← Chapters

ဆိတ်သုဥ်းခြင်းမိုးစက်အိမ်တော်

Vol. 7 Ch. 93

ဆိတ်သုဥ်းခြင်းမိုးစက်အိမ်တော်

Vol. 7 Ch. 93

လင်းယိုဟန်သည် လျှိုမင်ယွမ်တို့ ထွက်ခွာသွားသည်ကို ဝမ်းနည်းနေဟန်ရှိသည့် မျက်ဝန်းများနှင့် ငေးကြည့်နေခဲ့သည်။

“အိမ်တော်ကို ပြန်ကြစို့.၊ နတ်အင်ပါယာထိုက်၊ အုပ်ချုပ်သူယဲ့ ကျုပ်တို့ကို ခွင့်ပြုပါဦး”

လင်းထျန်းတောက်သည် သတိလစ်နေသည့် လင်းဟွေ့ကို ဂုတ်မှဆွဲကိုင်ကာ ပျံသန်းထွက်ခွာသွားသည်။ ထို့နောက် ယဲ့ချန်ရန်သည် ရှင်းဝမ်ကျဲနှင့်အတူထွက်ခွာသွား၏။ သူတို့သည် ဤဖြစ်ရပ်တွင် နစ်နာခဲ့ကြသူများဖြစ်သည်။

“သူတို့ ဗဟိုမြို့တော်ကိုရောက်တာနဲ့ ချက်ချင်းပွဲဆူသွားတာပဲ၊ အဲ့ဒီမိန်းကလေး ကြယ်တာယာနန်းတော်ရဲ့ ထိပ်ဆုံးက ပါရမီရှင်ကို အနိုင်ယူရုံနဲ့တင်အားမရလို့ မြို့အုပ်ချုပ်သူကိုပါ တိုက်ခိုက်ခဲ့သေးတယ်၊ သမာရိုးကျနည်းနဲ့ တစ်ဆင့်ချင်းသွားလို့မရဘူးလား”

ထိုက်ဟုန်ကျွင်းသည် သက်ပျင်းချကာ တီးတိုးရေရွတ်လိုက်၏။

“အဲ့ဒီလူရဲ့ တပည့်တွေကတောင် သာမန်မဟုတ်ဘူး”

ဤဖြစ်ရပ်တစ်ခုလုံးတွင် တိတ်တဆိတ်သာ ကြည့်ရှုနေခဲ့သည့် ချီမင်ယောင်သည် ထိုက်ဟုန်ကျွင်းအနားရောက်ရှိလာကာပြောလိုက်၏။

“ကျုပ်လဲ တစ်နေ့ကျ အဲ့ဒီလို စွမ်းအားမြင့်ကုန်းမြေကို ရောက်ချင်တယ်”

ထိုက်ဟုန်ကျွင်းသည် သူ၏မျိုးဆက်တွင် ပါရမီရှင်တစ်ဦးဖြစ်ခဲ့ကာ ယခုနတ်အင်ပါယာ အဆင့်ပင်ရောက်ရှိနေသူဖြစ်သည်။ သို့သော် ယွဲ့ဝူယောင်နှင့် နှိုင်းယှဉ်လျှင် နိမ့်ကျသွားသည်ဟု ခံစားလိုက်ရသည်။

ချီမင်ယောင်သည် တိတ်တဆိတ်သာ ထိုက်ဟုန်ကျွင်း၏မျက်နှာကိုကြည့်လိုက်သည်။ သူ၏ မျက်နှာထက်တွက် စိတ်အားထက်သန်နေမှုများနှင့် ပြည့်နှက်နေသည်။

“ဒီအိမ်တော်ကြီးက ပေးရတဲ့ဈေးနှုန်းနဲ့ တကယ်ထိုက်တန်တာပဲ”

ပိုင်ကျန့်ယွီသည် သူတို့ငှားခဲ့သည် အိမ်တော်ကြီးကိုကြည့်ကာပြောလိုက်၏။ သူတို့သည် သူတို့၏ဆရာနှင့်အတူ ဤအိမ်တော်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ထိုအိမ်တော်သည် အတော်ပင် ကျယ်ဝန်းပြီး အိမ်တော်အဆောင် သုံးခုပါဝင်လေသည်။ ထို့အပြင် ထိုအဆောင်များတွင်လည်း ကျယ်ဝန်းသည့် အခန်းများစွာပါဝင်၏။ ထို့ကြောင့် လူခုနှစ်ဦး သက်တောင့်သက်သာပင် နေထိုင်၍ရပြီဖြစ်သည်။ လုရှင်းယန်သည် သူ၏ဆရာ အတွက် သီးသန့် ဥယျာဉ်ပါသည့် အိမ်တော်ကိုပင် ရှာဖွေကာငှားရမ်းခဲ့ခြင်းဖြစ်သည်။

“ဆရာ အိမ်တော်ငှားထားတဲ့ကာလတစ်လျှောက်လုံးမှာ၊ ကျုပ်တို့စိတ်ကြိုက်နာမည်ပေးပြီး အိမ်တော်ရဲ့ အပေါက်ဝမှာ ဆိုင်းဘုတ်တင်ထားလို့ရတယ်တဲ့”

လုရှင်းယန်သည် ဟွမ်းကို ကြည့်ကာရှင်းပြလိုက်၏။

“အဆင်ပြေ သလိုသာလုပ်လိုက်”

ဟွမ်းသည် ထိုကိစ္စများကို စိတ်မဝင်စားပေ။ ထိုအရာကို သိသည့်အလား ပိုင်ကျန့်ယွီသည် အိမ်တော်ဆိုင်းဘုတ် တစ်ခုကို ကြိုတင်ပြုလုပ်လာခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူ၏ သို့လှောင်လက်စွပ် အတွင်းမှ ထုတ်ယူလိုက်သည်။

“တတိယအစ်ကို အဆင်ပြေပါ့မလား”

လျှိုမင်ယွမ်သည် ပိုင်ကျန့်ယွီ၏ လက်ကို ကိုင်ထားကာမေးလိုက်၏။

“အဆင်ပြေတယ်၊ ဆရာကြိုက်လိမ့်မယ်ဆိုတာ ငါယုံတယ်”

ပိုင်ကျန့်ယွီသည် ယုံကြည်မှုရှိရှိ ပြောလိုက်၏။ ထို့နောက် သူပြုလုပ်လာခဲ့သည့် ဆိုင်းဘုတ်ကို ထုတ်ကာ အားလုံးကို ပြလိုက်သည်။ လုရှင်းယန်နှင့် လျှိုမင်ယွမ်သည်တော့ တိတ်တဆိတ် နောက်သို့ ဆုတ်သွားကြ၏။

ဟွမ်းနှင့် ချုးယွီဟွာ အပြင် ယွဲ့ဝူယောင်နှင့် မော့ရွှယ်အာသည်လည်း စိတ်ဝင်စားကာကြည့်လိုက်ကြသည်။ သို့သော်သူတို့အားလုံး၏ မျက်နှာသည် တစ်မျိုးတစ်မည်ဖြစ်သွားကြ၏။ ထို့နောက် ဟွမ်းသည် ပိုင်ကျန့်ယွီကို စိုက်ကြည့်လိုက်၏။

“ကျန့်ယွီက လေ့ကျင့်မှုတွေ လိုအပ်နေသေးတယ်၊ ရွှယ်အာ မင်းကူညီပေးလိုက်”

“ဆရာ..၊ တပည့်တို့ ခုမှ လေ့ကျင့်မှုကနေထွက်လာကြတာလေ”

ပိုင်ကျန့်ယွီသည် တုန်ယင်သွား၏။ ထိုနတ်ဆိုးမနှင့် မလေ့ကျင့်ချင်တော့ပေ။ ထိုမိန်းမသည် သူအား မညှာမတာရိုက်နှက်တက်၏။

‘အိမ်တော်နာမည်လေးအတွက်နဲ့ ဒီလောက်ထိလုပ်ဖို့လိုလို့လား၊ ဆရာမပင်ပန်းအောင်တပည့်က ခေါင်းမီးတောက်မတက် စဉ်းစားထားရတာကို’

လုရှင်းယန်နှင့် လျှိုမင်ယွမ်သည်တော့ ခေါင်းခါယမ်းနေကြသည်။ သူတို့သည် အိမ်တော်ငှားရမ်းခြင်းဌာနတွင် ပိုင်ကျန့်ယွီအား တားခဲ့သော်လည်း ထိုအကောင်သည် ယုံကြည်မှုရှိရှိနဲ့ပင် ပြုလုပ်ခိုင်းခဲ့၏။ ထိုအပြင် ထိုဌာနတွင်ပါ အိမ်တော်နာမည်ကို စာရင်းသွင်းခဲ့ပြီးဖြစ်သည်။

ချုးယွီဟွာသည်တော့ သူမ၏ မျက်နှာတွင် နီရဲနေကာ ရှက်ရွံ့မှုများနှင့်ပြည့်နှက်နေ၏။ ထို့နောက် မော့ရွှယ်အာသည် ပိုင်ကျန့်ယွီကို ဆွဲခေါ်ကာ လေ့ကျင့်ရန်ထွက်သွားပြီဖြစ်သည်။

“ဆရာ၊ ဒီဆိုင်းဘုတ်ကို ပြန်ပြီး ပြုပြင်ခိုင်းလိုက်မယ်”

လုရှင်းယန်သည် ထိုဆိုင်းဘုတ်ကို သယ်ကာပြောလိုက်၏။

“မလိုဘူး အိမ်တော်ရှေ့ချိတ်ထားလိုက်”

ဟွမ်းသည် မျက်နှာသေနှင့် ပြောကာ ဥယျာဉ်ဆီသို့ ဦးတည်သွား၏။ သူ့အနေနှင့် ထိုကိစ္စများကို စိတ်ဝင်စားမှု သိပ်မရှိသောကြောင့် ပြုလုပ်ပြီးသား အိမ်တော်ဆိုင်းဘုတ်တစ်ခုကို မဖျတ်ဆီးချင်ပေ။ ထို့ကြောင့်သာ ဖြစ်၏။

ပိုင်ကျန့်ယွီ “...”

‘ဆရာလဲ ဒီနာမည်ကို နှစ်သက်ရဲ့သားနဲ့ ကျုပ်ကို ဘာလို့အပြစ်ပေးရတာတုန်း’

ချုးယွီဟွာသည်တော့ ပို၍ပင် ရှက်ရွံ့သွားခဲ့သည်။ ထို့နောက် သူမသည်လည်း အိမ်တော်အတွင်းရှိ အဆောင်သို့ အလျှင်မြန် ထွက်ခွာသွား၏။

ထို့နောက် လုရှင်းယန်နှင့် ပိုင်ကျန့်ယွီသည် အိမ်တော်၏ တံခါးထိပ်တွင် ထိုဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်၏။ ထိုအိမ်တော်ဆိုင်းဘုတ်တွင်ရေးထားသည်မှာ ‘ဟွမ်းယွီအိမ်တော်’ (ဆိတ်သုဉ်းခြင်းမိုးစက်အိမ်တော်) ဟုပင်။ တပည့်ဖြစ်သူသည် သူ၏ဆရာနာမည်နှင့် ချုးယွီဟွာ၏ နာမည်ကို ပေါင်းစပ်ကာ ထိုအိမ်တော်ကို နာမည်ပေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် လျှိုမင်ယွမ်သည် ဟွမ်းထိုင်နေသည့် ဥယျာဉ် အတွင်းသို့ ဝင်ရောက်လာပြီး သူ၏ ဆရာအား အကြမ်းရည်ငှဲ့ပေးလိုက်၏။ ထို့နောက် စိတ်မသက်သာသည့်လေသံနှင့်ပြောလိုက်သည်။

“ဆရာ၊ ကျုပ်လင်းဟွေ့ကို မသက်နိုင်ခဲ့ဘူး”

“အဲ့ဒါကြောင့် ဆရာ စိတ်ပျက်သွားမှာကို စိုးရိမ်နေတာလား”

ဟွမ်းသည် လျှိုမင်ယွမ်ကို စိုက်ကြည့်ကာ မေးလိုက်၏။ သူ၏လေသံသည် တည်ငြိမ်နေသည်။

“ဟုတ်ကဲ့”

လျှိုမင်ယွမ်သည် မဝံ့မရဲဖြေလိုက်၏။

“မင်ယွမ်၊ မင်းကို ဆရာဒီကုန်းမြေကြီးကို အပြင်ဘက်ကနေကြည့်ခဲ့တဲ့အချိန်ကို မှတ်မိသေးလား”

“ဟုတ်ကဲ့ဆရာ၊ ဆရာကတပည့်ကို လက်စားချေလိုစိတ်မှာ မနစ်မွန်းရအောင်လမ်းပြပေးခဲ့ပါတယ်၊ တပည့်လည်း လောကကြီးရဲ့ ထိပ်ဆုံးမှာရပ်နေရတဲ့ ခံစားမှုမျိုးကို ရရှိခဲ့ပါတယ်ဆရာ”

“အခု မင်းက အဲ့ဒီအဆင်မရောက်သေးပေမဲ့၊ အဲ့ဒီလိုအဆင့်ရောက်နိုင်ဖို့ သိပ်မလိုတော့ဘူး၊ အခု လင်းဟွေ့ကို မသတ်နိုင်ခဲ့လိုရော မင်းစိတ်ထဲ အစိုင်အခဲ ဖြစ်နေလား”

ဟွမ်း၏ မျက်နှာသည် တည်ငြိမ်နေဆဲပင်။ လျှိုမင်ယွမ်၏ မျက်နှာထက်တွင်တော့ အတွေးများဝင်နေသည့်အလားပင်။ သူသည် လင်းဟွေ့ကိုသာ တိုက်ရိုက်သတ်လိုခဲ့လျှင် နည်းစနစ်တစ်ခုသာ ထုတ်သုံးလိုက်ရုံနဲ့တင် ပြီးမြှောက်ခဲ့မည်ဖြစ်သည်။ လင်းဟွေ့ပင် ဘာကြောင့်သေလို့ သေရမှန်းသိလိုက်မည်မဟုတ်ပေ။ သို့သော် သူ၏ ရောက်ရှိလာသည့် အဆင့်တစ်ခုနှင့် လင်းဟွေ့၏ စိတ်ကို ချိုးနှိမ်ချင်သောကြောင့်သာ ရိုက်နှက်ခဲ့၏။ လျှိုမင်ယွမ်သည် သူ၏စိတ်ကို သုံးသပ်ပြီးသည့်နောက်တွင် လင်းဟွေ့ကို မသတ်လိုက်ရ၍ နောင်တရခြင်းမရှိပေ။ သူသည် လင်းဟွေ့ထက် များစွာသာလွန်သည့် အဆင့်တစ်ခုသို့ရောက်ရှိနေပြီဖြစ်သည်။ လျှိုမင်ယွမ်သည် သူ၏ အတွေးများစုစည်းပြီးနောက် သူ၏ မျက်နှာသည် ကြည်လင်သွားကာ ဟွမ်းကို ပြောလိုက်သည်။

“ဆရာ၊ တပည့်ရဲ့ စိတ်ထဲရှင်းလင်းသွားပါပြီ၊ လင်းဟွေ့က တပည့်အတွက် ဘာအဓိပ္ပါယ်မှ မရှိတော့တဲ့ လူတစ်ယောက်ဖြစ်သွားပြီ”

“တစ်ခါတစ်လေမှာ ဒုက္ခပေးတဲ့သူကြောင့် အမြင့်ရောက်သွားခဲ့ရတဲ့ လူတစ်ချို့ ရှိကြတယ်၊ ဒါပေမဲ့ လူတစ်ချို့ကတော့ အဲ့ဒီဒုက္ခတွေကို ကြံကြံခံနိုင်စွမ်းမရှိပဲ ကျရှုံးသွားကြတာမျိုးတွေလဲရှိတယ်”

ဟွမ်းသည် သူ၏တပည့်ကိုကြည့်ကျေနပ်သည့် မျက်ဝန်းများနှင့်ကြည့်ကာ ပြောလိုက်၏။

“ဟုတ်ကဲ့ပါဆရာ၊ တစ်နေ့မှာ တပည့်က အခုထက် များစွာသာလွန်တဲ့ အခြေအနေအထိ ရောက်အောင်ကြိုးစားပါ့မယ်”

လျှိုမင်ယွမ်သည် သူ၏ဆရာကို ကျေးဇူးတင်သည့် မျက်ဝန်းများနှင့်ကြည့်က ကတိစကားဆိုလိုက်၏။ ထို့ကြောင့် ဟွမ်းသည် လျှိုမင်ယွမ်ကို လေးလေးနက်နက်ဆိုလိုက်၏။

“တစ်နေ့မှာ မင်းက မင်းရဲ့အစ်မကြီးနဲ့ အစ်ကိုတွေထက် သာလွန်တဲ့ ဖြစ်တည်မှုတစ်ခု ဖြစ်လာလိမ့်မယ်၊ ဒါပေမဲ့ အဲ့ဒီအချိန်ကျ မင်းရဲ့ ဆရာတူအစ်မနဲ့ အစ်ကိုတွေကိုကာကွယ်ပါ”

“ဆရာ တပည့်က အစ်မကြီးနဲ့ အစ်ကိုတို့ကို ကျိန်းသေကာကွယ်ပေးမှာပါ၊ ဒါပေမဲ့ ကျုပ်က အစ်မကြီးကို ကျော်နိုင်ဖို့ မဖြစ်နိုင်ဘူးထင်တယ်”

ဟွမ်း၏ စကားကြောင့် လျှိုမင်ယွမ်သည် အံ့ဩစွာနှင့် ပြောလိုက်၏။ သူအစ်မကြီးသည် ယခုထိ လူငယ်မျိုးဆက်တွင် ပြိုင်ဘက်ကင်းဖြစ်သည်အထိ အစွမ်းထက်နေသူဖြစ်သည်။ ထို့အပြင် လူကြီးမျိုးဆက်ကိုပါ တိုက်ခိုက်နိုင်သူဖြစ်နေ၏။ ထို့ကြောင့် သူ့အနေနှင့် ယွဲ့ဝူယောင်ထက် အစွမ်းထက်သူ ဖြစ်ရန်မှာ လက်တွေ့ကျကျပြောရလျှင် ဖြစ်နိုင်ပါ့မလား ဟုတွေးမိ၏။

“မင်းရဲ့ အဓိက စွမ်းအားက စိတ်ဝိညာဉ်မဟုတ်ဘူး”

(Note - ချုးယွီဟွာ ရဲ့ ‘ယွီ’က ‘မိုး’၊ ယွီဟွာ = မိုးစက်ပန်းကလေး၊

ပိုင်ကျန့်ယွီရဲ့ ‘ယွီ’က ‘ကျောက်စိမ်း’၊ ကျန့်ယွီ = ကျောက်စိမ်းဓား)

ဟွမ်း(desolate)ရဲ့ အဓိပ္ပာယ်ကတော့ မြန်မာလို ပြောရင်နည်းနည်းခက်ခဲပါတယ်၊ လူသူကင်းမဲ့ပြီးပျက်သုန်းနေတဲ့ နယ်ပယ်၊ အကြောင်းအရာ တို့ကိုဆိုလိုချင်တာပါ။

All Chapters