တိတ်ဆိတ်မှုကိုနှစ်သက်သူများ
Vol. 7 Ch. 92
ရှင်းဝမ်ကျဲသည် နတ်ဘုရင်တစ်ဦးနှင့် တန်းတူတိုက်ခိုက်နေသည့် ယွဲ့ဝူယောင်ကို ကြည့်ကာ အလွန်ပင် အံ့အားသင့်နေသည်။ သူတင်မဟုတ်ချေ၊ ထိုတိုက်ပွဲကို ကြည့်ရှုနေသည့် ကျင့်ကြံသူများပင် မယုံကြည်နိုင်ဖြစ်နေကြသည်။ သူတို့သည် ထိုကဲ့သို့ ဖြစ်ရပ်မျိုး မမြင်ဖူးခဲ့ချေ။
ယဲ့ချန်ရန်၏ တိုက်ခိုက်မှုကြောင့် ယွဲ့ဝူယောင်ဒဏ်ရာရသွားသည်ကို တွေ့မြင်လိုက်ကာ ပိုင်ကျန့်ယွီတို့သည် အလွန်ပင် စိုးရိမ်သွား၏။
“မစိုးရိမ်နဲ့၊ အစ်မကြီးကအစွမ်းကုန်ထုတ်တိုက်တော့မှာ”
လုရှင်းယန်သည် ယွဲ့ဝူယောင်ကို စိုက်ကြည့်နေကာပြောလိုက်၏။ ပိုင်ကျန့်ယွီတို့သည်လည်း ထိုအချင်းရာကို မြင်သည့်အချိန်တွင်သက်ပြင်းချလိုက်၏။
ကောင်းကင်ထက်တွင် ယွဲ့ဝူယောင်သည် သူမ၏ ဒဏ်ရာကို အအေးစွမ်းအင်ဖြင့် ကာကွယ်ထားလိုက်သည်။ တစ်ခဏ အတွင်းမှာတွင် သူမ၏ ခရမ်းရောင်ဆံနွယ်များသည် လေမတိုက်သော်ငြားလည်း ယိမ်းနွဲ့လာ၏။ ထို့နောက်တွင် ကြည့်ရှုနေသူများသည် ကောင်းကင်ထက်မှ သေးငယ်လွန်းသည့် ခရမ်းရောင်အမှုန်လေးများကျဆင်းလာသည်ကို သတိထားမိသွားသည်။
“နှင်းတွေလား၊ နှင်းက အဖြူရောင်မဟုတ်ဘူးလား”
ကြည့်ရှုနေသူများသည် အံ့ဩမှုများစွာနှင့် ထိုဖြစ်ရပ်သည် သူတို့စဉ်းစားနိုင်သည်ထက် ကျော်လွန်နေသည်ကို သိလိုက်ရသည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်တွင် အပူချိန် လုံးဝမရှိတော့ပေ။
ယွဲ့ဝူယောင်၏ အအေးစွမ်းအင်သည် ပြင်းထန်လွန်းပြီး ထိုအနီးတစ်ဝှိုက်ရှိ ရာသီဥတုပါ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူမ၏ ဝိညာဉ်စွမ်းအင်များသုံးကာ ထိုခရမ်းရောင်မြူနှင်းများကို စုစည်းလိုက်၏။ ကျဆင်းနေသည့် ခရမ်းရောင်မြူနှင်းများသည် အရှိန်ဟုန်ဖြင့် ယွဲ့ဝူယောင်၏ အနီးတွင် စုဝေးလည်ပတ်လာသည်။ ထို့နောက်တွင် ထိုမြူနှင်းများ လည်ပတ်နေမှုသည် အလွန်ပင် မြန်ဆန်ပြီး ကြမ်းတမ်းလာခဲ့သည်။ သူမသည် ယဲ့ချန်ရန်ကို ဦးတည်ကာ ပစ်လွှတ်လိုက်၏။
“ခရမ်းရောင်မြူနှင်းမုန်တိုင်း..”
ယဲ့ချန်ရန်၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။ နတ်ဘုရားတစ်ပိုင်းအဆင့်နှင့် ထိုကဲ့သို့စွမ်းအားပြင်း တိုက်ခိုက်မှုမျိုး လုပ်နိုင်မည်ဟုမထင်ထားခဲ့ချေ။ ထို့နောက် သူ၏ဓားမော့ကို ဝိညာဉ်စွမ်းအင်များစီးဆင်းစေလိုက်သည်။ ထိုအချိန်တွင် ကြီးမားသည် စွမ်းအင်ဓားမော့ကြီး ဖြစ်တည်လာခဲ့သည်။ ထို့နောက် အချိန်ဆွဲမနေတော့ချေ။ ထိုဆီးနှင်းမုန်တိုင်းကြီးအား ခုတ်ဖြတ်လိုက်၏။
“ဓားမော့ အသွင်ပြောင်း ခုတ်ချက်”
သူ၏ ကြီးမားသည့် စွမ်းအင်ဓားမော့ကြီးသည် ယွဲ့ဝူယောင်၏ မြူနှင်းမုန်တိုင်းနှင့် ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။
“ဝုန်း..”
“ခရက်..”
“ရွှီး..”
ထိုပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသည် အပျက်အစီးသည် ကောင်းကင်ထက်မို့သာ တော်သေးသည်ပြောရမည်။ သို့သော် လေဟာနယ်များ ယိုယွင်းလာခဲ့သည်။ ကောင်းကင်ထက်တွင် မြူနှင်းများ ဖုံးလွှမ်းနေပြီး ပြန့်ကျဲနေခဲ့သည်။
“ဒီကုန်းမြေရဲ လေဟာနယ်က အထိခိုက်ကို မခံဘူးပဲ”
မော့ရွှယ်အာသည် တီးတိုးရေရွတ်လိုက်၏။
“ကြာရင် ဒီကလေးတွေရဲ့ သာမန်တိုက်ခိုက်မှုတွေကို တောင်ခံနိုင်မှာ မဟုတ်တော့ဘူး”
ဟွမ်း၏ခေါင်းကိုအသာခါယမ်းကာပြောလိုက်၏။
“ဟွမ်း အဲ့ဒီအမျိုးသမီးက ထူးဆန်းတဲ့ခံစားချက်ပေးနေတယ်”
မော့ရွှယ်အာသည် နေရာတစ်ခုကို ညွှန်ပြလိုက်၏။ ဟွမ်းသည် သေချာကြည့်လိုက်ပြီးနောက် ‘သာမန်မျှသာဖြစ်သည်’ ဟုသာပြောလိုက်၏။
“ဝူယောင်ရဲ့ စွမ်းအားတွေက ကြောက်စရာကောင်းတာပဲ”
ချုးယွီဟွာသည် ထိုကောင်းကင်ပေါ်ရှိ တိုက်ပွဲကိုကြည့်ရင်းပြောလိုက်၏။ သူတို့ ဤနေရာသို့ ရောက်ရှိနေသည်မှာ အလွန်ကြာပြီဖြစ်သည်။ သူ့တပည့်များ၏ လုပ်နိုင်စွမ်း မည်မျှထိရှိပြီလဲ ဟုသိချင်သောကြောင့် တိတ်တဆိတ် ကြည့်ရှုနေကြခြင်းဖြစ်သည်။
ခဏအကြာတွင် မြူနှင်းများ ပျောက်ကွယ်လာပြီး အနည်းငယ်ဖြူဖျော့နေသည့် ယွဲ့ဝူယောင်၏ လှပသည့် မျက်နှာလေးပေါ်လာခဲ့သည်။ သူမ၏ ခရမ်းရောင်ဆံနွယ်များသည်လည်း လှုပ်ခပ်နေဆဲပင်။ သူမသည် ကောင်းကင်ထက်တွင် တည်ငြိမ်စွာရပ်တည်နေသော်လည်း အလွန်ပင် မောပန်းနွမ်းနွယ်နေပြီဖြစ်သည်။ ထို့နောက် သူမသည် ဝိညာဉ်စွမ်းအင်ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံးကို ထုတ်သောက်လိုက်၏။ ထို့ကြောင့် သူမ၏ မျက်နှာသည် အနည်းငယ် သွေးရောင်ပြန်လွှမ်းလာခဲ့သည်။
တစ်ဖက်ရှိ ယဲ့ချန်ရန်သည် လဲကျမသွားသော်လည်း သူ၏ အခြေအနေသည် အတော်လေးဆိုးရွားနေခဲ့သည်။ သူ၏ ခန္ဓာကိုယ်အတွင်း အအေးစွမ်းအင်များ ဝင်ရောက်နေခဲ့ပြီဖြစ်သည်။ထို့ကြောင့် ဝိညာဉ်စွမ်းအင်များ သုံးကာ သူ၏ ခန္ဓာကိုယ်အတွင်းအစိတ်အပိုင်းများကို ကာကွယ်ရင်း ထိုအအေးဓာတ်ကို ဖျတ်စီးနေရ၏။ သူ၏ အသက်ကိုလည်း အမောတကောရှုသွင်းနေရသည်။
ကြည့်ရှုနေသူများသည် ထိုသို့အခြေအနေမျိုးကို ယုံတောင်မယုံနိင်ပင်။ သို့သော် လက်မခံနိုင်လဲ လက်ခံရတော့မည်ဖြစ်သည်။ ထို့နောက် သူတို့သည် တီးတိုးပြောဆိုနေကြ၏။
“ဒီမိန်းကလေးက အသက်ငယ်ငယ်လေးနဲ့ နတ်ဘုရားတစ်ပိုင်းအဆင့်ရောက်နေတဲ့ အပြင်ကို နတ်ဘုရင်တစ်ဦးကိုပါ ဒီလိုအခြေအနေဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိနေပြီ။
ထို့နောက် ယွဲ့ဝူယောင်သည် ယဲ့ချန်ရန်ကို ထပ်တိုက်ခိုက်ရန် စိတ်မဝင်စားတော့ချေ။ လုရှင်းယန်တို့ရှ်ိရာနေရာသို့ ဆင်းလာခဲ့ပြီးနောက် လင်းအိမ်တော်သခင်ကို ကြည့်ကာမေးလိုက်၏။
“ရှင် ဘယ်လိုရှင်းမှာလဲ ကျွန်မကြည့်မယ်”
“ကျုပ်..”
လင်းထျန်းတောက်သည် မည်သို့ပြောရမည်မှန်းမသိတော့ချေ။ နတ်ဘုရင်တစ်ဦးကိုပင် ထိုအခြေအနေကို ရောက်အောင် ဖိအားပေးထားသည့် မိန်းကလေးကို ကောင်းကင်နတ်ဘုရားအဆင့်သာရှိသည် သူသည် မည်သို့ ဆက်ဆံရမည်ကို မသိတော့ချေ။ ထို့နောက် သက်ပျင်းချကာပြောလိုက်၏။
“ကျုပ်တူလေးရဲ့ အသက်ကို ငှဲ့ညှာပေးဖို့ တောင်းဆိုချင်တယ်”
“အိမ်တော်ခေါင်းဆောင် အဲ့ဒီကောင်ကို တောင်းပန်စရာမလိုဘူး”
လင်းဟွေ့သည် ဝင်ပြောလိုက်၏။ လင်းထျန်းတောက်၏ ကုသပေးထားမှုကြောင့် လင်းဟွေ့၏ ဒဏ်ရာများ အနည်းငယ်သက်သာလာခြင်းဖြစ်သည်။ လင်းထျန်းတောက်သည် ဒေါသထွက်ကာအော်ဟစ်လိုက်၏။
“တိတ်စမ်း..”
“အိမ်တော်ခေါင်းဆောင် အဲ့ကောင်လေး စွမ်းအားမြင့်လာတာနဲ့ပဲ ယိုဟန် နဲ့ သဘောတူပေးတော့မလို့လား”
လင်းဟွေ့သည် သူပြောချင်သည့်အရာများ ပြောဆိုလိုက်၏။
လင်းထျန်းတောက် “???”
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ လင်းထျန်းတောက်သည်လည်း စွံ့အသွားရသည်။
‘ဒီကောင် အရိုက်ခံရပြီး ဦးနှောက်ထိသွားတာလား’
‘အခုဖြစ်နေတဲ့အကြောင်းအရာနဲ့ ဒီကောင်ပြောတဲ့ အကြောင်းအရာက တစ်ခုတည်းရောဟုတ်ရဲ့လား’
လင်းယိုဟန်သည်လည်း အလွန်ပင် ရှက်ရွံ့နေခဲ့ပြီဖြစ်သည်။ သူမသည် မည်သို့ တုန့်ပြန်ရမည်ကိုပင် မသိတော့ချေ။
“ဘုတ်..”
လင်းထျန်းတောက်သည် လင်းဟွေ့ကို သတိလစ်အောင် ရိုက်နှက်လိုက်၏။ သူ၏မျက်နှာသည် ထားစရာနေရာမရှိတော့ပေ။ လင်းဟွေ့၏ ပေါက်ကရစကားများကြောင့် သူပင် ဒေါသထွက်နေခဲ့ပြီဖြစ်သည်။
“မဟုတ်ဘူး၊ အဲ့လိုမဟုတ်ဘူးနော်..”
လျှိုမင်ယွမ်သည် လုရှင်းယန်နှင့် ပိုင်ကျန့်ယွီက ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်နေသောကြောင့် အသည်းအသန်ငြင်းရလေသည်။
“အစ်မကြီး မဟုတ်ဘူးလို”
ထို့အပြင် ယွဲ့ဝူယောင်ကပါ ထိုသို့ကြည့်လာသောကြောင် လျှိုမင်ယွမ်သည် ငိုချင်စိတ်ပင် ဖြစ်လာခဲ့သည်။
‘အခုကိစ္စက လက်စားချေဖို့လေ၊ ဘယ်လိုဖြစ်လို့ အဲ့ဒီလိုကြည့်နေကြတာလဲ’
“ထားလိုက်ပါတော့၊ ဒါပေမဲ့ နောက်တစ်ကြိမ် လင်းဟွေ့က ကျုပ်မျက်စိရှေ့ ပေါ်လာရင်တော့ ကျုပ်လွှတ်ပေးတော့မှာ မဟုတ်ဘူး”
လျှိုမင်ယွမ်သည် စိတ်လျော့ကာပြောလိုက်၏။ သူ့အနေနှင့် ဤဟာသဆန်သည့် အဖြစ်ပျက်မှ မည်သို့ရုန်းထွက်ရမည်မှန်း မသိတော့ချေ။ သို့သော်လည်း လင်းဟွေ့ကြောင့်သာ မဟုတ်လျှင် သူ၏ဆရာနှင့် တွေ့ပြီး ယခုလို အခြေအနေရောက်ရှိခဲ့မည်မဟုတ်ပေ။ ထို့ကြောင့် ဤအကြိမ်တွင် သက်ညှာပေးလိုက်ခြင်းဖြစ်သည်။
“သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
လင်းယိုဟန်သည် ဝင်ပြောလိုက်၏။ ကြည်ရှုသူများသည်တော့ အားမလိုအားမရဖြစ်နေကြကာ အချို့သည် ထွက်ခွာသွားကြ၏။ ကြီးမားလှသည် တိုက်ပွဲပင် ဖြစ်ပွားခဲ့ပြီး ကြောင်တောင်တောင်ဖြစ်ရပ်နှင့် အဆုံးသတ်သွားခဲ့ရ၏။
ထို့နောက် ယွဲ့ဝူယောင်သည် ထွက်ခွာရန်ပြင်လိုက်သည့် အချိန်တွင် ယဲ့ချန်ရန်သည် အမောတကောရောက်လာကာပြောလိုက်၏။
“မိန်းကလေး ကျုပ်ခန္ဓာကိုယ်ထဲက ရေခဲစွမ်းအင်တွေ ထုတ်ပေးခဲ့ပါဦး”
ဤကြောင်တောင်တောင်ဖြစ်ရပ်တွင် သူသည် မဆီမဆိုင် အာချောင်မိ၍ ဆုံးမခံခဲ့ရခြင်းဖြစ်သည်။ နောင်တွင် ကြားသုံးကြား မဝင်မိစေရန် ဆုံးဖြတ်ချက်ချလိုက်၏။
‘သူမတောင် ဒီလောက်အစွမ်းထက်နေတာ သူမရဲ့ ဆရာဆိုရင် ဘယ်လောက်အစွမ်းထက်မလဲဆိုတာ တွေးတောင် မတွေးနိုင်ဘူး’
သို့သော် ရှင်းဝမ်ကျဲသည်တော့ ယွဲ့ဝူယောင်၏ စွမ်းအားကို အတော်ပင်တုန်လှုပ်သွားပြီဖြစ်သည်။ ထိုမိန်းကလေး၏ တိုက်ခိုက်နိုင်စွမ်းသည်အလွန်ပင် မြင့်မားနေ၏။ သူမကို နတ်အင်ပါယာများသာ ဖိအားပေးနိုင်မည်ဟုပင် တွေးမိလာခဲ့သည်။
‘ဒါပေမဲ့ ငါ့ရဲ့ဆရာကို သတ်နိုင်မဲ့သူက ဒီမိန်းကလေးမဟုတ်သေးဘူး’
ထို့နောက် ယွဲ့ဝူယောင်သည် ယဲ့ချန်ရန်၏ ခန္ဓာကိုယ်အတွင်းမှ အအေးစွမ်းအင်များကို ဖြေဖျောက်ပေးလိုက်၏။ ထိုလူနှင့် သူမသည် ရန်ငြိုးမရှိသော်လည်း သူမ၏ ဆရာကို မောက်မာစွာပြောခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမသည် ပညာပေးယုံသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
‘ငါကမူးရူးတိုး မလုပ်မိတာတော်သေးတယ်ပြောရမယ်’
လင်းအိမ်တော်ခေါင်းဆောင် လင်းထျန်းတောက်သည် သူ၏ခန္ဓာကိုယ်ထက်တွင် ချွေးများထွက်နေသည်ဟုပင် ခံစားလိုက်မိသည်။
“မိန်းကလေးယွဲ့၊ ကျုပ်တို့အိမ်တော်မှာ မင်းတို့ရဲ့ဆရာကိုရောခေါ်ပြီး လာတည်းကြပါ့လား”
ထိုက်ဟုန်ကျွင်းသည် ဖိတ်ခေါ်လိုက်၏။ သို့သော်ယွဲ့ဝူယောင်သည် ငြင်းပယ်လိုက်ပြီးနောက် သူတို့လေးဦးသည် ထွက်ခွာသွားကြ၏။
“မတည်းတော့ပါဘူး၊ ကျွန်မတို့ ဆရာတပည့်တွေက တိတ်တဆိတ်ပဲနေရတာသဘောကျလို့ပါ”
ပတ်ဝန်းကျင်ရှိလူများ “???”
‘မင်းတို့က တိတ်တဆိတ်နေရတာကို ကြိုက်လို့ ဝမ်းသာပါတယ်’
‘ထင်ထင်ပေါ်ပေါ်နေရတာကြိုက်ရင် ဗဟိုကုန်းမြေရဲ့ နတ်အင်ပါယာကိုတောင် အလွတ်ပေးပါ့မလားမသိဘူး’
ယွဲ့ဝူယောင်၏ စကားကိုကြားပြီးနောက် ပတ်ဝန်းကျင်ရှိ ကြည့်ရှုနေသူများသည် အတွေးများကိုယ်စီထွက်ပေါ်လာခဲ့သည်။ ယဲ့ချန်ရန်နှင့် လင်းအိမ်တော်၏ သားအဖနှစ်ဦးသည်လည်းစွံ့အနေသည်။