့် ချိုးဖျက်မှုကို လုပ်ဆောင်ရန်တော့ အနည်းငယ် အလှမ်းကွာနေပါသေးသည်။ လှုံ့ဆော်မှုတို့ လိုအပ်နေသေး၏။
လီရွှမ်က စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်ခုကို ထုတ်ကာ သွေးနတ်ဆိုးကျမ်းရှိ သွေးအဆီအနှစ်အား မည်ကဲ့သို့ စုပ်ယူပုံကို စဉ်းစားကြည့်သည်။
ကျင့်စဉ်အပေါ်တွင် အနည်းငယ် ပြောင်းလဲမွမ်းမံမှုပြုလုပ်ပြီး အစစ်အမှန်ချီကို အသုံးပြုကာ စိတ်ဝိဉာဉ်ပုံဆောင်ခဲ အတွင်းရှိ စိတ်ဝိဉာဉ်စွမ်းအင်ကို စုပ်ယူကြည့်သည်။
ယခု လီရွှမ်အတွက် ဤသည်မှာ အရမ်းကြီး ခက်ခဲခြင်းမရှိပါ။ သူ၏ ခွန်အားက ရှိနေ၏။ စိတ်ဝိဉာဉ် ပုံဆောင်ခဲအတွင်းမှ စိတ်ဝိဉာဉ်စွမ်းအင် တစ်မျှင်ကို စုပ်ယူနိုင်ခဲ့သည်။
ထို့နောက် ၎င်းကို မုန့်ချုံ၏ ခန္ဓာကိုယ်အတွင်းသို့ လမ်းညွှန်ရန်အတွက် လက်ကို အသာ ဝှေ့ရမ်းလိုက်၏။
"ယား.."
ချက်ချင်းပင် မုန့်ချုံ၏ ချီနှင့်သွေးတို့သည် လှုံ့ဆော်ခြင်းကို ခံလိုက်ရသည့်အလား ဆူပွက်လာခဲ့သည်။ ပြန်လည် ဖြည့်တင်းခြင်း ခံရသကဲ့သို့ ခံစားရပြီး ခန္ဓာကိုယ်အတွင်းမှ အော်သံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာ၏။
မုန့်ချုံ ပျော်သွားသည်။ သူက ချီနှင့်သွေးကို အမြန် လှည့်လည်ကာ ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်ကို စတင် ကျင့်ကြံလိုက်၏။
"ဘုန်း.."
ကျင်လောင်သော အသံတစ်ခု ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာ၏။ သူ၏ အတားအဆီးက ချိုးဖျက်သွားပြီး ချီနှင့်သွေးဖြင့် အရိုးများကို ထပ်မံသန့်စင်မှု ပြုနိုင်လာလေသည်။
ထိုအချိန်၌ သူ၏ ရွှေအရိုးများပေါ်၌ ကြည်လင်သည့် တောက်ပမှုတစ်ခု ရေတေးတေး ပေါ်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ် ဆရာ.."
မုန့်ချုံက ကျေးဇူးတင်စွာဖြင့် လီရွှမ်ကို ဦးညွှတ်သည်။
"ကောင်းကောင်း ကျင့်ကြံပြီး စတင်ခြင်း အဆင့်ကို အမြန်ဆုံး ရအောင်လုပ်.."
လီရွှမ်က ခေါင်းငြိမ့်၏။ စိတ်ဝိဉာဉ် ပုံဆောင်ခဲကို သိမ်းလိုက်သည်။
လက်ရှိအဆင့်ရှိ သူ့အတွက် ဒီစိတ်ဝိဉာဉ် ပုံဆောင်ခဲ နှစ်ခုတို့သည် အဖိုးတန်နေဆဲ ရှိ၏။ ရွှီယန်သာ မူလအဆင့်ကို ချိုးဖြတ်ရာ၌ အတားအဆီးအချို့ကို ကြုံတွေ့ရပါက စိတ်ဝိဉာဉ်ပုံဆောင်ခဲ အတွင်းရှိ စိတ်ဝိဉာဉ်စွမ်းအင်ကို စုပ်ယူဖို့ လိုအပ်လာမှာလည်း ဖြစ်နိုင်ပါသည်။
ဤသည်က သူ့ကို အဆင့်ချိုးဖျက်မှု မြန်ဆန်စေရန်အတွက် အကူအညီ ဖြစ်နိုင်လောက်၏။
တပည့်များ၏ ခွန်အားမြင့်တက်မှု မြန်ဆန်လေလေ သူ၏ ခွန်အားလည်း ပိုမိုမြန်ဆန်စွာ တိုးတက်လာလေ ဖြစ်မှာပါ။
"ဟုတ်ကဲ့ပါဆရာ.."
မုန့်ချုံက စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်သည်။
"ဂျူနီယာညီ... မင်း စတင်ခြင်းအဆင့်ကို ဝင်ရောက်ပြီးရင် ထပ်ပြီးတော့ ပြိုင်ကြရအောင်.."
ရွှီယန်က မျှော်လင့်စွာဖြင့် အကြံပေး၏။
"ကောင်းပြီ.."
မုန့်ချုံက ခေါင်းငြိမ့်သည်။
"ဆရာ ကျွန်တော်အိမ်ကို ပြန်စရာရှိသေးလို့.."
ရွှီယန်က ခဏတာ စဉ်းစားပြီးနောက် ဒီရက်အနည်းငယ်အတွင်းတွင် ချီနှင့်သွေးအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိအောင် ကြိုးစားသင့်သည်ဟု ခံစားရသည်။ ပြီးလျှင် အိမ်သို့ပြန်ကာ သူ၏မိသားစုများအား ကျင့်ကြံရာတွင် ညွှန်ကြားပေးမည် ဖြစ်၏။
"သွားလေ.."
လီရွှမ်က ခေါင်းငြိမ့်သည်။
ရွှီယန်သည် ချီနှင့်သွေးအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိရန် ဝေးကွာခြင်း မရှိတော့ပါ။ ရက်အနည်းငယ်သာ လိုအပ်၏။
သို့ရာတွင် ချီနှင့်သွေး အဆင့်၏ ပြီးပြည့်စုံခြင်းကို ရောက်ရှိခြင်းမှာ မူလအဆင့်ကို ချက်ချင်း ချိုးဖျက်နိုင်ပြီဟု ဆိုလိုခြင်း မဟုတ်ပါ။ ကျင့်ကြံမှုကို တည်ငြိမ်စေရန်အတွက် ခဏတာ လုပ်ဆောင်ပြီးမှ အဆင့်ချိုးဖျက်မှုကို စတင်သင့်ပါသည်။ ထို့အပြင် အဆင့်ချိုးဖြတ်ရာတွင်လည်း အချိန်တစ်ခု လိုအပ်မှာ ဖြစ်၏။
မုန့်ချုံက ဗာဂျရာစိန်အရိုးကို ကျင့်ကြံနေ၏။ သူသည် နေ့စဉ်နေ့တိုင်း ပိုမိုသန်မာလာနေပြီး တစ်လအတွင်းတွင် ဗာဂျရာစိန်အရိုးအား သန့်စင်မှု ပြီးမြောက်လောက်ပါသည်။
ရှီအာမှာ အားကျမှု အပြည့်ဖြင့် ရှိနေ၏။ သူလည်းပဲ အရိုးသန့်စင်ခြင်းအား စတင်နေပါပြီ။ ထိုဖြစ်စဉ်ကို ကိုယ်တိုင် ကြုံတွေ့ပြီးမှသာလျှင် ခက်ခဲမှုကို နားလည်လာခဲ့၏။
အရိုးသန့်စင်ခြင်း၏ အစပိုင်းတွင် ခံစားရသည့် မရေမတွက်နိုင်သည့် ပုရွှက်ဆိတ်များ တွားသွားသကဲ့သို့ နာကျင်မှုက အလွန်မခံမရပ်နိုင်အောင် ရှိလှသည်။
စိတ်ဆန္ဒအားနည်းသည့် လူများဆိုလျှင် ကျယ်လောင်စွာ အော်နေရလောက်၏။ တစ်ကြိမ်အော်လိုက်လျှင် ချီနှင့်သွေးက ရပ်တန့်သွားပြီး အရိုးသန့်စင်ခြင်းလည်း ရပ်တန့်သွားသည်။ ဤနည်းအားဖြင့် အရိုးသန့်စင်ခြင်းကို ပြီးမြောက်ရန်မှာ အလွန် ခက်ခဲလာခဲ့၏။
ရှီအာ၏ သန်မာသည့် စိတ်ခွန်အားနှင့် ပင်လျှင် အကြိမ်ပေါင်းများစွာ တောင့်မခံနိုင်အောင် ဖြစ်ခဲ့သည်။ သို့ရာတွင် နောက်ဆုံးတွင် အံကိုကြိတ်ကာ အခက်ခဲဆုံးအဆင့်ကို ကျော်လွှားနိုင်ခဲ့၏။
ထိုအချိန်၌ အရိုးသန့်စင်ခြင်းမှ ယူဆောင်လာသည့် ပြောင်းလဲမှုများကို သူခံစားနိုင်လာခဲ့သည်။ သူ၏ခွန်အားက သိသာစွာ မြင့်တက်လာခဲ့၏။
'ရွှေအရိုးကိုတော့ ငါမမျှော်လင့်ရဲဘူး။ ဒါပေမယ့် ကြေးအရိုးကတော့ ငါ့ရဲ့ပန်းတိုင်ပဲ..'
ရှီအာက ကိုယ့်ကိုယ်ကို ပန်းတိုင်တစ်ခုအား သတ်မှတ်၏။ မိမိကိုယ်တိုင်သာလျှင် ကိုယ့်ကိုယ်ကိုယ်၏ အခြေအနေကို အကောင်းဆုံး သိရှိပါသည်။
ရွှေအရိုးမှာ သူ့အတွက် အလွန် အလှမ်းဝေးကွာလှ၏။ မူလပါရမီ လိုအပ်ချက်ကြောင့် အောင်မြင်နိုင်မည်မဟုတ်ပေ။ ကြေးအရိုးကတော့ အောင်မြင်နိုင်ဆဲ ရှိ၏။
"သင်၏တပည့် ရွှီယန်သည် ချီနှင့်သွေးအဆင့်၏ ပြီးပြည့်စုံခြင်းကို ရောက်ရှိသည်။ သင်၏ ချီနှင့်သွေးတို့ ပိုမို မြင့်တက်လာခဲ့သည်.."
ရွှီယန်၏ ချီနှင့်သွေးအဆင့်ကို လုံးဝ ကျော်လွှားနိုင်ခဲ့ပြီးနောက် ရွှေလက်ချောင်းက တန်ပြန်အကျိုးပြုမှု ရောက်ရှိလာခဲ့၏။
'ခွန်အားအဆင့် ခြားနားချက်ကြောင့် တန်ပြန်အကျိုးပြုမှုက အားနည်းလွန်းသွားတယ်... ဒါပေမယ့် အစစ်အမှန်ချီကတော့ နှစ်ဆလောက် တိုးမြှင့်လာခဲ့တယ်..'
လီရွှမ်က အနည်းငယ် သက်ပြင်းချသည်။ သူ၏ အစစ်အမှန်ချီက နှစ်ဆ တိုးလာပေမယ့် မူလအဆင့်၏ စတင်ခြင်း၌သာ ရှိနေသေး၏။ စွမ်းအားတို့ ပိုမိုကြီးထွားလာသည်သာ ရှိသည်။
''သန့်စင်သော ဓားနှလုံးသားက အထွတ်အထိပ်ကို ရောက်ရှိလာပြီး ဓားတာအိုရဲ့ အခြေခံက ပြည့်စုံသွားပြီ။ ငါဓားဆန္ဒကို နားလည်သဘောပေါက်အောင် ကြိုးစားသင့်လား..'
လီရွှမ်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။ အချိန်အတော်ကြာပြီးနောက် ဓားဆန္ဒအား ဖမ်းဆုပ်နိုင်ခြင်း မရှိဘဲ ဖြစ်နေပြီး ထိုကိစ္စကို စိတ်ထဲမှ ထုတ်လိုက်ရသည်။
'ထားလိုက်ပါတော့.. ဒီလောက် ပင်ပန်းစရာကောင်းတဲ့ အလုပ်တွေကို ငါ့တပည့်တွေကိုပဲ လက်လွှဲထားလိုက်တာ ပိုကောင်းမယ်..'
ယခုအချိန်၌ ရွှီယန်၏ ချီနှင့်သွေးအဆင့်က ပြီးပြည့်စုံသွားပြီး မူလအဆင့်နှင့် ဝေးကွာခြင်း မရှိတော့ပေ။
ရွှီယန် မူလအဆင့်သို့ ချိုးဖျက်မှု မပြုခင်တွင် မုန့်ချုံကို သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ပြီး ချီနှင့်သွေးအဆင့်ကို ရောက်ရှိနိုင်ရန် လီရွှမ် မျှော်လင့်၏။
အသစ်တီထွင်ထားသည့် သိုင်းစနစ်နှင့် သူ၏တပည့်အသစ်သည် မည်ကဲ့သို့သော တန်ပြန် အကျိုးပြုမှုတို့ကို ပေးဆောင်လာမည်နည်း..
ပိုမိုအရေးကြီးသည်မှာ ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်၏ အထောက်အပံဖြင့် သူ၏ ခံနိုင်ရည်တို့ မြင့်တက်လာမှာ ဖြစ်သည်။
လှုပ်ရှားမှု ကင်းမဲ့စွာဖြင့် ရပ်နေလျှင်တောင် အတွင်းဘက်နယ်မြေရှိ သိုင်းသမားများက သူ၏ အကာအကွယ်ကို ချိုးဖျက်နိုင်ခြင်း မရှိမှာဖြစ်နိုင်၏။
ရွှီယန်က ချီနှင့်သွေးအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးနောက် ခြံဝန်းငယ်ဆီသို့ ပြန်ခဲ့သည်။ သူ၏အဆင့်ကို တည်ငြိမ်အောင် ပြုလုပ်ပြီး မူလအဆင့်ကို ချိုးဖြတ်ရန်အတွက် စတင် ပြင်ဆင်၏။
သူသည် ယွင်ရှန်းမြို့ငယ်၏ အပြင်ဘက်သို့ မကြာခဏသွားကာ တောင်ပေါ်တွင် ထိုင်ခြင်း၊ ဓားဆန္ဒအား လေ့လာခြင်း၊ နဂါးနိုင်လက်ဝါးသိုင်းအား ကျင့်ကြံခြင်း၊ အနှစ်သာရအား ဖမ်းဆုပ်ခြင်းတို့ကို ပြုလုပ်လေ့ ရှိသည်။ သို့ရာတွင် မည်သည့် သိသာသည့် တိုးတက်မှုမှ ပေါ်လာခြင်း မရှိပါ။
ရွှီယန်၏ ချီနှင့်သွေးအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးနောက် ၁၀ရက်အကြာတွင်... ကျင့်ကြံမှု အတွင်း၌ မုန့်ချုံ၏ ခန္ဓာကိုယ်၌ ရွှေရောင် အလင်းဖျော့ဖျော့တစ်ခု စတင် ထုတ်လွှတ်လာပြီး သူ၏ အငွေ့အသက်က ကြီးစွာပြောင်းလဲလာခဲ့သည်။
လီရွှမ်က တိတ်ဆိတ်စွာ ကြည့်နေ၏။ သူ၏ ဒုတိယတပည့်လည်း သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်တော့ပေမည်။
ရှီအာက အဝေးမှ ကြည့်နေပြီး အားကျစွာ ရှိနေ၏။ မုန့်ချုံက စတင်ခြင်းအဆင့်သို့ ဝင်ရောက်တော့မည် ဖြစ်ပေမယ့် သူ၏ခရီးစဉ်မှာတော့ အတိုင်းအဆ မဲ့လောက်အောင် ဝေးကွာသေးလွန်းသည့်ပုံ ရှိသည်။
'ဆရာ သူ့ကို တပည့်အဖြစ် လက်ခံခဲ့တာ အံ့သြစရာမရှိဘူး။ ပါရမီက အရမ်းကို ကောင်းလွန်းတယ်။ ငါလည်း ကံကောင်းစွာနဲ့ သိုင်းပညာကို ထိတွေ့ခွင့် ရလာခဲ့တယ်။ ကြိုးကြိုးစားစား လေ့ကျင့်ပြီး သခင်ကြီးကို ခစားရမယ်..'
ရှီအာက မနေနိုင်ဘဲ နှလုံးသားထဲတွင် သက်ပြင်းချမိသည်။
ထိုအချိန်၌ ရွှေရောင်အလင်းဖြင့် လွှမ်းခြုံနေသည့် မုန့်ချုံသည် တဖြည်းဖြည်းနှင့် ရွှေခေါင်းလောင်း တစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံထားရသကဲ့သို့ ဖြစ်လာခဲ့သည်။
အချိန်ကြာလာသည်နှင့် အမျှ ရွှေရောင် လူသားလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားသည့်ပုံ ပေါ်ပြီး အနှိုင်းမဲ့သည့် အငွေ့အသက်တစ်ခုက စုစည်းလာခဲ့သည်။
လီရွှမ်က အသိအမှတ်ပြုစွာ ခေါင်းငြိမ့်၏။
'ငါ့ရဲ့ ဒီဒုတိယတပည့်က အားဟတ်ဗာဂျရာ တစ်ယောက်ရဲ့ အသွင်အပြင် ရှိတယ်။ ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်က သူနဲ့ ပြီးပြည့်စုံတဲ့ လိုက်ဖက်ညီမှု တစ်ခုပဲ..'
'ခရက် ခရက်.."
ရုတ်တရက် ကြွက်သားနှင့် အရိုးများ၏ အသံများ ထွက်ပေါ်လာခဲ့သည်။ မုန့်ချုံ၏ ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်က ပိုမိုပိုမိုကာ အားကောင်းလာခဲ့၏။
သူ၏ ကြွက်သားများက တုန်ခါနေပြီး ခန္ဓာကိုယ်အတွင်း၌ မိုးခြိမ်းသကဲ့သို့ အသံများ စတင် ထွက်ပေါ်လာခဲ့သည်။
ချီနှင့်သွေးက ရွှေရောင်အလင်းကဲ့သို့ ပြောင်းလဲသွားပြီး ရွှေခေါင်းလောင်းတစ်ခုကို စုစည်းလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွား၏။ ပြင်းထန်သော အငွေ့အသက်က မုန်တိုင်းတစ်ခုနှယ် မုန့်ချုံ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
"ဘုန်း.."
မိုးခြိမ်းသံ မြည်ဟီးကာ ရွှေခေါင်းလောင်းက ပေါ်လာ၏။
"ဘုန်း.."
ရွှေခေါင်းလောင်း၏ ပေါ်လာမှုနှင့်အတူ ခေါင်းလောင်းတီးသံများ ထွက်ပေါ်လာသည့်ပုံ ရှိသည်။
ချီနှင့်သွေး ရွှေခေါင်းလောင်းနှင့် အကြည်နှင့်ရွှေရောင်အလင်းတို့က မုန့်ချုံကို လွှမ်းချုံနေပြီး မိုးခြိမ်းသံများက ပိုမိုပိုမိုကာ ကျယ်လောင်လာခဲ့သည်။
အချို့ အိမ်နီးနားချင်းများ ဆိုလျှင် ကောင်းကင်သို့ မော့ကြည့်နေပြီး ပဟေဠိဖြစ်စွာ ရှိကုန်ကြ၏။ ယခုကဲ့သို့ ကြည်လင်နေသည့် နေ့တစ်နေ့တွင် အဘယ်ကြောင့် မိုးခြိမ်းသံများ ထွက်ပေါ်လာရသနည်း။
ဖြစ်နိုင်သည်မှာ ယွင်ရှန်း အုပ်ချုပ်သူ၏ သမာဓိတို့ ပျက်ပြားသွားလို့လား။ ထို့ကြောင့် ကြည်လင်နေသည့် ကောင်းကင်တွင် မိုးများ ခြိမ်းနေသည်လား။
သို့မဟုတ် ယွင်ရှန်းကောင်တီတွင် မမျှတသည့် အဖြစ်ဆိုးတစ်ခု ဖြစ်ပျက်ခဲ့၍လား။
လီရွှမ်က မျက်မှောင်ကြုံ့သွား၏။ သူ၏ လက်ဝါးကို ဝှေ့ရမ်းလိုက်ပြီးနောက် အစစ်အမှန်ချီက မြင့်တက်လာခဲ့သည်။ ခြံဝန်းတစ်ခုလုံးကို လွှမ်းခြုံထားပြီး မုန့်ချုံ၏ အဆင့်ချိုးဖြတ်သည့် အရှိန်အဝါတို့ကို ဖုံးကွယ်လိုက်၏။
"ယား.."
မုန့်ချုံက အော်လိုက်၏။ သူ၏ အရိုးနှင့် ကြွက်သားများက မိုးခြိမ်းသကဲ့သို့ ရှိနေပြီး ချီနှင့်သွေးက ရွှေခေါင်းလောင်းတစ်ခုအဖြစ် စုစည်းလာခဲ့သည်။
ခန္ဓာကိုယ်တစ်ခုလုံးတွင် အကြည်နှင့်ရွှေရောင် အလင်းဖြင့် တောက်ပနေပြီး ကြွက်သားများက ပိုမိုသန်မာလာခဲ့သည်။
ချီနှင့်သွေးကို လှည့်လည်ရင်းနှင့် ခန္ဓာကိုယ်က ပိုမိုရှည်တက် လာခဲ့၏။ သူ၏ ကြံ့ခိုင်သည့် ပုံရိပ်က ပိုမိုကာပင် ခိုင်မာ တောင့်တင်းလာခဲ့သည်။ ဝတ်ဆင်ထားသည့် သားရေဘောင်းဘီကို စုတ်ဖြဲလုမတတ် ဖြစ်သွားစေခဲ့၏။
'ငါ သိုင်းပညာကို စတင်နိုင်ခဲ့ပြီ။ ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်ကို ကျင့်ကြံနိုင်ခဲ့ပြီ..'
မုန့်ချုံက အလွန် စိတ်လှုပ်ရှားနေ၏။ ဒီအချိန်၌ သူ၏ ကိုယ်ပိုင် ခွန်အားကို ခံစားနိုင်ပါသည်။ သံမဏိပင်လျှင် သူ၏ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။
ရွှေခေါင်းလောင်းက ချက်ချင်း လွှမ်းခြုံနိုင်ကာ မည်သည့် တိုက်ခိုက်မှုကိုမဆို လျစ်လျူရှု့နိုင်၏။ သူ့တွင် မည်သည့် အားနည်းချက်မှ တည်ရှိမနေပါ။
ပြင်းထန်သော ခွန်အားနှင့် ခံနိုင်ရည်ကို ချိုးဖျက်သည်မှလွဲ၍ အခြားထိခိုက်စေမည့် နည်းလမ်း မရှိတော့ပေ။
မုန့်ချုံတွင် ခံစားချက်တစ်ခု ရှိနေ၏။ အဆင့်တူတွင် သူ့သည် ပြိုင်ဘက်မရှိဘဲ အရာအားလုံးကို ရှင်းထုတ်နိုင်မည်ဟု ယုံကြည်ပါသည်။
ရှီအာက မုန့်ချုံ၏ ကြမ်းကြုတ်လှသည့် အငွေ့အသက်ကြောင့် အံ့သြသွား၏။ ဤသည်မှာ သိုင်းပညာ၏ စတင်ခြင်းသာ ဟုတ်ရဲ့လား။ အလွန် ကြောက်စရာ ကောင်းနေပါသည်။
သူ၏ ကိုယ်ပိုင် ချီနှင့်သွေးတို့ ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိလျှင်တောင် အဆင့်ချိုးဖျက်ခါစ ရှိသေးသည့် မုန့်ချုံကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဟု ခံစားရ၏။
ခြားနားချက်က ကြီးမားလှပါသည်။
"လာခဲ့။ ငါ့ရဲ့ ခန္ဓာကိုယ်ကို ဓားနဲ့ခုတ်ကြည့်.."
မုန့်ချုံက စိတ်လှုပ်ရှားစွာဖြင့် ရှီအာကို လှမ်းခေါ်လိုက်သည်။ ထို့အပြင် ရွှီယန်က လက်ဆောင်ပေးထားသည့်အဖိုးတန် ဓားမော့ကို အသုံးပြုခိုင်းလိုက်၏။
"ကောင်းပြီ.."
ဒီအကြိမ်တွင် ရှီအာဟာ တုံ့ဆိုင်းခြင်း မရှိပါ။ အဖိုးတန်ဓားမော့(ဆေဘာ)ကို ကိုင်လိုက်ပြီးနောက် ရှေ့သို့ပြေးတက်ကာ ခွန်အားအားလုံးကို အသုံးပြုပြီး မုန့်ချုံကို ခုတ်ပိုင်းလိုက်၏။
နောက်ဆုံးတွင် ဒုတိယတပည့်သည် စတင်ခြင်းအဆင့်သို့ ဝင်ရောက်ခဲ့လေပြီ။ လီရွှမ်က တောက်ပစွာ ပြုံး၏။
မုန့်ချုံ၏ သူ၏ခန္ဓာကိုယ်အား ဓားမော့ဖြင့် စမ်းသပ်နေမှုကို လျစ်လျူရှုကာ ရှည်လျားစွာ စောင့်စားနေခဲ့သည့် ရွှေလက်ချောင်းကို မျှော်နေ၏။