မူလစိတ်ဝိဉာဉ်အရိုး၊ လေမိုးကြိုး ဗာဂျရာလက်သီး
Vol. 6 Ch. 88
မုန့်ချုံက အဆင့်ချိုးဖျက်ကာ သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်သွားပြီးနောက် လီရွှမ်၏ စိတ်ထဲတွင် ရင်းနှီးသည့် ရွှေရောင်အလင်းက တောက်ပစွာနှင့် လှပစွာ ထွက်ပေါ်လာခဲ့သည်။
"သင်၏တပည့် မုန့်ချုံသည် သင်ဖန်တီးပေးထားသည့် ကျင့်စဉ်ကို ကျင့်ကြံပြီး သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်သွားခဲ့သည်။ သင်သည် ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်ကို တတ်မြောက်သွားခဲ့သည်.."
"ဘုန်း.."
ရွှေလက်ချောင်းမှ တန်ပြန် အကျိုးပြုမှုများနှင့် အတူ လီရွှမ်၏ စိတ်ထဲ၌ ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်၏ ကျင့်စဉ်အပြည့်အစုံတို့ ပေါ်လာကြောင်းကို တွေ့လိုက်ရသည်။
ထိုအချိန်၌ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ပိုမို သန်မာလာခဲ့၏။ သူသည် မူလအဆင့်သို့ ရောက်ရှိပြီး ဖြစ်ပေမယ့် ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်အား အသုံးပြုနိုင်ဆဲ ရှိသည်။
အစစ်အမှန်ချီနှင့် ရွှေခေါင်းလောင်းကို အသက်သွင်းလိုက်ပါက ခံနိုင်ရည်က အနှိုင်းမဲ့ လာခဲ့၏။ အံ့သြစရာကောင်းလောက်အောင် စွမ်းအားကြီးလာခဲ့၏။ ခန္ဓာကိုယ်ကျင့်ကြံခြင်း စနစ်၏ သိုင်းပညာအခြေခံကို ခိုင်မာစွာ ချမှတ်ခဲ့လေသည်။
ကျောက်စိမ်းအရိုးပေါ်တွင် စိန်ရောင် အလင်းဖျဖျက ထွက်ပေါ်လာပြီး ဗာဂျရာ၏ အငွေ့အသက်ကို သယ်ဆောင်ထားသည်။
ဤသည်မှာတော့ ဗာဂျရာစိန်အရိုးနှင့် ကျောက်စိမ်းအရိုးတို့၏ ပေါင်းစပ်မှုဖြစ်ပြီး အရိုးတွင် ပြောင်းလဲမှုအချို့ ပေါ်လာသည့်ပုံပါ။
"သင်၏ ကျောက်စိမ်းအရိုးနှင့် ဗာဂျရာစိန်အရိုးတို့ ပေါင်းစပ်သွားခဲ့ပြီး မူလစိတ်ဝိဉာဉ်အရိုးအား ရရှိလာခဲ့သည်.."
ရွှေရောင်အလင်းက ထွက်ပေါ်လာခဲ့၏။
"မူလစိတ်ဝိဉာဉ်အရိုး..."
ထိုအချိန်၌ လီရွှမ်သည် ခန္ဓာကိုယ်တစ်ခုလုံး သိမ်မွေ့နက်နဲလာသည်ဟု ခံစားရသည်။ သူ၏ အပြစ်အနာအဆာ ကင်းမဲ့သည့် ကျောက်စိမ်းအရိုးများက စိန်အရောင်ဖြင့် လင်းလက်နေပြီး စိတ်ဝိဉာဉ်ဆွဲဆောင်မှုတစ်ခုဖြင့် ဝန်းရံနေပါသည်။ နတ်ဘုရားအရိုးများဖြင့် မွေးဖွားလာသည့်နှယ် ရှိ၏။
မူလစိတ်ဝိဉာဥ်အရိုး၏ ထွက်ပေါ်လာမှုနှင့် အတူ လီရွှမ်၏ မူလအစစ်အမှန်ချီလည်း ပိုမိုသန့်စင်ကာ ပိုမိုအားကောင်းလာခဲ့သည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီ ဆုံးရှုံးမှုကြောင့် ပြင်းထန်လာသည့် သဘာဝ၏ စိတ်ဝိဉာဥ်စွမ်းအင်သည် သူ၏ ခန္ဓာကိုယ်သို့ ဝင်ရောက်ပြီးနောက် ညင်သာလာခဲ့သည်။
'ကျောက်စိမ်းအရိုးနဲ့ ဗာဂျရာအရိုးကို ပေါင်းစပ်တာက မထင်မှတ်ထားတဲ့ ရလဒ်တစ်ခုကို ထွက်ပေါ်လာစေခဲ့တယ်။ မူလစိတ်ဝိဉာဉ်အရိုးက တကယ့်ကို ထင်မထားမိတဲ့အရာပဲ..'
လီရွှမ်၏ နှလုံးသားက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေ၏။ သူ့အနေနှင့် ကျောက်စိမ်းအရိုးနှင့် ဗာဂျရာစိန်အရိုးတို့၏ ထပ်ဆင့်မှုကြောင့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာကာ ပိုမိုသန်မာလာမည်ဟု တွေးထားပေမယ့် ဆင့်ကဲပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ကာ မူလစိတ်ဝိဉာဥ်အရိုးကို ရရှိလာမည်ဟု ထင်မထားခဲ့ပေ။ အဆင့်က တစ်ခါတည်း မြင့်တက်သွားခဲ့၏။
ဘာပဲဖြစ်ဖြစ် ကျောက်စိမ်းရိုးပဲဖြစ်ဖြစ်၊ စိန်အရိုးပဲဖြစ်ဖြစ် အားလုံးတို့မှာ မွေးဖွားလာပြီးမှ သန့်စင်ယူထားခြင်း ဖြစ်၏။ မူလစိတ်ဝိဉာဥ်အရိုးနှင့် နှိုင်းယှဉ်ပါက များစွာ နိမ့်ကျနေပါသေးသည်။
ထို့အပြင် သူ၏ မူလစိတ်ဝိဉာဉ်အရိုးသည် ကျောက်စိမ်းအရိုးနှင့် ဗာဂျရာစိန်အရိုးတို့၏ အားသာချက်များအား ပေါင်းစပ်ထားခြင်း ဖြစ်၏။
'ငါ.. တပည့်တွေ ထပ်ပြီးတော့ လက်ခံဖို့ လိုအပ်တယ်။ အခု ငါ့မှာ စိန်အရိုးနဲ့ ကျောက်စိမ်းအရိုး ရှိနေပြီးပြီဆိုတော့ နောက်တစ်ကြိမ်ကျရင် ဘယ်အရာကို ရွေးချယ်ရမလဲ..'
လီရွှမ်၏ မျက်လုံးများက လင်းလက်နေပြီး တပည့်သစ်တစ်ယောက်အား လက်ခံရန်အတွက် စတင်စဉ်းစားလာခဲ့သည်။ အချိန်အတော်ကြာပြီးမှ သူသည် စိတ်လှုပ်ရှားမှုမှ ပြန်လည် တည်ငြိမ်လာနိုင်၏။
တပည့်အသစ်ကို လက်ခံရန်မှာ လွယ်ကူခြင်း မရှိပေ။ သိုင်းပညာစနစ် တစ်ခုကို တီထွင်မှသာလျှင် အရိုးအမျိုးအစား အသစ်ကို ရရှိနိုင်မှာ ဖြစ်၏။
ခြံဝန်းအတွင်းတွင် ရှီအာက အဖိုးတန်ဓားမော့ကို ကိုင်စွဲကာ မုန့်ချုံကို တစ်ကြိမ်ပြီးတစ်ကြိမ် ခုတ်ပိုင်းနေ၏။
ကျယ်လောင်သည့် အသံများအား ထွက်ပေါ်လာစေသည်။ သို့ပေမယ့် မုန့်ချုံကို ထိခိုက်နိုင်စွမ်း လုံးဝ မရှိပေ။ အဖိုးတန်ဓားကို ကိုင်ဆောင်ထားလျှင်တောင် ဤသည်မှာလည်း ချွင်းချက် ဖြစ်မနေပါ။
ရှီအာက နက်ရှိုင်းစွာ အံ့သြသွား၏။ မုန့်ချုံ၏ စွမ်းအားကြီးမားသည့် ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် စစ်သည်ပေါင်းထောင်ချီ၏ အလယ်တွင် ရပ်နေကာ တိုက်ခိုက်ခိုင်းလျှင်တောင် ထိခိုက်မှု လုံးဝရှိမည် မဟုတ်ပေ။
ရှီအာက ခုတ်ချက်များကို ရပ်တန့်လိုက်၏။ သူ၏လက်များက အားနည်းလာခဲ့သည်။
'အရမ်းကို သန်မာလွန်းတယ်..'
သူ၏မျက်နှာက အားကျမှုတို့ဖြင့် ပြည့်နက်နေ၏။
ထိုအချိန်၌ မုန့်ချုံလည်း အလွန် စိတ်လှုပ်ရှား နေပါသည်။ သူက လက်သီးများကို ဆုပ်ကာ ကိုယ့်ကိုယ်ကို၏ ခွန်အားကို ခံစားကြည့်၏။ ဤသည်မှာ သိုင်းပညာ၏ စတင်မှုသာ ရှိပါသေးသည်။
"စီနီယာအကို... သွားပြီးတော့ ပြိုင်ကြည့်ရအောင်.."
မုန့်ချုံသည် ရွှီယန်နှင့် ယှဉ်ပြိုင်မှု ပြုလုပ်ရန်အတွက် မစောင့်နိုင်အောင် ရှိနေ၏။
"ကောင်းပြီ.."
ရွှီယန်က ခေါင်းငြိမ့်သည်။ နှစ်ယောက်သား မြို့ထဲမှ တစ်ခါတည်း ထွက်ခွာသွားပြီး မြို့အပြင်ဘက်ရှိ တောအုပ်ဆီသို့ ရောက်ခဲ့ကြ၏။
ရှီအာက တိုက်ပွဲကို ကြည့်ရှုရန်အတွက် စိတ်လှုပ်ရှားစွာဖြင့် လိုက်လာခဲ့သည်။ လီရွှမ်လည်း ရှေ့သို့ ခြေတစ်လှမ်းတက်ခါ တော၏အထက်သို့ ရောက်ရှိသွား၏။
တပည့်နှစ်ယောက်၏ ယှဉ်ပြိုင်မှုအား ကြည့်ရှု့လေသည်။
"ဂျူနီယာညီလေး... မင်းက သိုင်းပညာရဲ့ စတင်ခြင်းအဆင့်ကိုပဲ ဝင်ရောက်သေးတယ်။ ဒါကြောင့် ငါလည်း မင်းနဲ့ယှဉ်ပြိုင်ဖို့အတွက် စတင်ခြင်းအဆင့်ရဲ့ ခွန်အားကိုပဲ အသုံးပြုမယ်.."
ရွှီယန်က ပြုံးရင်းနှင့် သူ၏ သွေးနှင့်ချီကို ဖိနှိပ်လိုက်သည်။ သိုင်းပညာ၏ စတင်ခြင်းအဆင့်ရှိ သွေးနှင့်ချီသာလျှင် ပေါ်လာခဲ့၏။ သူလည်း ခန္ဓာကိုယ် ကျင့်ကြံခြင်း သိုင်းပညာ၏ မည်မျှ စွမ်းအားကြီးမှုကို မြင်တွေ့လိုနေပါသည်။
သူ၏ သန့်စင်သည့် သိုင်းပညာစနစ်က အဆင့်တူများအကြားတွင် သာလွန်မှု ရှိလားဟု သိချင်နေ၏။
မုန့်ချုံ သန့်စင်ထားသည်မှာ ဗာဂျရာစိန်အရိုး ဖြစ်သည်။ ရွှီယန် သန့်စင်ထားသည်မှာတော့ ကျောက်စိမ်းအရိုး ဖြစ်၏။ သီအိုရီအရ သူတို့၏ သိုင်းပညာအခြေခံများမှာ တူညီသည့် အဆင့်တွင် ရှိနေပါသည်။ ခွန်အားသည် တစ်ဦးချင်းစီ အပေါ်တွင် မူတည်နေ၏။
ရွှီယန်က ဓားသိုင်းပညာနှင့် နဂါးနိုင်လက်ဝါးသိုင်းတို့ကို ကျင့်ကြံထားပြီး မုန့်ချုံမှာတော့ မည်သည့်သိုင်းပညာကိုမှ ကျင့်ကြံဖူးခြင်း မရှိသေးပေ။
သို့ရာတွင် ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်ကို ကျင့်ကြံခြင်း မပြုခင်က သူသည် သိုင်းလောကရှိ ထိပ်တန်းသိုင်းသမားတစ်ယောက်ဖြစ်ခဲ့၏။ ထို့ကြောင့် အတွေ့အကြုံ နုနယ်သူ မဟုတ်ပါ။ သူလည်းပဲ သိုင်းကွက်များကို သိထား၏။
"စီနီယာအကို... လာခဲ့.."
မုန့်ချုံ၏ ခန္ဓာကိုယ်က အကြည်နှင့်ရွှေရောင် အလင်းဖြင့် တောက်ပလာခဲ့၏။ သူ၏ပုံက ပိုမိုသန်မာလာပုံ ပေါ်ပြီး ကြွက်သားများက တုန်ခါလာခဲ့သည်။ ဗာဂျရာအားဟက်တစ်ယောက်ကဲ့သို့ သန်မာသည့် အရှိန်အဝါက ထွက်ပေါ်လာခဲ့၏။
ရွှီယန်၏ မျက်နှာက လေးနက်သွားသည်။ သူ၏ မီးကဲ့သို့ ပူလောင်သည့် သွေးနှင့်ချီတို့ မြင့်တက်လာခဲ့၏။ သွေးနှင့်ချီက အလွန်သန့်စင်ပြီး မုန့်ချုံ၏ စိန်ရွှေရောင် ခေါင်းလောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်နှင့် တူညီခြင်း မရှိပေ။
"ဘုန်း.."
လက်ဝါးရိုက်ချက် တစ်ခုက မုန့်ချုံ၏ ရင်ဘတ်ပေါ်သို့ တိုက်ရိုက် ထိမှန်၏။
"ဘုန်း.."
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး မုန့်ချုံ၏ ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ သို့ပေမယ့် ထိခိုက်မှု မရှိစွာ ရှိနေ၏။
"စီနီယာအကို ထပ်လာခဲ့.."
မုန့်ချုံ၏ ပုံက စိန်ရွှေရောင် လူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားသည့်ပုံ ပေါ်ပြီး ရင်ဘက်ကိုပုတ်၏။
သူသည် ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်ကို ကျင့်ကြံထား၏။ အနိုင်ယူလိုပါက ခံနိုင်ရည်ကို ချိုးဖျက်ကာ ထိခိုက်အောင် လုပ်နိုင်မှသာ ရပေလိမ့်မည်။
မဟုတ်ပါက အနိုင်ယူဖို့ မဖြစ်နိုင်ပေ။ ဤသည်မှာ တစ်ခုတည်းသော နည်းလမ်းဖြစ်၏။
ရန်သူ၏ တိုက်ခိုက်မှုတို့ မည်မျှပင် အလှည့်အပြောင်းများစေကာမူ၊ မည်မျှပင် အားအင်ကုန်ခမ်းအောင် ကြိုးစားစေကာမူ ရွှေခေါင်းလောင်း အကာအကွယ်ကို ချိုးဖျက်နိုင်ခြင်း မရှိပါက အနိုင်ယူနိုင်မှာ မဟုတ်ပေ။
တိုက်ပွဲ၏ တိုက်စားမှုကို ယှဉ်ပြိုင်ရာတွင် သူကဲ့သို့ ခန္ဓာကိုယ်ကျင့်ကြံသူ သိုင်းသမားတစ်ယောက်သည် ဘယ်လိုလုပ်ပြီး အခြားသူများကို ကြောက်ရွံ့မည်နည်း။
ဒီယှဉ်ပြိုင်ပွဲ၏ အနိုင်ရသူကို ဆုံးဖြတ်ရန်အတွက် ပြင်းထန်သည့် တိုက်ပွဲတစ်ခုအား လိုအပ်ခြင်း မရှိပါ။
ဒီအဆင့်တွင် သိုင်းကွက်များနှင့် အမြန်နှုန်းကို နှိုင်းယှဉ်ပါက မုန့်ချုံသည် ရွှီယန်လောက် ကောင်းမွန်ခြင်း မရှိပေ။ သို့ပေမယ့် ရွှီယန်သာ သူ၏ ခံနိုင်ရည်ကို ချိုးဖျက်နိုင်ခြင်းမရှိပါက သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပါ။
သူ့အနေနှင့် မုန့်ချုံ၏ အားအင်တို့ကို ကုန်ခမ်းအောင် လုပ်ချင်လျှင်လည်း အောင်မြင်နိုင်မည် မဟုတ်လောက်ပါ။ အဘယ်ကြောင့်ဆိုသော် နှစ်ယောက်စလုံး၏ သိုင်းပညာအခြေခံမှာ တူညီသောကြောင့် ဖြစ်၏။
"ကောင်းတယ်.."
ရွှီယန်၏ သွေးများက ဆူပွက်လာပြီး အလွန်စိတ်လှုပ်ရှားလာခဲ့၏။
သူသည်လည်းပဲ အလွန် ဂုဏ်ယူတတ်သည့် လူငယ်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ဂျူနီယာညီတစ်ယောက်ကို ကိုယ်ပိုင် အားသာချက်များအား အသုံးပြုပြီး အနိုင်ကျင့်မည် မဟုတ်ပါ။
ကိုယ်ပိုင်ခွန်အားကို သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ချိန်အထိ ဖိနှိပ်ထားပြီး နဂါးနိုင်လက်ဝါးသိုင်းနှင့် ဓားပညာတို့ကို အသုံးပြုခြင်းပင် မရှိပါ။ သန့်စင်သော ချီနှင့်သွေးဖြင့် တိုက်ခိုက်၏။
"ဘုန်း.."
ရွှီယန်က တိုက်ခိုက်လိုက်ပြန်၏။ သူ၏ ချီနှင့်သွေးက အရှိန်ဖြင့် ပြေးဝင်သွားသည်။
သို့ပေမယ့် ဒီတစ်ကြိမ်တွင် ချီနှင့်သွေးကို ဒီအတိုင်း ပစ်လွှတ်လိုက်ခြင်း မဟုတ်ပါ။ အဲ့ဒီအစား သူ၏ လက်ဝါးထဲတွင် စုစည်းကာ ခန္ဓာကိုယ်၏ လှုပ်ရှားမှုနှင့်အတူ ရှေ့သို့ပြေးတက်ပြီး မုန့်ချုံ၏ ရင်ဘက်ကို ရိုက်ခြင်းဖြစ်၏။
"ဘုန်း.."
မုန့်ချုံက နောက်သို့ ဆုတ်ခွာသွားသည်။ သူ၏ ခန္ဓာကိုယ်၌ ရွှေရောင်အလင်းတို့ လက်လာခဲ့၏။ အချိန်မရွေး လဲပြိုသွားတော့မည့်ပုံ ရှိသည်။ သို့ပေမယ့် ၎င်းသည် ပြန်လည် တည်ငြိမ်လာခဲ့၏။
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားသည်။သူ၏ တိုက်ခိုက်မှုများသည် ခံနိုင်ရည်ကိုပင် ချိုးဖျက်နိုင်ခြင်း မရှိပေဘူးလား။ ဒီကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်က အမှန်တကယ်ကို အလွန် စွမ်းအားကြီးမားလှပါသည်။
မုန့်ချုံ၏ ခန္ဓာကိုယ်အတွင်းမှ ခွန်အားကို သူခံစားနိုင်၏။ လက်ဝါးနှင့် ရင်ဘက်ကို ရိုက်လိုက်သည်မှာ အခြားသိုင်းသမားများသာ ဆိုပါက တန်ပြန်အားကြောင့် လက်တစ်ချောင်းလုံး ထုံကျဉ်သွားမှာပါ။
သို့ပေမယ့် သူ့တွင် အပြစ်အနာအဆာ ကင်းမဲ့သည့် အရိုးများ ရှိ၏။ ခိုင်မာသည့် သိုင်းပညာအခြေခံနှင့် စွမ်းအားကြီးမားသည့် ချီနှင့်သွေးတို့ကြောင့် တန်ပြန်အား၏ သက်ရောက်ခြင်းကို ခံရခြင်းမရှိပါ။
"ထပ်လာခဲ့.."
မုန့်ချုံက အသက်ကို နက်ရှိုင်းစွာရှူပြီး မြင်းထိုင်ခြင်းကို ထိုင်လိုက်သည်။ သူ၏ခန္ဓာကိုယ်ရှိ ရွှေရောင်အလင်းတို့ ပိုမို သန်မာလာခဲ့၏။ ရေတေးတေးနှင့် ရွှေခေါင်းလောင်းတစ်ခု ပေါ်လာပြီး သူ၏ခန္ဓာကိုယ်အား ဖုံးလွှမ်းလာခြင်းကို မြင်နိုင်လာခဲ့သည်။
"လာပြီ.."
ရွှီယန်က အသက်ကို နက်ရှိုင်းစွာရှူပြီး သူ၏လက်ဝါးကို မြှောက်လိုက်သည်။ ချီနှင့်သွေးတို့က စုစည်းလာ၏။
ပြန့်ကျဲခြင်း လုံးဝမရှိတော့ပါ။ မည်သည့် ချီနှင့်သွေးမှ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်ခြင်း မရှိတော့ပေ။
သူက ရှေ့သို့တက်ပြီး လက်ကိုမြှောက်ကာ မုန့်ချုံ၏ ရင်ဘက်ကို ရိုက်လိုက်၏။