ဆရာက လမ်းစဉ်ကိုပဲ သင်ပေးတယ်။ သိုင်းပညာကို မဟုတ်ဘူး(၂)
Vol. 6 Ch. 83
ရွှီယန်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ့်ပြီး ပြောသည်။ "ဆရာ.. ကျွန်တော် အားလုံးကို မှတ်သားထားပါတယ်.."
"အားလုံးလား.."
"မဟုတ်သေးဘူး.."
လီရွှမ်က သစ်ကိုင်းကို မြှောက်လိုက်ပြန်ကာ သူ၏အသံက လေးနက်နေ၏။
"ငါတပည့်... ထပ်ကြည့်ပြီးတော့ မှတ်ထား။ ငါမင်းကို သင်ပေးနေတာက ဓားတာအိုပဲ။ ဓားသိုင်း မဟုတ်ဘူး။ အစစ်အမှန် အဓိပ္ပါယ်ကို ဖမ်းဆုပ်နိုင်အောင်လုပ်.."
ထိုစကားကို ပြောပြီးနောက် သူက လက်ထဲရှိ သစ်ကိုင်းနှင့် ခြေဟန်လက်ဟန်တို့ကို စတင် ပြုလုပ်ပြန်၏။
သို့ပေမယ့် ဒီတစ်ချိန်၌ နှေးကွေးစွာ ပုံဖော်လေသည်။ သူလုပ်ဆောင်သည့် လက်ဟန်များမှာ ပြီးခဲ့တုန်းက ဘဝမှ ထိုက်ကျိ လေ့ကျင့်ခန်း၏ အသွင်အပြင်ကို အခြေခံထားခြင်းဖြစ်၏။
ခြားနားချက်မှာ လက်ရှိအချိန်၌ မူလအစစ်အမှန်ချီအား ထည့်ပေါင်းထားခြင်း ဖြစ်သည်။ ကြည့်လိုက်လျှင် သူက ဖြေးညှင်းစွာ ကနေသည်နှင့် တူ၏။ သို့ပေမယ့် ဓားချီ စီးကြောင်းတစ်ခုကို ဖွဲ့စည်းလာပုံ ပေါ်ကာ သူ၏ ပတ်ဝန်းကျင်တွင် လှည့်ပတ်နေပါသည်။ လှည့်ပတ်မှုနှင့်အတူ ၎င်းသည် ကြောက်စရာကောင်းသည့် အရှိန်အဝါတစ်ခုကို သယ်ဆောင်ထား၏။
ရွှီယန်က မျက်တောင်ခတ်ခြင်းမပြုဘဲ ဆက်ကြည့်နေ၏။ သို့ပေမယ့် သူက အနည်းငယ် ပဟေဠိ ဖြစ်နေပါသည်။
အဘယ်ကြောင့် အလွန် နှေးကွေးနေရသနည်း။ ယခုကဲ့သို့ နှေးကွေးပုံမျိုးနှင့် ရန်သူကို မည်ကဲ့သို့ တိုက်ခိုက်မည်နည်း။
လီရွှမ်က သစ်ကိုင်းနှင့် သရုပ်ပြမှု ပြီးဆုံးပြီးနောက် ထပ်မံမေးပြန်၏။
"ငါတပည့်.. မင်းဒါကိုရော မှတ်သားထားလား.."
"ဆရာ.. ကျွန်တော်အားလုံးကို မှတ်သားထားပါတယ်.."
"ပြီးခဲ့တုန်းက တစ်ခုကိုရော.."
"အဲ့ဒါကိုလည်း မှတ်မိနေပါတယ်.."
သူ၏ တပည့်ဖြစ်သူတွင် အမှန်တကယ်ကို ကောင်းမွန်သည့် မှတ်ဉာဏ်ရှိပါသည်။ အရာအားလုံးကို တစ်ခါတည်း မှတ်မိနိုင်၏။
"ငါတပည့်.. ကြည့်လိုက်ဦး.."
လီရွှမ်က သစ်ကိုင်းကို စတင် လွှဲရမ်းပြန်၏။ ဒီတစ်ကြိမ်တွင် သစ်ကိုင်းက အလွန်လျှင်မြန်စွာ ရွေ့လျားပြီး ဝှေ့ရမ်းရင်းက မြည်သံများပင် ထွက်ပေါ်လာခဲ့သည်။
"မှတ်မိသေးလား.."
ဒီအချိန်၌ ရွှီယန်က အနည်းငယ် မျက်လုံးပြူးသွား၏။ ဓားလှုပ်ရှားမှုများက အကြိမ်တိုင်းတွင် အဘယ်ကြောင့် ခြားနားနေရသနည်း။
"မှတ်.. မှတ်မိပါတယ်.."
ရွှီယန်က ခေါင်းငြိမ့်သည်။
"ပြီးခဲ့တုန်းကဟာကိုရော.."
"မှတ်မိပါတယ်။ ဒါပေမယ့် ၉၀%ပဲ မှတ်မိတော့တယ်.."
ရွှီယန်က အနည်းငယ် မှင်သက်သွား၏။ သူသည် ပြီးခဲ့တုန်းက ပြသခဲ့သည့် နှေးကွေးသည့် ဓားကွက်အားလုံးတို့ကို မှတ်မိပါသေးသည်။ သို့ပေမယ့် ပထမဆုံးပြသခဲ့သည့် ဓားကွက်များကိုတော့ ၉၀%လောက်သာလျှင် မှတ်မိတော့၏။ အနည်းငယ်တို့ကို မေ့သွားခဲ့လေပြီ။
"ငါဘာလို့ မေ့သွားရတာလဲ.."
သူက အလွန် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
လီရွှမ်က ဝမ်းသာသွားပြီး ပြော၏။
"ကောင်းပြီ။ ငါ့တပည့်.. ထပ်ကြည့်လိုက်အုံး.."
သူက ပြောရင်းနှင့် ထပ်မံသရုပ်ပြလိုက် ပြန်၏။
ရွှီယန်မှာ ကြောင်တောင်နေပြီး ဖြစ်သည်။
"ငါမေ့သွားတာ.. မမှတ်မိတော့ဘူးလို့ ပြောတာကို ဆရာက ဘာလို့ ကောင်းပြီလို့ ပြောရတာလဲ.."
"ငါတပည့်.. မင်းမှတ်မိလား.."
လီရွှမ်က သစ်ကိုင်းကိုချကာ မေးလိုက်ပြန်၏။
"ကျွန်တော် ဘာမှ မမှတ်မိလိုက်ဘူး.."
ရွှီယန်က အရှက်ရသည့် မျက်နှာဖြင့် ဝန်ခံစွာပြော၏။
သူသည် ခုနက စိတ်အနှောင့်အယှက် ဖြစ်နေပြီးဆရာပြသခဲ့သည့် ဓားကွက်များကို မှတ်မိခြင်း မရှိခဲ့ပေ။
"ကောင်းတယ်။ ကောင်းတယ်။ ဓားလမ်းစဉ်ကို လေ့လာရာမှာ နောက်ထပ် ခြေတစ်လှမ်းကို မင်းတက်နိုင်ခဲ့ပြီ.. ငါ့တပည့်.."
လီရွှမ်က စိတ်ကျေနပ်စွာဖြင့် ပြောသည်။
"ဟမ်.."
ရွှီယန်က အနည်းငယ် ကြောင်တောင်သွား၏။ သူက ဓားကွက်များကို မှတ်မိခြင်းပင် မရှိပေ။ အဘယ်ကြောင့် ဓားတာအိုကို နားလည်သဘောပေါက်ရန် ပိုမိုနီးကပ်လာရသနည်း။
'မဟုတ်သေးဘူး..'
'ဆရာ့ စကားတွေရဲ့ နက်ရှိုင်းတဲ့ အဓိပ္ပာယ်ကို ငါနားမလည်တာ ဖြစ်မယ်..'
အတွေးထဲတွင် နစ်မြောသွားပြီးနောက် ရွှီယန်၏ စွမ်းအားကြီးမားသည့် စိတ်ကူးယဉ်ခြင်းက စတင်နေရာယူလာ၏။
'ဆရာက.. သူက တာအိုလမ်းစဉ်ကိုပဲ သင်ပေးပြီး သိုင်းပညာကို မသင်ပေးဘူးလို့ အကြိမ်ကြိမ် ပြောခဲ့တယ်။ ငါ့ကို သင်ပေးနေတာက ဓားလမ်းစဉ်ပဲ။ ဓားသိုင်းပညာ မဟုတ်ဘူး...'
'သူဖြစ်စေချင်တာက အစစ်အမှန် အဓိပ္ပါယ်ကို ဖမ်းဆုပ်ပြီး ဓားတာအိုကို နားလည်တာပဲ။ ဓားပညာကို မှတ်သားထားတာကို မဟုတ်ဘူး။ ဒါ့ကြောင့် ငါလုပ်ဖို့လိုတာက ဓားကွက်တွေကို မှတ်သားထားဖို့ မဟုတ်ဘူး..'
'ဒါပေမယ့် ဓားကွက်တွေကို မေ့ဖို့ဆိုတာက..'
'ဓားကွက်တွေရဲ့ ချည်နှောင်မှုကို မခံထားရဖို့ လိုတယ်။ သိုင်းကွက်တွေ အတွင်းမှာ ပုံသေ ရှိမနေရဘူး။ အရာအားလုံးကို အတူတူ ပေါင်းစပ်ပြီး ငါ့ရဲ့နှလုံးသားနောက်ကို လိုက်ရမယ်...'
ချက်ချင်းပင် ရွှီယန်တစ်ယောက် ဆရာ့စကား၏ နက်ရှိုင်းသည့် အဓိပ္ပါယ်အား နားလည်လိုက်သည်ဟု ခံစားရ၏။
သူ၏စိတ်ထဲတွင် ခုနက ပြသခဲ့သည့် ဓားကွက်များ ပြန်လည်ပေါ်လာခဲ့သည်။ မြန်ဆန်ခြင်း၊ နှေးကွေးခြင်း၊ ကြမ်းကြုတ်ခြင်း၊ အလှည့်အပြောင်းများခြင်း... တဖြည်းဖြည်းနှင့် ရှေ့မှ ဓားကွက်များနှင့် နောက်မှဓားကွက်များအားလုံး စိတ်ထဲတွင် စုပေါင်းသွားကြသည်။
ဖြေးညှင်းစွာဖြင့် သူ၏စိတ်ထဲတွင် ဓားသိုင်းပညာ အသစ်တစ်ခု ပေါ်ပေါက်လာသည့်ပုံ ရှိ၏။
'ငါမေ့ပျောက်မှုကို သင်ယူဖို့ လိုအပ်တယ်..'
ရွှီယန်က နှလုံးသားထဲမှ ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်။
"ဆရာ.. ကျွန်တော် တစ်ဝက်လောက်ကို မေ့သွားပါပြီ.." ရွှီယန်က ပြော၏။
"ကောင်းတယ်။ ကောင်းတယ်.."
လီရွှမ်က ဝမ်းသာသွား၏။
သူ၏တပည့်က ဉာဏ်လင်းပွင့်သည့် အခြေအနေသို့ ဝင်ရောက်ခဲ့လေသည်။ ဤသည်က အမှန်တကယ်ကို ကောင်းမွန်သည့် လက္ခဏာရပ် ဖြစ်၏။
ဆိုလိုသည်ကား သူ့တွင် ဓားတာအိုကို ဖမ်းဆုပ်ရန်အတွက် ခိုင်မာသည့် ခြေလှမ်း တစ်ခုအား လှမ်းနိုင်ခဲ့သည်ဟု ဖြစ်၏။
ရွှီယန်မှာ အမှန်တကယ်ကို ဓားတာအိုအတွက် စစ်မှန်သည့် ပါရမီရှင်တစ်ယောက် ဖြစ်ပြီး အလွန် ထူးကဲလှပါသည်။
"ငါတပည့်.. ထပ်ပြီးတော့ ကြည့်လိုက်ဦး.."
လီရွှမ်က ဓားဟန်များကို စတင် ပြပြန်၏။ ဤသည်မှာ ပြီးခဲ့တုန်းက ဓားကွက်များနှင့် ခြားနားနေပါသည်။
တကယ်တော့ သူပြသခဲ့သည့် ဓားကွက်များ အားလုံးတို့သည် ကောင်းမွန်စွာ စဉ်းစားထားခြင်း ဖြစ်သည်။
ပထမဆုံး အကြိမ်မှာ အကြမ်းထည် ဓားသိုင်းတစ်ခုအား ပြသခဲ့ခြင်း ဖြစ်၏။ ပြီးနောက် ထိုက်ကျိ ဓားသိုင်းကို ပြသည်။ ဖြေညှင်းစွာ ရွေ့လျားရင်းက ထိုက်ကျိ၏ စည်းချက်အတိုင်း စီးမျောသွား၏။ တတိယမှာ မြန်ဆန်လှပြီး စတုတ္ထမှာ အလှည့်အပြောင်း များသည်။ ပဉ္စမမှာတော့ လုံးဝရှုပ်ထွေးနေ၏။
သူက နှေးကွေးခြင်းမှ မြန်ဆန်ခြင်း၊ ပုံမှန်မှ လှည့်ပြောင်းသွားခြင်းတို့ အရာအားလုံးကို ပြသခဲ့ရာ ရွှီယန်အနေနှင့် ကိုယ်ပိုင်နားလည်မှုတို့ ရလာခဲ့တာ ပုံမှန်သာ ဖြစ်သည်။
"ဆရာ.. ကျွန်တော် အဲ့ဒါကိုလည်း တစ်ဝက်လောက် မေ့သွားပြီ.."
ရွှီယန်က ကြည့်ရှု့ပြီးနောက် ပြော၏။
"ကောင်းတယ်။ ကြည့်လိုက်ဦး.."
လီရွှမ်က ဆက်လက်သရုပ်ပြ၏။
သူသည် အကြိမ်ပေါင်းများစွာကို အောင်မြင်စွာ ပြသခဲ့လေသည်။ ရွှီယန်က ရှုပ်ထွေးမှု့အချို့ဖြင့် သိရှိခြင်း၊ စဉ်းစား ချင့်ချိန်ခြင်းနှင့် နားလည်သဘောပေါက်ခြင်းတို့ ဖြစ်ပေါ်နေ၏။
သူ၏ စိတ်ထဲတွင် ဓားကွက်များအားလုံးက စုစည်းလာပြန်၏။ တစ်ခုနှင့်တစ်ခု ထပ်ကာ ပေါင်းစပ်ခြင်းသို့မဟုတ် ရောယှက်ခြင်းဖြင့် အကြိမ်ကြိမ် ပေါ်လာနေပါသည်။ ဓားသိုင်းပညာ တစ်ခုလည်း စိတ်ထဲတွင် တဖြည်းဖြည်း ထွက်ပေါ်လာပုံ ပေါ်၏။
လီရွှမ်က ဘေးမှ ရပ်နေရင်းက တပည့်ဖြစ်သူ၏ အတွေးအမြင်များ ရရှိမှုကို ကြည့်နေပါသည်။ အချိန်ကျလုနီးပါပြီ။ သူဖန်တီးထားသည့် ဓားတာအို အဆင့်ကိုလည်း တပည့်ဖြစ်သူကို ရှင်းပြသင့်၏။ ထိုအခါမှသာ ပိုမိုကောင်းမွန်သည့် နားလည်သဘောပေါက်မှုတို့ ရလာမှာ ဖြစ်သည်။။
အောင်မြင်ပါက ဤသည်မှာ နောက်ထပ် ကြီးမားသည့် အကျိုးအမြတ် ရရှိမှာ ဖြစ်၏။
ရွှီယန်၏ မျက်လုံးများက ပွင့်လာ၏။ သူ၏ မျက်လုံးများထဲတွင် အနည်းငယ် ကြောင်တောင်မှုအချို့ ရှိနေပါသည်။
သူသည် ရှုပ်ထွေးစွာ ခံစားနေရ၏။ စိတ်ထဲတွင် ရှုပ်ထွေးသည့် ဓားကွက်များက လှည့်လည်နေပြီး လားရာတစ်ခုကို မရှာနိုင်ဘဲ ရှိနေပါသည်။
မပြီးပြည့်စုံသည့် ဓားသိုင်းက သူ့ကို မှားယွင်းသည့် လမ်းကြောင်းပေါ်သို့ ရောက်နေသည်ဟု ခံစားရစေ၏။
ဆရာဖြစ်သူက ပြသခဲ့သည့် ဓားကွက် အတိအကျကိုလည်း မေ့လျော့သွားခဲ့ပါပြီ။ သူသည် မူလဓားကွက်များကို မည်ကဲ့သို့ ပြသခဲ့သည်အား မှတ်မိနိုင်ခြင်း မရှိတော့ပေ။
"ဆရာ ကျွန်တော် အရာအားလုံးကို မေ့သွားပြီ.."
လီရွှမ်က ကျေနပ်စွာ ပြောသည်။
"ကောင်းတယ်။ အရမ်းကောင်းတယ်။ ကောင်လေး.. မင်းက ဓားတာအိုကို ဖမ်းဆုပ်နိုင်ဖို့ မဝေးတော့ဘူး.."
တပည့်ဖြစ်သူကို တိုတောင်းသည့် အားပေးမှုတစ်ခု ပြုလုပ်လိုက်၏။
အသေအချာပင်။ ထိုစကားကို ကြားရပြီးနောက် ရွှီယန်က ချက်ချင်းပင် တက်ကြွလာပြီး သူ၏ မျက်လုံးများက လင်းလက်လာခဲ့သည်။
"ငါ့တပည့်.. ငါမင်းကို သင်ပေးတာက ဓားရဲ့လမ်းစဉ်ပဲ။ ဒီလောကကြီးမှာ မရေမတွက်နိုင်တဲ့ သိုင်းသမားတွေရှိတယ်။ ဒါပေမယ့် အနည်းစုပဲ ဓားတာအိုကို နားလည်သဘောပေါက် နိုင်ကြတယ်.."
"ဓားတာအိုကို နားလည်ဖို့အတွက် ဓားသိုင်းပညာတွေရဲ့ အကန့်အသတ်ကနေပြီး လွတ်မြောက်နိုင်ဖို့ အရင်ဆုံးလိုအပ်တယ်.."
"ဓားသိုင်းပညာ သို့မဟုတ် ဓားကွက်တွေက ကန့်သတ်ထားတာကို မခံရစေနဲ့.."
လီရွှမ်က ဘေးသို့လှည့်သွားပြီး အဝေးသို့ ခေါင်းမော့ကြည့်သည်။ လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်က သူ့ကို ဝန်းရံနေပြီး ချက်ချင်းပင် စွမ်းအားကြီး ဆရာသခင် တစ်ယောက်၏ ပုံရိပ်က ပေါ်လာခဲ့၏။
ရွှီယန်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားပြီး လေးစားစွာ ပြောသည်။
"ဆရာ.. ကျေးဇူးပြုပြီး ကျွန်တော့်ကို ညွှန်ကြားပေးပါ.."
"မင်းက ငါပြသခဲ့တဲ့ ဓားသိုင်းပညာနဲ့ လှုပ်ရှားကွက်တွေကို မေ့နိုင်တယ် ဆိုတော့ မင်းမှာ ဓားတာအိုအတွက် ပါရမီရှိတယ်လို့ ပြသနေတာပဲ။ မင်းကိုမင်း ဓားသိုင်းနဲ့ ဓားကွက်တွေ အထဲမှာ နစ်မွန်းမသွားခဲ့ဘူး.."
"ဒါပေမယ့် အဲ့ဒါက မလုံလောက်သေးဘူး.."
"မင်းသာ ဓားတာအိုကို နားလည်သဘောပေါက်ချင်တယ်ဆိုရင် ဓားနှလုံးသားအပေါ် ရှင်းလင်းတဲ့ နားလည်သဘောပေါက်မှု ရှိမှပဲ ရမယ်။ အဲ့ဒါမှပဲ ဓားတာအိုအဆင့်ကို တက်လှမ်းနိုင်မှာ.."
လီရွှမ်က နက်ရှိုင်းသည့် အသံဖြင့် ပြော၏။
"ဓားနှလုံးသား.."
ရွှီယန်က မှင်သက်သွားပြီးနောက် လေးစားစွာ မေးသည်။
"ဆရာ.. ဓားနှလုံးသားက ဘာလဲ.."
"ဓားနှလုံးသားက ဓားတာအိုရဲ့ အခြေခံပဲ။ ဓားနှလုံးသားကို အောင်မြင်တဲ့ လူတွေက ဓားကွက်တွေ၊ ဓားသိုင်းတွေရဲ့ ကန့်သတ်မှုကို ကျော်လွန်နိုင်ပြီး ဓားတာအိုအတွက် ရှင်းလင်းတဲ့ နှလုံးသားတစ်ခု ရှိတယ်.."
"ဓားနှလုံးသားရဲ့ အဓိပ္ပာယ်က ဓားတာအိုအတွက် သန့်စင်တဲ့ နှလုံးသားပဲ။ မင်းအနေနဲ့ ဓားသိုင်းပညာအားလုံးကို ဖောက်ထွင်း မြင်နိုင်ပြီး တစ်ချက်ကြည့်တာနဲ့ ဓားကွက်တွေကို မြင်တွေ့နိုင်မယ်ဆိုရင် သူတို့ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို တွေ့မြင်နိုင်ပြီ.."
"တစ်ချက်ကြည့်တာနဲ့ အဲ့ဒီ့ ဓားကွက်တွေကို လွတ်လွတ်လပ်လပ် အသုံးပြုလာနိုင်ပြီး မင်းရဲ့ကိုယ်ပိုင် လှုပ်ရှားကွက်တွေ ဖြစ်လာစေနိုင်တယ်.."
လီရွှမ်က ဓားလမ်းစဉ်အား ကျင့်ကြံရန်အတွက် အခြေခံဖြစ်သည့် သန့်စင်သော ဓားနှလုံးသားကို ရွှီယန်အား ရှင်းပြသည်။
ရွှီယန်က နက်ရှိုင်းစွာ အံ့သြသွား၏။
'သန့်စင်သော ဓားနှလုံးသား... ဓားတာအိုရဲ့ သန့်စင်တဲ့နှလုံးသား... တစ်ချက်ကြည့်တာနဲ့ နားလည်တယ်..'
'ဓားကွက်တွေရဲ့ အားနည်းချက် အားသာချက်တွေကို သိတယ်။ ဘယ်ဓားကွက်ကို မဆို စိတ်ကြိုက် ရွေးချယ်ပြီး မိမိရဲ့ အားသာချက်ဖြစ်အောင် လွတ်လွတ်လပ်လပ် အသုံးပြုနိုင်တယ်..'
စိတ်ထဲတွင် ဆရာပြသခဲ့သည့် သိုင်းကွက်များက ထွက်ပေါ်လာနေ၏။ တဖြည်းဖြည်းနှင့် ဓားသိုင်းပညာတစ်ခုက ပေါက်ဖွားလာခဲ့သည်။
ဓားသိုင်းများ၏ ထပ်ဆင့်ခြင်း၊ ပေါင်းစပ်ခြင်း၊ ယှက်နွယ်နေခြင်းတို့ အကြားမှ ဓားကွက်များကို ထုတ်ယူ၏။
ဓားသိုင်းပညာကို နားလည်နိုင်ပါက ၎င်းတို့ကို ပြီးပြည့်စုံစွာ ပေါင်းစပ်ပြီး သူ၏ ကိုယ်ပိုင် ဓားသိုင်းတစ်စုံအား ဖွဲ့စည်းနိုင်မှာပါ။ ဓားကွက်များကို စိတ်ကြိုက် အသုံးပြုနိုင်မည် ဖြစ်၏။
ဤသည်ကား ရှင်းလင်းသည့် ဓားနှလုံးသား လေလား။ သူက အနည်းငယ် နားလည်လာပြီးနောက် ပြောသည်။
"ဆရာ.. သန့်စင်တဲ့ ဓားနှလုံးသားဆိုတာက ကျွန်တော့်မှာ ဘာဓားသိုင်းပညာ သို့မဟုတ် ဘာဓားကွက်မှ မရှိပေမယ့် အခြားလူတွေရဲ့ ဓားသိုင်းပညာက ကျွန်တော့်ရဲ့ ဓားသိုင်းပဲ။ အခြား လူတွေရဲ့ ဓားကွက်တွေက ကျွန်တော်ရဲ့ဓားကွက်တွေပဲ.."
"ရန်သူရဲ့ ဓားသိုင်းပညာက ကျွန်တော့်အတွက် အတားအဆီး မဖြစ်ဘဲနဲ့ ကြည်လင်နေတယ်။ သူတို့ရဲ့ အားနည်းချက်ကို အလွယ်တကူ တွေ့မြင်နိုင်ပြီး ဘယ်လိုမျိုး ဓားကွက် ထုတ်ဖော်မယ် ဆိုတာကို ခန့်မှန်းနိုင်မယ်..."
လီရွှမ်က ပျော်သွား၏။ ရွှီယန်သည် ဓားနှလုံးသားကို နားလည်ရန် ဝေးကွာခြင်း မရှိတော့ပေ။ သူဖန်တီးထားသည့် ဓားတာအို အဆင့်က နောက်ဆုံးတွင် ပုံပေါ်လာခဲ့ပါပြီ။
"ရိုးရိုးရှင်းရှင်း ပြောရရင် အဲ့ဒီ့စကားက မှန်တယ်။ မင်းပြောသလိုမျိုးပဲ အဲ့ဒါကို အောင်မြင်နိုင်ရင် ဆိုလိုတာက ဓားသိုင်းပညာကို မင်းအောင်နိုင်ပြီလို့ပဲ.."
လီရွှမ်က စိတ်သက်သာရာရသည့် လေးသံတစ်ခုဖြင့် ခေါင်းငြိမ့်သည်။
"ဆရာ.. ကျွန်တော်နည်းနည်း နားလည်လာပြီ။ ဒါပေမယ့် နားမလည်တာတွေ အများကြီး ရှိသေးတယ်..."
ရွှီယန်က အတွေးနက်သွား၏။
"ငါ့တပည့်.. သန့်စင်တဲ့ ဓားနှလုံးသားဆိုတာ ကိုယ့်ဘာသာ နားလည်သဘောပေါက်အောင် လုပ်ရတဲ့ အရာပဲ.."
"မင်းနားလည်သဘောပေါက်လာရင် ဓားလမ်းစဉ်အပေါ် ခြေချနိုင်လာလိမ့်မယ်။ နားလည်သဘောမပေါက် ရင်တော့ ဒီအတိုင်းက ဒီအတိုင်းပဲ.."
လီရွှမ်က လေးနက်စွာ ပြောသည်။
သူသည် ဘယ်တုန်းကမှ သန့်စင်သော ဓားနှလုံးသားကို အောင်မြင်ခြင်း မရှိခဲ့ပါ။ ဒီအတိုင်း တီထွင်ထားခဲ့ခြင်းသာ ဖြစ်၏။ မည်ကဲ့သို့ တတ်မြောက်နိုင်မည်လဲ။ မည်သည့် နည်းလမ်းကို အသုံးပြုရမည်လဲ ဟူသည်ကို သူကဘယ်လိုလုပ်ပြီး သိမည်နည်း။
သူ၏ တပည့်ဖြစ်သူက ကိုယ်ပိုင် ထူးကဲသည့် ပါရမီကို အသုံးပြုပြီး လိုအပ်ချက် အားလုံးကို ဖြည့်ဆည်းကာ ကိုယ်ပိုင် နားလည်သဘောပေါက်နိုင်မှုဖြင့် လေ့လာရမည် ဖြစ်သည်။
"ငါ့တပည့်.. ပထမဆုံး မင်းမှာသန့်စင်တဲ့ ဓားနှလုံးသားရှိဖို့ လိုအပ်တယ်။ မင်းရဲ့ ဓားနှလုံးသားက သန့်စင်နေမှပဲ ဉာဏ်လင်းပွင့်မှုကို ရရှိလာမယ်။ အဲ့ဒီ့အခါ ဓားသိုင်းတွေ ဓားကွက်တွေရဲ့ ကန့်သတ်မှုကို ခံရမှာ မဟုတ်တော့ဘူး.."
"သေသေချာချာ စဉ်းစားပေါ့။ မင်းနားလည်သဘောပေါက်လာမယ်လို့ ငါယုံကြည်တယ်.."
စကားဆုံးပြီးနောက် လီရွှမ်က တောထဲမှ ထွက်ခွာသွား၏။ ရွှီယန် တစ်ယောက်တည်းအား ဖြေးညှင်းစွာ လေ့လာရန် ထားခဲ့လေသည်။